Women & Gender

အမျိုးသမီးတွေ ကိုယ်တိုင်က ခွဲခြားနှိမ်ချ ဆက်ဆံတာကို လက်မခံပါနဲ့

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကြီးပေါ်က လူသားတွေမှာ အမျိုးသားနဲ့ အမျိုးသမီးရယ်လို့ပဲ ရှိရာမှာ ကျားမ ကွဲပြားမှုအပေါ်မှာ ပုံသေကားကျ ယူဆချက်တွေ အမြင်ကနေ ဖောက်မထွက်နိုင်သေးတာ တွေ့ရပါတယ်။ ကျမတို့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးဆိုရင် အားနွဲ့သူ၊ မှီခိုသူ၊ ယောက်ျားတွေထက် တဆင့်နိမ့်သူဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ အမျိုးသမီးတွေရဲ့ ရှင်သန်ခွင့်၊ အလုပ်အကိုင် အခွင့်အလမ်း၊ ဦးဆောင်မှု စတာတွေအပေါ် ကန့်သတ်မှုတွေ ရှိနေသမျှ အဲဒီလူ့အဖွဲ့အစည်းဟာ တိုးတက်မှု အပြည့်အ၀ မရနိုင်ပါဘူး။

မိန်းကလေးတွေဟာ စတင်မွေးဖွားလာကတည်းက တခြားသူတွေရဲ့ တံဆိပ်ကပ်မှုကို ခံရပါတယ်။ မိခင်တယောက်က ယောက်ျားလေးပဲ မွေးမယ်၊ မိန်းကလေးပဲ မွေးမယ်လို့ ရွေးချယ်လို့ မရနိုင်မှန်းသိပါလျက်နဲ့ မိန်းကလေးဆို မလိုလားဟန်ပြတာ၊ ယောက်ျားလေးဆိုရင် ဝိုင်းပြီး သဘောကျတယ်၊ အဖိုးတန်တယ်ဆိုတဲ့ စကားတွေ ပြောကြပါတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး နှိမ်ချမှန်းမသိ နှိမ်ချတဲ့ စကားတွေ၊ အပြုအမူတွေကလည်း ကျမတို့ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတာကို ရှက်ရကောင်းမှန်း မသိကြပါဘူး။

မိန်းကလေးဆိုရင် ခြေတလှမ်း ကုဋေတသန်း တန်တယ်ဆိုပြီး လမ်းလျှောက်တာကအစ နှေးကွေးအောင် ပြောဆိုတာမျိုးပါ။ ညဘက်အပြင်ထွက်ရင် မိန်းမကောင်း မဟုတ်ဘူးဆိုပြီး တံဆိပ်ကပ်ကြတာတွေလည်း ရှိပါတယ်။ မိသားစုတခုမှာ မောင်နှမတွေထဲ ယောက်ျားလေးတွေက မိန်းကလေးတွေထက် ပိုပြီး ဦးစားပေး ခံရပါတယ်။ ပညာရေးနဲ့ ပတ်သက်လာရင် ကျောင်းထွက်ရဖို့ အခြေအနေတခု ဖန်တီးလာရင် မိန်းကလေးကိုပဲ မိဘတွေက ကျောင်းထွက်ခိုင်းတဲ့အထိ ခွဲခြားဆက်ဆံ ခံရသလို ပညာသင်ယူခွင့်ပါ ဆုံးရှုံးရပါတယ်။

မောင်နှမတွေထဲမှာ မိန်းကလေးဖြစ်လို့ ခွဲခြားဆက်ဆံခံရတာဟာ အိမ်ထောင်ကျတဲ့အထိ ပုံသေကားကျ အယူအဆတွေနဲ့ အိမ်ရှင်မတယောက်ကို သိသိသာသာရော မသိလိုက် မသိဘာသာ ခွဲခြားဆက်ဆံမှုဆီ တွန်းပို့နေပါတယ်။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေရဲ့ ဝင်ခွင့်အမှတ်မှာ မိန်းကလေးအမှတ်ကို မြှင့်ထားတာကလည်း လုံး၀ မဖြစ်သင့်တဲ့ကိစ္စပါ။ အိမ်ထောင်ကျပြီးလို့ ကျောင်းတက်ရင် ဇနီးသည်ကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုတဲ့ ခင်ပွန်းသည်တွေရှိပေမယ့် အရေအတွက်အားဖြင့် အလွန်နည်းပါး ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသမီးတွေအတွက် လမ်းဖွင့်ထားတဲ့ ပတ်ဝန်းကျင်ဖန်တီးဖို့ ပြောကြားခဲ့တာပါ။ “အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး မြတ်တယ်လို့ ယူဆကြတာတွေ ရှိပါတယ်။ ကျမအနေနဲ့ လက်မခံနိုင်တဲ့ မြန်မာဆိုရိုးစကားတခွန်း ရှိပါတယ်။ ‘သားကို သခင်၊ လင်ကို ဘုရား’ ဆိုတဲ့ ဆိုရိုးစကားပါပဲ။ ဒါကို ကျမအနေနဲ့ သဘောမတူနိုင်သလို အမျိုးသမီးတွေကလည်း သဘောတူမယ်လို့မထင်ပါဘူး” တဲ့။

သူ ပြောသလိုပါပဲ… ဂုဏ်သိက္ခာရှိရှိ၊ တန်ဖိုးရှိရှိ နေထိုင်နိုင်သူတွေသာ မြင့်မြတ်တာမို့ ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းပေါ်မှာ မူ မတည်ပါဘူး။

ယောက်ျားတွေက ပိုပြီး မြင့်မြတ်တယ်ဆိုတဲ့ အယူအဆကို တချို့ မိန်းမတွေကတော့ လက်ခံထားနေတုန်းဆိုတာ စိတ်မကောင်းစရာ တွေ့မြင်နေရပါတယ်။ ယောက်ျားထက်စောပြီး အိပ်ရာထရမယ်၊ ယောက်ျားထက် နောက်ကျပြီးမှ အိပ်ရမယ်၊ တချို့နေရာတွေမှာ အမြင့်ကို မိန်းမတွေမတက်ရဘူး၊ စားဦးစားဖျားကို ယောက်ျားကို အရင်ကျွေးရမယ်ဆိုတဲ့ အယူအဆတွေပါ။

ဒါပေမယ့် ခင်ပွန်းသည်လုပ်သူက ကောင်းကောင်းမွန်မွန် ရှာဖွေကျွေးမေးခြင်းလည်း မရှိ၊ အရက်ကလေး တမြမြ၊ လောင်းကစားလည်း ဝါသနာပါနေသူဆိုရင် သူက မိန်းမသားထက်သာပြီး မြင့်မြတ်တယ်လို့  ပြောလို့ဘယ်လိုမှ မရပါဘူး။ မိန်းမ ဖြစ်သူကို အသားပါနာအောင် နှိပ်စက်နေသူ၊ အိမ်ထောင့်တာဝန် မကျေပွန်သူဆိုရင် စိတ်ဓာတ်ရေးရာ အောက်တန်းကျတဲ့ ယောက်ျားဆိုတာ သေချာနေပါပြီ။

တကယ်တော့ မြင့်မြတ်ခြင်းမှာ ယောက်ျား၊ မိန်းမ ခွဲခြားမထားပါဘူး။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မြင့်မြတ်တဲ့ တွေးခေါ် မြော်မြင်မှုနဲ့ လှုပ်ရှားဆောင်ရွက်မှု ရှိသူကသာ မြင့်မြတ်သူဖြစ်မှာပါ။ ခေတ်ရဲ့ အနေအထားအရ ဇနီးရော ခင်ပွန်းပါ မိသားစုအတွက် ဝင်ငွေရအောင် အပြင်ထွက်ပြီး အလုပ် လုပ်ရပါတယ်။ ခင်ပွန်းသည် ရှာဖွေရလာတဲ့ငွေကို ဇနီးသည် လက်ထဲအပ်နှံရုံနဲ့ ပြီးပေမယ့် ဇနီးသည်ကတော့ များမြောင်လှတဲ့ အိမ်မှုကိစ္စတွေ ကို သိမ်းကျုံးလုပ်ရပါတယ်။ ပိုက်ဆံမရပေမယ့် အိမ်အလုပ် လုပ်ရတာ ဘယ်လောက်အထိ ပင်ပန်းတယ်ဆိုတာ အိမ်ရှင်မတိုင်း သိပါတယ်။ထမင်းချက်၊ ဟင်းချက်၊ အဝတ်လျှော်၊ တံမြက်စည်းလှဲ၊ ရေတင်၊ အမှိုက်ပစ်၊ ကလေးထိန်း၊ ကလေးကျောင်းကြို.. စတဲ့ အလုပ်တွေကို လုပ်ရတာပါ။ တချို့သော ယောက်ျားတွေက သိတတ်မှုနဲ့ ကူညီကြပေမယ့် အများစုကတော့ ဇနီးဖြစ်သူ အိမ်မှု ကိစ္စတွေနဲ့ လုံးချာလည်နေချိန်မှာ တီဗွီကြည့်လိုက်၊ သီချင်းနားထောင်လိုက်နဲ့ မဆိုင်သလို နေနေကြတာ တွေတွေ့ဖူးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားတွေရဲ့ စိတ်ထဲမှာကိုက အိမ်မှုကိစ္စဆိုတာ မိန်းမတွေပဲ လုပ်ရမယ်ဆိုတဲ့ စိတ်၊ ငါက ယောက်ျားပဲ မဆိုင်ပါဘူးဆိုတဲ့ “မဟာဖိုဝါဒ” ကြီးစိုးနေလို့ပါပဲ။အမျိုးသမီးတွေ ဘယ်လိုနေရာတွေမှာ ခွဲခြားခံနေရသလဲဆိုတာ လေ့လာကြည့်ရင် ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ နေရာတွေမှာ ပါဝင်နိုင်မှုမရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းမျာ ခွဲခြားခံရခြင်း၊ အိမ်မှုကိစ္စကို အမျိုးသမီးတွေနဲ့ပဲ ဆိုင်တယ်ဆိုပြီး ခွဲခြားခံရခြင်း၊ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ခွဲခြားခံရမှုတွေကို တွေ့ရပါတယ်။

မိန်းကလေးဆိုရင် ဘယ်လိုပဲ ပြောဆိုရမယ်၊ ဝတ်ဆင်ရမယ်၊ တွေးခေါ်ရမယ်၊ ယုံကြည်ကျင့်သုံးရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေက ကြာလာတာနဲ့ အမျှ Social Characteristic လို့ခေါ်တဲ့ လူမှုဗေဒ ဝိသေသ လက္ခဏာရပ်သဖွယ် ဖြစ်လာပါတော့တယ်။

တရုတ်နိုင်ငံမှာဆိုရင် မိန်းကလေးဆို မလိုချင်လောက်အောင်ကို မဟာဖိုဝါဒရဲ့ လွှမ်းမိုးမှုနဲ့အတူ မိန်းကလေး သန္ဓေသား သန်း ၁၀၀ အထိ ဖျက်ချခံခဲ့ရပါတယ်။ သူတို့နိုင်ငံမှာ မိန်းကလေး ရှားပါးသွားတဲ့အတွက် မြန်မာနိုင်ငံက မိန်းကလေးတွေကို တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းဖို့ လူကုန်ကူးခံရတာတွေလည်း ဖြစ်ပေါ်လာပါတယ်။

အမျိုးသမီးတွေဟာ R ၇ လုံးလို့ ခေါ်ကြတဲ့ အရာတွေနဲ့ ခွဲခြား ဆက်ဆံခံနေရဆဲပါ။ Respect လို့ ခေါ်တဲ့ လင်ယောက်ျားကိုပဲ အရိုအသေပေးရတာ၊ ဒီနေရာမှာ မရိုသေရဘူးလို့ ဆိုလိုတာ မဟုတ်ဘဲ အပြန်အလှန် ရိုသေလေးစားမှု ဖြစ်စေသင့်တာကို ပြောချင်တာ။

Responsibility လို့ခေါ်တဲ့ အိမ်မှုကိစ္စ၊ မိသားစုကိစ္စတွေအတွက် တာဝန်ယူရတာ၊ Right လို့ခေါ်တဲ့ သာတူညီမျှ အခွင့်အရေး မရတာ၊ Reproduction လို့ခေါ်တဲ့ မျိုးဆက်ပွားမှု တာဝန်ထမ်းဆောင်ရတာ၊ Restrict လို့ခေါ်တဲ့ အကန့်သတ် ခံနေရတာ၊ Regardless လို့ခေါ်တဲ့ အလေးဂရုပြု အဆက်ဆံ မခံရတာ၊ Resource လို့ခေါ်တဲ့ ရင်းမြစ်တွေ ရရှိပိုင်ဆိုင်မှုမှာ အားနည်းတာတွေ ဖြစ်ပါတယ်။

စစ်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားရင်လည်း အမျိုးသမီးတွေဟာ အများဆုံး ထိခိုက်ခံစားရပါတယ်။ အဲဒီအချက် မှန်၊ မမှန်ကို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ ထိခိုက်ခံစားရတဲ့ အမျိုးသမီးတွေက သက်သေပြနေပါတယ်။ ဒါအပြင် အမျိုးသမီးတွေဟာ Domestic Violence လို့ခေါ်တဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ခင်ပွန်းဖြစ်သူက ရိုင်းပျစွာပြောဆိုတာ၊ ရိုက်နှက်တာတွေအပြင် အိမ်မှုကိစ္စအားလုံး အမျိုးသမီးကိုပဲ ဖိနှိပ်ခိုင်းစေမှုကိုပါ အိမ်တွင်း အကြမ်းဖက်မှုလို့ သတ်မှတ်ပါတယ်။ တချို့အမျိုးသမီးတွေကလည်း ကိုယ့်ကို ဖိနှိပ်နေတာ၊ ခွဲခြားခံနေရတာကို ခွဲခြားခံနေရ တာမှန်း မသိအောင် ငုံ့ခံနေတာကလည်း အမျိုးသားတွေ ဆက်ပြီး ဖိနှိပ်နိုင်အောင် တွန်းအားပေးနေသလိုမျိုး ဖြစ်နေပါတယ်။

မိန်းမတွေကို နည်းမျိုးစုံနဲ့ ခွဲခြား ဖိနှိပ်မှုကနေ ဥပဒေအရ အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။ အကာအကွယ် မပေးနိုင်ခဲ့ရင် လူ့အဖွဲ့အစည်းဟာ တဖက်သတ် ဗိုလ်ကျစိုးမိုးတဲ့ လူ့အဖွဲ့အစည်းပဲ ဖြစ်နေမှာပါ။ ရိုးရိုးလေး ဆက်စပ်စဉ်းစားကြည့်ရင် နစ်နာမှာကလည်း အမျိုးသမီးတွေသာ မဟုတ်ဘဲ လူ့အဖွဲ့အစည်း တခုလုံး ဖြစ်နေပါတယ်။

အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း၊ ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းတွေ ရှိလာတာနဲ့အမျှ လူ့အဖွဲ့အစည်း အတွက် ပိုပြီးကောင်းကျိုး ဖြစ်ထွန်းစေမှာပါ။

အမျိုးသမီးအဖြစ် မွေးဖွားလာရတဲ့အတွက် ကျမတို့ အားငယ်ဖို့ မလိုသလို အားနွဲ့သူဆိုတဲ့ ပုံသေကားကျ သတ်မှတ်ချက်ကို ကျမတို့ ကိုယ်တိုင်လက်မခံဖို့ လိုအပ်သလို အမျိုးသမီးတွေအတွက် Right လို့ခေါ်တဲ့ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ Opportunity လို့ ခေါ်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှသာ တန်းတူညီမျှမှု ရှိလာမှာဖြစ်ပြီး ခွဲခြားဖိနှိပ်ဆက်မှုတွေ လျော့နည်းလာမှာ ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading