မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှု အနည်းငယ် တိုးတက်လာသည်ကို ပါဝင်ဆောင်ရွက်သူများနှင့် တက်ကြွလှုပ်ရှားသူများက ကြိုဆိုလိုက်သော်လည်း ရည်မှန်း ထားသည့် အတိုင်း အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရေးမှာ စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု သတိပေးပြောကြားလိုက်သည်။
အမျိုးသမီး အခွင့်အရေးဆိုင်ရာအဖွဲ့များသည် ၂၀၁၁ ခုနှစ်ကစတင်ခဲ့သည့် တနိုင်ငံလုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ် အဖြစ် အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို တိုက်တွန်းခဲ့ကြသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့အနက် ၈ ဖွဲ့တို့သည် တနိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုစာချုပ်တွင် “နိုင်ငံရေးဆွေးနွေးပွဲများတွင် သင့်တင့်လျှောက်ပတ်သော အချိုးအစားဖြင့် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူသည်” ဟုဖော်ပြထားသည်။
နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွင်လည်း နိုင်ငံရေး ေဆွေးနွေးပွဲများ အားလုံးတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးအတွက် အားထုတ်သွားမည်ဟု နောက်ပိုင်းတွင် ထပ်မံဖြည့်စွက်ခဲ့သည်။
သို့သော် လွန်ခဲ့သောနှစ် ဇန်နဝါရီလ၊ သြဂုတ်လနှင့် ယခုနှစ် မေလတို့တွင်ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများ၏ ကဏ္ဍတော်တော်များများတွင် အမျိုးသမီးများ ပါဝင်မှုမှာ ကန့်သတ်ခံထားရဆဲ ဖြစ်သည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလက ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်သူ ၇၀၀ တွင် အမျိုးသမီး ၇ ရာခိုင်နှုန်းသာပါဝင်ခဲ့သည်။
ယမန်နှစ် သြဂုတ်လက ကျင်းပသော ညီလာခံတွင် တက်ရောက်သူ ၆၆၃ ဦးတွင် အမျိုးသမီး ၁၃ ရာခိုင်နှုန်း ပါဝင်လာပြီး အနည်းငယ်တိုးတက်လာကာ ယခုနှစ်မေလတွင် ကျင်းပသည့် ညီလာခံတွင် တက်ရောက်သူ ၉၁၀ အနက် ၁၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်လာသည်။
သဘောတူထားသည့် အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်း မပြည့်မီခြင်းကို အရုဏ်ဦး လူမှုဖွံ့ဖြိုးရေးအသင်း နှင့် Peace Research Institute Oslo တို့က ရန်ကုန်တွင် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပသည့် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများအခန်းကဏ္ဍ အမည်ရှိ နိုင်ငံတကာညီလာခံတွင် ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကိုယ်စားပြုမှု အလွန်နည်းပါးနေဆဲဖြစ်ပြီး အထူးသဖြင့် အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များနှင့် ဆုံးဖြတ်ချက်ချသည့် နေရာများတွင် ဖြစ်သည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နော်ဆူစန်နာလှလှစိုး က ပြောသည်။
သူကိုယ်တိုင်ပင်လျှင် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ချင်သော်လည်း ကရင်ပြည်နယ်၏ လူမှုရေးဆိုင်ရာ ဆွေးနွေးပွဲများတွင်သာ ပါဝင်ခွင့်ရခဲ့သည်ဟုလည်း ရှင်းပြသည်။
“အမျိုးသမီးတွေဟာ လူမှုရေးနဲ့သာဆိုင်တယ်လို့ မသိလိုက်သလိုမျိုး သတ်မှတ်ထားတာတွေ ရှိနေတယ်” ဟုလည်းပြောပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဆွေးနွေးမှု အကြောင်းအရာအားလုံးနှင့် အကောင်အထည်ဖော်ရာတွင် အမျိုးသမီးများ၏ အသံပါဝင်ရန် အရေးကြီးသည်ဟုလည်း ထောက်ပြသည်။
ရှမ်းပြည်နယ် အမျိုးသမီးများနှင့်ငြိမ်းချမ်းရေးလှုပ်ရှားမှုကွန်ယက် – WPAN တည်ထောင်သူ ဒေါ်သန္တာဦးကလည်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်ခွင့်မရကြောင်း ပြောသည်။
“အမျိုးသမီးတွေရဲ့အသံ ကို လျစ်လျှူရှုလိုက်တာဟာ အများစုရဲ့အသံကို လျစ်လျှူရှုလိုက်တာပဲ။ “အမျိုးသမီးတွေရဲ့အရည်အချင်း ကျွမ်းကျင်မှုအပေါ် အမြဲမေးခွန်းထုတ်မှုတွေရှိတယ်။ ဒီကျွမ်း ကျင်မှုတွေ ဘယ်ကနေရမလဲ။ ဒါက ကျမတို့ရဲ့ အတွေ့အကြုံကနေ လာတာ။ ဒါကြောင့် အမျိုးသမီးတွေ ကို နေရာပိုပေးဖို့လိုပါတယ်”” ဟု WPAN မှ ဒေါ်သန္တာဦးကပြောသည်။
ကဏ္ဍအားလုံးတွင် အမျိုးသမီးများ၏ အတွေ့အကြုံနှင့် ထင်မြင်ချက်များ ပါဝင်မှုနှင့် ထည့်သွင်း စဉ်းစားမှု မရှိလျှင် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာတွင် ထိရောက်သော အကောင်အထည်ဖော်မှုများ မဖြစ်နိုင်ဟု လည်းရှင်းပြသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် လုံခြုံရေး ကဏ္ဍဆွေးနွေးပွဲများအတွက် တက်ရောက်ခွင့်ရ ကိုယ်စားလှယ်များကိုရွေးချယ်သောအခါ တပ်မတော်နှင့်ဆွေးနွေးနိုင်သော ကျွမ်းကျင်သူများကို ရွေးရသောကြောင့် အမျိုးသမီးကိုယ်စားလှယ်ရှာဖွေရန် အခက်အခဲ တွေ့ရကြောင်း Center for Humanitarian Dialogue မှ ဇာကျဲအိုလျန်ကပြောသည်။
“ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အမျိုးသမီးတွေကို လေ့ကျင့်ပေးတဲ့နေရာမဟုတ်ဘဲ တပ်မတော်နဲ့ တခြားအုပ်စုတွေနဲ့ ဆွးနွေးတဲ့နေရာဖြစ်နေတယ်။ အဆင်သင့်ဖြစ်နေတဲ့ အမျိုးသမီး ကိုယ်စားလှယ် ရဖို့က ခက်ကြတယ်။ ဒါကြောင့် လုံခြုံရေးဆွေးနွေးပွဲအချို့မှာ အမျိုးသမီးတယောက်တောင် မပါတာမျိုးတွေရှိတယ်” ဟုလည်းသူရှင်းပြသည်။
“ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အမျိုးသမီးတွေကို လေ့ကျင့်ပေးတဲ့နေရာမဟုတ်ဘဲ တပ်မတော်နဲ့ တခြားအုပ်စုတွေနဲ့ဆွေးနွေးတဲ့နေရာဖြစ်နေတယ်။ အမျိုးသမီးတယောက်ကို တွေ့ရင် သူတို့က အဆင်သင့်မဖြစ်သေးဘူးလို့ထင်ကြတယ်။ ဒါကြောင့် လုံခြုံရေးဆွေးနွေးပွဲအချို့မှာ အမျိုးသမီး တယောက်တောင် မပါတာမျိုးတွေရှိတယ်” ဟုလည်းသူရှင်းပြသည်။
လွှတ်တော်ကိုယ်စားလှယ် နေရာများရရှိထားသော နိုင်ငံရေးပါတီ ၂၃ ခု သာလျှင် ငြိမ်းချမ်းရေး ညီလာခံသို့ ကိုယ်စားလှယ် ၅ ဦးခန့်သာ စေလွှတ်ခွင့်ရသောကြောင့် ထုံးစံအားဖြင့် ပါတီဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ကိုသာ စေလွှတ်လေ့ရှိသည်ဟု ချင်းအမျိုးသားတပ်ဦး – CNF ၏ နည်းပညာဆိုင်ရာအကြံပေး ချင်းချင်းကပြောသည်။
“ ဒီလိုကိစ္စတွေမှာ ကျမတို့အနေနဲ့ ထိပ်ပိုင်းရာထူးတွေမှာ အမျိုးသားတွေ လွှမ်းမိုးထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ဖွဲ့စည်းပုံကို ပြန်ကြည့်ရပါမယ်” ဟုလည်းသူပြောသည်။
“ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်စေဖို့ ကျနော်တို့သဘောတူထားပြီးပြီ။ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်တဲ့ အဖွဲ့တိုင်းက ကိုယ်စားလှယ်ရွေးတဲ့အခါ ဒီသဘောတူညီချက်ကို ပြည့်မီအောင်ကြိုးစားဖို့ လိုတယ်။ ဒီအတွက် သူတို့မှာ တာဝန်ရှိတယ်” ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ နာယက ခွန်ဥက္ကာ ကပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ရန်ဖိတ်ခေါ်ထားသည်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ရှိတယ်။ ကျမက ဒီထက်တောင်ပိုလိုချင်တယ်။ ကျမက ၅၀ ရာခိုင်နှုန်းအထိလိုချင်တာ” ဟု ဒေါ်အောင်ဆန်းစုကြည်က မတ်လက နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတကာ အမျိုးသမီးများ နေ့ အခမ်းအနားတွင်ပြောပြီး ထိုသို့ပါဝင်ခြင်းမှာ ညီလာခံတွင် လာရောက်ထိုင်နေခြင်း သက်သက် မဖြစ်ရန် လိုသည်ဟုလည်းဆက်ပြောသည်။
ဧရာဝတီသတင်းဌာန (အင်္ဂလိပ်ပိုင်း) တွင် အောက်တိုဘာ ၁၃ ရက်နေ့က ဖော်ပြခဲ့သော Female Participation in Peace Process Improving, But More to be Done ကို ဆီလျော်အောင်ဘာသာပြန်သည်။