Women & Gender

အမျိုးသမီးအကြမ်းဖက်ခံရမှု သတင်းရေးရာတွင် ဂုဏ်သိက္ခာကို လေးစားရန် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးများနှင့် မိန်းကလေးငယ်တို့ အကြမ်းဖက် ဆက်ခံခြင်းအကြောင်း သတင်းရေးသားရာ၌ အမျိုးသမီးတို့၏ ဂုဏ်သိက္ခာအပေါ် စောင့်ရှောက်ကာကွယ် လေးစားကြရန် လိုအပ်သည်ဟု UNFPA Myanmar (United Nations Population Fund-Myanmar) က နိုဝင်ဘာ ၂၄ ရက်က တိုက်တွန်းကြေငြာလိုက်သည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာရှိ အမျိုးသမီးဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများက အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို နိုုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ နိုင်ငံအသီးသီး၌ ကမ်ပိန်းများ ဆောင်ရွက်လျက်ရှိရာ UNFPA Myanmar က အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်တိုက်တွန်းထားခြင်းဖြစ်သည်။

အချို့ သတင်းမီဒီယာများသည် အမျိုးသမီးများကို ခံရသည့်နေရာမှသာ ဖော်ပြနေကြကြောင်း၊ ရှင်သန်ရုန်းထွက်နို်င်သူ အမျိုးသမီးများ အဖြစ်လည်း ဖော်ပြသင့်ကြောင်း၊ မှုခင်းနှင့် ဆက်စပ်ဖော်ပြသည့် Gender Base Violence သတင်းများတွင်လည်း ခံရသူ အမျိုးသမီးများကို ၎င်းတို့၏ ဂုဏ်သိက္ခာအရ ကာကွယ်ပေးသင့်ကြောင်း မီဒီယာများနှင့် ပတ်သက်၍ သင်တန်းပေးနေသည့် ဒေါ်တင်ဇာအောင်က သုံးသပ်သည်။

မီဒီယာ သင်တန်းဆရာမ ဒေါ်တင်ဇာအောင် က “မကာကွယ်ပေးဘူး ဆိုလိုတာ မဟုတ်ပါဘူး။ တခါတရံမှာ ခံရတဲ့ အမျိုးသမီးကို မထည့်ပါဘူး။ ဒါပေမယ့် လမ်းထည့်တယ်၊ ဘယ်ဆိုင်ရဲ့ အိမ်ရှေ့က ဆိုတာမျိုး ထည့်လိုက်တဲ့ အခါမှှာ ဖော်ပြပြီးသား ဖြစ်သွားပါတယ်။ နောက်တခု ကျူးလွန်သူနဲ့ ခံရသူက ဆက်စပ် နေရင် ဘယ်လို ပုံစံမျိုးက အသင့်တော်ဆုံးလဲဆိုတာ စဉ်းစားသင့်ပါတယ်။ ဥပမာ ကျူးလွန်သူက အဖေ သို့မဟုတ် ဆွေမျိုးတော်စပ်သူ တဦးဦး ဆိုပါတော့ အဲဒီမှာ အဖေ ပုံ ပါတယ်။ သမီး နာမည် မထည့်ဘူး ဒါပေမယ့် ဒါဟာ ပါဝင်ပြီးသား ဖြစ်နေပြီ။ အဲဒါမျိုးတွေမှာ သတိထားသင့်တယ် ထင်ပါတယ်” ဟု ရှင်းပြသည်။

တချိန်တည်းမှာပင် သတင်းသမားများအနေဖြင့် ကျား၊ မ ကဏ္ဍ ခွဲခြားဆက်ဆံ အကြမ်းဖက်ခြင်း ခံခဲ့ကြရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် လေးစားမှုပြရန် တာဝန်ရှိသည် ဟု ယင်းတိုက်တွန်းစာက ဖော်ပြသည်။

အကြမ်းဖက်ခံခဲ့ရသည့် အမျိုးသမီးတဦးအကြောင်း သတင်းရေးသားဖော်ပြခြင်းသည် ထိုအမျိုးသမီးအပေါ် လက်တုံ့ပြန် အကြမ်းဖက်ခြင်းများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ နေထိုင်ရာ လူမှုအသိုက်အဝန်း အတွင်းတွင် လည်း ခွဲခြားဆက်ဆံခြင်း ခံရနိုင်စေသည့်အတွက် အကြမ်းဖက်ခြင်း ခံခဲ့ရသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ပုဂ္ဂလိက အခွင့်အရေးကို လေးစားကာ သူတို့ မည်သူ မည်ဝါ ဖြစ်သည်ကို မဖော်ပြဘဲ ထားရှိခြင်းသည် စာနယ်ဇင်းသမားတို့အတွက် အဓိကကျသော ကျင့်ဝတ်တခု ဖြစ်ကြောင်း သိရသည်။

ကျား၊ မ ခွဲခြားဆက်ဆံမှုကြောင့် ဖြစ်ပေါ်လာရသည့် အကြမ်းဖက်မှုများကို မီဒီယာများတွင် ဖော်ပြခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုနှင့် တရားမျှတခြင်းများကို ဆောင်ကြဉ်းပေးနိုင်သကဲ့သို့ တဖက်တွင်လည်း ယခုလို သတင်းဖော်ပြခြင်းများသည် အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ရှိရင်းစွဲ အဆိုးဖက်က ရှုမြင်တတ်မှုများနှင့် အယူအဆအမှားများကိုပါ ပိုမိုအားကောင်းစေတတ်သည်ကိုလည်း တွေ့မြင်ရတတ်ကြောင်း UNFPA က သုံးသပ်ထားသည်။

မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့က အမှုဆောင်ကော်မတီဝင် ဒေါ်ဇင်မာလာဌေး ကလည်း “အထူးသဖြင့် အကြမ်းဖက် ဆက်ဆံခံရတဲ့ ကြားက အောင်မြင်လာတဲ့ သူတွေရဲ့ ဇာတ်လမ်းတွေကို ပိုရေးစေချင်တယ်။ အဲဒါမှ ခံရတဲ့ မိန်းကလေးတွေဖက်က အားငယ်တာမျိုး၊ ဘဝကို အရှုံးပေးတာမျိုး၊ အောင်မြင်မှုအတွက် မမျှော်မှန်းရဲတာမျိုးတွေ ပပျောက်ပြီး အောင်မြင်အောင် ကြိုးစားနိုင်မယ်လို့ ကျမ ယုံကြည်တယ်။ သတင်းရေးတဲ့အခါမှာလည်း အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးတွေအပေါ် အပြစ်မြင်စေမယ့် အရေးအသားမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်” ဟု ပြောသည်။

ကျား၊ မခွဲခြား အကြမ်းဖက် ဆက်ဆံခြင်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စီးပွားရေးအရ ထိခိုက်နစ်နာစေခြင်းနှင့် အမျိုးသမီးဖြစ်နေခြင်းကြောင့် ခွဲခြားဆက်ဆံခြင်းတို့ကို ဆိုလိုခြင်းဖြစ်ကြောင်း သိရသည်။

UNFPA တိုက်တွန်းစာတွင် မီဒီယာကျင့်ဝတ် ဖောက်ဖျက်မှုကြောင့် သတင်းရင်းဖြစ်များ ထိခိုက်မှု မရှှိရန်မှာ စာနယ်ဇင်း သမားတို့တွင် တာဝန်ရှိပြီး သတင်းသမားများအနေဖြင့် သတင်းရင်းမြစ်များ၏ အချက်အလက် များကို မဖော်ပြဘဲ ထားရှိခြင်းဖြင့် ကာကွယ်စောင့်ရှောက်ပေးနိုင်သည်ဟု ဆိုထားသည်။

မြန်မာသတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က “မီဒီယာကောင်စီကိုု နစ်နာသူ သို့မဟုတ် နစ်နာသူရဲ့မိသားစုု စသဖြင့် တိုုင်ကြားလိုု့ရပါတယ်။ သတင်းမီဒီယာ ကျင့်ဝတ်နဲ့ မညီညွတ်တဲ့အတွက် အရေးယူဆောင်ရွက်ပေးဖိုု့ တိုုင်ကြားနိုုင်ပါတယ်။ အကယ်၍ ကျင့်ဝတ်နဲ့မညီညွတ်တာ တွေ့ရှိရင် သက်ဆိုုင်ရာမီဒီယာကိုု ကောင်စီအနေနဲ့ ဆောင်ရွက်သင့်တာတွေကိုု တိုုက်တွန်းပါမယ်” ဟု ပြောသည်။

ကျား၊ မ ကဏ္ဍ အကြမ်းဖက်မှုများကို သတင်းရေးသားရာတွင် အချက်အလက်များ တိကျခိုင်မာရမည်ဖြစ်ပြီး မိမိထင်မြင်ချက်များကို ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ကာ မှန်ကန်သော ကျင့်ဝတ်နှင့် ညီသည့် သတင်းရေးသားမှုများ ပျံ့နှံ့ထွန်းကားအောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များကို စောင့်ရှောက်ကာကွယ်ခြင်းဖြင့် လေးစားမှု ပြကြရန် UNFPA က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်တွန်းချက်အား ထုတ်ပြန်သည့် UNFPA Myanmar သည် မြန်မာနိုင်ငံတွင် ကျန်းမာရေးရာကိစ္စရပ်များ၊ သန်းခေါင်စာရင်း အချက်အလက်ရေးရာ ကိစ္စရပ်များ၊ လူငယ်ရေးရာကဏ္ဍ၊ ကျား၊ မ တန်းတူညီမျှရေးနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှု ကိစ္စရပ်များကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading