Women & Gender

စစ်ပွဲကြားက ဆေးဆရာမများ

Want create site? Find Free WordPress Themes and plugins.

“စစ်ပွဲကြောင့် မွေးလူနာတဦးကို ဆေးရုံလွှဲပြောင်းလို့မရ၊ သွေးတွေကလည်း သွန်နေပြီ၊ သတိလစ်ပြီး နောက်ဆုံး တော့ ကျမလက်လွှတ်ဆုံးရှုံးခံလိုက်ရတယ်” လို့ သူ့အတွက် ဘယ်လိုမှ မေ့ဖျောက်လို့ မရတဲ့ အဖြစ်အပျက် တခုကို ဆရာမ နော်ဆာမူးနာထူးက သတိတရ ပြန်ပြောပါတယ်။

နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် ကိုယ်တိုင် မကယ်တင်နိုင်လိုက်တဲ့ ဒီဖြစ်ရပ်က သူမရဲ့ အတွေးအာရုံတွေထဲ စွဲထင်နေဆဲ ဖြစ်တယ် ဆိုတာ ဒီအကြောင်းကို ပြန်ပြောပြနေတဲ့ ဆရာမ နော်ဆာမူးနာထူး ရဲ့ မျက်ဝန်းအိမ်တွေက သက်သေထူလို့ နေပါတယ်။

ဒါဟာ ၁၉၉၇-၉၈ ကာလက ကရင့် အမျိုးသားအစည်းအရုံုး (KNU)၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ကျေးရွာမှာပါ။ အဲဒီ အချိန်တုန်းက KNU နဲ့ တပ်မတော်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အသက် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်တခုပါ။

“အဲဒီနေ့က ဆေးရုံလွှဲပြောင်းခွင့်သာရခဲ့မယ်ဆိုရင် ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေး၊ နှစ်ဦးစလုံး အသက်ရှင်နိုင်မှာပါ” လို့ ဆရာမ နော်ဆာမူးနာထူး ကပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့အခါ ကိုယ်ဝန်အရင့် အမာနဲ့ အမျိုးသမီးတွေ အနေနဲ့ သေမင်းခံတွင်းဝကို တိုးဝင်ရသလိုပါပဲ။ တိုက်ပွဲ ကြားထဲက စစ်သားတွေ၊ ကျည်ဆန်တွေ၊ ဗုံးဆံတွေက မီးဖွားခါနီး ကိုုယ်ဝန်ဆောင်ရယ်လို့ ကရုဏာသက်တတ် ကြတာမဟုတ်တော့ သန်သန်မာမာ လူတွေနဲ့အပြိုင် ဘေးလွတ်ရာ ပြေးကြရပါတယ်။

စစ်ပွဲကြောင့် သေနတ်ဒဏ်ရာနဲ့ သေဆုံးမှုတွေရှိသလို ဒဏ်ရာကြောင့် သွေးလွန်မှုတွေ၊ မသေဆုံးသင့်ဘဲ သေရတဲ့ အဖြစ် အပျက်တွေကို ကိုယ်တိုင်ကြုံတွေ့ရတာကြောင့် စစ်ပွဲဆိုတဲ့အသံကို မကြားချင်တော့ဘူးလို့ ဆရာမ နော်ဆာမူးနာထူးက ပြောပါတယ်။

“စစ်ပွဲကြောင့်ဖြစ်လာတဲ့ ဆိုးကျိုး ပြဿနာတွေက အများကြီးပါဘဲ။ ဒီတိုင်းပြည်၊ ဒီဒေသမှာ စစ်ပွဲသာ မရှိဘူး။ အစိုးရ စစ်တပ်သာ မရှိဘူးဆိုရင်၊ ထိုးစစ်တွေလည်းမရှိခဲ့ရင် ကျမတို့ ရွာတွေ သဘာဝအတိုင်း သူဖာသာသူရှိနေမှာပါ” လို့ ဆရာမ နော်ဆာမူးနာထူးက ယုံယုံကြည်ကြည်ပြောပါတယ်။

ငယ်စဉ်အရွယ်ကတည်းက စစ်ပွဲကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲတွေကြား မသေသင့်ဘဲ သေကြတဲ့ ပြည်သူတွေဟာ သူ့ကိုဆေးမှူး တဦး ဖြစ်လာဖို့ တွန်းအားပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ပွဲနယ်မြေမှာ ကြုံခဲ့တဲ့ အဓိကအခက်အခဲကတော့ လမ်းပန်းခက်ခဲမှု၊ ဆက်သွယ်ရေးခက်ခဲမှု၊ သယ်ယူပို့ဆောင် ရေး ခက်ခဲမှုတွေပါပဲ။

တိုက်ပွဲကြောင့် ကျေးရွာတွေမှာ ဆေးဝါးပစ္စည်းပြတ်လပ်မှုတွေ၊ မလုံလောက်မှုတွေ ဖြစ်ခဲ့သလို လူနာတွေ အချိန်မှီ ဆေးရုံ လွှဲပြောင်းရမယ့်နေရာမှာ အခက်အခဲတွေကြောင့် အသက်မသေဆုံးသင့်ဘဲ သေခဲ့တာတွေကို နော်ဆာမူးနာထူးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အများအပြား တွေ့ကြုံခဲ့ရပါတယ်။

“ကလေးတယောက် ဦးနှောက်ထဲငှက်ဖျားပိုးဝင်တယ်။ သတိမေ့နေတဲ့ကလေးကို ဆေးထိုးဖို့ ပစ္စည်းမလုံလောက်တာ။ ကလေးကို အကြောရှာမတွေ့တာ။ နောက်ဆုံး ကျမသင်တန်းတက်တုန်းက ရခဲ့တဲ့အပ်သေးလေးကြောင့် ကလေးကို အကြောဆေးသွင်းနိုင်ခဲ့ပြီး သတိပြန်ရလာတယ်” လို့ သူကြုံခဲ့ရတာကို ပီတိ အပြုံးတွေနဲ့ ပြန်ပြောပြပါတယ်။

ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ ခံစားနေရပြီး တိုက်ပွဲကြောင့် မိခင်တွေ၊ ကလေးတွေ အမြဲရွှေ့ပြောင်းနေရတဲ့အတွက် ကလေးတွေနဲ့ မိခင်တွေရဲ့ အစာအဟာရ လုံလောက်မှုမရှိပဲ ကျန်းမာရေးထိခိုက်မှု ရှိကြောင်းကိုလည်း စစ်ပွဲနယ်မြေမှာ ဆေးလိုက်လံကုသပေးတဲ့ ဆေးမှူးဆရာမတွေက ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာထုတ်တဲ့ မြန်မာနိုင်ငံ အရှေ့ဖက်ဒေသ ကျန်းမာရေး အစီရင်ခံစာအရ ပဋိပက္ခဖြစ်ပွားတဲ့ နေရာဒေ သတွေမှာ မွေးကင်းစ ကလေးငယ်နဲ့ အသက် ၅ နှစ်အောက် ကလေးငယ်သေဆုံးမှုနှုန်းက မြင့်တက်နေသေးကြောင်း သိရပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း လူမျိုးစုတွေ နေထိုင်တဲ့ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ တိုက်ပွဲတွေ သိသာထင်ရှားစွာ လျော့ကျလာပေမယ့် ပဋိပက္ခဖြစ်ပွားတဲ့နေရာမှာ နေထိုင်တဲ့အသိုက်အဝန်းကတော့ တိုက်ပွဲကြောင့် ထိခိုက်သေကြေတာတွေ လျော့သွားတာကလွဲလို့ နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခြေ အနေကတော့ ပြောင်းလဲမှု မရှိသေးပါဘူး။

တဘက်က မြန်မာနိုင်ငံတောင်ပိုင်းမှာ တိုက်ပွဲတွေ လျော့ကျလာနေချိန်မှာပဲ ၂၀၁၀ ခုနှစ်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တပ်မတော် နဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြားတိုက်ပွဲ ဆက်တိုက် ဖြစ်ပွားလာပါတယ်။

ဒီစစ်ပဋိပက္ခကို တိုက်ရိုက်ခံစားနေကြရတာကတော့ အပြစ်မဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရယ်ပါ။ မွေးလူနာတွေရှိရင် ပြေးဖို့မလွယ်ကူတာ၊ စစ်ပွဲကြောင့် အမျိုးသမီးတွေ ဒုက္ခမျိုးစုံကြုံနေကြတာတွေကို တအာင်း အမျိုးသမီးဆေးမှူး တဦးဖြစ်တဲ့ မိခင်နဲ့ ကလေး ကျန်းမာရေး ကူညီနေတဲ့ ဆရာမ Lway Katwe Nyime က ပြောပါတယ်။

“တိုက်ပွဲဖြစ်နေချိန် လေယာဉ်နဲ့ ပစ်နေချိန် မွေးလူနာက ကိုယ့်ကိုလာခေါ်ပြီး ကလေးလာမွေးပေးဦး ဆိုရင် သွားမွေး ပေးရတယ်။ ဆေးကုနေချိန် ကိုယ့်အနား ဗုံးတွေ၊ ကျည်ဆံတွေ ဘယ်အချိန် ရောက်လာမှာလဲဆိုတာ တွေးပြီး ကြောက်နေရတယ်။ လူနာကုရင်လည်း စိတ်က စစ်ပွဲတွေ၊ သေနတ်တွေဆီပဲ ရောက်နေတာ” လို့ Lway Katwe Nyime က ဆိုပါတယ်။

တိုင်းရင်းသားတပ်တွေနဲ့ အစိုးရတပ်အကြား စစ်ပွဲတွေဖြစ်နေချိန်မှာ လူနာကလည်း အသည်းအသန်ဖြစ်လို့ မြို့ပေါ်ပို့ချင်ပေမယ့် စစ်ပွဲကြောင့် သွားလာမှု အဆင်မပြေလို့ မသေသင့်ဘဲ သေဆုံးသွားတဲ့သူတွေ အများကြီးရှိပါ တယ်လို့ တအာင်း ဆရာမက ပြောပါတယ်။

Lway Katwe Nyime က “တခါတလေမှာ စစ်ပွဲတွေကြောင့် မွေးလူနာက မသေသင့်ဘဲ သေရတယ်၊ ရောဂါသည်ဆိုလည်း ဆိုးရွားတဲ့ အခြေ အနေ မရောက်သင့်ပဲ ရောက်သွားရတယ်” လို့ သူတွေ့ကြုံခဲ့ရပုံကို ရှင်းပြပါတယ်။

စစ်ပွဲတွေဖြစ်တဲ့နေရာ မငြိမ်းချမ်းနေရာတွေမှာ ပြည်သူတွေက ကျန်းမာရေးကို ဂရုမစိုက်နိုင်ဘဲ စားဝတ်နေရေးပဲ ရုန်းကန်နေရပါတယ်။

စစ်ပွဲကြောင့် စီးပွားရေးက အဆင်မပြေတော့ အမျိုးသားတွေ၊ အလုပ်လုပ်နိုင်တဲ့သူတွေ တရုတ်ပြည်ကို သွားကြရပြီး၊ ရွာတွေမှာ အမျိုးသမီးနဲ့ ကလေးတွေပဲ ကျန်ခဲ့ကြောင်း၊ ထွက်ပြေးလာရင် အမျိုးသမီးတွေနဲ့ ကလေးတွေ အများဆုံးဖြစ်ကြောင်း တအာင်းဆေးမှူး က ပြောသည်။

“တချို့ရွာဆို အမျိုးသမီးနဲ့ ကလေးတွေပဲရှိတယ်။ အမျိုးသမီးတွေပဲ ကျန်ခဲ့တဲ့အိမ်ဆိုရင် ကလေးတွေကိုလည်း ကြည့်ရ တိုက်ပွဲဖြစ်ရင် ကလေးတွေကို ချီရ၊ ကလေးတွေရဲ့ပစ္စည်းတွေသယ်ရ။ နေမကောင်းရင်လည်း ကလေးကို ကြည့်ရ ပြုစုရနဲ့” လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို ပြန်ရှင်းပြပါတယ်။

စစ်ပွဲဖြစ်ရင် ဆေးပြတ်တာတွေ၊ စစ်ပွဲကြောင့် မြို့ပေါ်တက် ဆေးမယူနိုင်တဲ့အခါ ဆေးပြတ်လပ်မှုတွေ ဖြစ်ပွားပြီး ဆေးမကု လိုက်ရတာတွေလည်း ကြုံဖူးကြောင်း စစ်ပဋိပက္ခနယ်မြေတွေထဲမှာ ဆေးကုသမှု လိုက်ပေးနေကြတဲ့ နယ်လှည့် ကျောပိုးအိတ်အဖွဲ့မှ အမျိုးသမီးဆေးမှူးတွေက ပြောပြပါတယ်။

ဒါ့အပြင် စစ်ပွဲအတွင်း အများဆုံးကြုံရတဲ့ အခက်အခဲကတော့ မိခင်တွေအဟာရ ပြတ်လပ်မှုနဲ့ ကလေးတွေ အဟာရ ရှိတဲ့ အစားအစာတွေ မစားရတဲ့ပြဿနာကိုလည်း ကြီးမားစွာ ရင်ဆိုင်နေရတယ်လို့ တအာင်းဆရာမ Lway Katwe Nyime က ဆိုပါတယ်။

“ မွေးလူနာတွေ အားပြတ်ပြီး မမွေးနိုင်တာတွေ၊ ကိုယ်ဝန်ဆောင် တယောက်အနေနဲ့ ဘာစားရမယ်၊ ဘယ်လိုစားရင် အဟာရ ရှိမယ်ဆိုတာသိပေမယ့် မရှိတော့ မစားနိုင်ကြဘူးလေ” လို့ စစ်မြေပြင်က ကိုယ်ဝန်သည်တွေ အကြောင်းကို ပြောပြပါတယ်။

စစ်ပဋိပက္ခတွေကြားမှာ ဆေးကုပေးနေရတဲ့ ဆရာမ တွေမှာလည်း အချိန်မရွေးမြေမြှုပ်မိုင်းနင်းမိနိုင်သလို အချိန်မရွေး လက်နက်ကြီး၊ လက်နက်ငယ်တွေ ထိမှန် သေဆုံးနိုင်ပါတယ်။ တခါတရံမှာ တပ်မတော် စစ်ကြောင်းတွေနဲ့ ထိပ်တိုက်တွေ့လို့ အသက်လုပြေးခဲ့ကြရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်တန့်စေလိုပြီး စစ်ပွဲအတွင်းမှာ အမျိုးသမီးတွေရဲ့ ခံစားချက်တွေ၊ အခက်အခဲတွေကို မမေ့သင့်သလို စစ်ပွဲဆိုတဲ့အသံကို မကြားချင်တော့ဘူးလို့လည်း စစ်မြေပြင်မှာ ဆေးကုသပေး နေတဲ့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သား အမျိုးသမီးဆေးမှူးတွေက ပြောပြပါတယ်။

နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်နေကြတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ စစ်ပဋိပက္ခဇုန်ထဲ ရုန်းကန်နေရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အသံတွေ ပါဝင်နိုင်ဖို့ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ထိထိရောက်ရောက် ထည့်သွင်းသင့်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေ ကလည်း အကြိမ်ကြိမ် ပြောဆိုနေကြပါတယ်။

ဆရာမ နော်ဆာမူးနာထူးက အမျိုးသမီးတွေကို အမျိုးသားတွေက လစ်လျူရှုမထားဘဲ ပံ့ပိုးဖို့လည်း လိုအပ်နေကြောင်း၊ အမျိုးသမီးအရေး၊ အမျိုးသမီးဘဝကို သိဖို့လည်း လိုအပ်ကြောင်း ထောက်ပြ ပြောဆိုပါတယ်။

ဒါ့အပြင် သူမရဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး “ပထမဆုံး အရေးကြီးဆုံးက ငြိမ်းချမ်းရေးပါပဲ။ တကယ်ငြိမ်းချမ်းတဲ့ဝန်းကျင်ရှိမှ လူတွေလည်း ငြိမ်းချမ်းမယ်၊ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မယ်။ ကျန်းမာရေးတွေ လူမှုရေးတွေလည်း ပိုဂရုစိုက်လာနိုင်မယ်” လို့ ဆရာမ နော်ဆာမူးနာထူးက ပြောပါတယ်။

Hiburma.net မှဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading