Women & Gender

မိခင်၊ ဇနီးသည် နှစ်ထပ်ကွမ်း ဒုက္ခသည်များ

Want create site? Find Free WordPress Themes and plugins.

တောင်တန်းစိမ်းစိမ်းတွေနဲ့ ကုန်းမြင့်နီနီတွေကြား ဒုက္ခသည်တို့စုဝေးရာ သင်္ကေတတစ်ခုဖြစ်တဲ့ အမိုး ပြာပြာအိမ်တန်းလျားလေးတွေကို ခပ်ဝေးဝေးက လှမ်းမြင်နေရပါတယ်။

ဆယ်ခန်းတွဲ ထရံကာနဲ့ အိမ်တန်းလျားတွေရဲ့ အခန်းတစ်ခန်းကနေ အမျိုးသမီးတယောက်ဟာ ၁ နှစ်အရွယ် ကလေးတစ်ယောက်ကို ကျောမှာပိုးပြီး ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို လက်ကဆွဲကာ အိမ်တန်းလျားရဲ့ အရှေ့ဘက်နားက မီးဖိုဆောင်ထဲကို ဝင်သွားပါတယ်။

“သူဘိန်းဆာလာပြီဆို ကျမတို့ကို ရိုက်သတ်ဖို့လည်း ဝန်မလေးဘူး” လို့ အသက် ၂၄ နှစ်အရွယ် တအာင်းအမျိုးသမီး အန်ထောန်က ဟင်းချက်ဖို့ မီးမွှေးရင်း အသံဝဲ၀ဲဖြင့် ပြောပြပါတယ်။

“အခုတောင် သူမရှိတော့လို့ စားဖို့ဝယ်ထားတာလေးတွေ ရှိနေတာ။ သူရှိရင် အိမ်မှာ ဆန်လည်း မရှိဘူး။ ဆီလည်း မကျန်ဘူး။ အကုန်ရောင်းစားတာ။ သူဘိန်းဖိုးရဖို့ပဲ သူသိတယ်။ သူကဆေးသုံးနေရရင် အိမ်မှာမနေဘူး။ သချုႋင်းဇရပ်တွေ ဘာတွေမှာ သွားနေတာ၊ တလ နှစ်လနေမှ ပြန်လာတာ” လို့ အန်ထောန်က ဆက်ပြောပါတယ်။

သူတို့မိသားစုဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် နမ့်ခမ်းမြို့ ဒုက္ခသည်စခန်းကို ရောက်ရှိလာတာ ဖြစ်ပြီး ဒုက္ခသည်စခန်းကို ရောက်မှ သူရဲ့အမျိုးသားက မူးယစ်ဆေးကို စတင်သုံးစွဲလာတာလို့လည်း ဆိုပါတယ်။ မူးယစ်ဆေးဟာလည်း ဒုက္ခသည်စခန်းအနီးမှာတင် အလွယ်တကူ ဝယ်ယူရရှိနေတယ်လို့လည်း သိရပါတယ်။

“ကျမသူ့ကို မသုံးဖို့ အကြိမ်ကြိမ်ပြောတယ်။ သူကရှူလည်း ရှူတယ်။ ထိုးလည်း ထိုးတယ်။ အရင်က အလုပ်လုပ်ရင် မိသားစု စားလောက်တယ်။ အခုတော့ သူရှာသမျှပိုက်ဆံက သူသုံးဖို့တောင် မလောက်ဘူး” လို့ အန်ထောန်က ပြောပါတယ်။

ပဋိပက္ခဖြစ်ရာ ဒေသက အမျိုးသမီးတွေဟာ တိုက်ပွဲကြား ပြေးလွှားရ၊ ပုန်းခိုရနဲ့ ဒုက္ခတွေကို ခံစားနေရသလို ဒုက္ခသည်စခန်းရောက်ပြန်တော့လည်း အမျိုးသားတွေက မူးယစ်ဆေးသုံးစွဲတာကြောင့် ဆေးစွဲပြီး ဆဲဆိုကြိမ်းမောင်းတာ၊ ရိုက်နှက်တာ စတဲ့ အိမ်တွင်းအကြမ်းဖက်မှုဒဏ်တွေကိုလည်း နေ့စဉ်နဲ့အမျှ ခံစားနေကြရပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေချိန်မှာဆို တောင်ယာအလုပ် သွားရောက်လုပ်ကိုင်ဖို့ တားမြစ်ခံရတာတွေ ရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲတွေဖြစ်လာသလို တဖက်မှာလည်း အလုပ်အကိုင် အဆင်မပြေတာကို အကြောင်းပြုပြီး အမျိုးသားတွေက မူးယစ်ဆေးသုံးစွဲလာတာကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြပါတယ်။

“တနေ့ ရှာလို့ရတဲ့ ပိုက်ဆံက ၅၀၀၀ လောက်ဆို သူသုံးတဲ့ဆေးဖိုးက တစ်သောင်းလောက်ကုန်တယ်။ အဲဒီတော့ အကြွေးတွေလည်း တင်တယ်။ ကျမက အဲဒီတုန်းက ကိုယ်ဝန်နဲ့ဆိုတော့ အလုပ်ထွက်မလုပ်နိုင်ဘူး။ သူများတွေ လာလှူတဲ့ ပစ္စည်းတွေဆိုလည်း သူယူပြီး သွားရောင်းစားတယ်။ ရေပုံးတွေ၊ စောင်တွေ၊ အနွေးထည်တွေလည်း အကုန်ရောင်းစားပစ်တယ်။ ကျမက ပြောပြန်ရင်လည်း သူကစကားလာမများနဲ့၊ အကုန်လုံး ခုတ် သတ်လိုက်မယ် ဘာမှတ်နေလဲ။ မင်းတို့ကိုတောင် ရောင်းစားလို့ရရင် ငါအကုန်ရောင်းစားမယ်ဆိုပြီး ခဏ ခဏပြောတယ်” လို့ အန်ထောန်က ပြောပါတယ်။

မူးယစ်ဆေးဝါးကြောင့် ဇနီးသည်တွေ အိမ်တွင်းအကြမ်းဖက်ခံနေရသလို သားယောကျာ်းလေးမွေးထားတဲ့ မိခင်တွေဟာလည်း မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေတဲ့ သားတွေရဲ့ ဆူပူကြိမ်းမောင်းတာ၊ ဆဲဆိုခြိမ်း ခြောက်ပြီး ငွေတောင်းယူတာတွေကို ခံစားနေကြရပါတယ်။

မူးယစ်ဆေးသုံးစွဲနေတဲ့ သားတွေကြောင့် စိတ်သောကရောက်နေရတဲ့ မိခင်တစ်ဦးဖြစ်တဲ့ မအင်က “အရင်ကတော့ သားယောကျ်ားလေးမွေးတာ တအားပျော်ခဲ့တာ။ သားယောကျ်ားလေးမွေးတဲ့ မိခင်က မွန်မြတ်တယ်ပေါ့လေ။ သားသုံးယောက်မွေးလို့ မွန်မြတ်တယ်ပြောရမလား မှတ်တယ် သုံးယောက်လုံးက မူးယစ်ဆေးစွဲသွားတော့ ကျမ တော်တော်စိတ်ညစ်ရတယ်။ သားအငယ်ဆိုရင် မူးယစ်ဆေးထိုးရင်း သေသွားတာ။ ကျန်တဲ့သားတွေကလည်း ခြံတွေလယ်တွေကို တိတ်တိတ်ရောင်းစားကြတယ်။ ကျမသာ သမီးလေးတယောက်လောက် မွေးခဲ့ရင် အခုချိန်လောက်ဆို ကျမအတွက် ကူဖော်လောင်ဖက်တော့ ဖြစ်မှာပဲလို့ ကျမအမြဲတွေးနေမိတယ်” လို့ ပြောပြပါတယ်။

အခုလို မူးယစ်ဆေးသုံးစွဲမှုကြောင့် အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတာဟာ မိသားစုတခုတည်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ အချို့ကျေးရွာတွေမှာဆိုရင် မိသားစုဝင်အားလုံးက မူးယစ်ဆေးရဲ့ သားကောင်တွေ ဖြစ်နေကြပါပြီ။ ဒုက္ခသည်စခန်းတွေမှာတော့ အဖွဲ့အစည်းတွေရဲ့ အသိပညာပေးသင်တန်းတွေ ပြုလုပ်ပေးနေတာကြောင့် အကြမ်းဖက်မှုတွေ လျော့ကျသွားတယ်ဆိုပေမယ့် ဆက်လက်ဖြစ်ပွားနေပါသေးတယ်။

“အဖွဲ့အစည်းတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့အကြောင်းတွေ၊ မူးယစ်ဆေးအကြောင်းတွေကို လာပြောတော့ အကြမ်းဖက်မှုတွေက လျော့သွားတယ်။ ဒါပေမယ့် လျော့သွားတယ်ဆိုတာ ယောကျ်ားတွေက မရိုက်တော့တာမျိုး မဟုတ်ဘူး။ အမျိုးသမီးတွေက သူတို့နဲ့ ပြိုင်ပြီး ရန်မဖြစ်တော့တာ။ ကိုယ့်ဘက်ကပဲ အလျော့ပေးလိုက်ကြတာ” လို့ ဒုက္ခသည်စခန်းမှာနေထိုင်သူ မအင်ကပြောပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေနှိပ်စက်တာကို မတွန်းလှန်နိုင်တာကြောင့် ပြဿနာကိုဖြေရှင်းတဲ့ နည်းလမ်းတခု အနေနဲ့ လင်ယောကျ်ားတွေရဲ့ စေခိုင်းသမျှကို ပြုလုပ်ပေးနေကြရတာပါ။ လင်ယောက်ျား မူးယစ်ဆေးသုံးဖို့အတွက် ဇနီးဖြစ်သူက သွားဝယ်ပေးရသလို တခါတလေမှာ ကလေးငယ်တွေကို သွားဝယ်ခိုင်းတာတွေလည်း ရှိနေပါတယ်။

မူးယစ်ဆေးသွားဝယ်ပေးရင်း လမ်းမှာ ဖမ်းဆီးခံရတာတွေ၊ ချုပ်နှောင်ခံရတာတွေကို အမျိုးသမီးနဲ့ ကလေးငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

“အမျိုးသားတွေ နှိပ်စက်တဲ့ဒဏ်တွေကို မခံနိုင်လို့ နောက်ဆုံး တချို့အမျိုးသမီးတွေ ဆေးစွဲလာကြတယ်။ မခံချင်စိတ်နဲ့ သုံးကြတာမျိုးတွေလည်း ရှိတယ်။ တချို့အမျိုးသားတွေကျတော့ သူတို့ဇနီးတွေကိုပါ ဆေးသုံးစွဲခိုင်းတာတွေ ရှိတယ်” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း တာဝန်ခံ လွေးယေစမ်က ပြောပါတယ်။

ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ အလုပ်အကိုင် အခက်အခဲတွေ၊ ပညာသင်ကြားဖို့ အခက်အခဲတွေကြောင့် ဖွံဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ရပြီး လူငယ်တွေဟာ အလွယ်တကူရရှိနေတဲ့ မူးယစ်ဆေးရဲ့သားကောင်တွေ ဖြစ်နေကြတာ များပါတယ်။ အမျိုးသမီးတွေဟာဆိုရင် အိမ်မှုကိစ္စ၊ ကလေးဝေယျာဝစ္စနဲ့ ဝင်ငွေရှာတဲ့ အလုပ်တွေကိုပါ တပြိုင်နက်တည်း လုပ်နေရတဲ့အပြင် ခင်ပွန်းသည်တွေ မူးယစ်ဆေးသုံးဖို့အတွက် ရှာဖွေပေးနေရတဲ့ တာဝန်ကိုပါ အပိုဆောင်း ရယူထားရပါတော့တယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အမျိုးသမီးတွေ အပေါ် နည်းမျိုးစုံနဲ့ အနိုင်ကျင့် အကြမ်းဖက်တာတွေနဲ့ပတ်သက်လို့ အသိပညာပေးပွဲတွေ၊ သင် တန်းတွေ ပို့ချနေပေမယ့်လည်း တရားဥပဒေ စိုးမိုးမှုအားနည်းတဲ့ ဒေသတွေဖြစ်တာကြောင့် ထိရောက်မှုက သိပ်မရှိဘူးလို့ဆိုပါတယ်။

“တချို့လူတွေက ရိုက်နှက်တာတွေရှိတယ်။ သွေးတွေထွက်တဲ့အထိ ရိုက်နှက်တယ်။ လင်မယားကွာရှင်းတဲ့ အခြေအနေတွေရောက်တယ်။ ကလေးတွေကို သူတို့ယောကျာ်းတွေကလည်း ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီး ခေါ်သွားကြတယ်။ နောက် အဲဒီကလေးတွေကို မစောင့်ရှောက်နိုင်ဘူး။ ကလေးတွေကို ခိုင်းစားတယ်။ သမီးမိန်းကလေးတွေဆို မိဘကိုပြန်ရှာကျွေးရတဲ့အတွက် အသက်ငယ်ငယ်လေးနဲ့ အလုပ်လုပ်နေကြရတယ်။ ၁၃ နှစ်၊ ၁၄ နှစ်နဲ့ တရုတ်ပြည်ကိုသွားပြီး အလုပ်ရှာကြတယ်။ နောက်ပိုင်းရောင်းစားခံရတယ်။ လူကုန်ကူးခံရတာ တွေလည်း အများကြီးဖြစ်တယ်။ နောက်ဆက်တွဲဆိုးကျိုးတွေက အမျိုးသမီးတွေဆီကိုပဲ တိုက်ရိုက် သက်ရောက်နေတယ်” လို့ လွေးဟေစမ်ကပြောပါတယ်။

အခုလိုမူးယစ်ဆေးကြောင့် အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သက်ရောက်ခြင်းကို အရေးယူ ဆောင်ရွက်ပေးမှုတွေ မရှိသလို အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုကို ထိထိရောက်ရောက် ကာကွယ်ပေးတဲ့ ဥပဒေဆိုတာလည်း အဲဒီနေရာမှာ ရှိမနေပါဘူး။ ပဋိပက္ခဖြစ်ရာဒေသက အမျိုးသမီးတွေဟာ ဥပဒေရဲ့အကာအကွယ်ကို ရယူခွင့် မရရှိကြပါဘူး။

“မူးယစ်ဆေးသုံးစွဲတာကို ပပျောက်သွားအောင်လုပ်ပေးစေချင်တယ်။ မူးယစ်ဆေးဝါးကြောင့် အမျိုးသမီးတွေ ဒုက္ခ အများကြီးရောက်ကြတယ်။ မူးယစ်ဆေးဝါးကြောင့် ပညာတတ်တဲ့သူ တယောက်ဖြစ်နေရင်တောင်မှ ဘာမှအသိဉာဏ် rရှိတော့သလို ဖြစ်သွားတယ်။ မူးယစ်ဆေးဝါး တခုတည်းနဲ့ လူကိုသတ်နိုင်သလို မိသားစုတစုလုံးကိုလည်း ဒုက္ခ ရောက်အောင်လုပ်နိုင်တယ်။ အစိုးရအနေနဲ့ရော သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ရော ဝိုင်းဝန်းကူညီပြီး ဒါကိုလျော့နည်းသွားအောင် လုပ်ပေးစေချင်ပါတယ်” လို့ လွေးယေစမ်က ပြောပါတယ်။

ပဋိပက္ခ ဒေသတွေကိုကြည့်ရင် စစ်ပွဲတွေကို ဦးဆောင်နေတဲ့ အမျိုးသားတွေ၊ မူးယစ်ဆေးဝါးကို မက်မက်မောမော သုံးစွဲနေတဲ့အမျိုးသားတွေ စတဲ့ အမျိုးသားတို့နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အမျိုးသမီးတွေနဲ့ကလေးငယ်တွေရဲ့ အနာဂတ်ဟာ ေ၀ဝါးနေပါတယ်။

တကယ်တမ်း မူးယစ်ဆေးဝါးသုံးစွဲသူက ယောက်ျားဖြစ်ပေမယ့် ဒီဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတာက မိန်းမတွေ ဖြစ်နေပါတယ်။

ယောကျ်ားတွေ မူးယစ်ဆေးဝါးရဲ့ကျေးကျွန်ဖြစ်နေချိန်မှာ အဖက်ဖက်က ဒုက္ခပင်လယ်ဝေနေကြရတာကတော့ မိခင်တွေ၊ ဇနီးတွေနဲ့ ကလေးငယ်တွေ ဖြစ်နေကြပြီး အခုချိန်ထိ သူတို့ကို ဒီဒုက္ခတောထဲက ကယ်တင်နိုင်မယ့် အခြေအနေတွေကလည်း အလှမ်းဝေးနေဆဲပါ။

စာရေးသူ ခက်ဆစ် သည် HI (Honest Information) မှ ဖြစ်ပြီး HI (Honest Information) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading