Women & Gender

“အခွင့်အရေးဆိုတာ သူများပေးတာ စောင့်နေလို့ မရဘူး”

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အောက်တိုဘာ ၂၇၊ ၂၈ ရက်က ပြုလုပ်ခဲ့သော လားဟူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ (LNDP) ၏ တတိယအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်များကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ရာ ပါတီဥက္ကဋ္ဌသစ်အဖြစ် အမျိုးသမီးတဦးကို ပထမဆုံးအကြိမ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ပါတီဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရသည့် ဒေါ်အေးသီတာမြင့်ကို နိုင်ငံရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးအရေး ဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသမီးတဦးအနေဖြင့် ကြုံတွေ့ရသည့် စိန်ခေါ်မှု အခက်အခဲများ၊ ပါတီ ဥက္ကဋ္ဌတဦးအနေဖြင့် ရှေ့ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဧရာဝတီ သတင်းဌာန အကြီးတန်းသတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး – ပါတီရဲ့ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်လာခြင်းအပေါ် ဘာများပြောချင်ပါသလဲ။ ဒီလိုတာဝန်ယူရလိမ့်မယ်လို့ရော မျှော်လင့်ထားပါသလား။

ဖြေ – ဒီလိုဖြစ်လာမယ်လို့ ကျမ မျှော်လင့်မထားဘူး။ ကျမအနေနဲ့ ဘယ်လိုနေရာမှာပဲ တာဝန်ယူရပါစေ အကောင်းဆုံးလုပ် ဆောင်သွားမယ်ဆိုတဲ့ ခံယူချက်သည် ပါတီကို ဝင်ကတည်းက ရှိတယ်။ ၂၀၁၂ ခုနှစ် ပါတီညီလာခံ ဒုတိယအကြိမ်တုန်းက မဲစနစ် မဟုတ်သေးဘူး။ အဲဒီတုန်းက ကျမကို အတွင်းရေးမှူးတာဝန် ယူနိုင်မလားဆိုပြီး ကမ်းလှမ်းတယ်။ ကျမအနေနဲ့ အချိန်ပြည့် မအားတဲ့အခါကျတော့ အတွင်းရေးမှူးတာဝန်မယူဘဲ စာရင်းစစ်တာဝန်ကိုပဲယူပြီး အကောင်းဆုံး တတ်စွမ်းနိုင်သလောက် လုပ်မယ်လို့ပြောပြီး စာရင်းစစ်တာဝန်ပဲ ယူခဲ့တယ်။ အခုညီလာခံမှာ ကျမကို ရှမ်းပြည်အရှေ့ပိုင်း ကိုယ်စားလှယ် အနေနဲ့ အဆိုတင်သွင်းခဲ့တယ်။ ဒုဥက္ကဋ္ဌတာဝန်ယူတဲ့ ဦးကျဟားရှဲက ရှမ်းပြည်တောင်ပိုင်း။ ဦးယောသပ်ကိုတော့ ရှမ်းပြည် မြောက်ပိုင်းအနေနဲ့ အဆိုတင်သွင်းထားတယ်။ ပြီးတော့ ကျမတို့သုံးဦး ပြန်ယှဉ်ပြိုင်တယ်ပေါ့။

အဲဒီမှာ ကျမ တာဝန်ပေးအပ်ခြင်းခံရတယ်ဆိုတော့ အားလုံးက ကျမရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီး သူတို့အနေနဲ့ ယုံကြည်တယ်ပေါ့။ ဒီအပေါ်မှာ ကျမအနေနဲ့ သူတို့အခွင့်အရေးပေးတဲ့အတိုင်း ကိုယ့်ရဲ့ပါတီ တိုးတက်ဖို့အတွက် ကော်မတီ ကနေစပြီး မြို့နယ်တွင်းရော ကိုယ့်လူမျိုး ကိုယ့်ဒေသအတွင်းမှာပါ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး တတ်နိုင်သ လောက် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး – ပါတီအနေနဲ့ အမျိုးသမီးတဦးအပေါ် အခုလို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်တာ ဘာကြောင့်လို့ထင်ပါသလဲ။

ဖြေ – ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်တယ်ဆိုတာ ကျမ ဒီပါတီမှာ ၂၀၁၀ ကတည်းက စဝင်တယ်ဆိုတော့ ဒီ ၇ နှစ်အ တွင်းမှာ ကျမက နိုင်ငံရေးနဲ့ ပတ်သက်တဲ့သင်တန်းတွေ အလုပ်ရုံဆွေးနွေးပွဲတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာရော အများကြီး တက်ခဲ့ပြီးတဲ့အပြင် trainer လည်းလုပ်တယ်။ ကိုယ့်ပါတီအတွင်းမှာ လိုအပ်တဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေကို အရပ်ဖက်အဖွဲ့အစည်းနဲ့ချိတ်ပြီး လုပ်ပေးသလို ကျမတက်ခဲ့တဲ့ သင်တန်းတွေကိုလည်း ချိတ်ဆက်ပြီး လွှတ်တယ်။ ဒီကြားထဲမှာ လားဟူဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊ အမှုအခင်းပြဿနာတွေ စသဖြင့် ပါတီကို လာပြီး တင်ပြပြောပြတဲ့ အရာအားလုံးကို ဘာတခုမှမငြင်းဘဲ လုပ်ဆောင်ပေးခဲ့တဲ့အတွက် ဒီလုပ်ဆောင်ချက်တွေကိုကြည့်ပြီး သူတို့က ယုံကြည်ပေးတယ် ထင်ပါတယ်။

ကျမဘက်ကလည်း ဒီထက်မက တိုးတက်ဖို့အတွက်ကို အဖွဲ့စည်းတွေနဲ့ရော ကိုယ့်ပါတီအတွင်းမှာရော ချိတ်ဆက်ပြီးလုပ်ဖို့ တဦးတယောက်တည်းအနေနဲ့ လုပ်တာမဟုတ်ဘဲ အကုန်လုံးနဲ့ ပူးပေါင်းပြီးလုပ်ဖို့ စဉ်းစားထားတယ်။ လာမယ့် ၁၀ ရက် နေ့မှာ ကျမတို့ လုပ်ငန်းလွှဲပြောင်းဖို့ရှိတယ်။ မြို့နယ်အသီးသီးမှာရှိတဲ့ ဥက္ကဋ္ဌတွေလည်း ပါမှာဆိုတော့ ရှေ့လုပ်ငန်းစဉ်မှာ ကိုယ် ဘာတွေလုပ်မလဲဆိုတာကို ချပြ။ စားပွဲဝိုင်းမှာ ဆွေးနွေးပြီး အားလုံးရဲ့သဘောတူညီချက်နဲ့ ရှေ့ဆက်လုပ် ဆောင်သွားကြမယ်လို့ ကျမ ပြောထားတယ်။

မေး – အစ်မအနေနဲ့ နိုင်ငံရေးလောကထဲကို ဘယ်လိုခံယူချက်မျိုးနဲ့ ဝင်ဖြစ်ခဲ့တာလဲ။

ဖြေ – ၂၀၁၀၊ ၇ လပိုင်းမှာ ဒီပါတီကို စဝင်ခဲ့တယ်။ ဒီမတိုင်ခင် ကျမ ၇ တန်းနှစ်လောက်ကတည်းက ကြက်ခြေနီအသင်း ဝင်ခဲ့တယ်။ ၁၉၉၉ မှာ မိုင်းပြင်းမြို့နယ်ရဲ့ ထူးချွန်ကြက်ခြေနီဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီး ICRC ရဲ့ ပရောဂျက်မှာ ဝင်လုပ်ခဲ့တာတွေရှိတယ်။ အမျိုးသမီးရေးရာ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ခဲ့တာတွေရှိတယ်။ ကျမတို့ လားဟူလူမျိုးတွေက ဒီဘက်မှာဆိုရင် တောင်ပေါ်ဒေသမှာ နေတာများတယ်။ မြို့ထဲမှာနေ တာသိပ်မရှိဘူး။ သူတို့မှာ ပညာရေးကစ အစစအရာရာ အကုန်လုံးနောက်ကျတယ်။ မဖွံ့ဖြိုးဘူး။ ဘာသာစကားအခက်အခဲ လည်းရှိကြတယ်။ အမှုအခင်းတွေ ပြဿနာတွေ ဖြစ်တယ်ဆိုရင် ကျမက တတ်နိုင်သလောက် ကူညီပေးခဲ့တာတွေရှိတယ်။

ဒါပေမယ့် ပါတီတွင်း အဖွဲ့အစည်းတွင်းကနေဆို ကိုယ့်ဒေသဖွံ့ဖြိုးရေးရော ကိုယ့်လူမျိုးရဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေ ကို ပိုပြီးလုပ်နိုင်မယ်လို့ စဉ်းစားမိလာတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးရေးမှာ အုပ်တချပ် သဲတပွင့် လုပ်နိုင်သလို ကိုယ့်နိုင်ငံအတွက် လည်း အကျိုးဖြစ်ထွန်းစေဖို့ အဖွဲ့အစည်းမှာဆို ပိုပြီးတော့လုပ်နိုင်မယ်။ ဒီထက်ပြောရမယ်ဆိုရင် ပါတီတခုအတွင်းကနေ ကိုယ့်နိုင်ငံအပြောင်းအလဲအတွက် ပါဝင်နိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့ ဝင်ခဲ့တယ်။

မေး – အမျိုးသမီးတဦးအနေနဲ့ နိုင်ငံရေး၊ ရပ်ရွာအရေးတွေ လုပ်တဲ့အခါ မိဘအသိုင်းအဝိုင်းက ခွင့်ပြုရဲ့လား။

ဖြေ – မိသားစုအနေနဲ့ ညီမတွေကအစ ဒီပါတီကို စဝင်တုန်းက အမျိုးသမီးဖြစ်တဲ့ အတွက်ကြောင့် ကျမကို မလုပ်စေချင်ဘူး။ တချို့ အမှုအခင်း ပြဿနာတွေမှာ ကျမ လိုက်ကူညီပေးရတဲ့အခါ ကိုယ့်ကို ခြိမ်းခြောက်မှုတွေရှိတယ်။ ကိုယ်က တဖက်ကို ကူညီပေးတယ်ဆိုလို့ရှိရင် တဖက်က အင်အားကြီး အဖွဲ့အစည်းဖြစ်နေတယ်ဆိုရင် အမြဲတမ်း ခြိမ်းခြောက်ခံရတယ်။ မိသားစု က စိတ်ပူတယ်။ စစတုန်းက မလုပ်စေချင်ဘူး။ ကိုယ့်စီးပွားရေးပဲ ကိုယ်လုပ်။ နိုင်ငံရေး မလုပ်နဲ့ဆိုတာမျိုး ပြောကြတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျမကလည်း နောက်မဆုတ်ဘူးဆိုတော့ သူတို့လည်း စိုးရိမ်ပူပန်ရင်း အားပေးရင်းနဲ့ပဲ ဝိုင်းကူညီ ပေးကြပါတယ်။

မေး – အိမ်ထောင်သည်ဘဝ ဖြစ်လာပြီးနောက်ပိုင်းမှာရော အစ်မအနေနဲ့ အလုပ်တွေကို အာရုံစိုက်ပြီး လုပ်နိုင်ရဲ့လား။ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။

ဖြေ – ကျမမှာ သမီးရယ် သားရယ် နှစ်ဦးရှိပါတယ်။ လက်ရှိက လားရှိုးမှာနေတယ်။ ပထမအိမ်ထောင်နဲ့ divorce ဖြစ်တာက ၈ နှစ်ကျော်ကျော်လောက် ရှိတယ်။ ၂၀၀၈ ခုနှစ် ၁၁ လပိုင်း ၂၅ ရက်မှာ ကွဲတယ်။ ကျမ ပါတီကို စဝင်တာက ၂၀၁၀ မှပါ။ Divorce ဖြစ်တုန်းက ကျမမှာ သားတယောက်ရယ် သမီးတယောက်ရယ်။ သားလေးဆို ၂ လ အရွယ်ပဲရှိသေးတယ်။ သမီး ဆိုရင် ၆ နှစ်ကျော်ကျော်လောက်ပဲ ရှိသေးတယ်ဆိုတော့ ဒီကြားထဲမှာ ကလေးနှစ်ဦးရဲ့ စားဝတ်နေရေး ပညာရေးအတွက် ရုန်းကန်ရင်း နိုင်ငံရေးကို လုပ်ခဲ့တယ်။ ကျမ ၈ နှစ်ကျော်လုံး တယောက်တည်း ရုန်းကန်ခဲ့ရတဲ့ အတောအတွင်း ဒီကလေး နှစ်ယောက်ကို ညီမနားမှာ ထားလိုက်၊ အမေ့နားမှာ ထားလိုက်၊ အားတဲ့အချိန်ကျရင် ပြန်လာလိုက်နဲ့ ကြိုးစားခဲ့ရတယ်။ ငွေ ရေးကြေးရေးက အစ အခက်အခဲတွေ အများကြီး ကြုံခဲ့တယ်။

အခုဆိုရင် နောက်ထပ် အိမ်ထောင်ပြုတာ ၅ လကျော်ပဲ ရှိသေးတယ်။ မပြုခင်မှာ ပါတီကလူကြီးတွေနဲ့ရော သူတို့(အမျိုး သား) ဘက်က လူကြီးတွေနဲ့ရော စကားတွေ အများကြီးပြောခဲ့တယ်။ သဘောတူညီမှုတွေရယူခဲ့တယ်။ ၈ နှစ် ကျော်လုံး အိမ်ထောင်မပြုဘူးဆိုတာ သားသမီးတွေအတွက်လည်း စဉ်းစားတယ်။ ကိုယ်ကလည်း အရင်တုန်းက အဆင်မပြေခဲ့ဘူး။ နောက်ပြီး ကျမက ခရီးထွက်တာနဲ့ အစည်းအဝေးသွားတာနဲ့ တချိန်လုံး လမ်းပေါ်မှာ ရောက်နေတဲ့သူ။ ကလေးတွေ ကိုတောင် အချိန်လုပေးခဲ့ရတယ်ဆိုတော့ ကိုယ့်ကို အများကြီးနားလည်ပေးနိုင်မယ့်သူ ရှိမှာမဟုတ်တော့ဘူးလို့ တွေးခဲ့တယ်။

ဒီပါတီမှာ အလုပ်တွေ ၇ နှစ်လောက် အတူတူ လုပ်လာကြတဲ့အခါ ညီအစ်ကို မောင်နှမတွေလိုဖြစ်နေကြပြီ။ ခုလို ကျမတ ယောက်တည်း နိုင်ငံရေးလုပ်ရင်း တဖက်မှာလည်း မိသားစုအတွက် ရုန်းကန်နေရတယ်ဆိုတော့ ပါတီလူကြီးတွေက အိမ် ထောင်ပြုရင် ပိုကောင်းတယ်ဆိုပြီး ကိုယ့်ရဲ့လူမျိုးတူ၊ ဘာသာတူတဲ့သူနဲ့ ဆက်ပေးတယ် တိုက်တွန်းတယ်။ သူတို့ တိုက်တွန်းချက် ရယ် ကျမကလည်း သင့်တော်မယ်ထင်တာနဲ့ အရင်အိမ်ထောင်နဲ့ကွာရှင်းလိုက်တာ ၈ နှစ်ကျော်ကြာပြီးမှာ ထပ်ပြုဖြစ်သွားတယ်။ သဘောတူညီမှုတွေယူပြီးမှ ပြုခဲ့တဲ့အတွက် အဆင်ပြေပါတယ်။ သားသမီးတွေနဲ့လည်း အဆင်ပြေပါတယ်။ အခုဆိုရင် သမီးက ဆယ်တန်း သားက ၄ တန်း တက်နေပြီ။

မေး – ဒီလိုမိသားစုဘဝ အခက်အခဲတွေအပြင် အလုပ်ခွင်မှာရော ဘယ်လိုအခက်အခဲတွေ စိန်ခေါ်မှုတွေ ကြုံခဲ့ရပါသလဲ။ အစ်မအနေနဲ့ ဒါတွေကို ဘယ်လိုကျော်လွှားနိုင်ခဲ့သလဲ။

ဖြေ – တချို့ကျတော့ အမျိုးသမီးဖြစ်လို့ လုပ်နိုင်ပါ့မလားဆိုတဲ့ဟာမျိုး။ ကိုယ်နဲ့အမြဲတမ်း အလုပ်တွဲလုပ်နေတဲ့သူတွေက ကျမ လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းကို သိပေမယ့် တခြားတနေရာကို စည်းရုံးရေးထွက်တဲ့အခါဆို အမျိုးသမီးဖြစ်တဲ့အတွက် လုပ်နိုင်ပါ့မလားဆိုတဲ့ မယုံကြည်တဲ့ဟာမျိုး ကြုံတွေ့ရတယ်။ ပါတီဗဟိုကော်မတီမှာဆိုရင် ကျမအပါအဝင် အမျိုးသမီးနှစ် ဦးပဲရှိတယ်။ တဦးက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် အမြဲတမ်း အစည်းအဝေးသွားနေရတော့ သွားလာတဲ့အခါ ကျမတဦးဖြစ်နေတယ်။ တချို့နေရာတွေက တယောက်တည်းသွားဖို့ မသင့်တော်တာမျိုးတွေရှိတယ်။ ဒီအခါမှာ သွားလာ ရေးကအစ အခက်အခဲ အမျိုးမျိုးကြုံရတယ်။

နောက်ပြီး အမျိုးသမီးတဦးအနေနဲ့ လုပ်နိုင်စွမ်းရှိတယ်ဆိုရင်တောင်မှ အမျိုးသမီးရဲ့ဦးဆောင်မှုအောက်မှာ မနေချင်ကြတဲ့ ပုံစံမျိုးတွေလည်း အများကြီးကြုံတွေ့ရပါတယ်။ ဒီအပေါ်မှာ စိတ်ပျက်အားငယ်ခြင်း မရှိဘဲ သူတို့(အမျိုးသားတွေ)က တဆ ကြိုးစားရင် ကျမက သူတို့ထက် နှစ်ဆအများကြီး ကြိုးစားခဲ့တယ်။ ကျမ လုပ်နိုင်စွမ်း ရှိတယ်ဆိုတာကို အလုပ်တွေနဲ့ သက်သေပြခဲ့တယ်။

မေး – ဒီအတောအတွင်း ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသမီးအရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောပြပါအုံး။ ရှေ့ဆက်ပြီးတော့ရော ဘာတွေဆောင်ရွက်သွားဖို့ ရှိမလဲ။

ဖြေ – ကျမ မိုင်းပြင်းမှာရှိတုန်းက ‘အမျိုးသမီးအားမာန်’ ဆိုတဲ့ အမျိုးသမီးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒါက ရှမ်းပြည်နယ်အ ရှေ့ပိုင်း CSO အဖွဲ့ထဲမှာ ဝင်ထားတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာရော ဒေသတွင်း ဆွေးနွေးပွဲတွေမှာရော ဒီအမျိုးသမီး အားမာန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်နိုင်ခဲ့တာမျိုးတွေ ရှိတယ်။ အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နဲ့လည်း ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးနေ့တွေမှာ လှုပ်ရှားမှုတွေ၊ အမျိုးသမီးစွမ်းရည်တိုးတက်ဖို့ သင်တန်းပေးတာတွေ ရှိတယ်။ လက်ရှိမှာ အမျိုးသမီး အားမာန်အဖွဲ့အနေနဲ့ ဒေသတွင်းက မြေယာကိစ္စတွေနဲ့ပတ်သက်ပြီး သုတေသနစစ်တမ်းကောက်ဖို့ စီစဉ်နေတယ်။

လူမှုရေး၊ သာရေးနာရေးက အစ ဒီဒေသဖွံ့ဖြိုးရေးဖြစ်တဲ့ လမ်းတွေ မီးတွေ လိုနေတာတွေအဆုံး ဒေသခံတွေက လုပ်စေချင်တယ်ဆိုရင် ကျမတို့က လိုအပ်တဲ့အချက်လက်တွေ မြေပုံတွေ google မှာရှာ။ လမ်းတိုင်းတာကအစ ဝိုင်းလုပ်ပြီး ဝန်ကြီး တွေလာတဲ့အချိန်ကျရင် တင်ပြပေးတာမျိုး။ ကိုယ်က လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘူးဆိုပေမယ့် တတ်နိုင်တဲ့ အတိုင်းအတာကနေ အားလုံးလုပ်ပေးခဲ့တယ်။ ရှေ့ဆက်ပြီးလည်း တခြားအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။

နောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ UPDJC ရဲ့ လုပ်ငန်းကော်မတီရဲ့ လူမှုရေးကဏ္ဍမှာ လားဟူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ကိုယ်စားလှယ်အနေနဲ့ ပါဝင်လုပ်ဆောင်နေတယ်။ ပင်လုံညီလာခံကို ပါတီကိုယ်စားလှယ်တဦးအနေနဲ့ တက်ရောက်နေတာ ဒုတိယအကြိမ်ရှိပါပြီ။

မေး – ဒီတော့ ငြိမ်းချမ်းရေးဆိုတာကို အစ်မအနေနဲ့ ဘယ်လိုလက်ခံထားသလဲ။

ဖြေ – ကျမလက်ခံထားတာကတော့ ငြိမ်းချမ်းရေးဆိုတာ အားလုံးက လိုချင်မှရတာ။ အဓိကကျတဲ့ နှစ်ဦးနှစ်ဖက်စလုံးက လို ချင်စိတ်ရှိမှ။ ကိုယ့်ရဲ့နိုင်ငံ ငြိမ်းချမ်းဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ကို တခြားမျှော်လင့်ချက်မပါဘဲ ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားတွေမပါဘဲ ငြိမ်းချမ်းရေးကို တကယ်လိုချင်စိတ် ရှိတယ်ဆိုရင်တော့ အလှမ်းမဝေးဘူးလို့ ကျမ ထင်တယ်။

မေး – နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှုက မြို့ပြထက် နယ်တွေဘက်မှာဆို ပိုနည်းတာ တွေ့ရတယ်။ အစ်မတို့ LNDP ပါတီဗဟိုကော်မတီမှာဆိုရင်လည်း နှစ်ဦးပဲ ရှိတယ်ပေါ့နော်။ ဒီလိုပါဝင်မှုနည်းတာ ဘာကြောင့်လို့ အစ်မ ထင်ပါသလဲ။

ဖြေ – အရင်တုန်းက အမြင်မဖွင့်တော့ တော်တော်များများ အမျိုးသမီးတွေကိုယ်၌ကလည်း နိုင်ငံရေးအလုပ်နဲ့ သူတို့ မဆိုင် ဘူးလို့ထင်ကြတယ်။ ကျမတို့ဘက်မှာက ပိုပြီးဆိုးတာပေါ့နော်။ နိုင်ငံရေးမှာဖြစ်ဖြစ် အုပ်ချုပ်ရေးပိုင်းမှာဖြစ်ဖြစ် ရပ်ရွာထဲ အ စည်းအဝေး ရှိပြီဆိုရင် အမျိုးသမီးတွေက သူတို့နဲ့မဆိုင်ဘူးဆိုပြီး တွေးထား သိထားကြတယ်။ ကိုုယ့်ကိုယ်ကို ပုံစံခွက်ထဲမှာ နေနေကြတဲ့ သူတွေလည်း ရှိတယ်။ တချို့တွေဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို အကြမ်းဖက်ခံရလို့ ခံရမှန်းမသိဘူး။ ဒါက ရိုးရာစဉ် လာ ဓလေ့ထုံးထမ်းစဉ်လာဆိုတဲ့ပုံစံပေါ်မှာ နေနေကြတာမျိုးရှိတယ်။ ဒီလိုမသိတဲ့အခါကျတော့ ဒါက ကိုယ်နဲ့ မသက်ဆိုင်ဘူး။ မလုပ်လည်း မလုပ်တတ်ဘူး။ တချို့ကျတော့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး။ ဒီလိုအကြောင်း အမျိုးမျိုးကြောင့် မပါလာနိုင်တာလို့ ယူဆတယ်။ တချို့ကျတော့လည်း အိမ်ထောင်ရှိပြီဆိုရင် ကိုယ့်အိမ်ထောင်ဖက် အမျိုးသားပေါ်မှာလည်း မူတည်သေးတယ်။ အမျိုးသားဘက်ကလည်း ခွင့်ပြုပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေမှ လုပ်နိုင်မယ့် အနေအထားမှာ ရှိတယ်။

မေး – နိုင်ငံရဲ့ အခန်းကဏ္ဍအသီးသီးတိုင်းရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတိုင်းမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရဖို့ အမျိုးသမီး အဖွဲ့အစည်းတွေက ပုံစံမျိုးစုံနဲ့ တောင်းဆိုနေကြတာတွေ ရှိသလို တဖက်မှာလည်း အမျိုးသမီးတွေ တကယ်အရည်အချင်း ရှိရင် တောင်းဆိုစရာမလိုဘူး ပါဝင်နိုင်တယ်လို့ပြောဆိုတာမျိုးရှိတယ်။ အစ်မအနေနဲ့ ဒီအပေါ် ဘယ်လိုတုန့်ပြန်ပြောဆိုချင် ပါသလဲ။

ဖြေ – ကျမအမြင်က အမျိုးသမီးတွေ အရည်အချင်း မရှိတာမဟုတ်ဘူး။ အမျိုးသမီးတွေက အရည်အချင်း အများကြီး ရှိပါ တယ်။ ဒါပေမယ့် ကျမတို့ မြန်မာနိုင်ငံမှာက အမျိုးသမီးတွေကို ခွဲခြားထားတယ်။ ရုံးတွေမှာဆိုရင် အောက်ခြေအဆင့် ဝန်ထမ်းမှာ အမျိုးသမီးတွေ အများကြီးပဲ။ ဒါပေမယ့် တကယ့်ဆုံးဖြတ်ချက်ချတဲ့ နေရာမှာကျတော့ အမျိုးသမီးတွေ မရှိဘူး။ မြန်မာနိုင်ငံမှာ အမျိုးသမီးက ၅၀ ရာခိုင်နှုန်းကျော်ရှိတယ်။ လက်ရှိလွှတ်တော်မှာက ၁၀ ရာခိုင်နှုန်း ကျော်ကျော်လောက်ပဲ ရှိသေးတယ်ဆိုတော့ ဒီအမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်လာနိုင်ဖို့ဆိုတာ အခွင့်အရေး ပေးကိုပေးရမယ်။ ကိုယ်တာစနစ်နဲ့ ပေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရာခိုင်နှုန်းက အရမ်းကွာခြားနေတယ်။ အခွင့်အရေးပေးရုံနဲ့ မရဘူး။ ဒီလိုမျိုးလုပ်နိုင်ဖို့ ဆိုတာက လိုအပ်တဲ့ အထောက်အပံ့တွေ၊ ယန္တရားတွေ၊ ဥပဒေတွေ ပြုပေးရမယ်။ ဒီလိုပြုပေးနိုင်မှ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်မှာ။

ဥပမာပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါတဲ့ အမျိုးသမီးတဦး။ သူကိုယ်တိုင်က အရည်အချင်းရှိတယ်။ ပါဝင်နေတယ်။ သူ့မှာ နို့စို့အရွယ် ကလေးရှိတယ်ဆိုရင် ဒီကလေးကို မဖြစ်မနေ အစည်းအဝေးကို ခေါ်သွားရတဲ့အချိန်မှာ သူ့အတွက် လိုအပ်တဲ့ ကလေးထိန်းဖို့ကအစ သွားလာရေး ဟိုမှာနေထိုင်ဖို့အဆုံး ဒါမျိုးပြင်ပေးနိုင်မှ ဒီအမျိုးသမီးက အစည်းအဝေးမှာ ကောင်း ကောင်းမွန်မွန် ဆွေးနွေးနိုင်မယ်။ ပါဝင်နိုင်မယ်။ ဒီလို လိုအပ်တဲ့ဟာတွေ မလုပ်ပေးဘူးဆိုရင် ဒီတိုင်း ပေးထားရုံပဲဆိုရင် ပါဝင်လာနိုင်ဖို့က အရမ်းကိုခက်ခဲတယ်။ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။

ဝန်ထမ်းလောကမှာဆိုရင် နယ်စပ်ဒေသတွေမှာ အမျိုးသမီးနဲ့ မသင့်တော်ဘူး လုံခြုံရေးအရဆိုပြီးတော့ အမျိုးသားတွေကိုပဲ လွှတ်တော့ အမျိုးသမီးတွေ ရာထူးတိုးတဲ့အခါ အမျိုးသားတွေ တိုးနိုင်တဲ့အဆင့်ကို မရောက်တော့ဘူး။ လုံခြုံရေးအရဆိုရင် ဒီနေရာကို လုံလုံခြုံခြုံနဲ့သွားနိုင်အောင် တာဝန်ရှိသူတွေက စီစဉ်ပေးပြီး သူတို့(အမျိုးသမီးတွေ)အတွက် အခွင့်အရေးကိုပေး ထားရမယ်။ မိန်းမဖြစ်လို့ ယောကျ်ားဖြစ်လို့ဆိုတဲ့ ဟာပေါ်မှာ ဥပဒေအရ ကန့်သတ်ထားတာမျိုး မဖြစ်သင့်ဘူး။ အခွင့်အရေး ကို ပေးထားသင့်တယ်။ ပေးထားပြီးမှ လုပ်ခြင်း၊ မလုပ်ခြင်းက သူတို့ရဲ့ဆုံးဖြတ်ချက်ပေါ်မှ မူတည်တယ်။

အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး စီဒေါမှာလည်း လက်မှတ်ထိုးထားပြီးပြီဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီး ဥပဒေ တွေ ပြန်ပြီး ထုတ်ပြန်ပေးသင့်တယ်။ ဥပဒေနဲ့အညီ လိုအပ်တဲ့ ယန္တရားတွေလုပ်ပေးနိုင်မှ အမျိုးသမီးတွေက ပါဝင်လာနိုင်မှာ။ တကယ်အရည်အချင်း ရှိတယ်ဆိုပေမယ့် သူတို့မှာက အမျိုးသားတွေနဲ့မတူတဲ့ လိုအပ်ချက်တွေ ရှိတဲ့အတွက် ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှသာ နိုင်ငံရေးမှာ အများကြီးပါဝင်လာနိုင်မယ်လို့ မြင်ပါတယ်။

မေး – ပါတီဥက္ကဋ္ဌ တဦးအနေနဲ့ တာဝန်ယူရတော့မယ်ဆိုတော့ ရှေ့ဆက်ဘာတွေလုပ်သွားဖို့ ရှိပါသလဲ။

ဖြေ – ပါတီရဲ့ဥက္ကဋ္ဌ တဦးအနေနဲ့ အခု အစ်မက ပြန်ပြီးတော့ အစကနေ ပြန်စသလိုမျိုး ဖြစ်နေတယ်။ ပါတီရုံးရှိရာ မြို့နယ် အသီးသီးမှာ ဒီထက်ပိုပြီး ပါတီအင်အားတွေ တိုးလာဖို့။ နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့တွေ အများကြီးရှိတယ်။ ပါတီမှာ ဗဟိုကော်မတီဝင် ၄၀ ကျော် ရှိတယ်။ ကိုယ့်တယောက်တည်း သဘောနဲ့မဟုတ်ဘဲ ဒါတွေကို သူတို့ အားလုံးနဲ့ ညှိနှုှိုင်းပြီး ရှေ့လုပ်ငန်းစဉ်တွေချမှတ်ပြီး ကိုယ့်ပါတီတိုးတက်ဖို့ အများကြီးလုပ်ဖို့ရှိတယ်။

နောက်ပြီး ကိုယ့်ရဲ့ပါတီတွင်းမှာရော၊ နိုင်ငံရေးမှာရော အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာဖို့။ ပိုမိုပါဝင်လာ နိုင်ဖို့အတွက် သင်တန်းတွေလုပ်ဖို့ ရှိတယ်။ သူတို့ အသိအမြင်တွေ ပွင့်လင်းလာဖို့ အမြင်ဖွင့်သင်တန်းတွေ အများကြီးလုပ် ဖို့ ရှိတယ်။ ဒီလိုလုပ်တဲ့အခါမှာ ကျမတို့ပါတီအနေနဲ့ အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်သွားဖို့ရှိသ လို အရင်တုန်းကလည်း လုပ်ခဲ့တာတွေ ရှိပါတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကိုယ့်ရဲ့ ဒီ ၅ နှစ်သက်တမ်းမှာ အများ ကြီးလုပ်ဆောင်သွားဖို့ ရှိပါတယ်။

မေး – အစ်မအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ – ကိုယ့်ရဲ့အဖွဲ့အစည်းအနေနဲ့ ပြောချင်တာက ကျမကို ဒီလိုမျိုး ယုံကြည်ပြီး ကြိုးစားခွင့်ပေးတဲ့အတွက် အများကြီးကျေး ဇူးတင်သလို ပိုပြီးလည်း ကြိုးစားသွားပါမယ်လို့ ပြောချင်တယ်။ ကျမအနေနဲ့ ကိုယ့်ရဲ့အမျိုးသမီးထုနဲ့ လက်တွဲလုပ်ဆောင် သွားမယ်။ ကိုယ့်ရဲ့ဒေသ၊ လူမျိုး၊ နိုင်ငံအတွက် တတ်စွမ်းတဲ့ဘက်ကနေ တတ်စွမ်းသလောက် အများကြီးကြိုးစားသွားပါ မယ်။ ကျမကို ဝေဖန်ချင်တယ် အကြံပြုချင်တယ်ဆိုရင် ပါတီတွင်းကဖြစ်စေ ပါတီပြင်ပကဖြစ်စေ ဒေသတွင်းအဖွဲ့အစည်း တွေ တခြားသော CSO တွေနဲ့ မီဒီယာတွေ အားလုံးကို အမြဲတမ်း ဖိတ်ခေါ်ပါတယ်။

ပါတီတွေအနေနဲ့က အမျိုးသမီးတွေကို တချို့ပါတီတွေမှာတော့ ဒု-ဥက္ကဌထိ ရှိတာတွေ့ရတယ်။ အမျိုးသမီးတွေက အရည် အချင်းရှိပါတယ်။ သူတို့ကို ကြိုးစားခွင့် လုပ်ဆောင်ခွင့်ပေးလိုက်ပါ။ အမျိုးသမီးဖြစ်ခြင်း အမျိုးသားဖြစ်ခြင်း ဆိုတဲ့အပေါ်မှာ အယူစွဲမရှိဘဲ အမျိုးသမီးတွေကို လက်တွဲခေါ်ပြီး နေရာပေးလိုက်ပါ ကြိုးစားခွင့်ပေးလိုက်ပါလို့ ပြောချင်တယ်။

အမျိုးသမီးထုအနေနဲ့ကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိုယ့်ရဲ့အခွင့်အရေးကို ရအောင်ယူစေချင်တယ်။ ကိုယ့် မှာ နဂိုကတည်းက အခွင့်အရေး ရှိနေတာဆိုပေမယ့် မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေတာတွေ အများကြီး ရှိတယ်။ ဒီအခွင့်အရေးဆိုတာက သူများလာပေးတာကို စောင့်မျှော်နေလို့ မရဘူး။ ကိုယ့်ရှိနေတဲ့အခွင့်အရေး ဆုံးရှုံးနေတဲ့ အခွင့်အရေးကို ယူတတ်ရမယ်။ တချို့ဆို ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးနေတယ်ဆိုတာ မသိတဲ့ အမျိုးသမီးတွေလည်း အများ ကြီးရှိနေသေးတာမို့ အမျိုးသမီးအချင်းချင်းတွေကလည်း ဝိုင်းပြီးတွန်းတင်ပေးကြပါ။ မြှင့်တင်ပေးကြပါ။ ဝိုင်းပြီးတောင်းဆို ကြပါလို့ ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိဖို့ ကြိုးစားဖို့အတွက် ပြောချင်တယ်။

Loading