Women & Gender

“ဖန်မျက်နှာကြက်နဲ့ မြေပြင်ထက်စကားသံများ”

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ်ဟာ သူ့သက်တမ်းကုန်ခါနီး နှစ်လအလိုမှာ လူတွေကိုလှုပ်လှုပ်ခတ်ခတ် ဖြစ်စေမယ့် သတင်းတခုနဲ့ လက်ပြနှုတ်ဆက်နေပါတယ်။ အဲဒါကတော့ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးတော့မယ့် သတင်း ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၆၇၄၃ ဦးမှာ အမျိုးသမီး ရပ်/ကျေး ဦးရေက ၈၇ ဦး ရှိတယ်လို့ ရောင်ခြည်သစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အမျိုးသမီးပါဝင်မှုနှုန်းက ၀ ဒသမ ၅ ရာခိုင်နှုန်း ဖြစ် နေတော့ မြေပြင်ထက်က စကားသံတွေကို ကိုယ်စားပြု သယ်ဆောင်လာပေးနေတဲ့ အသံ တွေက ဘယ်သံ၊ ညာသံ ကွာခြားမှု မြင့်မားလွန်းနေပါတယ်။

၂၀၁၆ ခုနှစ် ရပ်ကျေးဥပဒေ အခန်း ၃၊ ပုဒ်မ ၅မှာ ပါဝင်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေ နေရာမှာ အသက် ၂၅ နှစ်ပြည့်ပြီးတဲ့ အမျိုးသမီး၊ အမျိုးသားတိုင်း ဝင်ရောက် အရွေးခံနိုင်မယ့် စံနှုန်း သတ်မှတ်ချက်များကို တွေ့ရပါတယ်။ တပြိုင်နက်တည်း မှာ “တကယ် အရည်အချင်း ရှိရင် တက်လာခဲ့ပါ နေရာရစေရမယ်” ဆိုတဲ့ စကားသံတွေက ဖန်မျက်နှာကြက် ထက်မှာ ပလူပျံလို့နေတယ်။

အဲဒီဖန်မျက်နှာကြက်ထက်ကို လွင့်တက်လာတဲ့ မြေပြင်ကစကားသံတခွန်းကို ဖမ်းဆုပ်ကြည့်လိုက်တဲ့အခါမှာ တော့ . . .
“ ကျမအမျိုးသားက ရွာကအုပ်ချုပ်ရေးမှူးပါ။ သူမအားလို့ ကျမကပဲရွာမှာ အုပ်ချုပ်ရေးမှူးအလုပ်တွေ လုပ်ရတယ်။ ရွာကလည်း သဘောတူတယ်။ ကျမက မှန်မှန်ကန်ကန် ပြောရဲတာကိုး။ နောက်တခေါက် အုပ်ချုပ်ရေးမှူး ရွေးဖို့လုပ်တော့ ကျမက ကျမနာမည်နဲ့ လျှောက်ချင်တယ်။ ရွာကတော့ ကျမ အမျိုးသား နာမည်နဲ့ပဲ ထားချင်တယ်။ ဘာဖြစ်လို့လဲလို့မေးတော့ သူများတွေပြောလိမ့်မယ်။

နင်တို့ရွာမှာ အုပ်ချုပ်ရေးမှူး လုပ်နိုုင်တဲ့ ယောကျာ်းတွေမရှိတော့လို့ မိန်းမကို ခန့်တာလားလို့ ပြောလိမ့်မယ်။ နင်ကလည်း နင့်ယောကျာ်း နာမည်ပဲ ထားလိုက်ပါတဲ့။ ကျမက ကျမနာမည်နဲ့ အုပ်ချုပ်ရေးမှူးလုပ်ချင်တာ” ဆိုတာ ကယားပြည်နယ်ထဲမှာ ရှိနေတဲ့ ရွာလေးတရွာက အမျိုးသမီးတဦးရဲ့ ရင်တွင်းဖြစ် ဖြစ်ရပ်မှန် စကားသံပါ။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး တဦးမှာ ပြည့်စုံရမယ့် အရည်အချင်းတွေထဲက သတ်မှတ်ချက်တခုဖြစ်တဲ့ အပိုဒ် (စ) မှာ “ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ သမာဓိရှိသူ ဖြစ်ခြင်း” ဆိုတဲ့ အပိုဒ်က ခပ်ထေ့ထေ့လေး စောင်းကြည့်နေတယ်။ ရပ်ရွာက အမှန်တကယ် အရည်အချင်းရှိ သူတွေကို ကျား၊မ မခွဲခြားဘဲ လေးစား တတ်ဖို့ အရေး ထပ်ဆင့်လုပ်ဆောင်ပေးစရာတွေ ရှိသေးပါလားလို့ တွေးမိရင်း သက်ပြင်းမောတွေ အသာချနေမိတယ်။

အပိုဒ် (ဆ) မှာ “ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်စွမ်းသူဖြစ်ခြင်း” နဲ့ (ဇ) “နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏ အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန်ဆန္ဒရှိသူဖြစ်ခြင်း” တို့ကလည်း စာမျက်နှာထက်မှာ အိပ်မောကျနေပါပြီ။

စေတနာထက်သန်စွာနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့အရေး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို လက်ရှိ မြောက်ဥက္ကလာမြို့နယ်၊ ရပ်ကွက် (င) က အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင်က ရင်ဖွင့်ထားပါတယ်။

“ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တာခြင်း အတူတူ အမျိုးသားအုပ်ချုပ်ရေးမှူးတွေကိုတော့ သင့်တော်တဲ့အလုပ်ကို လုပ်တယ်ဆိုပြီး အားပေးကြပေမယ့် အမျိုးသမီး အုပ်ချုပ်ရေးမှူးဆိုရင်တော့ အမျိုး သားတွေ တရုံးရုံးနဲ့ ထွက်သွားပြန်ပြီ၊ လုပ်နိုင်ပါ့မလားဆိုပြီး ဝေဖန်ကြပါတယ်။ အဲဒီအတွက် အမျိုးသမီး တယောက်ရဲ့ လုပ်ကိုင်နိုင်စွမ်းကို ရပ်ကွက်နေ လူထုတွေယုံကြည်လာအောင် ပိုကြိုးစားခဲ့ရသလို စိန်ခေါ်မှု တွေကလည်း ပိုများပါတယ်”

သူ့အတွေ့အကြုံတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရန်ကုန်မှာပြုလုပ်တဲ့ “မေတို့ကမ္ဘာ” ပွဲက အမျိုးသမီး အုပ်ချုပ်ရေးမှူးတွေ ဖွင့်ဟပြောဆိုခဲ့တာနဲ့ သိပ်ပြီး မကွာခြားပါဘူး။ အဲဒီအချိန်က အမျိုးသမီး အုပ်ချုပ်ရေးမှူးတဦးရဲ့ ရင်ဖွင့်သံကို ပြန်ကြားယောင်မိပါတယ်။

“ကျမက အမျိုးသမီးအုပ်ချုပ်ရေးမှူးပါ။ ကျမကတော့ ပေးအပ်တဲ့တာဝန်တွေကို စေတနာစိတ်အပြည့်နဲ့ကို လုပ်ပေးနေတာပါ။ တကယ်တမ်းက အမျိုးသမီးတွေဟာ နှစ်ဆပင်ပန်းတယ်။ ဒီအမျိုးသမီး ဒီတာဝန်တွေကိုု လုပ်နိုုင်ပါ့မလားဆိုပြီး စောင့်ကြည့်နေတဲ့သူတွေကို ရပ်ရွာအကျိုးအတွက် ငါတကယ်လုပ်နိုင်ပါတယ်ဆိုပြီး လုပ်ပြရသလို တပြိုင်တည်းမှာပဲ အိမ်ကအလုပ်တွေ မလစ်ဟင်းအောင် မိသားစုတွေ မငြိုငြင်အောင်လည်း လုပ်ပြရသေးတယ်။
အမျိုးသားအုပ်ချုပ်ရေးမှူးတွေ တပန်းသာတာက ရပ်ရွာအကျိုးလုပ်ရင် မိသားစုကိုပြန်မကြည့်နိုင်လည်း လူတွေက အပြစ်မပြောဘူး။ အရမ်းကို ချီးကျူးကြတယ်။ အမျိုးသမီးအုပ်ချုပ်ရေးမှူးကြတော့ သူတို့က မိသားစုအလုပ်ရော၊ ရပ်ရွာအလုပ်ရော လုပ်နိုင်ရမယ်လို့ မျှော်လင့်ထားကြတယ်။ ကျမတို့ အရမ်းကို ပင်ပန်းရပါတယ်။ ကိုယ့်ကျန်းမာရေးကိုလည်း ကိုယ်မှဂရုမစိုက်ရင် ဘယ်သူမှ ဂရုမစိုက်ပေးကြပါဘူး။ နောက်ပြီး ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို လူတွေမထိပါးအောင်လည်း ကာကွယ်ရသေးတယ်။ ကျမတို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ပတ်ဝန်းကျင်၊ နားလည်မှုပေးတဲ့ ပတ်ဝန်းကျင်နဲ့ မိသားစုရှိမှ ရပ်ရွာအကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မှာပါ။” တဲ့။

မြန်မာ့လူမှုအသိုင်းအဝိုင်းကြီးက အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေ နိုင်ငံတော်နဲ့ ရပ်ရွာဒေသအကျိုးကို စေတနာ စိတ်ရှိစွာနဲ့ တာဝန်ယူဆောင်ရွက်နိုင်ဖို့ ပံ့ပိုးမှုပေးနေတဲ့ အသိုင်းအဝိုင်းကြီး ဖြစ်နေပါရဲ့လား။ ရှေးရိုးစွဲ ခွဲခြားတဲ့ ထုံးစံတွေနဲ့ အမျိုးသမီးတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်နေဆဲလားဆိုတာကို ပြန်ဆန်းစစ် ကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

၂၀၁၆ ခုနှစ်မှာ ကယားပြည်နယ်(ကရင်နီပြည်နယ်) က အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဖိုရမ်မှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာနိုင်ဖို့ အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ ကြုံတုန်းလေးပြောရရင် အမျိုးသမီးဖိုရမ်တွေဆိုတာ ၂၀၁၂ နောက်ပိုင်းမှာမှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်တာပါ။

အရင်တုန်းကဆိုရင် အမျိုးသမီးထုတွေ စုစည်းဖို့အတွက် ခွင့်ပြုချက်ရဖို့ ခက်ခဲတာကတကြောင်း၊ အမျိုးသမီး အရေးတွေပြောရင် ဘာထူးမှာလဲဆိုတဲ့ အတွေးအခေါ်တွေက တကြောင်းနဲ့ မြေပြင်က အမျိုးသမီးတွေရဲ့ ခံစားချက်တွေကို စုစည်းဖို့နည်းလမ်း မနည်းကိုုရှာယူရတယ်။

အမှန်က အမျိုးသမီးထုတွေရဲ့အသံဟာ အမျိုးသမီးတွေရဲ့ အားမာန်ပါပဲ။ ဒီအသံတွေ ဒီအားမာန်တွေကို သက်ဆိုင်သူတွေဆီ အရောက်ပို့ပေးနိုင်ဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် ဥပဒေပြုသူတွေ၊ အုပ်ချုပ်သူတွေဆီကို အရောက်ပို့ပေးမှသာ အမျိုးသမီးအခွင့်အရေးနဲ့ ကျား၊မ တန်းတူညီမျှရေး ကိစ္စရပ်တွေကို အကောင်ထည်ဖော် လုုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ကယားပြည်နယ်(ကရင်နီပြည်နယ်) က အသံတခုကတော့ “ဖြစ်နိုင်မယ်ဆိုရင်လေ ဆယ်အိမ်မှူး၊ ရာအိမ်မှူး တွေအထိ အစိုးရက ထောက်ပံ့ပေးရင်ကောင်းမှာပဲ။ ကျနော်တို့ ဆီမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို ရပ်ကွက်က လူတွေက ဆန်လေး ဘာလေးပေးကြတယ်လေ။ ရပ်ကွက်အကျိူး လုပ်ပေးလို့ အခပေးတဲ့ သဘောပေါ့။ ခက်တာက အမျိုးသမီးဆယ်အိမ်မှူးဆိုရင် လူတွေက ဆန်သိပ်မပေးချင်ကြဘူး။ အဲဒီတော့ သူတို့အတွက် ခက်တာပေါ့။ ဆယ်အိမ်မှူး အတွေ့အကြုံမရှိရင် ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်ဖို့ခက်တယ်။ ရပ်ကွက်ထဲကလူတွေ အမျိုးသမီးတွေကို လေးစားတတ်ဖို့လည်း လိုသေးတယ်။ ဆရာမတို့ အများကြီးလုပ်ရအုံးမယ်” တဲ့။

ယေဘုယျအားဖြင့်ကြည့်ရင် ရပ်/ကျေး ရွေးကောက်ပွဲဥပဒေအရ ကျား၊မ မရွေးဝင်ပြိုင်ခွင့် တန်းတူရှိနေ ပေမယ့် မမြင်ရတဲ့ အတားအဆီးတွေဟာ ပါးပါးလေးနဲ့ ပိတ်ဆို့နေပါတယ်။ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင် စေဖို့ လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေလုပ်ပေးဖို့၊ စနစ်တွေကို ပြောင်းလဲပေးဖို့၊ လူတွေရဲ့အမျိုးသမီးအပေါ် ရှုမြင်တဲ့ သဘောထား ပြောင်းလဲအောင်လုပ်ဖို့ ဆိုပြီး လုပ်ရန်ရှိနေတဲ့ စာရင်းရှည်ကြီးကို ကြည့်ရင်း ဤခရီးနီးသလား ဆိုတာတွေးနေမိပါတယ်။

အမျိုးသမီး ဆွေးနွေးပွဲတွေတိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနှုန်းမြှင့်တင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးလေ့ရှိပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အခါတိုင်းမှာ လူတွေက လုံခြုံရေးကိစ္စရပ်များကို မီးမောင်းထိုးပြလေ့ ရှိတယ်တဲ့။ နယ်မြေက မလုံခြုံရတဲ့အထဲ အမျိုးသမီးပါလာရင် သူတို့လုံခြုံရေးကိုပါ ထည့်စဉ်းစားပေးရတာ အလုပ်ရှုပ်တယ်လို့ သတ်မှတ်ချက်တွေကြားထဲကပဲ ပဋိပက္ခဖြစ်ပွားရာဒေသဖြစ်တဲ့ ကရင်ပြည်နယ်မှာတော့ ရွာတွေမှာ အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေ အတော်များများရှိတယ်ဆိုတာကို အံ့သြခြင်းများစွာနဲ့ သိလိုက်ရတယ်။

“ပဋိပက္ခတွေဖြစ် တိုက်ပွဲတွေဖြစ်တော့ ရွာမှာ အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေ ချည်းဖြစ်ကုန်ရော။ ဒါကလည်း အမျိုးသမီးတွေကို နေရာပေးချင်လွန်းလို့မဟုတ်ဘူး။ အမျိုးသားအုပ်ချုပ်ရေးမှူးဆိုရင် နှစ်ဖက်လက်နက်ကိုင် တွေက တချိန်လုံးစစ်ဆေး မေးမြန်းတာတွေခံနေရတယ်။ ဟိုအဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်မဟုတ်လား ဆိုုပြီး ခြိမ်းခြောက်ခံရတယ်။ မတရားဖမ်းဆီး နှိပ်စက်ခံရတယ်။ အမျိုးသမီးတွေကိုုကျတော့ သူတိုု့ အဲဒီလောက်မလုပ်ရဲကြဘူးလေ” တဲ့။

ကရင်ပြည်နယ်က အမျိုးသမီးအုပ်ချုပ်ရေးမှူးတဦးက “ကျမတို့မှာ အုပ်ချုပ်ရေးမှူးအလုပ်လည်း လုပ်ရသေးတယ်။ ရပ်ရွာတည်ငြိမ်အောင် ဖွံ့ဖြိုးအောင်လည်း လုပ်ရသေးတယ်။ နှစ်ဖက်လက်နက်ကိုင်တွေ မေးရင်လည်း အစွန်းလွတ်အောင် ဖြေရသေးတယ်။ ဘယ်အချိန် ဘာကိစ္စနဲ့ အဖမ်းခံရမလဲဆိုတာကိုလည်း တွေးပူနေရသေးတယ်” လို့ပြောတယ်။

အခုလက်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရဲ့အရည်အချင်းသတ်မှတ်ချက် (ဋ) မှာ “လက်နက်ကိုင် အဖွဲ့အစည်းဝင် မဟုတ်ခြင်း၊ မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူမဟုတ်ခြင်း” ဆိုုတဲ့အချက်ကလည်း ပါဝင်နေပါတယ်။

အဲဒီတော့ အကောင်းမြင်ဝါဒကိုင်စွဲပြီး တွေးကြည့်ရရင်ဖြင့် ဒီတစ်ခါလည်း ပဋိပက္ခဖြစ်ပွားရာ ဒေသ တွေမှာ အမျိုးသမီး ရပ်/ကျေး အုုပ်ချုပ်ရေးမှူးတွေ များလာနိုင်ဖွယ်ရာ ရှိပါတယ်။ တကယ်တမ်းကတော့ ပဋိပက္ခဖြစ်ပွားရာ ဒေသမှာတင်မက မြန်မာနိုင်ငံအနှံ့မှာ အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အနည်းဆုံး ၃၀% ရှိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားဖို့လိုပါတယ်။ အဲဒီလိုနည်းမျိုးစုံနဲ့ကြိုးစားချက်တွေကို အထောက်အကူပြု ပံ့ပိုးပေးနိုင်မယ့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာစီမံကိန်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုုဒ် (၂၁) မှာ “လူတိုင်း မိမိတိုင်းပြည်၏ အစိုးရကိုု ဆန္ဒမဲဖြင့် ရွေးချယ်ပိုင်ခွင့်ရှိသည်” လို့ ပါရှိပါတယ်။

မြန်မာနိုင်ငံအစိုးရက လက်မှတ်ရေးထိုးထားတဲ့ စီဒေါစာချုပ်လို့ခေါ်တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်ထားမှုများ အားလုံးဖျက်သိမ်းရေး သဘောတူ စာချုပ်ပါ အပိုဒ် (၇) မှာ “အမျိုးသမီးများ မဲပေးခွင့် နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချရာတွင် ပါဝင်ခွင့်” တွေကို သာမက မြန်မာနိုင်ငံမှာရှိနေတဲ့ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃ – ၂၀၂၂) မှာပါရှိတဲ့ အဓိက လုပ်ငန်းနယ်ပယ် ၁၂ ရပ်ထဲက နယ်ပယ် ၇ မှာ အမျိုးသမီးများ နှင့် ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်များ ကို ထိရောက်စွာ အကောင်ထည်ဖော်နိုင်ဖို့ တတ်စွမ်းသ၍ ကြိုးစားကြရမှာပါ။

စာရေးသူ နန်းဖြူဖြူလင်းသည် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading