ကျမတို့ ရှင်သန် ဖြတ်သန်းနေရတဲ့ နေ့ရက်တွေတိုင်းမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်းတွေ ရှိနေပါတယ်။ တချို့ ဇာတ်လမ်းတွေက ကြည်နူးစရာ ကောင်းသလို တချို့ဇာတ်လမ်းတွေက ကြေကွဲစရာပါ။ ဒီဇာတ်လမ်းတွေကို ကဗျာ ရေးသူက ကဗျာရေးကြပါတယ်၊ ဝတ္ထုရေးဖွဲ့သူက ဝတ္ထုရေးဖွဲ့ ကြပြီး ဓာတ်ပုံရိုက်သူက ဓာတ်ပုံရိုက်ကြပါတယ်။
ဓာတ်ပုံကောင်း တပုံဟာ အဓိပ္ပာယ်များစွာနဲ့ ပြည့်နှက်နေသလို ဖြတ်သန်းနေရတဲ့ ခေတ်ရဲ့ ပုံရိပ်ကိုပါ ထင်ဟပ်စေတယ် ဆိုလည်း မမှားပါဘူး။ ကမ္ဘာပေါ်မှာပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာပဲ ဖြစ်ဖြစ် ဓာတ်ပုံဆရာတွေထဲမှာ အမျိုးသားနဲ့ အမျိုးသမီး ယှဉ်လိုက်ရင် အမျိုးသား ဓာတ်ပုံဆရာက ပိုများနေပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အမျိုးသမီးဓာတ်ပုံဆရာမ ၇ ယောက် ပါဝင်တဲ့ “Thuma” (သူမ) အဖွဲ့က သူတို့ရဲ့ ဓာတ်ပုံတွေကို လူထုကြား တင်ဆက် ပြသလိုက်ပါပြီ။
Thuma Collective (သို့မဟုတ်) သူမအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသမီး ဓာတ်ပုံဆရာမ ၇ ယောက်က ခင်ကြည်ထက်၊ ခင်ဇာခြည်လတ်၊ ညိုမီ၊ ရွှေဝတ်မှုံ၊ တင်ထက်ပိုင်၊ ရီတာခင် နဲ့ ယုယုမြင့်သန်း တို့ဖြစ်ကြ ပါတယ်။ ဒီအမျိုးသမီးတွေဟာ ဓာတ်ပုံပညာကို အထူးစိတ်ဝင်စားသူတွေ ဖြစ်ကြသလို မြန်မာဒိဋ္ဌပြခန်းမှာ Visual Storytelling နဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ရာကနေ Thuma အဖွဲ့ ဖွဲ့ဖို့ စိတ်ကူးရခဲ့ကြတာပါ။
အမျိုးသမီး ၉ ယောက် တက်ခဲ့ကြတဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကနေ စိတ်တူကိုယ်တူ ရှိတဲ့ ၇ ယောက်ကနေ သူတို့ စိတ်ဝင်စားရာ အကြောင်းအရာအလိုက် လူနေမှုဘဝတွေကို ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ ညနေမှာတော့ သူမအဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကို ပရိုဂျက်တာတွေနဲ့ ပြသပြီး အဖွဲ့ဝင် တယောက်ချင်းစီနဲ့ မိတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။ သူတို့ ပြသချင်တဲ့ ဓာတ်ပုံတွေကို ပရိုဂျက်တာနဲ့ ထိုးပြခဲ့ရာမှာ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ ကလေးငယ်တွေရဲ့ လူမှုဘဝတွေကို ဓာတ်ပုံတွေက တဆင့် သိရှိခွင့်ရခဲ့ပါတယ်။
သူမ အဖွဲ့ရဲ့ မျှော်မှန်းချက်ကတော့ “ဖြစ်ပျက်နေသော အကြောင်းအရာများ၊ ဇာတ်လမ်းများနှင့် လူမှုဘဝပေါင်းစုံတို့မှ အသံများကို အမျိုးသမီးများ၏ အမြင်ဖြင့် တင်ဆက်သည့် အလေ့အထကို မြှင့်တင်ပေးနိုင်ရန် မျှော်မှန်းသည်” လို့ ဆိုပါတယ်။
ဒီနေရာမှာ တခုစဉ်းစားစရာရှိတာက ဓာတ်ပုံရိုက်ကူးရာမှာ Beauty လို့ခေါ်တဲ့ အလှအပကို အခြေခံမလား (ဒါမှမဟုတ်) သဘာဝကျတဲ့ အရှိတရားနဲ့ နီးစပ်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးမလားဆိုတာပါပဲ၊ “Thuma” (သူမ) အဖွဲ့ဝင် မရွှေဝတ်မှုံက အခုလို ပြောပြပါတယ်။
“တခြား ဓာတ်ပုံတွေနဲ့ ညီမတို့ အဖွဲ့ ရိုက်တဲ့ဓာတ်ပုံတွေကြား ကွဲပြားခြားနားအောင် ကြိုးပမ်း အားထုတ်ထားပါတယ်၊ Visual Storytelling ဆိုတဲ့ အတိုင်း ဓာတ်ပုံကို ကြည့်လိုက်တာနဲ့ သူနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကိုပါ တွဲဖက်မြင်လာ တာမျိုး ပေါ့၊ Documentary ဆန်တဲ့ အတွက် Real Life ထဲမှာ ဖြစ်နေတဲ့ ပကတိ Story ကို ပြသရာလည်း ရောက်ပါတယ်” လို့ ဆိုပါတယ်။
“ခင်ကြည်ထက်” က Street Photography ကို စိတ်ဝင်စားသူတယောက်ပါ။ “ခင်ဇာခြည်လတ်” က လူ့အသိုင်းအဝိုင်း စာမျက်နှာမှာ ကြားရလေ့ မရှိတဲ့ သူတွေ အကြောင်းပြောဆိုဖို့ ဓာတ်ပုံပညာကို အသုံးပြုနေသူ တယောက်ပါ။ “ညိုမီ” က လက်ရှိ မြန်မာတိုင်းမ်မှာ အလုပ် လုပ်နေသလို ရန်ကုန်မှာ နေထိုင်ကြတဲ့ နေ့စဉ်လူသားတွေရဲ့ ဖြစ်တည်မှုကို Street နဲ့ Portrait ဓာတ်ပုံတွေနဲ့ ပုံဖော်ရိုက်ကူးလေ့ရှိသူ တယောက်ပါ။ “ရွှေဝတ်မှုံ”က လောလောဆယ်မှာဓာတ်ပုံဇာတ်လမ်း ၂ ခုကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ရိုက်ကူးနေပါတယ်။
အမျိုးသမီး ဓာတ်ပုံဆရာမ တယောက်အဖြစ် ဘာကြောင့် ရွေးချယ်ခဲ့ရလဲ ဆိုတာ မရွှေဝတ်မှုံပြောပြတာက – “သမိုင်း တလျှောက် ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်နေခဲ့ပြီး ရှေးရိုးစွဲ အမြင်နဲ့ အလေ့အကျင့်တွေ အားကောင်းတဲ့ မြန်မာနိုင်ငံမှာ ကြီးပြင်း လာခဲ့ရတဲ့ အမျိုးသမီးငယ်တဦး အတွက် ဓာတ်ပုံရိုက်ခြင်းက ကျမအသံကို ကျမကိုယ်တိုင် ဖော်ထုတ်ဖို့နဲ့ ကျမ ရပ်တည်ချင်တဲ့၊ တန်ဖိုးထားတဲ့၊ အလေးထားတဲ့ အရာတွေကို ဖော်ပြဖို့ ကြားခံတခုပါပဲ” တဲ့။
“တင်ထက်ပိုင်” က ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း သတင်းထောက်နဲ့ ဓာတ်ပုံဆရာမ တယောက်ပါ။ တင်ထက်ပိုင်က သူမ တင်ပြလိုက် တဲ့ အကြောင်းအရာများနဲ့ ကြည့်ရှု့ခံစားသူတွေကို ဓာတ်ပုံတွေက တဆင့် ချိတ်ဆက်ပေးချင်တယ် လို့ ဆိုပါတယ်။ လက်ရှိ အချိန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိတဲ့ အမြင်အာရုံ မသန်းစွမ်းသူတွေအပေါ် သက်ရောက်နေတာတွေကို သီးခြားပုံစံနဲ့ ဓာတ်ပုံ ပရောဂျက်တခု ရိုက်ကူးနေ ပါတယ်။
“ရီတာခင်” က မှတ်တမ်းဓာတ်ပုံဆရာမ တယောက်ဖြစ်သလို လိင်မှုရေးရာ၊ Gender နဲ့ လိင်တူချစ်သူတွေ အကြောင်းတွေ နဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို ဓာတ်ပုံရိုက်ကူး နေတာပါ။ ထူးခြားချက်က အိမ်တွင်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တယောက်အကြောင်း ရိုက်ကူးထားတဲ့ “The Last Straw of Hope” ဓာတ်ပုံဇာတ်လမ်းဟာ ၂၀၁၇ ခုနှစ်၊ ရန်ကုန် ဓာတ်ပုံပြပွဲမှာ တက်သစ်စ ဓာတ်ပုံဆရာကဏ္ဍမှာ စတုတ္ထဆုရခဲ့တာ ပါပဲ။
“ယုယုမြင့်သန်း”က မြန်မာဒိဋ္ဌ အဖွဲ့အစည်းမှာ လုပ်ကိုင်နေသလို သူမရဲ့ ဓာတ်ပုံလက်ရာတွေကို ပြည်တွင်းမှာ သာမကဘဲ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ရဲ့ အထင်ကရ Photoville ဓာတ်ပုံပြပွဲမှာပါ ရွေးချယ်ပြသခံရသူ တယောက်ပါ။
Thuma Collection မိတ်ဆက်ပွဲမှာ ယုယုမြင့်သန်း ပြောပြတာက “အမျိုးသားတွေ ကြီးစိုးထားတဲ့ ဓာတ်ပုံလောကမှာ အမျိုးသမီးတွေ အနေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တယ် ဆိုတာ ပြသချင်ပါတယ်၊ ကျမတို့ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို တင်ပြရာမှာအမျုးိသမီးတွေရဲ့ ရှုထောင့်ကနေ တင်ပြနိုင်ဖို့ ဓာတ်ပုံပညာနဲ့ ဖော်ပြနိုင်တဲ့ အမျိုးသမီးတွေ ရှိတယ်ဆိုတာ သိစေချင်လို့ပါ” လို့ ဆိုပါတယ်။
သူမအဖွဲ့တွေဟာ စကားဝိုင်း လုပ်ဖြစ်တာတွေ ရှိသလို ဓာတ်ပုံရိုက်ဖို့ Outdoor ထွက်ဖြစ်တာတွေလည်း ရှိပါတယ်။ နောက်ပိုင်း ဓာတ်ပုံပြပွဲတွေကို ရန်ကုန်မှာသာ မကဘဲ နယ်မြို့တွေမှာပါ ပြုလုပ်သွားဖို့လည်း ရှိပါတယ်။
ကျမတို့ အနေနဲ့ လူမှုဘဝ အထွေထွေကို ဓာတ်ပုံတွေက တဆင့်ပြောပြတဲ့ သူတို့ရဲ့ ကြိုးပမ်းမှုအပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပါ။ အုတ်ခဲတွေကို သယ်ဆောင်နေရတဲ့ ပန်းရန် အလုပ်သမလေးရဲ့ ဓာတ်ပုံကို တွေ့ရတယ် ဆိုပါစို့၊ အဲဒီ ဓာတ်ပုံဟာ အလုပ်သမလေး ဖြတ်သန်းနေရတဲ့ ခေတ်ရဲ့ အခြေအနေ၊ မိသားစု ဝမ်းရေး အတွက် ရုန်းကန်နေရတဲ့ ဇာတ်လမ်းကိုပါ ပြောပြနေတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ ခံစားချက်၊ အားမာန်၊ ဖြတ်သန်းမှု၊ လူမှုဘဝ၊ ရှင်းသန်မှုတွေကို Visual Storytelling ကို အသုံးပြုပြီး Thuma အဖွဲ့ဝင်တွေက ဆက်လက်ဖန်တီးနိုင်မယ်လို့ ယုံကြည်နေမိပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)