Women & Gender

ပဲခူးမြို့က ပရဟိတ နာရေးယာဉ်မောင်း အမျိုးသမီးများ

Want create site? Find Free WordPress Themes and plugins.

ပရဟိတ လုပ်ငန်းများစွာထဲက သမာရိုးကျလုပ်ငန်းနယ်ပယ်နဲ့ အနည်းငယ်ကွဲထွက်ပြီး နာရေးယာဉ်များကို မောင်းနှင်ပေးကာ ကုသိုလ်ယူနေကြသူ အမျိုးသမီး ပရဟိတအဖွဲ့တခုရှိပြီး အဲဒီအဖွဲ့ကတော့ ပဲခူးမြို့က ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှု အသင်း ဖြစ်ပါတယ်။ ပဲခူးမြို့မှာ နာရေးကူညီမှုအသင်း အချို့ ရှိပေမယ့် အမျိုးသမီး နာရေးယာဉ်မောင်းအဖွဲ့အဖြစ် သီးသန့်ဖွဲ့စည်းထားတာက ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှု အသင်းတခုသာ ရှိပါတယ်။

“အိမ်သာမှာသာ ကျား၊ မ ခွဲထားပေမယ့် ကုသိုလ်ရေးမှာ ကျား၊ မ မခွဲခြားထားပါဘူး။ ကုသိုလ်ရေးမှာ အားလုံး တပြေးညီဖြစ်အောင် အမျိုးသမီးကုသိုလ်ဖြစ် နာရေးယာဉ်မောင်းအဖွဲ့ထားရှိရတာ ဖြစ်ပါတယ်။ ကားမောင်းတတ်ထားတဲ့ အမျိုးသမီးတယောက်ဟာ ဒီလိုမျိုး ကုသိုလ်ယူနိုင်ပါလား ဆိုတာကို အခြား အမျိုးသမီးတွေကို သိစေချင်တယ်။ အမျိုးသမီးတွေအနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ကူညီနိုင်တယ် ဆိုတာကို လမ်းပြခေါ်ယူပေးတဲ့ ရည်ရွယ်ချက်တွေလည်း ပါဝင်ပါတယ်” လို့ ဗိမာန်ရှင် လူမှုရေးနှင့် နာရေး ကူညီမှုအသင်းရဲ့ အလုပ်အမှုဆောင် ဦးကြည်နိုင်က ပြောပြပါတယ်။

အရိုးစွဲလာတဲ့အမြင်မှာ နာရေးဆိုတာ နိမ့်ကျတဲ့ အလုပ်ဖြစ်ကြောင်း၊ အဲဒီလို နိမ့်ကျတဲ့အလုပ်ကို မြင့်မြတ်တဲ့ သူတွေသာလျှင် လုပ်နိုင်တယ်ဆိုတာကို ပြသနေသလိုမျိုး အိမ်ထောင်ရှင်မလို့သာ အမြင်ခံနေရဆဲ အမျိုးသမီးတွေကို အခုလိုမြင့်မြတ်တဲ့အလုပ်မှာ ပါဝင်လာအောင် ဆောင်ရွက်နိုင်ခြင်းဟာ လူတွေရဲ့ မြင်နေကြ အမြင်တချို့ကို ပြောင်းလဲပေးရာ ရောက်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ဗိမာန်ရှင် အသင်းရဲ့ အမျိုးသမီးနာရေးယာဉ်မောင်းအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ၄ နှစ်ရှိပြီဖြစ်ပြီး ဒေါ်သီတာဝင်း၊ ဒေါ်အိအိမင်း၊ ဒေါ်သီတာထွန်းတို့ သုံးဦးနဲ့ ဖွဲ့စည်းထားပါတယ်။

နာရေးယာဉ်မောင်း အမျိုးသမီး ဒေါ်သီတာဝင်း / မျိုးမင်းစိုး/ဧရာဝတီ

အမျိုးသမီးနာရေးယာဉ်မောင်းအဖွဲ့ ဖြစ်တည်လာဖို့အတွက် ပထမဆုံး စတင်ခဲ့တဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်သီတာဝင်း က “အစ်မအိမ်က ကားဒရိုင်ဘာက ဗိမာန်ရှင်မှာ ယာဉ်မောင်းလုပ်ပါတယ်။ သူကနေ ချိတ်ဆက်မိပြီး နာရေးယာဉ် စမောင်းဖြစ်တာပါ။ ဗိမာန်ရှင်မှာ အမျိုးသမီးယာဉ်မောင်းအဖြစ် အစ်မက စပြီး မောင်းခဲ့ရာက အခုလို အဖွဲ့လေးဖြစ်လာခဲ့တာပါ။ ဒီလေးနှစ်အတွင်းမှာတော့ လမ်းကြောင်း ၅၀ ကျော်လောက် ကုသိုလ်ယူဖြစ်ခဲ့ပါတယ်”လို့ ပြောပြပါတယ်။

အမျိုးသမီးများ နာရေးယာဉ်မောင်းအဖြစ် ကုသိုလ်ယူရာတွင် သေဆုံးသူမှာ အမျိုးသမီးဖြစ်တဲ့ နာရေး လမ်းကြောင်းတွေကို မောင်းနှင်ရမှုများပြီး သေဆုံးသူမှာ အမျိုးသားဖြစ်တဲ့ နာရေးလမ်းကြောင်းတွေ ကိုတော့ ကုသိုလ်ယူမောင်းနှင်ရခြင်း နည်းပါတယ်လို့ သိရပါတယ်။

အချို့က အမျိုးသမီးတွေ နာရေးယာဉ်မောင်းနှင်ခြင်းကို ကဲ့ရဲ့ရှုံချခြင်း၊ ပြစ်တင်ဝေဖန်ခြင်းတွေ ပြုလုပ်တာမျိုး ကြုံတွေ့ခဲ့ရတယ်ဟု ဒေါ်သီတာဝင်းက ဆက်လက်ပြောပြပါတယ်။

ဒေါ်အိအိမင်းကတော့ ဗိမာန်ရှင်အသင်းမှာ နာရေးယာဉ်မောင်းအဖြစ် သုံးနှစ်တာ ကုသိုလ်ယူခဲ့ပြီး လက်ရှိအချိန်ထိ နာရေးလမ်းကြောင်း ၅၀ ကျော်မောင်းနှင်ပြီးပြီဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူမှာ သင်္ဘော chief engineer တဦးဖြစ်ပြီး သမီး ၂ ဦးရှိကြောင်း၊ ခင်ပွန်းဖြစ်သူကလည်း အမျိုးသမီးဖြစ်သူရဲ့ နာရေးယာဉ်မောင်း ကုသိုလ်ယူခြင်း လုပ်ငန်းကို ထောက်ခံအားပေး ကူညီသူဖြစ်ပါတယ်။

နာရေးယာဉ်မောင်း အမျိုးသမီး ဒေါ်အိအိမင်း/မျိုးမင်းစိုး/ ဧရာဝတီ

“အစ်မတို့ ပဲခူးမှာ အမျိုးသမီးတွေ ရှေ့ထွက်လာကြတာကို ဝေဖန်တာတွေရှိပါတယ်။ အခုလို နာရေးယာဉ်မောင်းတာကိုတောင် အခကြေးငွေယူပြီး မောင်းတယ်ဆိုတဲ့ပုံစံမျိုးလည်း ဆက်ဆံခံရတယ်။ သေဆုံးတဲ့သူရဲ့ အခြေအနေ အသိုင်းအဝိုင်းရဲ့ အခြေအနေ အပေါ် မူတည်ပြီး အမျိုးသမီးမောင်းတာကို လက်မခံကြတဲ့ အခြေအနေတွေလည်း ကြုံဖူးပါတယ်။ တချို့ကြတော့လည်း သုဘရာဇာ မျိုးရိုးမရှိဘဲနဲ့ သုဘရာဇာ အလုပ်လုပ်တယ်ဆိုပြီးတော့ အပြစ်တင်တဲ့ပုံစံမျိုး ပြောဆိုကြတယ်။ အစ်မကတော့ ဒီအလုပ်ကို လုပ်ဖို့ ရွေးချယ်လိုက်ကတည်းက ငါ ကုသိုလ်ယူမယ်ဆိုတဲ့ စိတ်တခုနဲ့ ဘယ်သူဘာပြောပြော ဂရုစိုက်မနေဘူး” လို့ ဒေါ်အိအိမင်းက သူ့ခံယူချက်ကို ပြောပါတယ်။

နာရေးလမ်းကြောင်း ရွေးချယ်မှုတွင် ကုသိုလ်ဖြစ်မောင်းနှင်ပေးမည့် အမျိုးသမီးယာဉ်မောင်းများ ဘေးကင်းလုံခြုံရေးကိုလည်း ထည့်တွက်စဉ်းစားပေးရကာ နာရေးယာဉ်အား အမျိုးသမီး မောင်းနှင်းခြင်းကို လက်ခံသည့် အသိုက်အဝန်းကိုလည်း ကြိုတင်ရွေးချယ်ပေးထားရတယ်လို့ သိရပါတယ်။

“မိန်းကလေးနဲ့ မသင့်တော်တဲ့နေရာတွေကို မောင်းလို့မရဘူး။ တချို့နေရာတွေက စရိုက်ကြမ်းတယ်၊ တချို့ကျတော့လည်း နာရေးမှာ မူးယစ်သောက်စားတာတွေရှိတော့ ပြဿနာရှာကြတာတွေရှိတယ်။ အဲဒီတော့ လမ်းကြောင်းလည်း အဆင်ပြေမယ်။ ပတ်ဝန်းကျင်လည်း ကောင်းတယ်ဆိုရင် ကျနော်တို့က အမျိုးသမီးထည့်ပေးတယ်။ အဓိကကတော့ ကိုယ့်ဆီက အမျိုသမီးတွေ လုံခြုံမှုကို ကြည့်ပြီး လမ်းကြောင်း ရွေးပေးတယ်” လို့ ဗိမာန်ရှင် လူမှုရေးနှင့်နာရေးကူညီမှုအသင်းကြီး၏ ယာဉ်ကော်မတီ အမှုဆောင် ဦးတင်ဦးက ရှင်းပြပါတယ်။

အိမ်ထောင်သည် အမျိုးသမီးတယောက်အနေနဲ့ ပရိဟတလုပ်ငန်း ဆောင်ရွက်ရတာ သာမာန် အမျိုးသမီး တွေထက် အခက်အခဲပိုများကာ မိသားစုအရေးနဲ့ ပရဟိတ အရေးကို ချိန်ဆပြီးတော့ ကြိုစား အားထုတ်ရ ကြောင်း အခြားသော အိမ်ထောင်သည်အမျိုးသမီးများလည်း အိမ်တွင်းပုန်းမနေဘဲ ပရဟိတ လုပ်ငန်း တွေမှာ ပါဝင်ကူညီပေးသင့်ကြောင်းလည်း နာရေးယာဉ်မောင်းပေးသူ ဒေါ်အိအိမင်းက ပြောပါတယ်။

၂၁ ရာစုအလွန်ကာလတွေမှာ အမျိုးသမီးတွေဟာ အိမ်ထောင်ရှင်မလို့ အမြင်ရှိနေကြတဲ့ ရှေးရိုးစွဲအမြင်တွေ ကြားကနေ ဘက်စုံ၊ ကဏ္ဍစုံအကြောင်းပြုကာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖောက်ထွက်လာကြပါတယ်။ အမျိုးသမီးတွေဟာ စီးပွားရေးနယ်ပယ်၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ ပရဟိတလုပ်ငန်း စတဲ့ နယ်ပယ်တွေမှာ ယခင်ထက် ပိုမို ပါဝင်လာတာ တွေ့မြင်လာရပါတယ်။

ဒါပေမယ့် ပါဝင်တဲ့ ရာခိုင်နှုန်းနည်းပါးဆဲဖြစ်သလို အချို့ အမျိုးသမီးတွေဟာ သူတို့အခွင့်အရေး တောင်းဆိုဖို့၊ တန်းတူညီမျှရှိဖို့ကို ကိုယ်တိုင် မသိရှိကြသေးတဲ့ အခြေအနေတွေက ယနေ့အထိ ရှိနေဆဲပါ။

နာရေးယာဉ်မောင်း အမျိုးသမီး ဒေါ်သီတာထွန်း / မျိုးမင်းစိုး/ ဧရာဝတီ

ဒေါ်သီတာထွန်းကတော့ “ပရဟိတစိတ်ဓာတ်ဆိုတာ အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ အမျိုးသားတွေကျတော့ အင်အားနဲ့ သေချာလုပ်ပေးနိုင်တယ်။ မိန်းကလေးတွေကျတော့ အိမ်မှုကိစ္စတွေကြောင့် အားလပ်ချိန်ပိုနည်းတာတွေ တွေ့ရပါတယ်။ ပရဟိတမှာတော့ သူနိုင်တဲ့နေရာကနေ သူနေရာနဲ့သူ တာဝန်ယူ လုပ်ကြမယ်ဆို ကန့်သတ်ချက် ရှိမှာမဟုတ်ပါဘူး။ အဓိက ကတော့ ပရဟိတ စိတ်ဓာတ်လေးတွေ ရှိနေဖို့ တူညီနေဖို့ပါပဲ”လို့ ဆိုပါတယ်။

ခေတ်စနစ်တွေ ပြောင်းလဲလာတဲ့နောက် အမျိုးသားနဲ့ အမျိုးသမီးက အခွင့်အရေး တန်းတူညီမျှတယ်ဆိုတာ လက်ခံလာကြကြောင်း၊ အမျိုးသမီး နာရေးယာဉ်မောင်းသူတွေကို ပြည်သူလူထုအနေနဲ့ တမျိုးမမြင်ဘဲ လက်ခံပေးကြဖို့ လိုအပ်ပါတယ်လို့ ဒေါ်သီတာထွန်းက ပြောပါတယ်။

အမျိုးသမီးနာရေးယာဉ်မောင်းတွေ ရှိတဲ့ ပဲခူးမြို့ရဲ့ ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှုအသင်းကို ၂၀၀၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဆိုပါအသင်းဟာ နာရေးကူညီမှုလုပ်ငန်း၊ လူမှုရေး ကူညီစောင့်ရှောက်မှု လုပ်ငန်း၊ ပညာရေး ကူညီ စောင့်ရှောက်မှု လုပ်ငန်းနဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ငန်းတွေ အပြင် ဘိုဘွားရိပ်သာလည်း ဖွင့်လှစ်ထားပြီး ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပဲခူးမြို့ရှိ ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှုအသင်း မှ နာရေးယာဉ်မောင်း အမျိုးသမီးတဦး / မျိုးမင်းစိုး/ ဧရာဝတီ

အသင်းအနေနဲ့ ကူညီစောင့်ရှောက်ရေးလုပ်ငန်းနယ်ပယ်တိုင်းမှာ အမျိုးသမီးများလည်း တန်းတူညီမျှစွာ ပါဝင်နိုင်ဖို့ အားပေးတွဲခေါ်မှုတွေ ရှိကြောင်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading