Women & Gender

အမျိုးသမီးတွေအတွက် ခွန်တန်ကပေးတဲ့ သင်ခန်းစာ

Want create site? Find Free WordPress Themes and plugins.

မြန်မာ အမျိုးသမီးတွေရဲ့ဘဝမှာ တန်ဖိုး အထားကြဆုံးက ‘အပျိုစင်’ ဘဝပါပဲ။ ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတွေကို လှည့်ဖြားပြီး လက်ထပ်ခြင်းဟာ သူတို့ရဲ့ အနာဂတ်ကို ဖျက်ဆီးခြင်းပဲ ဖြစ်ပါတယ်။ ယုံကြည်လွယ်တဲ့ အခါ၊ သိမ်းသွင်းမှန်း မသိ သိမ်းသွင်းခံရတဲ့ အခါ အပျိုစင်ဘဝကို လှည့်စား ရယူတာ ခံကြရတတ်ပါတယ်။

သိပ်မကြာသေးမီက မြန်မာနိုင်ငံက အမျိုးသမီးတွေကြား စက်ဆုပ် ရွံရှာဖွယ် ကောင်းတဲ့ သတင်းတခု ထွက်ပေါ်လာပါတယ်။ အဲဒီ သတင်းနဲ့ အတူ ပုဂံခေတ်က ကျင့်သုံးခဲ့တဲ့ အရည်းကြီးတွေရဲ့ ‘ပန်းဦးလွှတ်’ ဓလေ့က ခေတ်သစ် ပန်းဦးလွှတ်ဓလေ့ ဖြစ်လာပြီလား ဆိုတဲ့ မေးခွန်းကိုပါ ထွက်ပေါ်လာစေခဲ့ပါတယ်။ ရိုးသားဖြူစင်တဲ့၊ သဒ္ဓါတရား ထက်သန်လှတဲ့ တိုင်းရင်းသူလေး တွေကို သူ့ကိုယ်သူ အလံတရာ ဆရာတော် ဝင်စားတယ် လို့ဆိုတဲ့ ခွန်တန် (ခေါ်) ဇာတ်လိုက်က ကာမလိမ်လည်ရယူမှု ဖြစ်ခဲ့တာပါပဲ။

ဒီဖြစ်စဉ် ဖြစ်နေခဲ့တာ ကြာခဲ့ပြီ ဖြစ်ပေမယ့် ၂၀၁၇ ခုနှစ် အောက်တိုဘာလထဲမှာမှ သတင်းဖြစ်ခဲ့တာ ကလည်း ထူးခြားနေ ပါတယ်။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတရာ သာသနာ့ နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ဒီ ဖြစ်စဉ်မှာ မိန်းကလေး ရာချီပြီး ကာမလိမ်လည် ရယူခံခဲ့ရပါတယ်။ ရိုးသားတဲ့ ပအိုးဝ် မိန်းကလေးတွေထဲမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတွေပါ ပါဝင်နေ ပါတယ်။ ခွန်တန် (ခ) ဇာတ်လိုက်ကို အမြန်ဆုံး စစ်ဆေးအရေးယူ ဆောင်ရွက်သွားမယ် လို့ အောက်တိုဘာ ၁၉ ရက်နေ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

သထုံနယ်က အလံတရာ သာသနာ နယ်မြေမှာ ပအိုးဝ်၊ ကရင်နဲ့ ဗမာ တိုင်းရင်းသားတွေ နေထိုင်ကြတာပါ။ အဲဒီနေထိုင်သူတွေ ထဲမှာမှ ပအိုးဝ် တိုင်းရင်းသားက ၈၀ ရာခိုင်နှုန်းခန့် ရှိတယ် လို့ ဆိုပါတယ်။ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့ရ အလံတရာ ဆရာတော်ကြီးဟာ အလွန် ကြည်ညိုစရာကောင်းတဲ့ ဆရာတော်ကြီးပါ။ ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီးတဲ့ နောက် ခွန်တန် (ခ) ဇာတ်လိုက်ကို လူတယောက်က အလံတရာ သာသနာ နယ်မြေကို ခေါ်ဆောင်လာရာကနေ အခုဖြစ်စဉ်တွေ အစပျိုးခဲ့တာပါ။

ခွန်တန် ၉ နှစ်သားအရွယ်မှာ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်က ကျေးရွာ တရွာကနေ အလံတရာနယ်မြေကို ခေါ်ဆောင်လာတာ ဖြစ်ပြီး အလံတရာနယ်မြေက နေအိမ်တချို့မှာ ခွန်တန်ရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲ ကိုးကွယ်သူတွေ မနည်းမနောပါ။ ဒေသခံ တွေက ယုံကြည်ကိုးကွယ်နေတဲ့ ခွန်တန်ဟာ ဆေးမင်ကြောင်ထိုးထားတာ၊ မထင်ရင်မထင်သလို ဒေသခံတချို့ရဲ့ ဆိုင်ကယ်၊ ကားနဲ့ ဈေးဆိုင်တွေကို မီးရှို့ဖျက်ဆီးတာဟာ ဝိရောဓိဖြစ်စရာ အနေအထား ဖြစ်ပါတယ်။

ဘယ်လိုကိစ္စမှာ မဆို ကိုယ်ပိုင်ဆင်ခြင်ဉာဏ်နဲ့ တွေးဆမှသာ ‘အမှန်တရား’ နဲ့ နီးစပ်မှာ ပါ။ အခုလို ခွန်တန်လုပ်ဆောင်ခဲ့တာ တွေရဲ့ နောက်ကွယ်မှာ လူအင်အား၊ ငွေအင်အား တောင့်တင်းလို့ပဲ ဆိုတာ အလွယ်တကူ တွက်ဆ ကြည့်နိုင်ပါတယ်။ ကျမတို့ နိုင်ငံမှာ ဘာသာရေးကို ကိုယ်ကျိုးအတွက် အသုံးချတဲ့ ကိစ္စတွေထဲမှာ ခွန်တန်ကိစ္စကလည်း တခုအပါအဝင် ဖြစ်ပါတယ်။ အသက် ၂၅ နှစ်လောက်ပဲ ရှိသေးတဲ့ လူငယ်တယောက်က အလံတရာဆရာတော် ဝင်စားတယ်လို့ ပြောဆိုလိုက်ရုံနဲ့ ဝိုင်းယုံကြည်ကိုးကွယ်ကြတာဟာ လူအများ ပြက်ရယ်ပြုစရာ ဖြစ်ရသလို သူ့ပြောကြားချက်တွေ၊ လုပ်ဆောင်ချက်တွေက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

ဒီလို မျက်ကန်းယုံကြည်မှုကို အကြောင်းပြု အမြတ်ထုတ်ပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာတော့ အလံတရာနယ်မြေက မိန်းမပျိုလေးတွေဟာ ခွန်တန်ရဲ့အသုံးချခံ ဖြစ်လာခဲ့ရ တော့တာပါပဲ။ ဒီနေ့အထိ သိရသမျှ ခွန်တန်နဲ့ လိမ်လည် လက်ထပ်ခံခဲ့ရတဲ့ မိန်းကလေး ရာချီ ရှိနေပါတယ်။

ရိုးရာဓလေ့ ထုံးစံ အရ ‘လက်ချည်’ တယ် (လက်ထပ်ထိမ်းမြားတယ်) လို့ ဆိုပြီး ခွန်တန်က သူသဘောကျတဲ့ မိန်းကလေးတွေကို သိမ်းသွင်း လက်ထပ်ခဲ့တာပါ။ ပြီးရင် တလတန်သည်၊ နှစ်လတန်သည်ပဲ ပေါင်းပြီး မိဘအိမ်ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးလေးတွေ ကိုယ်တိုင်က ခွန်တန်နဲ့ လက်ချည်ရရင် သိဒ္ဓိမြောက်တယ် လို့ ထင်မှတ်စေတဲ့ အထိ ယုံကြည်မှု မှိုင်းတိုက်ခဲ့တာကို လည်း တွေ့ရပါတယ်။ သဒ္ဓါစိတ်၊ ကြည်ညိုစိတ် လွန်ကဲနေလို့ တချို့ပအိုးဝ် မိန်းကလေးတွေက ခွန်တန်နဲ့ လက်မချည်ရရင် လူဖြစ်ရှုံးပြီပေါ့ လို့ ပြောဆိုတာကို ဧရာဝတီသတင်းဌာနရဲ့ ဗီဒီယိုဖိုင်တခုမှာ တွေ့ရပါတယ်။

ခွန်တန်ရဲ့ ဖြစ်စဉ်ကို စုံစမ်း ဖော်ထုတ်ရာမှာ ပါဝင်တဲ့ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် ပအိုဝ်း တိုင်းရင်းသား ရေးရာ ဝန်ကြီးနဲ့ မွန်ပြည်နယ် အမျိုးသမီးနှင့် ကလေး သူငယ် ဆိုင်ရာ အခွင့်အရေး ကော်မီတီ ဥက္ကဋ္ဌ တို့ကို ခွန်တန် ထောက်ခံသူတွေက အသက်အန္တရာယ် ရန်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် ပအိုဝ်း တိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က “ခွန်တန်က ဒီလို လုပ်လာတာ (၅) နှစ်လောက် ရှိပြီ ၊ မိန်းကလေး ငယ်တွေလည်း ပန်းကောင်း အညွန့်ကျိုးတွေ ဖြစ်သွား ရတာ တော်တော် များပြီ ၊ ကြောက်လို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် လက်ရှိမှာ အန်တီနဲ့ ဒေါ်ခိုင်ခိုင်လဲ့ နှစ်ယောက်က အခု ပစ်မှတ် အထား တော်တော်လေးကို ခံနေ ရတယ်” လို့ ဧရာဝတီကို ပြောခဲ့ပါတယ်။

မွန်ပြည်နယ် အမျိုးသမီးနှင့် ကလေး သူငယ် ဆိုင်ရာ အခွင့်အရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ ကလည်း “ကျမ ဆီကို Facebook Messenger ကနေ ပို့တယ်၊ ဖတ်လို့လည်း ရပါတယ် ၊ ပအိုဝ့် ဝန်ကြီး ဆီကိုလည်း ပို့တယ်၊ နောက်ပြီး Social Media ပေါ်တွေ မှာလည်း ရေးပါတယ်၊ တစ်ချိန်လုံး ရေးတယ် သတ်မယ် ဖြတ်မယ် အများကြီးပဲ” လည်း ပြောပါတယ်။ ခြိမ်းခြောက်သူ အများစုက “သတ်ပစ်မယ်” ဆိုပြီး ခြိမ်းခြောက်ကြပါတယ်။

ပြည်နယ်အဆင့် အစိုးရဝန်ကြီးတွေတောင် ဒီလို ခြိမ်းခြောက်ခံရရင် အလံတရာမှာ နေထိုင်သူတွေဆို ဘယ်လောက်များ အန္တရာယ် ရှိမလဲ တွေးကြည့်နိုင်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေဟာ မိန်းကလေးငယ်တွေကို ခွန်တန်က လက်ချည်ချင်ရင် မိဘတွေက မတားမြစ်ရဲတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ ရိုးသားတဲ့ မိဘတွေကိုယ်တိုင်က သူတို့ သမီးတွေကို စောစောက ပြောခဲ့သလို ခွန်တန်နဲ့ လက်ချည်ရရင် သိဒ္ဓိ မြောက်တယ် ဆိုတဲ့ အထင် ရှိနေတာကတကြောင်းဖြစ်ပေမယ့် အများစုလို မိုးခါးရေ မသောက်ပဲ နေချင်သူတွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အာမ မခံနိုင်တာမို့ လူနည်းစုက လူများစုကို မဆန့်ကျင်ရဲတာက ဦးဝင်းညွန့်က သက်သေပါ။

ခွန်တန်နဲ့ လက်ချည်ခံခဲ့ရတဲ့ သမီးနှစ်ယောက်ဖခင် ဦးဝင်းညွန့်ကတော့ အဓိပ္ပာယ် မရှိလို့ လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူ တယောက်ပါ။ ဦးဝင်းညွန်ရဲ့ သမီး တယောက်ဟာ အသက် ၁၆ နှစ်တောင် မပြည့်သေးပါဘူး။ လက်ချည်ခံခဲ့တဲ့ မိန်းကလေးတွေထဲက တချို့ဆွေမျိုးတွေက အမှန်အတိုင်း ဖြစ်စေဖို့ တိုင်စာတွေ ပေးပို့ထားတာလည်း ရှိပါတယ်။ သူတို့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ ရှိတာကြောင့် အလံတရာမှာ မနေရဲကြပါဘူး။

ဒီလို ဖြစ်ရပ်တွေကို ဆက်လက်ခွင့်ပြုထားရင် ကာယယံရှင်တွေက ကျေနပ်တယ် ဆိုဦးတောင် လူ့အဖွဲ့အစည်း အတွက် အလွန် အန္တရာယ် များလှပါတယ်။ ဒါအပြင် ဘာသာရေးကို ခုတုံးလုပ်တာကြောင့် တနည်းအားဖြင့် ဘာသာ၊ သာသနာ ညှိုးနွမ်းအောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။ တိုင်ကြားသူ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ခွန်တန်ကို ထိထိရောက်ရောက် အရေးယူရမှာပါ။

လက်ရှိ အခြေအနေမှာ ခွန်တန် အပါအဝင် အမျိုးသား ၇ ယောက်ကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားပါတယ်။ ဦးဝင်းညွန့် ကလည်း ခွန်တန်ကို အောက်တိုဘာ ၂၄ ရက်နေ့မှာ အမှုဖွင့်ထားပါတယ်။ အတင်းအဓမ္မ ပေါင်းသင်းရန် ခိုးယူမှု၊ ရာဇသတ်ကြီး ပုဒ်မ (၃၆၆)၊ လူခိုးယူမှု ပုဒ်မ (၃၆၃)၊ ပူးပေါင်းပါဝင်သူတွေကို ပုဒ်မ (၁၁၄) တိုနဲ့ အမှုဖွင့်ထားတာပါ။ ပုဒ်မ (၃၆၆) ဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ပြစ်မှုလည်း ဖြစ်ပါတယ်။ တခြား အမျိုးသား ၆ ယောက်ကို ရဲတပ်ဖွဲ့က စစ်ဆေးနိုင်ပြီ ဆိုပေမယ့် အဓိက ကျူးလွန်သူ ခွန်တန်ဟာ ထွက်ပြေးလွတ်မြောက်နေဆဲပါ။

တကယ်လို့ ခွန်တန်ကို ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့ရင် နောက်ထပ် ဒီလိုကိစ္စတွေ ဖြစ်မလာဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါ။ ပြဿနာတခုဖြစ်လာရင် ဖြစ်လာစေတဲ့ အကြောင်းရင်း တွေကို ရှာဖွေနိုင်မှသာ ပြဿနာရဲ့ အဖြေထုတ်နိုင်မှာပါ။ မိန်းကလေးတွေရဲ့ ဘဝမှာ နစ်နာဆုံးရှုံးမှုတွေ မဖြစ်အောင်၊ ငွေအား လူအား တောင့်တင်းမှုကြောင့် လုပ်ချင်ရာလုပ်ခွင့် မရအောင်၊ ဘာသာရေးကို ခုတုံးလုပ်ပြီး ပန်းကောင်းအညွန့်ချိုး မခံရအောင် ဥပဒေအရ ကာကွယ်ပေးဖို့ အထူးပဲ အရေးကြီးပါတယ်။ ကာယကံရှင် ကိုယ်တိုင်က တရားခံကို မျက်ကန်း ယုံကြည်မှုမျိုးနဲ့ စုံမက်သွားစေဦးတော့ အသက်မပြည့်သူ အမျိုးသမီးငယ်များကို နိုင်ငံတော်အနေနဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။

ခွန်တန် (ခ) ဇာတ်လိုက်ကို အရေးယူနိုင်မှသာ အမျိုးသမီးတွေ နောက်ထပ် အဲဒီလို မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ပါ။ ဒါအပြင် မိန်းကလေးတွေ အယုံမလွယ်ဘဲ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်တတ်လာအောင် ပညာသင်ယူနိုင်မယ့် အခွင့်အလမ်း၊ ဘယ်သူတဦးတယောက်မှ မလျော်သြဇာ သုံးပြီး မိန်းကလေးတွေကို ပန်းကောင်းအညွန့်ချိုး မလုပ်ရဲအောင် ခိုင်မာတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်မှု၊ ဥပဒေနဲ့အညီ ထိရောက်တဲ့ အရေးယူမှု၊ အမျိုးသမီးလေးတွေကို လူသစ်၊ စိတ်သစ်နဲ့ ရှင်သန်ခွင့်တွေ ဖန်တီးပေးမှုတွေပြုလုပ်ဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် စာရေးဆရာမ တဦး ဖြစ်ပြီး ဧရာဝတီ သတင်းဌာန အမျိုးသမီးကဏ္ဍ၏ ပင်တိုင်ဆောင်းပါးရှင်လည်း ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading