Women & Gender

ဥပဒေအကာအကွယ်လိုအပ်နေတဲ့ အနိုင်ကျင့်ခံရသူအမျိုးသမီးငယ်များ

Want create site? Find Free WordPress Themes and plugins.

“သားအမိနှစ်ယောက် လုံလုံခြုံခြုံနေလို့ရမယ့် အိမ်လေးတအိမ် လိုချင်တယ်။ သမီးလေးမှာ ဘဝနဲ့ရင်းပြီး ခံစားခဲ့ရတယ်။ ကျူးလွန်သူ ကိုလည်း ဘဝပျက်တဲ့အထိ ထောင်ဒဏ်နှစ်များများ ချပေးပါ” ဟု အသက် ၃၁ နှစ်အရွယ်မိခင်က သူ့ဆန္ဒကို ဖွင့်ဟပြောဆိုသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နှင့် အလှမ်းဝေးသော ရွာတရွာတွင် နေထိုင်သည့် သူ၏ တဦးတည်းသော ၂ တန်းကျောင်းသူ သမီးငယ်လေးသည် အသက် ၁၉ နှစ်အရွယ် အစ်ကို ဝမ်းကွဲဖြစ်သူ၏ အဓမ္မပြုကျင့်မှု ခံခဲ့ရသည်။

ကျူးလွန်သူသည် မိသားစုအသိုင်းအဝိုင်းအတွင်း စီးပွားရေးကောင်းမွန်ပြီး သြဇာရှိသော အစ်ကို အကြီးဆုံး၏ သား၊ သူ၏ တူအရင်း ဖြစ်နေရာ မိသားစုအသိုင်းအဝိုင်းက ယင်းသက်ငယ်မုဒိမ်းမှုကို ဖုံးဖိထားလိုကြသည်။

ထို့အတွက် တိုင်တန်းမှုများ မလုပ်ရန် ဝိုင်းဝန်းတားမြစ်ခဲ့သည့်ကြားမှပင် ရဲစခန်းတွင် အမှုဖွင့်ခွင့်ရအောင် သူမ ကြိုးစားခဲ့သည်။ အခုဆိုလျှင် အမှုကို မင်းဘူးခရိုင် တရားရုံးတွင် ရင်ဆိုင်နေခဲ့သည်မှာ ၄ လ ကျော် ရှိပြီ ဖြစ်သည်။

ထိုအတောအတွင်း သားအမိနှစ်ယောက် ရွာတွင်မနေရဲတော့သဖြင့် ကွယ်လွန်သူ ခင်ပွန်းဖြစ်သူ၏ ဇာတိကျေးရွာတွင် ခေတ္တခိုလှုံနေရသည်။ အဖွဲ့ အစည်းတချို့၏ ကူညီမှုကြောင့် ပညာမတတ် ဆင်းရဲနုံချာသော သူတို့သားအမိနှစ်ယောက် အမှုကို ဆက်လက်တရားရင်ဆိုင် နေနိုင်ခြင်းဖြစ်သည်။

ထိုကဲ့သို့သော သက်ငယ်မုဒိမ်းမှုများအပါအဝင် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်များ၏ ပြသနာသည် မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ဖြစ်ပေါ်နေရာ အချို့အမှုများသည် လမ်းတဝက်တွင် ပျောက်သွားခြင်းမျိုးလည်းရှိသည်။

“တောတွေမှာဆိုရင် တိုင်ပေမယ့်လည်း ရဲကိုယ်တိုင်က အမှုမဖွင့်ပေးလို့ စိတ်ဓာတ်ကျတာတို့၊ လူမှုရေးအရ ရပ်ရွာလူကြီး ကတဆင့် ပြန်ညှိနှိုင်းပေးတာမျိုး တွေတောင်ရှိတယ်။ လူ့ဘဝတခုလုံးကို ထိခိုက်တဲ့ မုဒိန်းမှုလိုမျိုးမှာ ကျေအေးဖို့က မဖြစ် သင့်ဘူး။ မိဘတွေက မသိနားမလည်လို့ ကျေအေးရင်တောင်မှ တာဝန်ရှိသူတွေက ရှင်းပြရမယ်။ ခွင့်မပြုသင့်ဘူး” ဟု ကလေးသူငယ်အမှုများကို အခမဲ့ ကူညီဆောင်ရွက်နေသည့် သမာဓိဖောင်ဒေးရှင်း၏ အထွေထွေအတွင်းရေးမှူး တရား လွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်က ပြောဆိုသည်။

ဆက်လက်၍ ၎င်းက ကလေးသူငယ်ဥပဒေတွင် ပြစ်မှုကျူးလွန်သူ တရားခံအတွက် အခွင့်အရေးများကို ဖော်ပြထားသော်လည်း ကျူးလွန်ခံရသူ (Victim) ၏ အခွင့်အရေး အတွက် ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် ရဲ န်ထမ်းများ၊ တရားရေးဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် ကျူးလွန်ခံရသူများကို လျစ်လျူရှုမိနေခြင်း ဖြစ်ကြောင်း သုံးသပ်သည်။

“တရားလိုအနေနဲ့ ပြောသင့်ပြောထိုက်တာ မပြောရဲတာမျိုး မဖြစ်ရအောင်။ တရားခံကလည်း ခြိမ်းခြောက်မှုတွေ ဘာတွေ မရှိအောင် တရားခွင်ကို စီမံပေးနိုင်တာမျိုးက တရားသူကြီးရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတ awareness ရှိမှု အပေါ်မှာမူတည်တယ်” ဟု ၎င်းက ရှင်းပြသည်။

သက်ငယ်မုဒိမ်းအပါအဝင် မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်း (နှစ် ၂၀) အထိ စီရင်ချမှတ်မှုများ ရှိလာသော်လည်း အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးနှင့်ကလေးငယ်များအတွက် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာခံစားရမှုများအတွက် ဥပဒေ အကာအကွယ်ပေးမှုများကမူ လိုအပ်နေဆဲ ဖြစ်သည်။

မုဒိမ်းမှုတခုဖြစ်ပေါ်လာပါက အချို့သော မိသားစုဝင်များ၏ အသိပညာနည်းမှု၊ ရပ်ရွာအုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ရဲဝန်ထမ်း များ ၏ အဂတိလိုက်စားမှုများကြောင့် မုဒိမ်းမှုကျူးလွန်သူကို ချက်ချင်း အရေးမယူနိုင်သကဲ့သို့ တချို့အမှုများ သည် တရားရုံး သု့ိ မရောက်ဘဲ ရပ်ရွာထဲတွင် လျော်ကြေးအနည်းငယ်ဖြင့် ညှိနှိုင်း ကျေအေးသွားသည့် အမှုများ ဒုနှင့်ဒေး ရှိနေသည်။

ရဲစခန်းတွင် တိုင်ချက်ဖွင့်ခြင်း၊ ဆေးစစ်ချက်ယူခြင်း အခြေအနေများတွင် ရဲအရာရှိအမျိုးသားများ၊ အမျိုးသား မှုခင်းဆရာဝန်များ၏ စစ်ဆေးမေးမြန်းများမှုက အဓမ္မ ပြုကျင့်ခံရသည့် အမျိုးသမီးနှင့် ကလေးငယ်များကို ရှက်ရွံ့မှု၊ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်စေကာ ဖြစ်စဉ်အမှန်ကို ပွင့်ပွင့်လင်းလင်း ပြောပြရန် ဝန်လေးသွားတတ်ကြသည်ဟု ဥပဒေရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး မယ်းစိုးစိုးနွယ်က “မုဒိမ်းမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်ပြောတဲ့အခါ အမျိုး သမီးဖြစ်နေရင် သူတို့ (Victim) အတွက် ပိုပြီးတော့ အဆင်ပြေတယ်။ မဟုတ်ရင် ထုတ်ပြောဖို့ အခက်အခဲဖြစ်တယ်။ ဆယ် မှုမှာ တမှုလောက်ပဲ တရားမျှတမှုကို သွားချင်တော့တယ်။ တော်တော်များများက တရှက်ကနေ နှစ်ရှက်ဖြစ်မှာစိုးလို့ ဖုံးဖိပြီး ထားကြမျိုးတွေရှိတယ်” ဟု ပြောပြသည်။

ထို့ပြင် မုဒိမ်းမှုများကို ဆေးစစ်ရန် လွှဲပြောင်းသည့်အခါတွင် အကြမ်းဖက်ခံရသူ အမျိုးသမီး သို့မဟုတ် ကလေးငယ်အား ထိုးသွင်းဒဏ်ရာ (Penetration) ရှိမရှိ၊ ကိုယ်ခန္ဓာတွင် ရုန်းကန်လှုပ်ရှားထားသည့် ဒဏ်ရာရှိ၊ မရှိကိုသာ ကြည့်ရှှု စစ်ဆေးကြသော်လည်း မုဒိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်နိုင်သည့် ကူးစက်ရောဂါများနှင့် ပတ်သက်၍ စစ်ဆေးကုသပေးခြင်းမျိုး မရှိသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောသည်။

“လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ မုဒိမ်းမှုတွေမှာ ကလေးသူငယ် အပါအဝင် မုဒိမ်းကျင့်ခံရတဲ့သူတွေရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်သော ဥပမာ ကာလသားရောဂါ HIV/AIDS အဲဒီလို အပိုင်းတွေမှာ treatment သေချာပေးတဲ့အပိုင်း အရမ်းအားနည်းတယ်ဆိုတာ တွေ့ရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီသည် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အခမဲ့ တရားဥပဒေ ဆိုင်ရာ အကူအညီများပေးနေသော တရားဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) – Legal Clinic Myanmar ၏ ဒါရိုက်တာတဦးလည်း ဖြစ်သည်။

တရားရင်ဆိုင်ရာတွင် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးနှင့် ကလေးငယ်များသည် ဥပဒေအကာအကွယ်ကို အပြည့်အဝ မရကြောင်း၊ တရားရုံးတွင် အချို့သောမုဒိမ်းမှုများကို တံခါးပိတ် စစ်ဆေးမှုများရှိသော်လည်း အချို့အမှုများကို တံခါးပိတ် စစ်ဆေးခြင်း မရှိကြောင်း၊ အကြမ်းဖက်ခံရသည့် ကလေးငယ်၊ အမျိုးသမီးနှင့် အကြမ်းဖက်သူ ထိပ်တိုက် မြင်တွေ့နေရခြင်း က တရားလို၏ ထွက်ဆိုချက်များကို အနှောင့်အယှက်ဖြစ်စေကြောင်း ဥပဒေရေးရာပညာရှင်များက သုံးသပ်ဝေဖန် ကြသည်။

“ပြစ်မှုကျူးလွန်တဲ့ ကလေးတရားခံကိုတောင်မှ ဘယ်လို ဂရုစိုက်ရမယ်ဆိုတာကို သတ်မှတ်ပြီး victim ကိုကျ ဖြစ် သလို ပစ်ထားပြီးတော့ ဂရုစိုက်ခြင်းမခံရဘူး။ ရဲစခန်း ရုံးတွေကိုရောက်တဲ့အခါ အရမ်းသိမ်ငယ်ရတယ်။ ဒုက္ခများတယ်။ တ ကယ်တမ်းပြောရင် အရမ်းကို ရင်နာဖို့ကောင်းတယ်။ အဲဒါ မြန်မာပြည်မှာ တောက်လျှောက် ကြုံနေရတာ။ တော်တန်ရုံက ဒါတွေကိုသိတဲ့အခါ အမှုမတိုင်ဖြစ်ကြတော့ဘူး” ဟု တရားလွှတ်တော် ရှေ့နေ ဦးငိုင်ဆာ့ခ်က ၎င်း၏ အတွေ့အကြုံကို ပြန်လည်ပြောပြသည်။

၁၉၉၃ ကလေးသူငယ်ဥပဒေအရ ကလေးသူငယ်အမှုများကို ကလေးသူငယ်တရားရုံးတွင် စစ်ဆေးရန်၊ ကလေးသူငယ် တရားရုံးမရှိပါက သီးခြားရုံး၊ အဆောက်အအုံ (သို့) အမှုစစ်ဆေးနေကျ မဟုတ်သည့် အဆောက်အအုံ၊ အခန်းတွင် စစ်ဆေးရန်၊ အမှုစစ်ဆေးသည့် နေရာတွင် မိဘအုပ်ထိန်းသူ၊ တရားရုံးဝန်ထမ်း၊ ဥပဒေအရာရှိ၊ ဝတ်စုံဆင်မြန်းထားခြင်း မရှိသည့် တာဝန်ကျ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ အမှုနှင့်တိုက်ရိုက် သက်ဆိုင်သူများမှတပါး တခြားမည်သူမျှမရှိစေရဟု ပြဌာန်းထားသည်။

သို့သော် တရားရုံးများ၏ နေရာအခက်အခဲကြောင့် ဖြစ်စေ၊ တရားသူကြီး၊ တရားရေးဆိုင်ရာ ဝန်ထမ်းများ၏ သိမြင် နားလည်မှု နည်းပါးခြင်းကြောင့်ဖြစ်စေ ထိုပြဌာန်းချက်များကို အတိအကျလိုက်နာမှုမရှိသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် လူကြီး က ကျူးလွန်သည့် သက်ငယ်မုဒိမ်းမှုများကို လူကြီးတရားရုံးတွင် စစ်ဆေးမှုများတွင် အများဆုံးတွေ့ရကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးသူများက မှတ်ချက်ပြုသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက “မြန်မာနိုင်ငံ တရားရုံးတွေမှာ အကြမ်းဖက်ခံရတဲ့ကလေးနဲ့ အကြမ်းဖက်သူ မမြင်ရအောင် ကာထားတာ ရှိမနေသေးဘူး။ တချို့သက်ငယ်မုဒိမ်းမှုတွေမှာ အကြမ်းဖက်ခံရတဲ့ ကလေးလေးက အကြမ်းဖက်သူက ကိုယ်ဟန်အမူအရာအားဖြင့် ခြိမ်းခြောက်ထား၍သော်လည်းကောင်း အရမ်းကြောက်နေလို့ တရားရုံးမှာ ဖြေရတာ အဆင်မပြေဘူးဆိုပြီး နယ်ရုံးကတင်ပြချက်တွေ တွေ့ရတယ်” ဟု ဆိုသည်။

ထို့အပြင် အဓမ္မပြုကျင့်ခံရသူများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကုစားပေးမှုများ အားနည်းနေသေးသည့်အပြင် ၎င်းတို့ တရားရင်ဆိုင်နေစဉ်ကာလ အတွင်း လုံခြုံအေးချမ်းစွာ နားခိုနိုင်မည့် (Safe House) များလည်း လိုအပ်နေသေးသည် ဟု အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ထောက်ပြပြောဆိုကြသည်။

အထူးသဖြင့် သွေးရင်းမိသားစုဝင်များက ကျူးလွန်သည့် မုဒိမ်းမှုများတွင် အကြမ်းဖက်ခံရသည့် ကလေးငယ် သို့မဟုတ် အမျိုးသမီးများအနေဖြင့် ၎င်းတို့ပတ်ဝန်းကျင်တွင် ဆက်လက်နေထိုင်ဖို့ရန် အဆင်မပြေသလို ကျူးလွန်သူအသိုင်းအဝိုင်း ဘက်မှ ခြိမ်းခြောက်ပြောဆိုမှုများ၊ ပတ်ဝန်းကျင်၏ ပုတ်ခတ်ပြောဆိုမှုများက ကျူးလွန်ခံရသူများကို ပိုမိုနာကျင်စေသည်ဟု ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသမီး အဖွဲ့အစည်းများနှင့် ပူး ပေါင်းပြီး မုဒိမ်းမှု ကျူးလွန်ခံရသူများအပြင် လိင်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် ကလေးငယ်နှင့် အမျိုးသမီးများအတွက် ခေတ္တခိုလှုံနိုင်မည့် Safe House များ စတင်ဖွင့်လှစ်နေပြီဖြစ်သော်လည်း တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (အမျိုးသမီးများ ဖွံ့ဖြိုးတိုး တက်မှုဌာနခွဲ) ညွှန် ကြားရေးမှူး နော်သာဝါးက “အစိုးရဘတ်ဂျက်ရရင် ချဲ့ပြီးဆောင်ရွက်ဖို့ ရှိပါတယ်။ ခု အစိုးရအနေနဲ့ရော အမျိုးသမီးအဖွဲ့ တွေနဲ့ရော ပူးပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။

စိတ်ပိုင်ဆိုင်းရာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသူ အမျိုးသမီးများနှင့် ကလေးငယ်များ၏ဘဝ ပိုမိုလုံခြုံစိတ်ချ စေရန်အတွက် ဥပဒေတခု မဖြစ်မနေ လိုအပ်နေကြောင်းကို လက်ရှိအဖြစ်အပျက်များက ထောက်ပြနေသည်။

ထို့အတွက် အမျိုးသမီးအဖွဲ့အစည်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့ ပူးပေါင်းရေးဆွဲ လျက်ရှိသော ‘အမျိုးသမီးများအား အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်း’ ကို အမြန်ဆုံး အတည်ပြု ပြဌာန်းပေးရန် အမျိုးသမီးအဖွဲ့အစည်းများက ဆန္ဒရှိနေကြခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကို အတည်ပြုပြဌာန်းလိုက်ပါက သက်ငယ်မုဒိမ်းမှုအပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရမှုများ၊ လုပ်ငန်းခွင်၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ထိကပါးရိကပါးပြုမှု၊ နှောင့်ယှက်မှုများ အပါအဝင် အကြမ်းဖက်မှု ပုံစံမျိုးစုံမှ အမျိုးသမီးများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်မည်ဟု အမျိုး သမီးအရေးဆောင်ရွက်သူများက ယုံကြည်နေကြသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading