Women & Gender

ခွဲခြားဆက်ဆံမှုနဲ့ ပုံသေတကျ အယူအဆတွေကို တော်လှန်တဲ့ မချမ်းမြေ့ခိုင်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ ပုံမှန်မြင်နေကျ အလုပ်ကြော်ငြာစာတွေဟာ အလုပ်လျှောက်သူတွေအတွက် အသက် အကန့် အသတ် ပိုင်းခြားထားတတ်ပါတယ်။ ဘွဲ့ရ အသက် ၁၈-၂၅ နှစ် ကြား ရှိတဲ့သူ ဒါမှမဟုတ် တက္ကသိုလ်တခုခုမှ ဘွဲ့ရထားသူ စသဖြင့် ဖော်ပြထားတတ်ပါတယ်။ တခါတရံတွင် “အိမ်ထောင်မရှိသူ” ဆိုတာမျိုးတောင် ပါလာ တတ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းဒီဂျစ်တယ်မာကတ်တင်းကုမ္ပဏီတခုဖြစ်တဲ့ အမရာရဲ့ အလုပ်ခေါ်စာတွေ မှာတော့ ဒီလို မြင်တွေ့နေကျ ပုံစံတွေကို ချိုးဖောက်ထားပါတယ်။ “အသက်အရွယ်၊ လိင်၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ ရုပ်ရည်အသွင်အပြင်၊ မသန်စွမ်းသည့် ခန္ဓာ၊ အိမ်ထောင်ရှိ/မရှိ တို့အပေါ်မူတည်၍ ခွဲခြားဆက်ဆံခြင်းမရှိပါ” လိ့ု အမရာရဲ့ အလုပ်ခေါ်စာတွေမှာ ဖော်ပြထားပါတယ်။ လိင်တိမ်းညွတ်မှုမတူသူတွေနဲ့ လူမျိုးမတူသူတွေကို ခွဲခြားဆက်ဆံတတ်မှုတွေ မြန်မာနိုင်ငံက အလုပ်ခွင်တွေမှာ တွေ့ရတတ်တဲ့အတွက် အမရာဟာ ခွဲခြားဆက်ဆံမှုတွေကင်းတဲ့ အလုပ်ခွင်တခုဖြစ်တယ်ဆိုတဲ့ အကြောင်းကို အလုပ်ခေါ်စာ မှာကတည်းက ပြသချင်တဲ့အတွက် ဒီလိုမျိုး ထည့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အင်တာနက်လို့ဆိုပါက ဖေ့ဘွတ်အသုံးပြုမှုသာများတဲ့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ဖွံ့ဖြိုးမှု အနေအထားမျိုးမှာ အမရာအနေနဲ့ ဒီဂျစ်တယ်မားကတ်တင်းဈေးကွက်ကို ဘယ်လိုထိုးဖောက်သလဲ၊ မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ ဒီဂျစ်တယ်အခွင့်အရေး၊ မြန်မာအမျိုးသမီးတယောက်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကျား၊ မ ရေးရာတန်းတူဖြစ်မှု အနေအထား၊ သူမရဲ့ အမျိုးသမီးဝါဒီ စတာတွေနဲ့ ပတ်သက်ပြီး အမရာ ဒီဂျစ်တယ် မာကတ်တင်း အေဂျင်စီ ရဲ့ တည်ထောင်သူ မချမ်းမြေ့ခိုင်ကို ဧရာဝတီသတင်းထောက် တင်ထက်ပိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် ဖွံ့ဖြိုးမှု အနေအထားမျိုးမှာ ဒီဂျစ်တယ် မာကတ်တင်းကို ဘယ်လိုထိုးဖောက်လဲ။

ဖြေ။ ပုံမှန်စစချင်းတော့ ကျမတို့က ဖေ့စ်ဘွတ်ကနေ စပြီးတော့ ဝန်ဆောင်မှု ပေးရပါတယ်။ စစချင်းက ဖေ့ဘွတ်မှာ မြန်မာပြည်ကို ဦးတည်ထားတဲ့ ကြော်ငြာတောင် ထည့်လို့ မရသေးတဲ့ အခြေအနေ အဲဒီ အချိန်ကတည်းက စခဲ့တယ်။ နောက်တော့ ဖေ့စ်ဘွတ်က မြန်မာပြည်ကို စီးပွားရေးနဲ့ ပတ်သက်ပြီး အထောက်အပံ့ပေးတာ တအားများလာတယ်။ ကြော်ငြာထည့်ရင် မြန်မာပြည်က မြို့တွေကအစ ရွေးပြီးတော့ ထည့်လို့ရတယ်။ ဘယ်လိုလူမျိုးတွေကို ပြချင်တယ်ဆိုတာ ရွေးလို့ရတဲ့အထိ။ အဓိက ထိုးဖောက်တာတော့ ဖေ့စ်ဘွတ်ကနေပဲ ထိုးဖောက်တာများတယ်။ ဒါပေမယ့် ကုန်ပစ္စည်းတိုင်းကတော့ ဖေ့စ်ဘွတ်ကနေသွားဖို့ မသင့်တော်တာမျိုးတွေရှိတယ်။ တခါတလေကျ B to B (Business to Business) သွားတဲ့ဟာမျိုးတွေဆိုရင် ဖေ့စ်ဘွတ်မှာ သိပ်မသင့်တော်တာမျိုးတွေ ရှိတယ်။ အရမ်းခေတ်မီတဲ့ ငွေကြေးလည်း တတ်နိုင်တဲ့ လူငယ်တွေကို ဦးတည်ထားတယ်ဆိုရင် အင်စတာဂရမ် (Instagram) ကို သွားတာ ပိုသင့်တော်တယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်က သုံးတဲ့သူ အများဆုံးဖြစ်နေတဲ့အတွက် ဖေ့စ်ဘွတ်ကိုတော့ ချန်ပြီးတော့ လုပ်လို့ မရတဲ့ အနေအထားဖြစ်နေတယ်။

မေး။ မြန်မာပြည်ရဲ့ အင်တာနက်အသုံးပြုမှု မြင့်တက်လာမှုက အရမ်းမြန်တယ်။ အဲဒီမှာ မြန်မာပြည် ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေလဲ။

ဖြေ။ လူတွေအကုန်လုံးက ဖေ့စ်ဘွတ်မှာ နစ်မြုပ်နေတဲ့အချိန်မှာ အင်တာနက်ရဲ့ အခြေခံသဘောတရားတွေကို မသိဘူးဖြစ်နေတယ်။ wiki ဆို သွားဖတ်ရကောင်းမှန်းမသိဘူး။ နောက်တခုက မြန်မာပြည်မှာ ဖောင့်ပြဿနာ အကြီးကြီးရှိတယ်။ မြန်မာလို အကြောင်းအရာတွေက ဖတ်လို့ကို မရဘူး။ တချို့တွေက အပြစ်တင်ကြတယ် လူတွေက ဖေ့စ်ဘွတ်ကိုပဲ အင်တာနက်မှတ်နေကြတယ်။ အပြင်မထွက်ကြဘူးဆိုတော့ သူတို့မှာ အပြင်ထွက် ပြီးရင်လည်း အပြင်မှာ ဖတ်စရာအကြောင်းအရာ မရှိတဲ့အတွက် ဖေ့စ်ဘွတ်မှာပဲ နစ်မြုပ်နေရတယ်။ အဲဒီ ပြဿနာတခုရှိတယ်။ နောက်တခုက အင်တာနက် မမြန်တာ။ ဖေ့စ်ဘွတ်ကကျ သူ့ဝက်ဘ်ဆိုဒ်ကို အရမ်း မြန်အောင် လုပ်ပေးထားတဲ့အတွက် ပုံမှန်အင်တာနက်နဲ့တောင် ကောင်းကောင်း မြန်မြန်သုံးလို့ရတယ်။

တခြားဝက်ဘ်ဆိုဒ်တွေကျ အလုပ်လုပ်ရတာ ကြာတာရှိတယ်။ အဲဒီလောက်မမြန်ဘူး။ တခြား အိမ်နီးချင်း နိုင်ငံတွေလောက် မမြန်သေးတော့ အလုပ်လုပ်ရတာ ခက်တယ်။ ဒါပေမယ့် အရင်ကနဲ့ယှဉ်ရင်တော့ ဝက်ဘ်ဆိုဒ်တွေကို ဝင်ကြည့်တဲ့ သူတွေက အရင် ၂ နှစ်နဲ ယှဉ်ရင်တော့ အခုက ပိုများလာတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ အရမ်းနည်းနေသေးတယ်။ နောက် ၂ နှစ်၊ ၃ နှစ်မှာ အင်တာနက် ဒီထက်ပို ဈေးပေါမယ်။ ပိုမြန်လာမယ်ဆိုရင်တော့ ပိုပြီးတော့ ဖေ့စ်ဘွတ် အပြင်ကို ထွက်ပြီးတော့ တကယ့်အင်တာနက်ကို ထဲထဲဝင်ဝင် သုံးကြတဲ့သူတွေ များလာမယ်လို့ ယူဆပါတယ်။

မေး။ အဲဒီလို စိန်ခေါ်မှုမျိုးတွေကို မြန်မာနိုင်ငံက ဘယ်လို ကျော်လွှားရမလဲ။

ဖြေ။ ပုံမှန်ဆိုရင်တော့ အဓိကက အင်တာနက်ဈေးနှုန်းပါ။ မြန်မာပြည်မှာက တော်တော်များများက အခုချိန် mobile internet ပဲ တတ်နိုင်တယ်။ Telecom company တွေက ဝန်ဆောင်မှုပေးတဲ့ mobile internet ကိုပဲ သူတို့ အဓိကသုံးရတယ်။ အဲဒါက ပုံမှန်အခြေအနေမဟုတ်ဘူး။ တခြားနိုင်ငံတွေမှာဆိုရင် အိမ်တွေမှာက အိမ်သုံးအင်တာနက်ကို သုံးတယ်။ အိမ်သုံးအင်တာနက်ဆိုရင် တလကို မြန်မာငွေ သုံးလေးသောင်းလောက်နဲ့ အကန့်အသတ်မရှိ သုံးလို့ရတယ်။ အဲဒီလိုမျိုး အင်တာနက်ကို အစိုးရက တခြားကုမ္ပဏီတွေကို ဝန်ဆောင်မှုပေးဖို့ တိုက်တွန်းနိုင်တော့မှ လူတိုင်းက အင်တာနက်ကို အကန့်အသတ်မရှိ သုံးနိုင်တဲ့အခြေအနေ ဖြစ်မှာ။ အခုဆိုရင် ဖေ့စ်ဘွတ်အပြင် တခုခုထွက်ပြီး ကြည့်မယ်ဆိုရင် ဒါက ဒေတာဖိုးကုန်မှာ ဒီဟာက ဒီလောက်အချိန်ကုန်မှာ ဆိုတဲ့ အတွေးက ရှိနေတော့ သူတို့အနေနဲ့ သိပ်ပြီး မထွက်ဖြစ်ဘူး။ အဲဒီဟာတချက်ရှိတယ်။ အင်တာနက်တွေက လွယ်လွယ် ပြောရရင်တော့ ပိုပြီးတော့ ဒီထက်အများကြီး ဈေးပေါဖို့လိုတယ်။ အိမ်သုံးအင်တာနက်တွေအများကြီး ပိုပြီး ဖွံ့ဖြိုးဖို့လိုတယ်။ mobile internet မှာလည်း ကောင်းပါတယ် sim card တခု ၁၅၀၀ ကျပ် ဆိုတာနဲ့ ကျေနပ်နေလို့မရဘူး။ နောက်တခုကကျ ဒီထက်ပိုပြီး မြန်ဖို့လိုတယ်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း အင်တာနက်မြန်တယ်ဆိုရင် အလုပ်က ပိုတွင်ကျယ်တယ်လေ။

မေး။ နိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကို မြှင့်တင်တဲ့အခါ ဒီဂျစ်တယ်ပလက်ဖောင်းရဲ့ အခန်းကဏ္ဍက ဘာဖြစ်မလဲ။

ဖြေ။ ဒီဂျစ်တယ် ပလက်ဖောင်းရဲ့ အခန်းကဏ္ဍလို့ပြောရင် နည်းနည်းခက်တယ်။ ဘာလို့လဲဆိုတော့ ဒီဂျစ်တယ်ပလက်ဖောင်းကို ပိုင်တဲ့သူမှ မရှိဘဲ။ ဖေ့စ်ဘွတ်ကတော့ ဖေ့စ်ဘွတ်ပိုင်တဲ့သူပေါ့နော်။ သူတို့ကလည်း သူတို့ပေါ်လစီနဲ့ ဒီဟာ မှန်လားမှားလား၊ ဒီဟာက ဖြစ်သင့်လား မဖြစ်သင့်လား ဆိုတာ စိစစ်တာကိုး။ နိုင်ငံနဲ့ လိုက်ပြီးတော့ ကိုယ့်အခြေအနေနဲ့ ကိုက်တဲ့ဟာမျိုး ဖြစ်ဖို့ကျ ဒီဂျစ်တယ် ပလက်ဖောင်းဆိုတာ ပိုင်တဲ့သူ မရှိဘူး။ အဲဒီတော့ ကိုယ့်ဟာကိုယ် ပြန်ပြီးတော့ ထိန်းရမယ့် အခြေအနေမျိုး ဖြစ်နေတယ်။

အဓိကကတော့ အွန်လိုင်းပေါ်မှာ စကားပြောရင်က တဖက်လူကို မမြင်ရဘူး။ ဖြူလား မဲလား ဝလား ပိန်လား ဘယ်လိုလူမျိုးလဲမသိရတဲ့အခါကျတော့ ပြောရဲတယ် နုတ်ကထွက်တယ်။ တကယ်တမ်း အဲဒီလူနှစ်ယောက်ကို အပြင်မှာ လာပြောဆိုပြီး မျက်နှာချင်းဆိုင်ပေးလိုက်ရင် သူတို့အွန်လိုင်းမှာ ကီးဘုတ်ပေါ်က စကားလုံးတွေက တကယ်ထွက်ချင်မှ ထွက်လာမှာ။ အဓိက မမြင်ရတဲ့ ပြဿနာရှိတော့ တယောက်နဲ့တယောက် ကိုယ်ချင်းစာ ပြီးတော့ တဖက်မှာလည်း ကိုယ်လိုလူသားပဲဆိုတဲ့ အမြင်မျိုး ရှိဖို့က လိုတယ်။ နောက်တခုက ဒီဂျစ်တယ် ပလက်ဖောင်းပေါ်မှာ ပျောက်ရုံနဲ့ ကျမတို့ မြင်နေရတဲ့ လူမျိုးရေး ခွဲခြားမှုတွေ၊ ဘာသာရေးခွဲခြားမှုတွေက ပျောက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂျစ်တယ်ပလက်ဖောင်းဆိုတာက အပြင်မှာ ဖြစ်နေတဲ့ ဟာကို ထင်ဟပ်ရုံသက်သက်ပဲ။

အပြင်မှာ ဖြစ်နေလို့သာ ဒီဂျစ်တယ်ပလက်ဖောင်းပေါ် ရောက်လာတာ။ အပြင်မှာ ရှိမနေတဲ့ အရာတခုကို အွန်လိုင်းပေါ်မှာ အတုလုပ်ပြီး ဖန်တီးထားလို့ မရဘူး။ ရလည်း ခဏပဲ ရေရှည်ကတော့ ဖြစ်မှာမဟုတ်ဘူး။ အပြင်က တကယ်ဖြစ်နေတဲ့ အရင်းအမြစ်၊ လူမျိုးရေး ခွဲခြားမှုတွေ၊ ဘာသာရေးခွဲခြားမှုတွေက ဘာလို့ဖြစ်လာလည်းဆိုတဲ့ အရင်းအမြစ်ပေါ် မူတည်ပြီးတော့ ဒီဟာကို ဖြေရှင်းနိုင်တော့မှဘဲ ဒီဂျစ်တယ် ပလက်ဖောင်းမှာလည်း ပျောက်မှာ။ အဲဒီလိုမဟုတ်ဘဲ ဒီဂျစ်တယ်ပလက်ဖောင်းပေါ်မှာ ဆင်ဆာလုပ်တာပဲ ဖြစ်ဖြစ် ဖေ့ဘွတ်က ဒီစကားလုံးဆို ဘန်းမယ်၊ အစိုးရက ဒီလူကိုဆို ဖမ်းမယ် အဲဒီလိုမျိုး လုပ်ရုံနဲ့ကတော့ အပြင်ကဟာ ပျောက်သွားမှာ မဟုတ်ဘူး။ တကယ့်အပြင်မှာ ဘာဖြစ်လို့ လူတွေကြားထဲမှာ အဲဒီလို မုန်းတီးမှုတွေရှိနေတာလဲ၊ အဲဒီအရင်းအမြစ်ကို ရှာပြီးတော့ နှစ်တွေတော့ အများကြီး ကြမယ်၊ နေ့ချင်းညချင်း ဖြေရှင်းလို့ရတဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူး။ အဲလိုရှာပြီး ဖြေရှင်းနိုင်မှ ဒီဂျစ်တယ်ပလက်ဖောင်းမှာ ဒီဟာကလည်း လျော့ကျမှာပါ။

မေး။ အပြင်မှာ ဖြစ်နေတဲ့ ပြဿနာကို ဒီဂျစ်တယ်ပလက်ဖောင်းပေါ်က စကားတွေကြောင့် ပိုဆိုးသွားစေနိုင်လား။

ဖြေ။ အဲဒီလိုမျိုးအခြေအနေလည်း ရှိတယ်။ မြန်မာပြည်မှာလည်း အားလုံးသိတဲ့အတိုင်း ဖြစ်နေတာဆိုတော့။ တကယ့်သာမန်လူဆိုတာ လုံးဝ ဘယ်ဘက်ရယ်လို့ မဟုတ်ဘဲ ပုံမှန်လူ့အသိုင်းအဝိုင်းက ကြီးပြင်းလာတဲ့သူ။ သူတို့မှာ ယုံကြည်ချက် ရှိချင်ရှိမယ်၊ ငယ်ငယ်ကတည်းက ခွဲခြားမှုတွေ အပြည့်နဲ့ ကြီးပြင်းလာခဲ့လို့ ခွဲခြားချင်တာ ရှိချင်ရှိမယ်။ သာမန်လူတွေကတော့ သူတို့စိတ်ထဲ ရှိတာ ပြောလိုက်တာပေါ့နော်။ ဒီလောက်အများကြီး ဆိုးရွား စေတယ်ဆိုတာထက် တယောက်ချင်းနဲ့ဆို အဲဒီလောက်မသိသာဘူး၊ ဒါပေမယ့် လူအုပ်စုတစုက ရည်ရွယ်ချက်ရှိရှိနဲ့ ဒီဟာကို တမင် လူမျိုးရေးခွဲခြားမှု ပိုဖြစ်အောင် လှုံဆော်တယ်၊ ဦးဆောင်ပြီးတော့ ပေ့ချ်တွေကပဲဖြစ်ဖြစ် အကောင့်အတုတွေနဲ့ပဲဖြစ်ဖြစ် လှုံ့ဆော်တယ်၊ ဒီဟာကို တမင်တကာ ရေးသားနေတာမျိုးရှိတယ် ဆိုရင်တော့ ဒါပိုပြီးတော့ အန္တရာယ်များတယ်။ အပြင်မှာ နည်းနည်းဖြစ်တဲ့ဟာကို အွန်လိုင်းမှာ ချဲ့ကားပြီးတော့ လူတွေကလည်း ဖေ့စ်ဘွတ်မှာပဲ အရမ်းနေကြတော့ တခြား သတင်းအရင်းအမြစ် အမှန်ကို မရှာတတ်ဘူးဆိုတော့ ဖေ့စ်ဘွတ်မှာ တခုခုပေါ်လာရင် အသည်းအသန် ဒီဟာတကယ်ဖြစ်နေပြီ ဆိုပြီးတော့ တွေးကြတဲ့အခါမျိုး ကျရင်တော့ ဒီဟာမျိုးက ပိုပြီးတော့ ဆိုးရွားစေနိုင်တာမျိုး ရှိတယ်။ အဲဒီ အခါ ကျတော့ ဒီသတင်းမီဒီယာ အနေနဲ့ရော အစိုးရအနေနဲ့ရော တကယ်တခုခုဖြစ်ပြီဆိုရင် ချဲ့ကားတဲ့သတင်းတွေ မပေါ်ခင် သတင်းအမှန်ကို မြန်မြန်ထုတ်ပြန်ဖို့ကတော့ အရေးကြီးတယ်။

မေး။ မြန်မာပြည်မှာ ဆိုရှယ်မီဒီယာကို အသုံးပြုပုံ နားလည်မှု နည်းတဲ့အခါမျိုးမှာ ဒီလိုမျိုးစိန်ခေါ်မှုတွေကို ပိုပြီး ခံရတာမျိုးလည်း ရှိတယ်။ ဒီဂျစ်တယ်အခွင့်အရေးကို မြှင့်တင်တဲ့သူတွေအနေနဲ့ အစိုးရဘက်ကနေ ပေါ်လစီပဲဖြစ်ဖြစ် ထိန်းကွပ်နိုင်မယ့်ဟာမျိုး ရှိသင့်တယ်လို့ ထင်လား။

ဖြေ။ ထိန်းချုပ်တဲ့ ပေါ်လစီ ရှိသင့်တယ် မရှိသင့်ဘူး ဆိုတာထက် ကျမရဲ့ သဘောကတော့ ဒီဂျစ်တယ်မှာ ဘာတင်ရမယ် ဘာမတင်ရဘူး ဆိုပြီးတော့ ထိန်းကွပ်တာမျိုးတော့ သဘောမကျဘူး။ တကယ်လို့ သူတင်လိုက်တဲ့ဟာ တခုခုက ဥပဒေချိုးဖောက်တယ်ဆိုရင်တော့ ဒီလူ ဒီအကောင့်ဟာ အတုပဲဖြစ်ဖြစ်၊ အစစ်ပဲဖြစ်ဖြစ်၊ အစိုးရဘက်ကလူပဲဖြစ်ဖြစ်၊ ဘယ်နေရာက လူပဲဖြစ်ဖြစ် ဒီလူကို အရေးယူဖို့လိုတယ်။ အဓိက ပြဿနာက အဲဒီမှာ ဖြစ်နေတာ။ ဒီလူက ဒါရေးလိုက်ရင် ဒီလူက ကိုယ်နဲ့မတည့်ရင် တရားစွဲချင်စွဲမယ် ဖမ်းချင်ဖမ်းမယ်။ နောက်တယောက်က ရေးရင်တော့ ဒီဟာက အကောင့်အတုမို့ လွှတ်ထားမယ်။ နောက်တယောက်ကရေးရင် ဒီလူဟာ ဘယ်အဖွဲ့အစည်းကမို့လို့ လွှတ်ထားမယ် အဲဒီလိုမျိုး ဖြစ်နေတဲ့ အခါကျတော့ သာမန်လူတွေကြားထဲမှာ ဒါက ရေးလို့ရတယ် ဒါက ရေးလို့မရဘူးဆိုပြီး ရှုပ်ထွေးစေတယ်။ တကယ်လို့ ငါဘယ်သူ့ကို သွားသတ်မယ်ဆိုတာမျိုးကို ရေးရင် ဘယ်သူက ရေးတာဖြစ်ဖြစ် ဘယ်သူ့ကို ရေးတာဖြစ်ဖြစ် ဒီဟာက ခြိမ်းခြောက်မှုမြောက်တယ်၊ ဥပဒေအရ ဒီဟာကို အရေးယူမယ် ဘယ်သူပဲဖြစ်ဖြစ်။ အကောင့်အတုဆိုရင်လည်း အစိုးရအနေနဲ့ ဖေ့စ်ဘွတ်ကို ဆက်သွယ်လို့ရတယ်။ ဖေ့စ်ဘွတ်နဲ့ အစိုးရတွေကြားမှာ ဆွေးနွေးမှုတွေ အများကြီးရှိတယ်။ ဆယ်သွယ်ပြီးတော့ သူတို့ရဲ့ နေရာတွေ အိုင်ဒီတွေမေးပြီးတော့ သွားပြီးတော့ စုံစမ်းလို့ရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဓိကက အဲဒါမျိုးပါ။

ပြောရရင်တော့ အကုန်လုံးက တရားဥပဒေစိုးမိုးမှုမှာပဲ ဘူတာဆိုက်တာ။ ဒီဂျစ်တယ်မှာ ဘာပြောပြော ဒီဟာဟာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် ဒီဟာကို အရေးယူ ဘာသာရေးခွဲခြားတယ်ဆိုရင်လည်း အရေးယူ၊ မယူဘူးဆိုရင် အကုန်လုံးကို တပြေးညီ မယူနဲ့ ယူမယ်ဆို တပြေးညီယူ။ တပြေးညီ မဖြစ်တဲ့ ပြဿနာက ဒီမှာ အကြီးဆုံး ဖြစ်နေတာလို့ မြင်တယ်။

မေး။ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်မာကတ်တင်း အလားအလာက လာမယ့်နှစ်တွေမှာ ဘယ်လိုရှိလာနိုင်မလဲ။

ဖြေ။ အခုကတော့ အကုန်လုံးက ဖေ့စ်ဘွတ်မှာ လွှမ်းမိုးတယ်ဆိုတော့ အလုပ်အပ်တဲ့သူတွေရော အမှတ်တံဆိပ်ကလူတွေရော အေဂျင်စီတွေရော တော်တော်များများ ထင်နေတာက ဖေ့စ်ဘွတ်မှာ ဘာပဲဖြစ်ဖြစ် ရေးလိုက်၊ ပုံလေးတပုံလုပ်လိုက် ပြီးရင် ကြော်ငြာထည့်လိုက်ရင် လူမြင်တယ်ပေါ့။ အဲဒီလိုအမြင် တော်တော် များများမှာ ရှိနေကြတယ်။ အခုဆိုရင် ဒီဂျစ်တယ်မာကတ်တင်းက လူငယ်တွေကြားထဲမှာ အရမ်းလူကြိုက်များတဲ့ အရမ်းကို ထင်ရှားတဲ့အလုပ်အကိုင် အခွင့်အလမ်းအသစ်တခုလို ဖြစ်လာပြီး ဒီအပေါ်ကို တိုးဝင်တဲ့သူလည်း တော်တော်များလာပြီ။ အဲဒါမျိုး မမျှော်လင့်ခဲ့ဘူး ကျမ စလုပ်တဲ့အချိန်တုန်းက။ ဒါပေမယ့် တကယ်ဝါသနာမပါဘူး၊ လူတိုင်းလုပ်လို့ လိုက်လုပ်တာမျိုးဆိုရင်တော့ လောလောဆယ်မှာတော့ ရနေဦးမယ်။ ဒါပေမယ့် နောက် ၂ နှစ်၊ ၃ နှစ် ကြာလာတဲ့အခါ ဖေ့စ်ဘွတ်က ကြော်ငြာခတွေကလည်း ဒီထက်အများကြီး တက်လာမယ်။ လူတွေကလည်း ဖေ့စ်ဘွတ်ကြော်ငြာဆိုတာ သိရင် အခုလောက်ရမှာ မဟုတ်တော့ဘူး။

မြန်မာပြည်မှာက ကြော်ငြာမှန်းသိလည်း ကလစ်လုပ်နေသေးတဲ့အတွက် ဒီဟာက အလုပ်ဖြစ်နေသေးတယ်။ ဒါပေမယ့် နောက် ၂ နှစ်၊ ၃ နှစ် ကြာရင် ဒီဟာမျိုးက အလုပ်မဖြစ်တော့တဲ့အခါကျရင် ကိုယ့်အမှတ်တံဆိပ်က လူတွေကြားထဲမှာ ပေါက်အောင် ဘယ်လိုမျိုး ပိုပြီးတော့ ဆွဲဆောင်မှုရှိတဲ့အရာတွေ သုံးရမလဲဆိုတာ စဉ်းစားတာက အဲဒီအချိန်မှာ ပိုပြီးတော့ စိန်ခေါ်မှုများလာမယ်။ နောက် ၂ နှစ်၊ ၃ နှစ် ကြာရင် ဝက်ဘ်ဆိုဒ်သုံး တဲ့သူတွေ အခုထက်တော့ များလာဦးမှာပဲ။ အဲဒီတော့ ဒီဝက်ဘ်ဆိုဒ်နဲ့ တွဲပြီးတော့ ဘယ်လိုမျိုး ပရိုမိုးရှင်းတွေ လုပ်လို့ရမလဲ။ နောက်တခါ မြန်မာပြည်မှာ ဒီဂျစ်တယ်ဆို ဒီဂျစ်တယ်ပဲ သွားကြတာများတယ်။ offline ကလည်း offline သက်သက် ဖြစ်နေတယ်။ အဲဒီ ၂ ခုကို ချိတ်ပြီးတော့ ဘယ်လိုမျိုး လုပ်လို့ရမလဲဆိုတာမျိုးတွေမှာ ပိုပြီးတော့ လှုပ်ရှားမှုတွေ များလာမယ်လို့ ထင်ပါတယ်။

မေး။ နေ့စဉ်ဘဝမှာ မသိမသာ ပြုမူပြောဆိုလိုက်တဲ့အထဲက sexism (ကျား၊မ ကွဲပြားမှုကို နှိမ်ချဆက်ဆံခြင်း) မျိုးတွေကို ဒီဂျစ်တယ်ပလက်ဖောင်းကနေ ဘယ်လို အသိပညာပေးနိုင်မလဲ။

ဖြေ။ တကူးတကကြီး awareness ပေးတာက တမျိုးပေါ့။ ကျမတို့ကျတော့ တတ်နိုင်သလောက် ဘယ်လိုမျိုး လုပ်လဲဆိုတော့ ဥပမာ…ကြော်ငြာတခုအတွက် copy တခုရေးပေးရတယ်။ အဲဒီအခါ သူက ကြော်ငြာအတွက် သတ်မှတ်ထားတဲ့ မင်းသားနဲ့ မင်းသမီးပါတယ် ထားပါတော့။ အဲဒါဆို စမ်းကြည့်တဲ့အနေနဲ့ မင်းသမီးနာမည်ကို ရှေ့မှာ ရေးလိုက်တယ်။ ပုံမှန်ဆို မြန်မာပြည်မှာ အမြဲတမ်း ဘယ်လောက်ပဲပိုနာမည်ကြီးကြီး ဘယ်လောက်ပဲ ဝါရင့်ရင့် မင်းသားကအမြဲ ရှေ့မှာ နေရတာကိုး။ မင်းသမီးက ဘယ်လောက်ပဲ ပိုတော်တော် ပိုထူးချွန်ချွန် အနောက်မှာပဲ နေရတယ်။ အဲဒီတုန်းက မင်းသမီးကို ရှေ့မှာ ထားရေးကြည့်လိုက်တယ်။ တမင် ဘာများ တုံ့ပြန်မလဲ ဆိုပြီးတော့၊ အဲဒီအခါကျတော့ တကယ့်ကို တုံ့ပြန်ကြတယ်။ ဘာဖြစ်လို့ မင်းသမီးနာမည် အရှေ့မှာ ရှိနေတာလဲဆိုပြီးတော့ ပြောတဲ့ ယောက်ျားလေးတွေက ရှိကိုရှိတယ် အွန်လိုင်းမှာ။

ပြီးတော့ မိန်းကလေးတွေ လမ်းပေါ်မှာ အနှောင့်အယှက်အပြုခံရတာနဲ့ ပတ်သက်ပြီးတော့လည်း ဒီဟာဆို တချို့ မြန်မာယောက်ျားလေးတွေက ဒီဟာကို အပြစ်လို့တောင် မမြင်တော့ဘူး။ အဲဒီလိုမျိုးအရာတွေကို ဘယ်လိုမျိုး အသိပညာပေးလို့ ရမလဲပေါ့။ အဲဒီဟာမျိုးကျ ဒီဟာကို တကယ့်ကို ထဲထဲဝင်ဝင်ထားပြီးတော့မှ လုပ်လို့ရမယ့် ဟာမျိုးတွေ။ ကျန်တဲ့အသေးအမွှားတွေကိုတော့ နေ့စဉ်ဘဝက အလုပ်တွေနဲ့ နေ့စဉ်အကြောင်းအရာတွေ ရေးနေတဲ့အချိန်မှာပဲ စမ်းကြည့်ပြီးတော့ လုပ်ရတယ်။ ဒီလို သေးသေးမွှားမွှားလေးတွေကနေပဲ စပြီးတော့ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့အလုပ်တွေထဲမှာ လူတွေရဲ့အလေ့အထကို စမ်းကြည့်ပြီးတော့ ဒီဟာကို ဘယ်လိုအနုနည်းနဲ့ တော်လှန်လို့ရမလဲ ဆိုပြီးတော့ လုပ်ပါတယ်။

မေး။ ကိုယ့်ကိုယ်ကိုရော feminist (အမျိုးသမီးဝါဒီ) တယောက်လို့ ခံယူလား။

ဖြေ။ ကျမကတော့ တော်တော်များများကလည်း (feminist တယောက်မှန်း) သိတယ်။ ပြဿနာက ဒီ feminist တယောက်လို့ ခံယူလားဆိုတော့ ခံယူတယ်။ ဒါပေမယ့် တော်တော်များများက မြန်မာပြည်မှာမှ မဟုတ်ဘူး။ နိုင်ငံတကာမှာ အစွန်းရောက် အမျိုးသမီးဝါဒီတွေရှိပြီးတော့ အရမ်းမဆိုင်တဲ့ဟာတွေ လုပ်ပြတာ များတဲ့ အခါကျတော့ တချို့က ကိုယ့်ကိုယ်ကို feminist လို့ မပြောချင်တော့ဘူး။ မပြောတော့ဘူး။ မပြောရဲတော့တဲ့ အခြေအနေဖြစ်သွားတယ်။ အမှန်တကယ်တော့ feminist ဆိုတာ အမျိုးသမီးတွေ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရဖို့ထက် လိင်ပေါ်ကို မခွဲခြားဘဲနဲ့ ယောက်ျားမို့လို့ မိန်းမမို့လို့ဆိုပြီး မခွဲခြားဘဲနဲ့ အခွင့်အရေးတန်းတူရဖို့ ယုံကြည်တဲ့သူဆိုရင် feminist ပဲပေါ့နော်။ တခြားရှည်ရှည်ဝေးဝေးတွေ မတွေးဘဲနဲ့။ ဒါပေမယ့် နောက်ပိုင်းကျတော့ တချို့ဟာတွေက ရှုပ်ယှက်ခတ်လာတဲ့အခါကျတော့ အမျိုးသမီး တော်တော်များများက ကိုယ့်ဘာကိုယ် feminist လို့ မပြောချင်တာမျိုးတွေ ဖြစ်လာတယ်။

မေး။ အွန်လိုင်းမှာ မိန်းမကောင်း မိန်းမမြတ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး မချမ်းမြေ့ခိုင် ပြောဆိုတာတွေ တွေ့ရဖူးတယ်။ အဲဒီ မိန်းမကောင်း မိန်းမမြတ်ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါဦး။

ဖြေ။ မိန်းမကောင်း မိန်းမမြတ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဖို့ထက် ကျမတို့က ပြောမယ်ဆိုရင် လူသားထဲမှာ တော်တဲ့ မြင့်မြတ်တဲ့ လူသားဆိုတာ ဘယ်လိုမျိုးလဲဆိုတာ အဓိပ္ပါယ်ဖွင့်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမကောင်း မိန်းမမြတ်ဆိုတာ အဓိပ္ပါယ်ဖွင့်ရင် ယောက်ျားကောင်း ယောက်ျားမြတ်ဆိုတာ အဓိပ္ပါယ်ဖွင့်ရမယ်။ အဲဒီမှာ မတူတဲ့ စံနှုန်းတွေ ပါလာရင် နောက်တခါ ခွဲခြားတာ ပြန်ဖြစ်သွားပြီ။ အဲဒီတော့ မိန်းမကောင်း မိန်းမမြတ်၊ ယောက်ျား ကောင်း၊ ယောက်ျားမြတ်ဆိုတာထက် လူသားထဲမှာ ထူးချွန်မြင့်မြတ်တဲ့ လူသားဆိုတာ ဘယ်လိုလူမျိုးလဲပေါ့။ ကျမတယောက်တည်း အယူအဆ အနေနဲ့ကတော့ ကိုယ်လုပ်ချင်တဲ့ဟာကို အောင်မြင်အောင် လုပ်တယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ အထိအခိုက် မပေးဘူး။ ကိုယ့်ပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ စိတ်ဆင်းရဲအောင် မလုပ်ဘူး။ ပြီးတော့ ဒီထက်ပိုပြီး တဆင့်တက်ရင် ကိုယ့်ပတ်ဝန်းကျင်၊ ကျယ်ကျယ်ပြောရင် ကိုယ့်ပတ်ဝန်းကျင်ကို တဖက်တလှမ်းက အကျိုးပြုတယ်ဆိုရင် ဒါ ကိုယ့်နိုင်ငံမှ မဟုတ်ဘူးပေါ့။ လူသားတွေအတွက် တဖက်တလမ်းက အကျိုးပြုနိုင်အောင် လုပ်တယ်ဆိုရင် လူသားထဲမှာ ထူးချွန်မြင့်မြတ်တဲ့လူသားလို့ ယူဆလို့ရတယ်။

မေး။ မြန်မာပြည်ရဲ့ ကျား၊မ ရေးရာ မညီမျှမှုကို ဘယ်လိုမြင်လဲ။ ဘယ်လိုအရာတွေက အဓိက ပြဿနာတွေ ဖြစ်နေတာလဲ။

ဖြေ။ ကျားမခွဲခြားမှုက စီးပွားရေး နယ်ပယ်မှာ တအားမများဘူး။ အလုပ်လုပ်နေတာကိုးနော်။ အလုပ်ခွင်ထဲ သွားရင် နင်က မိန်းကလေးမို့လို့ မန်နေဂျာ မလုပ်ရဘူး။ နင်က ယောက်ျားလေးမို့လို့ ဘာလို့ ဆိုတာမျိုးက နည်းတယ်။ တကယ်တမ်းပြောရရင် ယောက်ျားလေးတွေမှာတောင် ထိခိုက်တာ ပိုများမယ်၊ တချို့အလုပ်တွေဆို မိန်းကလေးပဲ ရုပ်ရည်ပြေပြစ်ရမယ်ဆိုပြီးတော့ ခေါ်တဲ့အလုပ်မျိုးတွေ ရှိတယ်။ အဲဒီမှာ ကျားမ ခွဲခြားမှုက တအားကြီး မသိသာဘူး။ ဘယ်လိုမျိုးနေရာမှာ သိသာလဲဆိုတော့ အလုပ်အမျိုးအစားကို ရွေးချယ်တဲ့အခါမှာ ပတ်ဝန်းကျင်နဲ့ မိဘတွေရဲ့ အားပေးမှု။ ဟိုးတုန်းကဆိုရင် ပရိုဂရမ်မာဆိုရင် ယောက်ျားလေးတွေပဲများတယ်။ ရုံးမှာ ညအိပ်ရတာမျိုးတို့ မိန်းကလေးတွေအတွက် မသင့်တော်ဘူးဆိုတဲ့ အမြင်မျိုး တချက်ရှိတယ်။

နောက်တခုကကျတော့ တခါတလေကျရင် ကျမ သတိထားမိတာပါ။ နောက်ပိုင်း လူငယ်တွေဖြစ်ဖြစ် သမီးရည်းစားပဲဖြစ်ဖြစ်၊ လင်မယားပဲဖြစ်ဖြစ် သူတို့လုပ်ငန်းတွေ ထူထောင်ကြတယ်။ ထူထောင်ကြတဲ့အခါကျရင် ဘာဖြစ်လို့လဲတော့ မသိဘူး၊ ယောက်ျားလေးကပဲ ပိုကြီးတဲ့ ရာထူးကိုယူတယ်။ ဆိုလိုတာက နှစ်ယောက်လုံးက အတူတူတော်တယ်။ ဒီဟာကို သဘောတူလို့ ဒီစီးပွားရေးလုပ်ငန်းကို ထူထောင်ကြတယ်။ ဒါပေမယ့် ယောက်ျားလေးက အမြဲ ကြီးတဲ့နေရာကို ယူတယ်။ မိန်းကလေးကပဲ ယောက်ျားလေးကို ဦးစားပေးတာလား။ ယောက်ျားလေးကပဲ ဦးဆောင်နိုင်လို့ ယူတာလား မပြောတတ်ဘူး။ တွေ့ဖူးသမျှ စုံတွဲအကုန်လုံးနီးပါးမှာ ယောက်ျားလေးက ပိုပြီးတော့ ကြီးတဲ့နေရာ ယူတယ်။ အဲဒါတခုကို သတိထားမိတယ်။ မိန်းကလေးက ဘာဖြစ်လို့ ကြီးတဲ့နေရာကို ထပြီးတော့ မယူနိုင်ရတာလည်း ဆိုတာ ကျမသိချင်တယ်။ အဲဒါတခုရှိတယ်။

တကယ့်အခက်အခဲက ဘယ်မှာ သွားဖြစ်နေလဲဆိုတော့ ကျောင်းတက် တက္ကသိုလ်မေဂျာ ရွေးတဲ့အခါကျရင် ဘယ်လိုဟာမျိုးက မိန်းကလေးနဲ့ သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာကို မိဘတွေ ပတ်ဝန်းကျင်တွေက ဖိအားပေးတဲ့နေရာမှာ ရှိမယ်။ နောက်ဒီအလုပ်အကိုင် အမျိုးအစားကို ရွေးချယ်တဲ့နေရာမှာ ရှိတယ်။ ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့နေရာမှာ အဲဒီနှစ်ခုက အဓိက ဖြစ်နေတယ် ထင်တယ်။

နောက်တခါတလေကျရင်တော့ ကျမ တခါ နှစ်ခါလောက်ပဲ ကြုံဖူးတာပါ။ အများကြီးတော့ မဟုတ်ဘူး။ မိန်းကလေးဖြစ်နေတဲ့အတွက် ဘာမှမဆိုင်တဲ့ အပြုအမူမျိုး ပြုမူတာ၊ ယောက်ျားလေးတွေကိုဆို လုံးဝသွား မလုပ်မယ့် အပြုအမူမျိုးကို လုပ်တာမျိုး ရှိတယ်။ ကျမ တခါကြုံဖူးတာဆို ကျမကို အလုပ်အပ်တဲ့သူတယောက်က သူ့ရဲ့ နောက်ထပ် သူ့ကုမ္ပဏီကို အသစ်ရောက်လာတဲ့သူနဲ့ မိတ်ဆက်ပေးတယ်။ သူက နိုင်ငံခြားသားပါ။ မိတ်ဆက်ပေးတဲ့အချိန်မှာ ရုတ်တရက်ကြီး အလုပ်အကြောင်း တောက်လျှောက်ပြောနေရင်းနဲ့ ဘာမှမဆိုင်ဘဲ “အရမ်းလှတယ်နော် မြန်မာပြည်က လူတွေက အရမ်းလှတာလား” ဆိုပြီးတော့ ပြောတယ်။ ယောက်ျားလေး တယောက်ကိုဆို အဲဒီလိုစကားကို လုံးဝပြောမှာမဟုတ်ဘူး။ မင်းအရမ်းချောတယ်နော် မြန်မာပြည်ကသူတွေက အဲဒီလိုပဲချောလားဆိုတာ ဘယ်ယောက်ျားလေးကိုမှ သွားပြောမှာမဟုတ်ဘူး။ မိန်းကလေးဖြစ်နေလို့ လှတယ်ဆိုတဲ့ဟာကို ၂ ခါ၊ ၃ ခါလောက် သိပ်ပြီးတော့ နှစ်မြို့စရာမကောင်းတဲ့ပုံစံနဲ့ ပြောတယ်။

မေး။ တချို့မြန်မာအမျိုးသမီးငယ်တွေက ဆိုရှယ်မီဒီယာမှာ online harassment တွေ၊ cyber bullying တွေကို ခုခံဖို့ အားနည်းချက်တွေ ရှိနေတယ်။ ဘာကြောင့်လဲ၊ ဆိုရှယ်မီဒီယာအသုံးပြုပုံကို နားလည်မှု နည်းတာကြောင့်လား၊ မြန်မာပြည်ရဲ့ ကျား၊ မ တန်းတူမညီမျှမှု ကျောထောက်နောက်ခံကြောင့်လား။

ဖြေ။ အမှန်အတိုင်းပြောရရင် သာမန်လူတွေအတွက် ဖျော်ဖြေရေးက အများကြီးမရှိဘူး။ အထူးသဖြင့် အင်တာနက်သုံးတော့ ပိုဆိုးတယ်။ အင်တာနက်သုံးတယ်။ ဖေ့ဘွတ်ပေါ်တက်ကြည့်တယ်၊ မြင်တဲ့ဟာကို ရေးတယ်။ ဖေ့စ်ဘွတ်ကို လူမှုဆက်သွယ်ရေး အတွက် မဟုတ်တော့ဘူး။ ဖျော်ဖြေရေး နည်းတနည်း ဖြစ်လာတယ်။ သတင်းဖတ်ချင်ဖတ်မယ်။ ဟာသတွေ ကြည့်ချင်ကြည့်မယ်။ ပေါက်ကရတွေ့ရင် ဟားပြီးတော့ ရှယ်မယ်။ ပြဿနာက ရှယ်လိုက်တဲ့သူ တယောက်ဆီဟာ အရှည်မတွေးဘူး။ ငါ ဒီဟာရေးလိုက်ရင် တော်တော်ရယ်ရတာပဲ၊ ရှယ်လိုက်မယ် ရေးလိုက်မယ် ဆိုပြီးတော့ တခြားသူ ဘယ်လောက်နစ်နာသွားမလဲ မတွေးဘူး။ သူရှယ်တာက မသိသာပေမယ့် အဲဒီလိုမျိုးတွေ အများကြီး စုလာတဲ့အခါကျတော့ ကာယကံရှင်မှာ နစ်နာမှုတွေ ဖြစ်သွားတာရှိတယ်။ သုံးတဲ့သူဘက်ကလည်း တချို့ဟာတွေ public မတင်သင့်တာမျိုးတွေ ရှိနိုင်တယ်။ အခိုးခံရတာမျိုး မဟုတ်ဘူးဆိုရင် ။ public တွေ private တွေ friends only တွေ နားမလည်တဲ့ အခြေအနေမျိုးမှာ အကုန်လုံးကို public တင်ဖြစ်တာမျိုးရှိမယ်။ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီးတော့ နားလည်မှု နည်းတာကြောင့်လည်း ပါတယ်။ တဖက်မှာ သူတို့မှာ ပြောစရာ ဖျော်ဖြေရေးက သိပ်မရှိတော့ ရှိတဲ့ဟာကို ပြောရတာဆိုတော့ ဒါမျိုးတွေ ဖြစ်လာတာရှိတယ်။ တချို့ကျ သူ့အကြောင်းပြောတာ လိုချင်လို့ တမင် လုပ်တာမျိုးလည်း ရှိတယ်။ တချို့ကျ ရိုးရိုးသားသားပျော်တာကို လုပ်ရင်းနဲ့ အပြောခံရတာမျိုး ရှိတယ်။ ၂ ခုလုံးလို့ ပြောလို့ရတာမျိုးရှိတယ်။

မေး။ online harassment တွေ၊ cyber bullying တွေကို နောက်ပိုင်း ရဲတပ်ဖွဲ့ကတောင် စောင့်ကြည် လာရတာမျိုးတွေ ရှိတယ်ဆိုတော့ ဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ရင် အထိရောက်ဆုံးလို့ယူဆလဲ။

ဖြေ။ မြန်မာပြည်မှာ ဘာလို့မလုပ်ကြလဲ မသိဘူး။ တကယ့်ကို ဥပဒေချိုးဖောက်တယ်၊ ကောင်မလေး တယောက်ပုံကို တွေ့လို့ရှယ်တာမျိုး မဟုတ်ဘဲ တချို့ဆို Hardisk ကို ဆိုင်ပို့လိုက်တယ်။ ပုံတွေယူထားရင်း ပြန်ဖြန့် ပြန်ခြိမ်းခြောက်တာမျိုး ဖြစ်ခဲ့ရင် တရားဥပဒေချိုးဖောက်တာမျိုး ဖြစ်တဲ့အတွက် အရေးယူမယ်ဆို အဓိကက ဘယ်သူမှန်း မသိဘူးဆိုတဲ့ နေရာမှာ ပြီးသွားတယ်။ အမှန်က ဘယ်သူမှန်းမသိတာကို ဆက်လုပ်လို့ ရတယ်။ ဘယ်သူမှန်းမသိရင် ရဲတပ်ဖွဲ့က ဝရမ်းထုတ်ပေးမလား။ တရားသူကြီးက တခုခုထုတ်ပေးမလား။ အဲဒီစာကို ဖေ့စ်ဘွတ်ကို ပြပြီး ဒီအကောင့်ပိုင်ရှင်ရဲ့ အချက်အလက်တွေကို သိချင်တယ်ဆိုပြီး ဖေ့စ်ဘွတ်ကို ဆက်သွယ်ပြီးတော့ အစိုးရတရပ်အနေနဲ့ တောင်းလို့ရတယ်။ ရဲတပ်ဖွဲ့ဖြစ်ဖြစ် တရားရုံးကဖြစ်ဖြစ် တောင်းလို့ရတယ်။ ဖေ့စ်ဘွတ်က အချက်အလက်တွေ ထုတ်ပေးတဲ့အခါ ဒီလူကို အရေးယူဆောင်ရွက်လို့ ရတယ်။ အဲဒီအဆင့်ကို မြန်မာပြည်မှာ ဘယ်တော့မှ ရောက်မလာဘူး။ ဘာဖြစ်လို့ ဆက်မလုပ်ကြသလဲတော့ ဒီအမှုကို ဆောင်ရွက်တဲ့သူတွေက ဆက်သွယ်ရကောင်းမှန်း မသိလို့လား။ ဘယ်လိုစလုပ်ရမှန်းမသိလို့လား မပြောတတ်ဘူး။ တခါ နှစ်ခါလောက်အရေးယူပြလိုက်ရင် ကျန်တဲ့သူတွေလည်း ဒီလို harass လုပ်တာ နည်းသွားမယ်လို့ မျှော်လင့်ရတယ်။ အရေးယူ ဆောင်ရွက်တဲ့သူတွေ အနေနဲ့ ပိုပြီးတော့ မြန်မြန်နဲ့ ဖေ့ဘွတ်နဲ့ ပူးပေါင်းပြီးတော့ တကယ်ဥပဒေချိုးဖောက်ထားတဲ့သူတွေဆိုရင် တကယ်အရေးယူဖို့ လိုအပ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading