Women & Gender

အမျိုးသမီးတွေ ရှေ့တန်းထွက်လာပြီး အုပ်ချုပ်ရေးပိုင်းမှာပါ တာဝန်ယူနိုင်အောင် ကြိုးစားမယ်

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပြီးနောက် လွှတ်တော်တွင်း အမျိုးသမီးပါဝင်မှုနှုန်း ပိုမိုလာသလို ရပ်ကျေးအဆင့် အမျိုးသမီးအုပ်ချုပ်ရေးမှူးများလည်း ပါဝင်မှု ရာခိုင်နှုန်း ပိုများလာသည်။ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးအသံများအပါအဝင် ပါတီအကျိုးပြုလုပ်ငန်းများလည်း လုပ်ဆောင်မည် ဟုဆိုကာ NLD ပါတီက ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ကို အမျိုးသမီးအဖွဲ့ဝင် ၁၁ ဦးဖြင့် ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်က ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့သည် ပြည်သူ့အကျိုးပြုလုပ်ငန်း၊ ပါတီစည်းရုံးရေးနှင့် အောင်နိုင်ရေး ကိစ္စ များကို အဓိကလုပ်ဆောင်သွားမည်ဟု သိရပြီး အမျိုးသမီးရေးနှင့် ပတ်သက်သည့် ကိစ္စများကို လုပ်ဆောင် လျက် ရှိသည်။ သို့ဖြစ်ရာ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့၏ လုပ်ဆောင်ချက်များ၊ အမျိုးသမီးများအခွင့်အရေး၊ အသံ နှင့် အုပ်ချုပ်ရေး၊ ဥပဒေရေးဆွဲရေးကိစ္စများအပေါ် NLD ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်ကို ဧရာဝတီ သတင်းဌာန သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ NLD ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က စတင်ဖွဲ့စည်းခဲ့တာ ၂ လနီးပါး ရှိပြီဆိုတော့ ဒီကာလ အတွင်းမှာ ဘယ်လိုကိစ္စတွေကို စတင်လုပ်ဆောင်ဖြစ်ပါသလဲရှင်။

ဖြေ။ ။ ဒီအဖွဲ့က သြဂုတ် ၂၁ မှာ စဖွဲ့တယ်ဆိုပေမယ့် အရင်တုန်းကလည်း ရှိခဲ့တယ်။ အစိုးရသစ်လက်ထက်မှာ လိုအပ်ချက်အရ ၁၁ ယောက်နဲ့ ပြန်လည်ဖွဲ့စည်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းကို အရင်ဆုံး သွားတယ်။ ကျမတို့ အနေနဲ့ ပထမဆုံးအဖြစ် ကချင်ပြည်နယ်ဘက်က မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် စစ်ရှောင်စခန်း တွေကို သွားခဲ့တယ်။ အဲဒီမှာဆိုရင် အမျိုးသမီးတွေနဲ့ ကလေးတွေသည် ဒုက္ခအရောက်ဆုံးပဲ။ အဲဒီမှာ အပိုင်း ၃ ပိုင်း တွေ့ရတယ်။ အဆင်ပြေတဲ့စခန်းရှိသလို၊ မပြေတဲ့စခန်းလည်း ရှိတယ်။ ဘာကို အဆင်ပြေလဲဆိုတော့ ခရစ် ယာန်အသင်းတွေက ထိန်းချုပ်ထားတဲ့ စခန်းတွေက အဆင်ပြေတယ်။ အဆင်ပြေတယ်ဆိုတာက အဲဒီမှာ အလုပ်အကိုင်တွေရှာထားပေးတာမျိုး တွေ့ရတယ်။ မိုးညှင်းဘက်က ကျတော့ အဆင်မပြေဘူး။

မေး။ ။ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေ ကလေးတွေ ဒုက္ခရောက်တယ်။ ပြီးတော့ သူတို့အတွက် စိုးရိမ်နေတဲ့ကိစ္စမျိုးတွေရော အန်တီတို့ ကြားခဲ့ရတာ ရှိလား။

ဖြေ။ ။ သူတို့စိုးရိမ်တာက ၂ ချက်ရှိတယ်။ စခန်းမှာရောက်နေတာ ၆နှစ်ကျော်ပြီး။ တောင်ယာတွေ ပစ်ထား ခဲ့ရတော့ အဲဒါတွေ ဆုံးရှုံးမှာကြောက်တယ်။ နောက်တချက်ကတော့ မြေမြှုပ်မိုင်းတွေ ရှိနေတော့ မပြန်ရဲ သေးဘူး။ အဲဒါကို အဖြေပေးခဲ့တာကတော့ ကိုယ့်ရဲ့ လယ်ယာဆုံးရှုံးတာရှိရင် သက်ဆိုင်ရာကို ပြန်ပြောရင် ပြန်ရအောင်လုပ်ပေးနိုင်တာပေါ့။ မြေမြှုပ်မိုင်းကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းထဲမှာရှိတော့ သူလုပ်ပေးချင်စိတ်ရှိနေတယ်။ အချိန်တော့ယူရတယ်။ ၂၇ ရက်နေ့က ရခိုင်၊ ဘူးသီးတောင်၊ မောင်တော သွားမယ်။ ဒုက္ခသည်တွေက စခန်းတွေကနေ ပြန်သွားပြီ။ ပြန်လည်တည်ဆောက်ရေးမှာ မောင်တောနားက တိုင်းရင်းသားကျေးရွာမှာ ဆေးပေးခန်းတခုလုပ်ဖို့ ရှိမယ်။

မေး။ ။ ဗဟိုအဖွဲ့အောက်ကနေ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်အဆင့်ဆိုပြီး အမျိုးသမီးအဖွဲ့တွေ ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ အဲဒါကရော ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ပါတီညီလာခံလုပ်တော့ အရွေးမခံရတဲ့ အမျိုးသမီးတွေ အများကြီး ကျန်ခဲ့တယ်။ အဲဒီ အမျိုးသမီးတွေဟာ စိတ်ဓာတ်မကျပဲ အခုထိ ပါနေတာဖြစ်တဲ့အတွက် အန်တီတို့ ပြန်ရွေးမယ်။ အသက် မကန့်သတ်ဘူး။ ပညာအရည်အချင်း မကန့်သတ်ဘူး။ ယခင်က အမျိုးသမီးလုပ်ငန်းလုပ်ခဲ့ဖူးသူ၊ အမျိုးသမီး ကိစ္စကို လုပ်ဆောင်ရန် ဆန္ဒရှိသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပေးအပ်တဲ့တာဝန်များကို ထမ်းဆောင်နိုင်ရန် ဆိုပြီးတော့ပါ။ မြို့နယ်တွေမှာ အမျိုးသမီးတွေကို ချန်ထားမှာ စိုးရိမ်လို့ အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားရမယ်ဆိုပြီး ဖိတ်စာလုပ်ပါမယ်။ ညီလာခံတော့မလုပ်ဘူး။ ရပ်ကျေးအဆင့်ကို ဇန်နဝါရီ၊ မြို့နယ်ကို ဖေဖော်ဝါရီ၊ ခရိုင်အဆင့်ကို မတ် ၃၁ ရက် အပြီး ဖွဲ့စည်းဖို့ ဆိုပြီး စီစဉ်ထားတယ်။ ပြည်နယ်၊ တိုင်း အဆင့်ရောက်တဲ့အခါ ဗဟိုလုပ်ငန်းအဖွဲ့ကိုယ်တိုင် ဆင်းပြီး ဖွဲ့စည်းပေးမယ်။

မေး။ အန်တီက အမျိုးသမီး ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်တယ်ဆိုတော့ လွှတ်တော်တွင်းမှာရော အမျိုးသမီးအရေးနဲ့ ပတ်သက်တဲ့ ဥပဒေပြုရေးကိစ္စတွေကိုရော ဘယ်လိုများ လုပ်ဆောင်ဖို့ စဉ်းစားနေတာ ရှိပါသလဲ။

ဖြေ။ ဒါကတော့ လွှတ်တော်ဘက် အပိုင်း ဖြစ်သွားပြီ။ လောလောဆယ်တော့ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးဥပဒေပေါ့။ အဲဒါက လုပ်နေတာ ၃ နှစ် ကျော်ပြီ။ အခုထိ လွှတ်တော်ထဲ မရောက်သေးဘူး ဆိုတော့ အဲဒါလုပ်နေတာ ရှိတယ်။ အမျိုးသမီးနှင့်ကလေးကာကွယ်စောင့်ရှောက်ရေးကော်မတီက ပြည်သူ့ လွှတ်တော်မှာ မရှိသေးဘူး။ အမျိုးသားလွှတ်တေ်ာမှာရှိတယ်။ အကောင်အထည် အမြန်ဆုံး ပေါ်အောင် လုပ်ဖို့ရှိတယ်။ နောက်ပြီးတော့ CRC လို့ခေါ်တဲ့ Child right, ကလေးသူငယ် ဥပဒေကို ပြင်နေတယ်။ အမျိုးသမီး ကလေးတွေလည်း ရှိနေတာကိုး။ ပြင်နေတာ တချို့တဝက်တော့ ရောက်နေပြီ။ ပထမဆုံးကတော့ အသက်ပေါ့။ နိုင်ငံတကာမှာ ကန့်သတ်ချက်က ၁၈ နှစ်၊ ဒီမှာက ၁၆ နှစ်ဖြစ်နေတယ်။ ဒါတွေကို လွှတ်တော်မှာ ကြိုးစားနေတာပေါ့။

မေး။ လက်ရှိအစိုးရသက်တမ်းမှာ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အပေါ်မှာရော ဘယ်လို ထင်မြင်ပါသလဲ။

ဖြေ။ ။ အရင်လွှတ်တော် သက်တမ်းတုန်းကဆို အမျိုးသမီးပါဝင်နှုန်းက ၃ ဒသမ ၈ ရာခိုင်နှုန်းပဲရှိတယ်။ အခု အစိုးရ သက်တမ်းမှာ တိုးလာပြီဆိုပေမယ့် ဒါလည်း အများကြီး နည်းသေးတယ်။ CEDAW နဲ့ UN ဆုံးဖြတ်ချက် အရ ၃၀ ရာခိုင်နှုန်း ပါရမယ်ဆိုတာ ပါတယ်။ အန်တီတို့ ပါတီကတော့ ကိုတာ စနစ်ကို မကျင့်သုံးဘူး။ ရွေး ကောက်ပွဲ ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့အခါမှာ အရည်အချင်း ခြင်းတူရင် အမျိုးသမီးကို ဦးစားပေးရ မယ်ဆိုတော့ ပါတီအားလုံးထဲမှာ NLD ကနေ တဆင့် လွှတ်တော်ထဲ ရောက်တဲ့ အမျိုးသမီးက အများဆုံးပဲ။

မေး။ ။ တချို့အမျိုးသမီးတွေကိုယ်တိုင်က ရှေ့တန်းထွက်ပြီး လုပ်ဆောင်ဖို့ စိုးရိမ်ကြောင့်ကြနေတာတွေ ရှိတယ်။ ဘယ်လိုသုံးသပ်ချင်ပါသလဲရှင်။

ဖြေ။ ။ အမျိုးသမီးထုထဲက တချို့ကကြောက်ကြတယ်။ ရှေ့တန်းကို မထွက်ကြဘူး။ တချို့ကြတော့လည်း အမျိုးသားကို ဦးစားပေးကြတာပေါ့။ ဒါတွေရှိနေတဲ့အခါကျတော့ အမျိုးသမီးတွေကို အရှေ့ထွက်လာဖို့ စည်းရုံးရမှာ။ ထွက်လာမှ အရှေ့ရောက်လာမှ ရွေးကောက်ပွဲဝင်ဖို့အထိ အပေါ်ထိ ရောက်လာမှာလေ။ အရင်ကဆို အမျိုးသမီး အုပ်ချုပ်ရေးမှူး မရှိဘူး။ အခုဆို ၈၇ ယောက်ရှိပြီ။ ဒါက အုပ်ချုပ်ရေးပိုင်းပေါ့။ လွှတ်တော်ပိုင်းကလည်း ထွက်လာဖို့ စည်းရုံးဖို့ရှိတယ်။ ရည်ရွယ်ချက်အတိုင်း သွားမယ်။ အမျိုးသမီးတွေ လွှတ်တော်တွေကတဆင့် ရှေ့တန်းထွက်လာပြီး တိုင်းပြည်ရဲ့ ဥပဒေရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးပိုင်းမှာပါ တာဝန်ယူလာနိုင်အောင် ကြိုးစားမယ်လို့ ရည်ရွယ်ချက်ထား ထားပါတယ်။

မေး။ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ ဥပဒေတွေ လွှတ်တော်ထဲ ရောက်ရှိဖို့၊ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ကိစ္စတွေရော ကြိုးပမ်းနေတာမျိုး ရှိပါလား

ဖြေ။ ။ အမျိုးသမီးများအကြမ်းဖက်မှု ဥပဒေ ဆိုရင် ၃ နှစ်ထက် မနည်းတော့ဘူး လုပ်နေတာ အရမ်းကြာနေပြီ။ နောက်ပြီးတော့ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေတွေ အပါအဝင် အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ကိစ္စတွေ ပြန်လည် ဖော်ထုတ်ဖို့ရှိတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ညှိနေတယ်ကြားတယ်။ ဒါပေမယ့် ညှိနှိုင်းနေတာထက် လွှတ်တော်ထဲ အမြန်ရောက်လာဖို့ လိုတယ်။ ဥပဒေကြမ်းက လွှတ်တော်ထဲ ရောက်လာ ပြီဆိုရင် ပထမဆုံး ဥပဒေကြမ်းအဖွဲ့ကနေ ဆွေးနွေးလို့ရတယ်။ ထပ်ထည့်ပေးချင်တဲ့အချက်ကို ထပ်ဆွေး နွေးမယ်။ အမြန်ဆုံး ဖော်ဆောင်ဖို့လိုတယ်။ လွှတ်တော်ထဲ အမြန်ဆုံးတင်နိုင်အောင် လုပ်ဖို့ရှိတယ်။

မေး။ ။ တချို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေ လွှတ်တော်တွင်းရောက်သွားမှ လှုပ်ရှားမှု နည်းသွားတယ်။ အမျိုးသမီးအသံတွေ လွှတ်တော်ထဲနည်းနေလို့ အားမရဘူးဆိုပြီး ဝေဖန်သုံးသပ်မှုတွေအပေါ်ရော ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒါက သက်ဆိုင်ရာပါတီတွေ ပေါ်မှာလည်း မူတည်တယ်။ ပေါ်လစီချဖို့ လိုတယ်။ ကိုယ့်ပါတီတွင်းမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ များများ ပါဖို့လိုတယ်။ ပါတီရဲ့ မူဝါဒက အမျိုးသမီးတွေကို ဦးစားပေးတဲ့ မူဝါဒမျိုး ချမှတ်ပေးဖို့ လိုပါတယ်။ အမျိုးသမီးတွေကလည်း ဦးစားပေးမယ်ဆိုပြီးတော့ ကိုယ့်အရည်အသွေး ကိုလည်း ကိုယ်တိုင် မြှင့်တင်ရမယ်။ ဒါကြောင့် အန်တီတို့က ရပ်ကျေးအဆင့် အဖွဲ့တွေထိ ဖွဲ့စည်းပြီး အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွေပေးမယ်။ ပင်ကိုယ်အရည်အချင်းကလည်း အရေးကြီးတယ်။ ဒါမှ အမျိုးသမီးအသံတွေက ထွက်လာမှာ။

မေး ။ အခုနောက်ပိုင်းက ကျား၊ မတန်းတူညီမျှရေး ကိစ္စတွေကို ပိုပြီးပြောလာကြတယ်။ နောက်ပြီးတော့ ဥပဒေပြုရေးကိစ္စတွေပေါ့။ အဲဒီလို အခွင့်အရေး ရရှိရေး လှုပ်ရှားမှုတွေဘက်ကရော ဘာတွေ လုပ်ဆောင် သင့်တယ်လို့ အကြံပြုချင်ပါသလဲ။

ဖြေး ။ ။ အခုကတော့ ကြိုးစားရအုံးမယ်။ ပညာရေးဘက်မှာတော့ တိုးတက်လာတယ်။ အခုဆို အမျိုးသမီး အမှတ်က မြင့်တယ်။ အမျိုးသားက နိမ့်တယ်။ လုပ်ခလစာက အစ ကွာတာတွေ ရှိတယ်။ အမျိုးသမီးတွေက ကိုယ်တိုင် မြှင့်တင်ရမှာ။ Activist အများစုက နိုင်ငံတကာ စံနဲ့ တိုင်းပြီး ပြောကြတယ်။ အန်တီ့အမြင်အနေနဲ့ ဒါသည် မှားတယ်မပြောဘူး။ ဒါပေမယ့် ကိုယ့်တိုင်းပြည် အခြေအနေနဲ့တိုင်းပြီး လုပ်ရမှာ။ နိုင်ငံတကာမှာက ၃၀ ရာခိုင်နှုန်းလို့ ပြောပေမယ့် ဇွတ်ထည့်လို့ မဖြစ်ဘူး။ ငြိမ်းချမ်းရေးမှာလည်း ၃၀ ရာခိုင်နှုန်းပြောထားပေမယ့် နည်းနေသေးတယ်။ များအောင် ဘယ်လိုလုပ်မလဲဆိုတာ ကြိုးစားရမယ်။ ကိုယ်တိုင် အရည်အချင်း တိုးတက်အောင် လုပ်ရမယ်။ မြန်မာပြည်မှာ အမျိုးသမီးက ၅၁ ရာခိုင်နှုန်းရှိတာ။ ကိုတာစနစ်ကြောင့် ရတယ်ဆိုတာကြီးက ၃၀ ရာခိုင်နှုန်း ပါဝင်ရေး အော်တာက နိုင်ငံတကာ စံနဲ့ပြောတာ။ အန်တီတို့ကတော့ ရပ်ကျေးက အမျိုးသမီးတွေကို ဆွဲထုတ်မယ်။ စွမ်းရည်မြှင့်တင်နိုင်အောင် လုပ်ပေးမယ်။ ဒါတွေကို လုပ်နိုင်ရင်တော့ ၂၀၂၀ ခုနှစ် မှာ အမျိုးသမီးကိုယ်စားလှယ်တွေ ပိုပြီးများလာနိုင်ပါတယ်။

မေး ။။ ရှေးရိုးစွဲ အယူအဆတွေလည်း ရှိနေတော့ တချို့ကိစ္စတွေက လုပ်ကိုင်ရ လွယ်ကူပါ့မလား။

ဖြေ။ ။ ဒီလို အယူအဆတွေက တိုင်းရင်းသားဒေသမှာ ပိုရှိတယ်။ အောက်မြန်မာပြည်မှာတော့ နည်းနိုင်တယ်။ တချို့ဆို ရှေးရိုးစွဲဆိုတာကို မကျော်နိုင်တာ ရှိတယ်။ တိုင်းရင်းသားပါတီတွေလည်း အများကြီးပေါ်လာတော့ သူတို့လုပ်ပေးနိုင်မယ်။ တိုင်းရင်းသားဒေသတွေမှာ အန်တီတို့ထက်စာရင် သူတို့ဒေသရဲ့ အဖွဲ့အစည်းကိုပဲ လက်ခံတော့ ရှေးရိုးစွဲတွေ ပျောက်အောင် လုပ်ပေးနိုင်ရင်တော့ ကောင်းတယ်။ အခုဆို မွန်ပြည်နယ်ဆိုလည်း သူတို့ စပြီး လုပ်တာကို လက်မခံကြဘူး။ အရမ်းကို ယုံကြည်မှု လွန်ကဲနေတာလေ။ အမျိုးသမီးထုဆိုတာထက် ရွာမှာရှိတဲ့သူတွေကိုတောင် ပညာပေးရမယ်။ မဖြစ်သင့်ဘူး။ ယုံကြည်မှု လွန်ကဲပြီးဖြစ်တာကိုး။ ဟောပြောပွဲ၊ တွေ့ဆုံပွဲတွေလုပ်ပြီး ဒါတွေကို သူတို့လက်ခံအောင် လုပ်ပေးရမယ်။ ကျေးရွာမပြောနဲ့ မြို့နဲ့နီးတာတောင် ဖြစ်နေတာမို့ ပညာပေးအစီအစဉ်တွေ လုပ်ဖို့ရှိတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading