Women & Gender

အစဉ်အလာတွေကို အံတုရင်း အမျိုးသမီးရေးတွေကို ကူညီပေးနေတဲ့ မလွင်လွင်အေး

Want create site? Find Free WordPress Themes and plugins.

သမီးမိန်းကလေး မွေးတာထက် သားယောကျ်ားလေး မွေးတာက ပိုပြီးမြတ်တယ်။ သမီးမိန်းကလေးဆိုရင် ကျောင်းဆရာမ အလုပ်ကသာ ပိုပြီးသင့်တော်တယ်လို့ ယုံကြည်လက်ခံထားတဲ့ မိသားစု အသိုင်းအဝိုင်းကနေ မွေးဖွားကြီးပြင်းလာတဲ့ ထား ဝယ် တိုင်းရင်းသူ မလွင်လွင်အေးဟာ အသက် ၂၁ နှစ်အရွယ်မှာပဲ အမျိုးသမီးအရေး ကိစ္စတွေကို ကူညီဆောင်ရွက်ပေးသူ တဦး ဖြစ်လာပါတယ်။

ယောကျ်ားလေး မွေးဖွားသူမှ ‘မိန်းမမြတ်’ ဖြစ်မယ်။ သားယောကျ်ားလေးမွေး ရဟန်းခံရှင်ပြုပြီး ဘုရားအစ်မ ကျောင်းအစ်မ အဖြစ် ခံယူပြီးမှ မြတ်မယ်ဆိုတဲ့ အယူအစွဲရှိနေတဲ့ မလွင်လွင်အေး မိခင်ဟာ မိန်းကလေး ၅ ယောက်မွေးပြီးတဲ့ အချိန်မှာမှ သားယောကျ်ားလေး ၂ ဦးကို မွေးဖွားခဲ့ပါတယ်။

အရွယ်ရောက်လာတဲ့ သားယောကျ်ားလေးကို ရှင်ပြုပေးပြီးတဲ့ အခါမှာတော့ သူ့မိခင်ဟာ “ငါ တာဝန် တခုတော့ ကျေသွား ပြီ” ဆိုတာမျိုး အမြဲပြောတယ်လို့ မလွင်လွင်အေးက ပြောပြပါတယ်။

မလွင်လွင်အေးရဲ့ မိဘတွေဟာ မွေးချင်း ၇ ယောက်ရှိတဲ့အနက် ဒုတိယမြောက် ဖြစ်တဲ့သူ့ကို တက္ကသိုလ်ကျောင်း ပြီးတဲ့ အခါ ရပ်ရွာထဲက တခြားသော မိန်းကလေးတွေလိုပဲ ကျောင်းဆရာမ အလုပ်ကိုလုပ်ရင်း အိမ်ထောင့် တာဝန်တွေကို ဝင်ကူ ထမ်းစေချင်ခဲ့တာပါ။

တကယ်တမ်းမှာတော့ မလွင်လွင်အေးဟာ မိဘတွေ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘဲ သူဝါသနာပါရာ အလုပ်ကိုပဲ အခက် အခဲတွေ အမျိုးမျိုးကြားက ရွေးဖြစ်ခဲ့သလို မိခင်ဖြစ်သူရဲ့ ခါးခါးသီးသီး ငြင်းဆန်မှု၊ အသက်အရွယ်နဲ့ အတွေ့အကြုံ နုနယ်မှု တွေက သူ့အတွက် စိန်ခေါ်မှုတွေ အခက်အခဲတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ် ခရိုင်အတွင်းက လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာမှာ ကြီးပြင်းလာရတဲ့ သူ့အနေနဲ့ အစဉ်အလာတွေကို အံတုပြီး အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူ အဖြစ် ရွေးချယ်လုပ်ကိုင်ခဲ့ခြင်းဟာ နိုင်ငံရေးနဲ့ ခပ် ဝေးဝေး နေချင်တဲ့ မိသားစု အသိုက်အဝန်းထဲ အထူးအဆန်း ဖြစ်ခဲ့ရပါတယ်။

၂၀၁၄ ခုနှစ် သမိုင်းဘာသာရပ်နဲ့ သူကျောင်းပြီးတဲ့နှစ်မှာပဲ ရွာမှာ ရေနံချက်စက်ရုံ ဆောက်မယ်ဆိုလို့ ကန့်ကွက် ဆန္ဒပြပွဲ တွေဖြစ်ခဲ့တော့ သူပါဝင်ခဲ့သလို ဘယ်အရာမှာမဆို အမျိုးသမီးတွေက အမျိုးသားတွေနဲ့အတူ ပါဝင်သင့်တယ် ဆိုတဲ့ ယုံကြည် ချက် ရှိလာခဲ့တယ် လို့လည်း အတိတ်ကို အောက်မေ့သတိရရင်း တိုးညှင်းညင်သာစွာ ပြောပြပါတယ်။

အဲဒီကနေတဆင့် ထားဝယ် အမျိုးသမီး သမဂ္ဂ (TWU) နဲ့ အချိတ်အဆက် ဖြစ်သွားခဲ့သလို အမျိုးသမီးအခွင့်အရေး အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ TWU က တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေဟာ သူ့အတွက် တွန်းအားတခု ဖြစ်စေ ခဲ့ပါတယ်။

မလွင်လွင်အေးက “သူတို့ အသက်ငယ်ငယ်နဲ့ အရမ်း တက်တက်ကြွကြွ လုပ်နေတာမြင်တော့ ကျမ စိတ်ဝင်စားတယ်။ ဘာလို့ သူတို့ငယ်ငယ်လေးနဲ့ အရမ်းကို တော်ကြတာလဲ။ ငါရော လုပ်နိုင်မလား။ ငါလည်းဖြစ်ချင်တယ် ဆိုပြီး တွေးမိတယ်” လို့ ပြောပါတယ်။

၂၀၁၄ မှာ ထားဝယ် အမျိုးသမီးသမဂ္ဂမှာ စလုပ်ဖြစ်တော့ အလုပ်သင် ၆ လဆင်းပြီးတဲ့အခါ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ဖွင့်တဲ့ နိုင်ငံရေးစွမ်းရည်မြှင့် သင်တန်းကို ၆ လသွားတက်ခဲ့ပါတယ်။

အဲဒီနောက် TWU ရဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစဉ်ရဲ့တာဝန်ခံအဖြစ် လုပ်ဆောင်ပြီး အမျိုးသမီးတွေကို ပိုမို အကူအညီ ပေးလာနိုင်တယ်လို့ ဆိုပါတယ်။

“စိတ်ဝင်စားပေမယ့် ပထမတော့ နည်းနည်း ကြောက်တာပေါ့နော်။ ကိုယ့်ရဲ့ Background ကလည်း နိုင်ငံရေးနယ်ပယ်က ဆင်းသက်လာတာ မဟုတ်ဘူး။ ကျမ အဘိုးက ကျောင်းဆရာ။ အဒေါ်တွေက ဆရာမတွေ။ အစိုးရ ဝန်ထမ်းတွေဆိုတော့ စိတ်ပူတာပေါ့” လို့ မလွင်လွင်အေးက ပြောပြတယ်။

အဘိုးနဲ့ ဖခင်ဖြစ်သူက သူဖြစ်ချင်တာကို လုပ်ဖို့ တိုက်တွန်းခဲ့ပေမယ့် မိခင်ကတော့ စိတ်ပူတာရယ်၊ အမျိုးသမီးဆိုရင် အိမ်မှာပဲ ရှိသင့်တယ်၊ ယဉ်ကျေး သိမ်မွေ့ရမယ် ဆိုတဲ့ ခံယူချက်တွေရယ်ကြောင့် သူ့အလုပ်ကို မနှစ်သက်သလို၊ ခရီး ခဏခဏ ထွက်နေရတဲ့ သူ့ကိုလည်း သဘောမကျဘူးလို့ ဆိုပါတယ်။

TWU မှာ အလုပ်စဝင်တော့ မဲဆောက်မှာ သင်တန်း သွားတက်ရတဲ့အခါ မိခင်သဘောတူပြီး လွှတ်အောင် ပညာတော်သင် ဆုပေးလို့ သွားတက်ရတာပါ ဆိုပြီး ညာခဲ့ရသလို အလုပ်သင်ဝင်စက ရခဲ့တဲ့ ရုံးကပေးတဲ့ မုန့်ဖိုးကိုလည်း မိခင်ကျေနပ်အောင် လစာရတယ် ဆိုပြီး လိမ်ညာခဲ့ရပါတယ်။

“အဲဒီအချိန်မှာ သူငယ်ချင်းအသီးသီးက ဆရာမတွေဖြစ်ကုန်ပြီ။ တဝမ်းကွဲအစ်မက ဘဏ်မှာ အလုပ်လုပ်နေပြီ။ ကျမတို့က Volunteer ဆိုတော့ တခါတလေ စနေ၊ တနင်္ဂနွေ အမှုပေါ်လာရင် ချက်ချင်းလုပ်ရတာမျိုး ရှိတယ်။ အဲဒီအခါကျရင် အမျိုးတွေက အစ စနေ၊ တနင်္ဂနွေတောင် မနားရဘူးဆိုပြီး ပုတ်ခတ်တာမျိုး ရှိတယ်။ အမေကလည်း သူ့သမီးကို အဲဒီလို ပြောရင် မကြိုက်ပြန်ဘူး။ ကိုယ့်သမီးကိုယ်ကပဲေ ပြာချင်တာလေ” လို့ ဆိုပါတယ်။

အဲဒီအချိန်တုန်းက သူဝါသနာပါရာ အလုပ်လည်း လုပ်ခွင့်ရအောင် မိခင်ဖြစ်သူလည်း စိတ်မဆင်းရဲရအောင် သူ့အနေနဲ့ အတော်လေးကို ရုန်းကန် ကြိုးစားခဲ့ရတယ်လို့ အလုပ်ဝင်စက အခက်အခဲတွေကို ရင်ဖွင့်ပြောပြတယ်။

“အမေ့ကိုလည်း စိတ်မဆင်းရဲစေချင်ဘူး။ မုန့်ဖိုးပေးတယ်ဆိုရင် အိမ်ကိုညာရတယ်။ ကျမ လစာရတယ်။ ကျောင်းဆရာမ လည်း ဒီလောက်ပဲရတာကို ကျမ ရှင်းပြတယ်။ တကယ်တမ်းကျတော့ အစ်မကနေ ပိုပေးတာပေါ့နော်။ အဲဒီထဲက အမေ့ကို ကန်တော့တယ်ဆိုပြီး သူ့ကိုပြန်ပြီး ချော့ရတဲ့ပုံစံမျိုး ရှိတယ်” လို့ သူက ရယ်ပြီးပြောပါတယ်။

သူ့အဖို့ အခက်အခဲတွေ များစွာကြုံတွေ့ခဲ့ရပေမယ့် ဘယ်အရာမဆို ခဏနေရင် အဆင်ပြေသွားမှာပါ ဆိုတဲ့ စိတ်ဓာတ် ခွန်အားနဲ့ ကျော်ဖြတ်ခဲ့တယ်။

“ကြိုးစားနေသရွေ့တော့ ဘယ်တော့မှ ကျရှုံးမှာ မဟုတ်ဘူး။ အောင်မြင်မှုတွေနဲ့ အမြဲပြည့် နေ မှာပါ” လို့ မလွင်လွင်အေး က ပြောဆိုပါတယ်။

TWU မှာ အလုပ်ဝင်တဲ့အခါ စကားပြောတာကအစ သင်တန်းပေးတာအဆုံး အစစအရာရာ အများကြီး အထောက်အပံ့ တွေ ရခဲ့သလို စီနီယာ အစ်မတွေဆီကလည်း စိတ်ဓာတ်ခွန်အားတွေ ရရှိခဲ့တယ်။ အခက်အခဲတခု ကြုံလာတိုင်း လုပ်ဖော် ကိုင်ဖက် တွေနဲ့အတူ ဖြေရှင်းကြတာမို့ သူ့အတွက်တော့ လုပ်ဖော်ကိုင်ဖက်တွေဟာ မိသားစုထက် ပိုရင်းနှီးတယ်လို့ ဆိုပါ တယ်။

“စိတ်ခွန်အားက အများကြီး အရေးကြီးတယ်။ လက်တွဲခေါ်တယ်။ ကိုယ့်ကို အမြဲတမ်း ရှုတ်ချနေရင် လုပ်နိုင်မှာမဟုတ်ဘူး။ ခွန်အားပေးလို့ပဲ လုပ်နိုင်တာ။ အခုချိန်ထိလည်း အမြဲကျေးဇူးတင်ပါတယ်” လို့ သူက ပြောပါတယ်။

လူမှုပတ်ဝန်းကျင်ရဲ့ အခန်းကဏ္ဍတိုင်းမှာ အမျိုးသားတွေဟာ ဦးဆောင်ကဏ္ဍမှာ ပါဝင်နေပေမယ့် အမျိုးသမီးတွေကတော့ ထမင်းချက် ဟင်းချက်ဘဝနဲ့ပဲ အဆုံးသတ်နေကြရတာမို့ လူချင်းအတူတူကိုပဲ အမျိုးသမီးတွေဟာ တဆင့်နိမ့်တဲ့ ဘဝမှာ နေရ တယ်လို့ ခံစားမိတဲ့ မလွင်လွင်အေးဟာ ဒီလောကထဲကို ခြေစုံပစ် ဝင်ခဲ့တယ်ဆိုရင်လည်း မမှားဘူးလို့ ဆိုရမှာပါ။

TWU မှာ အလုပ်ဝင်ပြီးနောက် သူဟာ မြို့တွေ၊ ရွာတွေအထိ ဆင်းပြီး စကားဝိုင်း ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ လုပ်ပေး ရာကနေ တကယ့်အောက်ခြေက အမျိုးသမီးတွေရဲ့ဘဝကို သိမြင်လာရတယ်။ အဓမ္မပြုကျင့်ခံရမှု၊ ကာမ လိမ်လည်ရယူမှု၊ သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု ဆိုတာတွေကို ခံစားရတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ တွေ့ဆုံ စကား ပြောဆိုခွင့် ရခဲ့ပါတယ်။

စီးပွားရေး အဆင်မပြေလို့၊ ခင်ပွန်းက အရက်သေစာ သောက်စားလို့၊ မူးယစ်ဆေးဝါး သုံးစွဲလို့၊ ကလေးတွေများလို့ ဆိုတဲ့ အကြောင်းရင်းတွေနဲ့ အမျိုးသမီးအများစုဟာ အိမ်တွင်း အကြမ်းဖက်မှုကို ခံနေရတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးတွေဟာ သူတို့ လင်ယောကျ်ားတွေကို ပြန်လည်း မပြောရဲ၊ ပြန်ပြောရင်လည်း အရိုက်ခံရတဲ့ အခြေအနေတွေ ရှိနေတာကို သိမြင် လာရပါတယ်။ စိတ်ခံစားလွယ်တတ်တဲ့ သူ့အဖို့ တချို့ဖြစ်ရပ်တွေက အတော်လေးကို စိတ်ထိခိုက်စေတယ်လို့ ဆိုပါတယ်။

“ပထမတော့ သူတို့ပြောတဲ့စကားကိုပဲ ကျမတို့ နားထောင်တယ်။ အကြံဉာဏ် တောင်းလာမယ်ဆိုရင် လမ်းနှစ်ခုကို ပြောပြ တယ်။ ကောင်းကျိုးရှိမယ်။ ဆိုးကျိုးရှိမယ်။ အဓိကက သူတို့ဆန္ဒပဲ။ သူတို့ကို ရွေးချယ်ပိုင်ခွင့် ပေးတယ်။ ဒီအတိုင်းဆို သိပ် မပြောဘဲ သိုဝှက်နေတတ်ကြတော့ သူတို့နဲ့ တသားတည်းဖြစ်အောင် ရင်းရင်းနှီးနှီးနေရတယ်။ အဲဒီကနေမှ ပိုသိလာရ တယ်” လို့ မလွင်လွင်အေးက သူ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြပါတယ်။

သူ့အနေနဲ့ သူတို့အရပ်ဒေသရဲ့ သတို့သမီးကို တင်တောင်းရတဲ့ ဓလေ့ထုံးထမ်း တခုကို သဘောမကျဘူးလို့လည်း ပြောပြ တယ်။ အမျိုးသမီးတဦးဟာ ပစ္စည်းဥစ္စာရှိမယ်။ မိဘအသိုင်းအဝိုင်း ချမ်းသာမယ်။ ပညာအရည်အချင်း ပြည့်စုံတယ်ဆိုရင် တောင်းရမ်းငွေက တမျိုး။ အတင့်အသင့် လူတန်းစားမျိုးဆိုရင် တောင်းရမ်းငွေကတမျိုး ခွဲခြားထားတယ်။ ဒါဟာ အမျိုးသမီး တွေကို ပစ္စည်းဥစ္စာလို ဈေးစကား ပြောနေတာမို့ ရောင်းကုန်တွေလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အခုဆို TWU မှာ လုပ်တာ ၄ နှစ်နီးပါးရှိပြီ။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာတွေ များစွာရခဲ့သလို သူ့ရဲ့အသိအမြင်တွေလည်း ပြောင်းလဲလာခဲ့ပါတယ်။

ကြားသုံးကြား မဝင်ရဘူး။ ဝင်ရင် ကိုယ့်ကို အမှုပတ်တတ်တယ် ဆိုတာမျိုးတွေ နားထဲစွဲနေတဲ့ သူ့ပတ်ဝန်းကျင်မှာ လင် မယားချင်း ရန်ဖြစ်တဲ့အခါ အမျိုးသမီးတွေ အရိုက်ခံရတာမျိုးတွေ့ရင် ဘယ်လိုကူညီရမလဲ မသိခဲ့သလို ကိုယ်နဲ့မဆိုင်ဘဲ ကူညီလိုက်လို့ ရန်လာရှာခံရမှာကိုလည်း ကြောက်ခဲ့ရပေမယ့် အခုတော့ ဘယ်လို အကူအညီပေးရမလဲဆိုတာ သိနေပါပြီ။

နောက်ထပ် သူ့အတွက် တန်ဖိုးရှိတဲ့ တိုးတက်ပြောင်းလဲမှု တခုကတော့ သူ့အလုပ်နဲ့ ပတ်သက်လို့ မိခင်ရဲ့သဘောထား ပြောင်းလဲ လာခြင်းပါပဲ။

“ရပ်ရွာထဲမှာဖြစ်တဲ့ တချို့အမှုတွေကျရင် ငါ့သမီးနဲ့ သွားဆွေးနွေးလိုက်။ အကြံပေးမယ်။ သူတို့တွေက အမျိုးသမီးကိစ္စ တွေ နဲ့ ပတ်သက်ပြီး အရမ်းတက်ကြွတဲ့ အဖွဲ့တွေပေါ့။ တခါတလေကျ ကျမတို့အဖွဲ့တွေ ရွာတွေထိ ဆင်းလာပြီး သင်တန်း တွေပေး တယ်။ စကားဝိုင်းတွေ လုပ်ပေးတယ်ဆိုတော့ အမေကိုယ်တိုင်က မြင်တယ်။ သူ ဂုဏ်ယူချင်လည်း ယူမှာပေါ့နော် ကျမ ထင် တာ။ အရင်ထက် အများကြီးနားလည်လာပြီ၊ စိတ်ဝင်စားလာပါပြီ” လို့ပြောရင်း သူက ကျေနပ် သဘောကျနေ ပြန်ပါတယ်။

လက်ရှိမှာတော့ သူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ Altsean Burma မှာ ၅ လတာ လုပ်တဲ့ အမျိုးသမီးများ စွမ်းရည် မြှင့် သင်တန်းတခုကို TWU က လွှတ်လို့ သွားတက်နေတယ်။ အဲဒါပြီးရင် သူ့အနေနဲ့ အမျိုးသမီးအရေး ကိစ္စတွေကို ပိုပြီး လုပ်နိုင် မယ်လို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“ကျမ မျှော်လင့်ထားတာတခုက အမျိုးသမီးတွေ ပိုပြီး ပြောရဲဆိုရဲရှိလာအောင် တိုက်တွန်းပေးချင်တယ်။ ပြောရဲဆိုရဲရှိလာမှ အမှုတခုဖြစ်လာရင် ဖြေရှင်းနိုင်တယ်ဆိုတာ သိလာမှာ။ သူတို့က နှိမ့်ချခံနေရတဲ့သူတွေ မဟုတ်ဘူး။ လူသားချင်း အတူတူ ပဲ ဆိုတဲ့အသိတွေ ပိုမိုမြှင့်တင်ပေးချင်တယ်” လို့ မလွင်လွင်အေးက စိတ်အား ထက်သန်စွာ ပြောပါသေးတယ်။

အမျိုးသမီးတွေအတွက် နောက်ထပ် လုပ်ပေးချင်တာ တခုက အဖွဲ့အစည်းအနေနဲ့ဖြစ်ဖြစ် တဦးတည်း အနေနဲ့ဖြစ်ဖြစ် တတ်နိုင်မယ်ဆိုရင် အကြမ်းဖက်ခံ အမျိုးသမီးတွေရဲ့ဘဝ ရေရှည် ပြန်လည်ထူထောင်ရေး အတွက် ကူညီ စောင့်ရှောက် ပေးနိုင်မယ့် စင်တာတခု လုပ်ပေးချင်တယ်လို့လည်း ပြောပါတယ်။

မြို့ပေါ်က အမျိုးသမီးတွေနဲ့ နယ်က အမျိုးသမီးတွေယှဉ်ရင် နယ်ကအမျိုးသမီးတွေက အခွင့်အရေး ပိုနည်းတာမို့ နယ်မှာ ရှိတဲ့ အမျိုးသမီးတွေကို စွမ်းရည်မြှင့်တာမျိုးတွေ လုပ်ပေးချင်တယ်။ ဒါ့အပြင် ဘဝတခု ပြန်လည်ရှင်သန်ဖို့ အရမ်းခက်ခဲ သွားတဲ့ အကြမ်းဖက်ခံ အမျိုးသမီးတွေအတွက် ပိုပြီး ကူညီထောက်ပံ့ပေးချင်တယ်လို့ သူ့ရဲ့ဆန္ဒကို ပြောပြပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခန်းကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာမှသာ အမျိုးသမီးတွေ ရဲ့ ခံစားချက်တွေကို ပိုပြီးပြောလာနိုင်မယ်လို့ သူ ယုံကြည်တယ်။ ကလေးမွေးဖို့ ဗိုက်နာနေတဲ့ အမျိုးသမီးတဦးရဲ့ ခံစား ချက် ကို အမျိုးသမီးတွေထက် အမျိုးသားတွေက ပိုမသိနိုင်သလိုမျိုးပဲလို့ ဆိုပါတယ်။

ယနေ့ မြန်မာ့နိုုင်ငံရေးမှာ အမျိုးသမီးတွေအနေနဲ့ လုံးဝ မပါတာထက်စာရင် ပါနေတာက အားရကျေနပ်စရာ ဖြစ်ပေမယ့် ပါနေရုံတင်မကဘဲ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာလည်း ပူးပေါင်းပါဝင်နိုင်ဖို့ အရေးကြီးပါတယ်။ ဘယ်ကဏ္ဍမှာမဆို အမျိုး သား တွေပဲ ဦးဆောင်ပြီး သူတို့အသံတွေပဲ ဖြစ်နေမယ်ဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေဟာ ချိုးဖောက် ခံနေရ ဦးမှာ ပါ။

“အိမ်တွင်းမှာဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ နှစ်ဦးနှစ်ဖက် ပြိုင်တူတွန်းမှ ရွေ့နိုင်မယ်ဆိုတဲ့အတိုင်း အမျိုးသမီးရော အမျိုးသားရော၊ ကလေးဆိုလည်း ကလေးကဏ္ဍအလိုက် အားလုံးပူပေါင်း ဆောင်ရွက်မှ ပိုပြီး ဖွံ့ဖြိုး တိုးတက် မှုတွေ ငြိမ်းချမ်းမှုတွေရမယ်”လို့ မလွင်လွင်အေးက ယုံကြည်နေပါတယ်။

ဆယ်တန်းအောင်ပြီး ခါစက ရှေ့နေဖြစ်ချင်ခဲ့တဲ့၊ မိသားစုအသိုင်းအဝိုင်းက အစိုးရဝန်ထမ်း ဖြစ်စေချင်ခဲ့တဲ့ မလွင်လွင်အေး အခုချိန်မှာတော့ အမျိုးသမီးတွေအတွက် တထောင့်တနေရာကနေ ပံ့ပိုး ကူညီပေးနေသူ ဖြစ်နေပါပြီ။ ဒီအလုပ်ကိုရွေးခဲ့လို့ သူ နောင်တမရဘူးလို့လည်း ဆိုပါတယ်။

“အခုလည်း ကျမ ရှေ့နေမဟုတ်ပါဘူး။ ဒါပေမယ့် ကျမ ဒီဘဝကို ပျော်တယ်။ အမျိုးသမီးတွေနဲ့ ထပ်ထူထပ်မျှ ရှိရတာကို ပျော်တယ်။ အမျိုးသမီးတယောက် ဖြစ်ရလို့လည်း ဂုဏ်ယူပါတယ်”လို့ မလွင်လွင်အေးက ပြောပါတယ်။

တိုင်းရင်းသူ တဦးဖြစ်တဲ့ သူ့အနေနဲ့ ဘာသာစကားကအစ လိုအပ်ချက်တွေရှိသလို ရှေ့ဆက်လည်း များစွာလေ့လာရဦး မယ်၊ ဒီအဖွဲ့အစည်းမှာ ဘယ်လောက်ထိလုပ်သွားမယ်ဆိုတာ သေချာမသိပေမယ့် အမျိုးသမီးတွေကို ကူညီပေးမယ်ဆိုတဲ့ စိတ်ကတော့ သေတဲ့အထိ ရှိနေမယ်လို့လည်း မလွင်လွင်အေး က ခိုင်ခိုင်မာမာ ပြောဆိုပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading