အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ၏ ဆန္ဒသဘောထားများကို ထည့်သွင်း စဉ်းစားသင့်ကြောင်း တိုင်းရင်းသား အရေး နှင့် အမျိုးသမီးအရေး ဆောင်ရွက်သူ များက တိုက်တွန်းသည်။
နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ယခုလ ၂၈ ရက်နေ့ကကျင်းပသည့် ငြိမ်းချမ်းရေး အတွက် ကျား၊ မ တန်းတူ ရေး မဟာမိတ်အဖွဲ့ (AGIPP) ၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး သို့ တက်ရောက်လာသူများနှင့် သတင်း မီဒီယာများရှေ့တွင် ယင်းသို့ တိုက်တွန်း ပြောဆိုကြခြင်း ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က “ကျနော့်နေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီး ပါဝင်မှုအရေးက အင်မတန်မှ အရေးကြီးတယ်။ လူဦးရေ ထက်ဝက်ကျော်ရဲ့ အမြင်၊ သဘောထား၊ လိုလားချက်တွေကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲနဲ့ ငြိမ်းချမ်းရေးကို ဖန်တီး မယ် ဆိုရင် ဒါဟာမပြည့်စုံဘူးလို့ မြင်တယ်” ဟု ပြောသည်။
ပထမအကြိမ် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အမျိုးသမီး ပါဝင်မှု ၇ ရာခိုင်နှုန်း၊ ဒုတိယ ညီလာခံ တွင် ၁၇ ရာခိုင်နှုန်း ပါဝင်ခဲ့သော်လည်း တိုးတက်လာသည့် အခြေအနေ မဟုတ်သေးကြောင်းလည်း ဆလိုင်း လျန်မှုန်း ဆာခေါင်း က ဖြည့်စွက်ပြောသည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်သကဲ့သို့ ပဋိပက္ခဇုန်များတွင် ဒုက္ခ အရောက်ကြရဆုံး သူများသည်လည်း အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်နေကြသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အမျိုးသမီး များကို ပါဝင်ခွင့်ပြုပြီး သဘောထားများကို ဆွေးနွေး ဆောင်ရွက်ခွင့်ပြုရန် တိုက်တွန်းနေကြခြင်းဖြစ်သည်။
AGIPP အဖွဲ့ ဥက္ကဋ္ဌ မိကွန်ချမ်းနွန် ကလည်း “အခုငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှု လုံးဝအားရဖို့တော့ မရှိဘူး။ တိုးတက် လာတာကိုတော့ တွေ့ရပါတယ်။ ကျမတို့လိုချင်တဲ့ ပန်းတိုင်က အများကြီး လျှောက်လှမ်းဖို့ လိုပါသေးတယ်။ အမျိုးသမီးတွေရဲ့ စွမ်းပကားတွေ မြှင့်တင်ပေးဖို့ လိုသလို၊ ယုံကြည်မှုကို တည်ဆောက်ပေးဖို့ လိုပါတယ်” ဟု ပြောသည်။
လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးသည့် အခါ အမျိုးသမီးများ ကိုယ်တိုင် ပါဝင်ဆွေးနွေးခွင့် မရှိသည့်အတွက် အမျိုးသမီး များ အမှန်တကယ် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ အချက်အလက်များအား မမေ့လျော့စေရန်နှင့် ထည့်သွင်း စဉ်းစားရန် လိုအပ်သဖြင့် ယခုကဲ့သို့ တိုက်တွန်းနေရခြင်း ဖြစ်ကြောင်း မိကွန်ချမ်းနွန် က ပြောဆိုသည်။
လူမှုဝန်ထမ်း ဦးစီးဌာန၊ အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲမှ တာဝန်ခံ နော်သာဝါး ကလည်း “အမျိုးသမီးတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပြန်ဝင်လာဖို့ဆိုရင် ပထမဆုံး နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေကို မေးလိုက်ရင် နိုင်ငံရေးက သူတို့နဲ့ မပတ်သက်ဘူးဆိုတဲ့ ပုံစံမျိုးတွေက ရပ်ရွာထဲမှာ အများဆုံး တွေ့ရပါ တယ်။ ဓလေ့ထုံးစံ မရှိတဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်လာခြင်းမရှိတဲ့ အယူအစွဲတွေကို ဖျောက်ဖျက် ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ငြိမ်းဖောင်ဒေးရှင်း ပင်မရုံး တာဝန်ခံ အယ်နန်းဘောက် က “အမျိုးသမီး ပါဝင်မှုနှုန်းက တော်တော် နည်းတယ်။ ၃၀ ရာခိုင်နှုန်း ပါဝင်လာဖို့ဆိုတာ တော်တော်လေး ကြိုးစားယူရမယ့် အနေအထား ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း က မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးသည့် အဆင့်တိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ် အရေအတွက်၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းအား အမျိုးသမီး များ ဖြစ်သင့်သည်ဟု ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သေးသည်။