လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ၏ တတိယအကြိမ် ညီလာခံကို ပြုလုပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ သစ်အဖြစ် အမျိုးသမီးတဦးအား ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အောက်တိုဘာ ၂၇၊ ၂၈ ရက်က ပြုလုပ်ခဲ့သည့် LNDP ပါတီ၏ တတိယအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်များကို အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ပြီးနောက် ထိုကော်မတီက ဥက္ကဋ္ဌသစ်အဖြစ် ဒေါ်အေးသီတာမြင့်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
LNDP ပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာသူ ဒေါ်အေးသီတာမြင့် က “ကျမရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီး ပါတီက မြို့နယ်ကော်မတီဝင်တွေ အားလုံးက ယုံကြည်ပြီး ကျမအတွက် ကြိုးစားဖို့အခွင့်အရေး ပေးလိုက်တယ်လို့ ခံယူပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဒေါ်အေးသီတာမြင့်က ၎င်းအနေဖြင့် ပါတီတွင် ၂၀၁၀ ကတည်းက မြို့နယ်အနေဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ပါတီ ညီလာခံတွင် ဗဟိုစာရင်းစစ်အဖြစ် ပါဝင်ခဲ့ကြောင်း၊ အမျိုးသမီးတဦး ဖြစ်သည့်အတွက် ပါတီ၏ လှုပ်ရှားဆောင်ရွက်မှုများတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရသော်လည်း နောက်မဆုတ်ဘဲ ကျော်လွှားခဲ့သည့်အတွက် ယခုကဲ့သို့ တာဝန်ထမ်းဆောင်ခွင့်ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။
“ရှေ့ဆက်ပြီး ကျမ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကိုယ့်ရဲ့လူမျိုး၊ အမျိုးသားရေးနဲ့ ကိုယ့်ရဲ့နိုင်ငံအတွက် ကြိုးစားသွားမယ်။ ပြီးတော့ ကျမတို့ အမျိုးသမီးထု အနေနဲ့ နိုင်ငံရေးမှာ ပိုပြီးပါဝင်လာနိုင်အောင် လက်တွဲခေါ်ပြီး ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အေးသီတာမြင့် က ဆိုသည်။
LNDP ပါတီ၏ တတိယအကြိမ်ညီလာခံတွင် ပါတီဗဟိုကော်မတီဝင် ၄၀ ကျော် ရွေးချယ်ခဲ့ပြီး လာမည့် နိုဝင်ဘာ ၁၀ ရက်တွင် ပါတီဌာနချုပ် လားရှိုး၌ အသစ်ရွေးချယ်ခံထားရသည့် ပါတီဗဟိုကော်မတီဝင်သစ်များနှင့် ဗဟိုကော်မတီဝင်ဟောင်း များ တာဝန်လွှဲပြောင်း ပေးအပ်ပွဲ ရှိကြောင်း၊ ယင်းနေ့တွင်ပင် အစည်းအဝေးတရပ်ပြုလုပ်ကာ ပါတီ၏ရှေ့လုပ်ငန်းစဉ် မူဝါဒ များကို ချမှတ်သွားရန်ရှိကြောင်း သိရသည်။
လားဟူဖွံ့ဖြိုးရေးကွန်ရက် ဒါရိုက်တာ ကြာယေရှဲက “သူ့ရဲ့ပြောပုံဆိုပုံ သူ့ရဲ့အရည်အချင်းပေါ်မှာမူတည်ပြီး ၂၀၁၀၊ ၂၀၁၅ တုန်းကထက် လက်ရှိအခြေနေထက် နှစ်ဆပိုပြီး တိုးတက်လိမ့်မယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ သူက ပြောရဲဆိုရဲရှိတဲ့သူ။ သွက်သွက် လက်လက်ရှိတဲ့သူ။ နောက်ပြီး အရပ်ဖက်အဖွဲ့အစည်းနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်နေလို့လေ” ဟု မှတ်ချက် ပြုသည်။
ပါတီ၏ဥက္ကဋ္ဌအဖြစ် ဒေါ်အေးသီတာမြင့် ရွေးချယ်ခံခဲ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှ ဦးကျဟားရှဲ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဦးရှီးမွန်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဦးဟဲစတင်တို့သည် ပါတီ၏ ဒုတိယဥက္ကဋ္ဌများအဖြစ် ရွေးချယ်ခံခဲ့ရသည်။
လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP) ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း၌ တိုင်းရင်းသားရေးရာ ဝန်ကြီး တနေရာနှင့် မက်မန်းမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တနေရာ စုစုပေါင်း ၂ နေရာ အနိုင် ရရှိခဲ့ကြောင်း သိရသည်။