ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံရဲ့ နာမည်ကြီး မော်ဒယ်လ် တဦးဖြစ်တဲ့ သန္တာလှိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးတင်လိုက်တဲ့ ပို့စ်တခုကြောင့် လူတန်းစားပေါင်းစုံကြား ဝေဖန်သုံးသပ်မှု မျိုးစုံ ထွက်ပေါ်ခဲ့ပါတယ်။
သန္တာလှိုင်က သူ့အမျိုးသားကြိုက်နှစ်သက်တဲ့ ပေါင်မုန့်မီးကင် (French toast) လုပ်ပေးရတာကို သဘောကျ ကျေနပ်တဲ့ အကြောင်းရေးရင်းနဲ့ “မိန်းကလေးတွေ အိမ်တွင်းမှု အချက်အပြုတ် အပြုအစု ကောင်းရုံနဲ့ ယောင်္ကျားကို ထိန်းထားနိုင်တဲ့ မိန်းမတယောက်ရဲ့ အရည်အချင်းက မပြည့်စုံသေးဘူးနော်။ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေရင်တောင် ယောင်္ကျားက ကိုယ့်ကို ထိချင်ကိုင်ချင်စရာ ဆွဲဆောင်မှု အပြည့်ရှိအောင် နေကြဖို့ မမေ့ကြပါနဲ့ ….. …” ဆိုပြီး သူယုံကြည်ရာ နည်းလမ်းတွေ မှန်ကန်ကြောင်း အဖော်ညှိမှပဲ အင်တာနက်သုံးစွဲသူ တွေကြား ပွက်လောရိုက်သွားပါတယ်။
တချို့ကတော့ “ထိချင် ကိုင်ချင်စရာ” ဆိုတာကြီးက ဘာကြီးလဲဆိုပြီး လိင်ပိုင်းဆိုင်ရာ အတွေးနဲ့ ပွက်လော ရိုက်သလို တချို့ကတော့ “အနေအထိုင် ခေတ်မီသလောက် အတွေးအခေါ် ခေတ်နောက်ပြန်ဆွဲ နေပါလား” ဆိုတဲ့ အမြင်မျိုးနဲ့ ပွက်လောရိုက်ခဲ့ပါတယ်။
ပြောဆိုဝေဖန်မှုတွေကြောင့် မော်ဒယ် သန္တာလှိုင်က သူ့ဖေ့စ်ဘွတ် ပို့စ်ကို တနေ့တည်းမှာတင် အကြိမ်ရေ ပေါင်းများစွာ ပြန်လည်ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။
မော်ဒယ် သန္တာလှိုင်ရေးလိုက်တဲ့ စာအပေါ် တုံ့ပြန်တဲ့လူတွေကြားမှာ အဖွဲ့ခွဲကြည့်လိုက်မယ်ဆိုရင် ၃ စု ကွဲနေတယ်လို့ ဆိုရမှာပါ။ ပထမ အဖွဲ့က လိင်ပိုင်းဆိုင်ရာအတွေးနဲ့ ပြောတဲ့သူအုပ်စု၊ ဒုတိယ အဖွဲ့ကတော့ “သူပြောတာ ဘာမှားလို့လဲ၊ လက်တွေ့မှာ ဒါအမှန်ပဲ” ဆိုပြီး ထောက်ခံသူတအုပ်စု။ တတိယအဖွဲ့ကတော့ “အမျိုးသမီး တွေကို ပုံစံခွက်ထဲ ပြန်ထည့်နေတဲ့အတွေး” ဆိုပြီး အမျိုးသမီး အခွင့်အရေးရှုထောင့်က မြင်တဲ့အုပ်စုဖြစ်ပြီး ဥပမာပေါင်းများစွာနဲ့ သူတို့အမြင်တွေကို မှန်ကန်ကြောင်း သူတို့ဘာသာ သက်သေ ထူကြတယ်။
ဒီအုပ်စုတွေကိုကြည့်ပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ သူတို့ကိုယ်ပိုင်ဘဝအတွက် ရွေးချယ်ခွင့်နဲ့ သူတို့ ရွေးချယ်မှုအပေါ် ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှုတွေအကြောင်း ဆက်စပ်တွေးမိပါတယ်။
“အမျိုးသမီးအခွင့်အရေး” ကို ဘယ်လိုယုံကြည် လက်ခံနားလည်ထားလဲဆိုတာ တဦးနဲ့တဦး ကွဲပြားနိုင်ပါ သေးတယ်။ အဲဒီကနေ ဆင့်ပွားပြီး အမျိုးသမီးရေးဝါဒီ (Feminism) ဆိုတဲ့ ဝေါဟာရအပေါ် ဘယ်လို အဓိပ္ပာယ် ဖော်ဆောင်ပြီး ယုံကြည်လက်ခံကြလဲဆိုတာလည်း တဦးနဲ့တဦး ပိုလို့တောင် မတူညီပါဘူး။
ဒါပေမယ့် အားလုံးမှာ တူညီနိုင်မယ့် အမြင်ကတော့ “ရွေးချယ်ခွင့်နဲ့ အသိအမှတ်ပြုမှု”၊ တနည်းပြောရရင် အမျိုးသမီးတွေရဲ့ “ကိုယ်ပိုင်ဆုံးဖြတ် ရွေးချယ်ခွင့်” နဲ့ သူတို့ရဲ့ “ဆုံးဖြတ်ရွေးချယ်မှုကို အသိအမှတ်ပြုခြင်း”ဟာ အမျိုးသမီးအခွင့်အရေးရဲ့ အခြေခံဖြစ်တယ်ဆိုတာ ငြင်းချက်ထုတ်စရာမလိုဘူးလို့ မြင်မိပါတယ်။
ကျား၊ မတန်းတူရေး အမြင်တွေ ခေတ်မစားခင်ကာလတုန်းက အမျိုးသမီးတွေဟာ ဖိုဝါဒကြီးစိုးတဲ့ (အမျိုးသားမှ မြင့်မြတ်တယ်ဆိုတဲ့ အမျိုးသားကြီးစိုးရေးအတွေးအမြင်) လူမှုအသိုင်းအဝိုင်းအောက်မှာ “အမျိုးသမီး”ဆိုတဲ့ အတွက်ကြောင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဗိုင်းကောင်းကျောက်ဖိ နေရမယ်ဆိုတဲ့ မရေတွက် နိုင်တဲ့ စံတန်ဖိုး သတ်မှတ်ချက်တွေနဲ့ ဘောင်ခတ်ခံခဲ့ကြရတယ်။
တနည်းအားဖြင့် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းရဲ့ အရွေးချယ်ခံ ဖြစ်ခဲ့ရတယ်။ အဲဒီ ဘောင်ကျော်တဲ့ သူတွေဟာ ဆိုရင်လည်း မကောင်းတဲ့ အမျိုးသမီး၊ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့ အမျိုးသမီးအဖြစ် ဖယ်ကျဉ်ခံကြရတယ်။
အမျိုးသမီး အခွင့်အရေးအမြင်တွေ၊ ကျား၊ မ တန်းတူရေးအမြင်တွေ ခေတ်ကောင်းလာတဲ့ အခုလို အချိန်မှာ တော့ အရင်က ဗိုင်းကောင်းကျောက်ဖိ ဘောင်ကနေ ဆန့်ကျင်ဘက်ဖြစ်တဲ့ ထိုးဖောက်တိုးတက်ရမယ် ဆိုတဲ့ အတွေးအမြင်တွေနဲ့အတူ အမျိုးသမီးတွေအပေါ် စံသတ်မှတ်ချက်တွေက ပြောင်းလာပြန်တယ်။
ယခင် ဗိုင်းကောင်းကျောက်ဖိ ပုံစံခွက်တွေက မကောင်းဘူး၊ ကျော်ဖြတ်ဖို့လိုတယ်ဆိုတဲ့ အမြင်အောက်မှာ အမျိုးသမီးတွေဟာ သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်အရ ထွက်ချင်သည်ဖြစ်စေ၊ မထွက်ချင်သည်ဖြစ်စေ သမိုင်းပေး တာဝန်အရ ရုန်းထွက်ရမယ်ဆိုတဲ့ ဖိအားတွေ တခါ အသက်ဝင်လာပြန်တယ်။ အိမ်ကို ပစ်နိုင်ပြီး အသည်းမာနိုင်တဲ့ အမျိုးသမီးတွေ၊ သားသမီးတွေကို လှည့်မကြည့်ပဲ ယုံကြည်ရာ လုပ်နိုင်တဲ့အမျိုးသမီးတွေကို အခုခေတ်မှာ စမတ်ပိုကျတဲ့ အမျိုးသမီးအဖြစ် အမျိုးသမီးအခွင့်အရေး ယုံကြည်သူတွေအကြား ကောင်းချီးပေးလာကြတယ်။
ယခင်တုန်းက မိန်းကလေး လုပ်သင့်တယ်လို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ဆန့်ကျင်ပြီး အမျိုးသားတွေ လုပ်တဲ့အလုပ်ကို လုပ်နိုင်တဲ့သူတွေကိုမှ ကြိုးစားထိုးထွက်တဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေအဖြစ် အသိအမှတ်ပိုပြုလာကြတယ်။
တခါ အိမ်တွင်းလည်းထိန်းသိမ်း၊ အပြင်လည်းလုပ်၊ နိုင်ငံရေးရော၊ လူမှုရေးမှာပါ ပါဝင်ပြီး သားသမီးကိစ္စပါ မလစ်ဟင်းတဲ့ ဘက်စုံတော်တဲ့ အမျိုးသမီးတွေကိုပဲ အမျိုးသမီးသူရဲကောင်း သို့မဟုတ် စူပါအမျိုးသမီး အဖြစ် ချီးမြှောက်ကြတယ်။ အမျိုးသမီးဖြစ်လို့ကို အိမ်တွင်းမှု အကုန် တာဝန်ယူရမယ်ဆိုတဲ့ တဖက်သတ် ဖိနှိပ်တဲ့ စံတန်ဖိုး သတ်မှတ်ချက်တွေကို ခါးသီးလာကြတော့ အိမ်တွင်းမှုကို မြတ်နိုးကြတဲ့ အမျိုးသမီးတွေအပေါ် ကြိုဆိုလက်ခံမှုတွေက အမျိုးသမီးအခွင့်အရေးကို လက်ခံယုံကြည်သူတွေကြားမှာ မရှိသလောက်ဖြစ်လာတယ်။ ဒီလို အရင်ပုံစံခွက်ထဲက တချက်ချက်နဲ့ဖြစ်ဖြစ် ငြိမ်နေတဲ့အမျိုးသမီးတွေကတော့ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်ရှိသူအဖြစ် သတ်မှတ်ခံရသလို ကိုယ်တိုင် ပုံစံခွက်ထဲက ရုန်းမထွက်ချင်တဲ့ မထက်မြက်တဲ့ အမျိုးသမီးတွေအဖြစ် သို့မဟုတ် အမျိုးသမီးအခွင့်အရေး မတိုးတက်မှုရဲ့ တရားခံတွေထဲက တရားခံအဖြစ် ပြစ်တင်ခံကြရတယ်။
ဒီနေရာမှာ အဓိက မေးခွန်းဖြစ်လာတာက အမျိုးသမီးတဦးချင်းစီရဲ့ သူ့ကိုယ်ပိုင်ဘဝအတွက် ရွေးချယ်ခွင့်နဲ့ သူ့ရွေးချယ်ခွင့်အပေါ် အသိအမှတ်ပြုတဲ့ အသိုင်းအဝိုင်းက ဘယ်မှာလဲဆိုတာပါ။ ကျမတို့ အမျိုးသမီး အခွင့်အရေးလက်ခံပါတယ်လို့ ပြောနေသူတွေကြားထဲမှာတောင် အမျိုးသမီးတယောက်ရဲ့ သူ့ကိုယ်ပိုင်ဘ၀ ရွေးချယ်ခွင့်အပေါ်တောင် အသိအမှတ်မပြုနိုင်တဲ့ အခြေအနေအောက်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လက်တွေ့ကျကျ ဘယ်လိုကျင့်သုံးနိုင်ကြမလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။
အမျိုးသမီးအခွင့်အရေးဆိုတာ သူများပြောတဲ့ ပုံစံခွက်ထဲမှာ အတင်းဖျစ်ညှစ်နေဖို့ မဟုတ်သလို သူများ ဆွဲထုတ်တိုင်း ပုံစံခွက်တခုကနေ ဒရွတ်တိုက် မသွားချင်သွားချင်နဲ့ သွားဖို့မဟုတ်ဘူး။
အမျိုးသမီးအခွင့်အရေး ဆိုတာ အမျိုးသမီးတဦးက သူပုံဖော်တဲ့ သူ့ကိုယ်ပိုင်ပုံစံခွက်ထဲမှာ သူ့စိတ်ကြိုက် နေနိုင်တဲ့ ရွေးချယ်ခွင့်ပဲလို့ မြင်ပါတယ်။ ဒီနေရာမှာ အများသူငါ မထိခိုက်စေတဲ့ သူ့တကိုယ်စာ လူ့အခွင့်အရေး အပေါ် အခြေခံတဲ့ ရွေးချယ်ခွင့်ကို ဆိုလိုပြီး အဲဒီရွေးချယ်ခွင့်ကို နည်းမှန်လမ်းမှန် ရွေးချယ်နိုင်အောင် ပံ့ပိုးပေးတဲ့ သတင်းအချက်အလက်တွေ၊ အသိပညာတွေကတော့ ပုံမှန်လက်လှမ်းမီနေဖို့လည်း လိုပါတယ်။ သူ့ရဲ့ ရွေးချယ်ခွင့်ကိုလည်း အသိအမှတ်ပြုတဲ့ လူမှုပတ်ဝန်းကျင်ကို လိုလားတာပါ။
ဥပမာအားဖြင့် အမျိုးသမီးမို့လို့ ကိုယ့်ရဲ့ လင်ယောက်ျား ခြံမခုန်ဖို့အတွက် နည်းမျိုးစုံနဲ့ အိမ်ထောင်ထိန်းသိမ်းဖို့ တာဝန်ရှိတယ်ဆိုတဲ့ အမျိုးသမီးတွေကို တဖက်သတ် ဖိနှိပ်ပြီး နှိမ်ချ ဆက်ဆံတဲ့ သိမ်ဖျင်းတဲ့ အတွေးအခေါ် မျိုးကို လက်သင့်မခံသလို ခေတ်နောက်ပြန်ဆွဲပြီး လင်ယောက်ျားကို ဒီလောက် လုပ်ပေးနေစရာမလိုဘူးဆိုတဲ့ အတွေးတွေကလည်း အလုပ်ဖြစ်တယ်လို့ မထင်ပါဘူး။
အမျိုးသမီးမို့လို့ အိမ်ထောင်တာဝန်အဖြစ် မီးဖိုချောင်ကိစ္စ အကုန်လုပ်ရမယ်ဆိုတဲ့ ပညတ်ချက်တွေက အခြေအမြစ်မရှိသလို သူ့အိမ်ထောင်မှာ သူပျော်ရာတာဝန်ကို သူရွေးချယ်ထမ်းဆောင်တဲ့အပေါ် ရှုတ်ချ ဝေဖန်တဲ့အခြေအနေကလည်း အမျိုးသမီးအခွင့်အရေးကို ရှေးရှု့ရာ မရောက်ပါဘူး။
လူတိုင်း ကျမတို့ တန်ဖိုးထားတဲ့ ပုံစံခွက်ထဲမှာ ဘောင်ခတ်နေကြပါတယ်။ ကျမတို့ လူ့လောကကြီးမှာ ယေဘုယျအားဖြင့် မတူညီတဲ့အတွေးအမြင်၊ မတူညီတဲ့ ခံစားမှုတွေ၊ မတူညီတဲ့ ကြိုက်နှစ်သက်မှုတွေ၊ မတူညီတဲ့ နောက်ခံအကြောင်းအရာတွေနဲ့ တယောက်မှ မတူညီကြပါဘူး။
ဒါကြောင့် ကျမတို့သဘောကျတဲ့ ပုံစံခွက်ကို သူများကို မသွတ်သွင်းမိဖို့ လိုသလို သူများတွေသဘောကျတဲ့ ပုံစံခွက်ထဲကိုလည်း သူများသဘောအရ ခေါင်းလျှိုဝင်စရာမလိုပါဘူး။
ဒါကြောင့် မော်ဒယ်သန္တာလှိုင်ယုံကြည်တဲ့ အိမ်ထောင်ထိန်းသိမ်းရေး သဘောတရားက မှားတယ်လို့မထင်ပါဘူး။ ဒါပေမဲ့ “မိန်းကလေးတွေ အိမ်တွင်းမှု အချက်အပြုတ် အပြုအစုကောင်းရုံနဲ့ ယောက်ျားကို ထိန်းထားနိုင်တဲ့ မိန်းမတယောက်ရဲ့ အရည်အချင်းက မပြည့်စုံသေးဘူးနော်။” ဆိုပြီး ကျန်တဲ့အမျိုးသမီးတွေပါ သူယုံကြည်တဲ့ ပုံစံခွက်ထဲ ထည့်လိုက်တာက မှားတာပဲ။
တဖက်မှာလည်း “အမျိုးသမီးတွေက မဖြစ်မနေ အမျိုးသားကိုဆွဲဆောင်နိုင်ဖို့ ဒါတွေလုပ်စရာလား” ဆိုပြီး တုံ့ပြန်မှုတွေကလည်း မဖြစ်မနေ ထောက်ပြရမယ့်အချက်တွေပါ။ ဒါပေမယ့် အမျိုးသမီး အိမ်တွင်းမှုလုပ်တာကို အိမ်ထောင်သာယာမှု တခုအနေနဲ့ ပုံဖော်မှုအပေါ် ခေတ်နောက်ပြန်ဆွဲတဲ့ ပုံဖော်မှုတခုအနေနဲ့ ရှုတ်ချတာလည်း မှန်တယ်လို့ မထင်ပါဘူး။
အိမ်ထောင်ရေးဆိုတာ နက်နဲပါတယ်။ လူနှစ်ယောက်ပေါင်းတာဖြစ်လို့ တယောက်နဲ့တယောက်လိုအပ်ချက်၊ ချစ်ခင်မှု၊ ဖြည့်ဆည်းပေးတတ်ခြင်းတွေ မတူညီကြပါဘူး။ အဲဒီအပေါ်မှာ အိမ်ထောင်ရေးသာယာမှုအတွက် ပုံဖော်မှုတွေကလည်း တယောက်နဲ့တယောက် တူချင်မှ တူကြပါမယ်။ ဒါပေမဲ့ အဲဒီမတူညီမှုတွေကို အသိအမှတ်ပြုပေးဖို့ပဲ လိုတာပါ။
အဓိက အရေးကြီးတာက အမျိုးသမီးတွေဟာ ခေတ်ရေစီးကြောင်း သို့မဟုတ် လူမှုအသိုင်းအဝိုင်းရဲ့ အရွေးချယ်ခံ မဟုတ်ပဲ သူတို့နေထိုင်ချင်တဲ့ ပုံစံခွက်ကို သူတို့ကိုယ်တိုင်ရွေးချယ်ခွင့်ရှိဖို့နဲ့ အဲဒီရွေးချယ်မှုအပေါ် လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုဖို့ကသာ အမျိုးသမီးအခွင့်အရေးကို အမှန်တကယ် လက်ခံကျင့်သုံးမှု ဖြစ်တယ်လို့ပဲ ထင်မြင်မိပါတော့တယ်။
စာရေးသူ အသွင်သစ်သည် အမျိုးသမီး အရေး လှုပ်ရှားဆောင်ရွက်နေသူ တဦးဖြစ်သည်။