နှစ်စဉ် နိုဝင်ဘာနဲ့ ဒီဇင်ဘာ စပ်ကူးမတ်ကူး ကာလရောက်ရင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး “ထာဝရ ဖဲကြိုးဖြူ” လှုပ်ရှားမှု တေးသံတွေနဲ့အတူ ဖဲကြိုးဖြူလှုပ်ရှားမှု လှုံ့ဆော်နေတဲ့ ပုံရိပ်တွေဟာ မြို့ပြတွေပေါ်မှာရော၊ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက်တွေမှာပါ မြင်တွေ့ရပါတယ်။
ဒီနှစ်လည်း အမျိုးသားတွေ၊ အမျိုးသမီးတွေရဲ့ ရင်ဘတ်မှာ ဖဲကြိုးဖြူရင်ထိုးတွေ တပ်ဆင်ထားတဲ့ လှုပ်ရှားမှုဓာတ်ပုံတွေ Facebook စာမျက်နှာထက်မှာ ဝေဝေဆာဆာ တွေ့မြင်လာရသလို ဒီနှစ်မှာတော့ ဖဲကြိုးဖြူသံချပ်ပြိုင်ပွဲတွေ၊ ပညာပေး ဇာတ်လမ်းတွေ၊ ဆွေးနွေးပွဲအစီအစဉ်တွေနဲ့ ဖဲကြိုးဖြူလှုပ်ရှားမှုက အရင်နှစ်တွေထက် ပိုပြီးတောင် အသက်ဝင်နေပါတယ်။
၁၉၆၀ ခုနှစ်တုန်းက စစ်အာဏာရှင်ရဲ့ သတ်ဖြတ်မှုခံခဲ့ရတဲ့ ဒိုမီနီကန်နိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ညီအစ်မ ၃ ဦး အသတ်ခံရတဲ့နေ့ကို အကြောင်းပြုပြီး အမျိုးသမီးတွေ အားလုံးနည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရမှုကနေ လွတ်မြောက်ရေးဆိုတဲ့ လှုပ်ရှားမှုအနေနဲ့ နိုဝင်ဘာ၂၅ ရက်ကို နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (International Day for the Elimination of Violence against Women) အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အဲဒီနေ့ကစလို့ ဒီဇင်ဘာ ၁၀ ရက် အထိ ၁၆ ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုကို လူမှုအသိုင်းအဝိုင်းအတွင်း အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေးရေးအတွက် မြန်မာနိုင်ငံ အပါဝင်ကမ္ဘာတဝှမ်းက နိုင်ငံအသီးသီးမှာလည်း နိုင်ငံအလိုက် အမျိုးသမီးအဖွဲ့တွေ ဦးဆောင်ပြီး နေရာအနှံ့မှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြပါတယ်။
အရင်တုန်းကတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို အမျိုးသမီးတွေပဲ ဦးဆောင်ပြီး အမျိုးသမီးတွေကြားမှာပဲ ပညာပေးစည်းရုံးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် အခုနောက်ပိုင်း လှုပ်ရှားမှုတွေမှာတော့ အမျိုးသားတွေရဲ့ ပါဝင်မှုအရေးကြီးပုံကို ပိုပြီး မီးမောင်းထိုးလာကြသလို အမျိုးသားတွေရဲ့ ပူးပေါင်းပါဝင်မှုတွေလည်း ပိုတွေ့လာရပါတယ်။
မကြာခင်ရက်ပိုင်းကပဲ “၁၆ ရက်တာလှုပ်ရှားမှု” အမည်နဲ့ ရုပ်သံအစီအစဉ်တခုမှာ ပါဝင်ဆွေးနွေးသွားတဲ့ အမျိုးသားတဦးက “အကြမ်းဖက်မှုကို ကျူးလွန်သူတွေဟာ အမျိုးသားတွေ ဖြစ်တယ်” အကြမ်းဖက်မှု ပပျောက်သွားဖို့အတွက် အမျိုးသားတွေ ကိုယ်တိုင် ရပ်တန့်ရမယ်ဆိုပြီး ဆွေးနွေးသွားခဲ့ပါတယ်။
အဲဒါနဲ့ တချိန်တည်းမှာဘဲ အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကလည်း “ဖဲကြိုးဖြူတပ်ဆင်ခြင်းဟာ အမျိုးသားတွေ ကိုယ်တိုင်လည်း အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းမဖက်ပါဘူးလို့ ကတိကဝတ် ပြုတာဖြစ်ပါတယ်” ဆိုတဲ့ သတင်းစကားတွေပေးပြီး ပုံစံမျိုးစုံနဲ့ နေရာမျိုးစုံမှာ လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။
အကြမ်းဖက်မှုရပ်တန့်ရေးအတွက် အမျိုးသမီးတွေသာမက အမျိုးသားတွေရော တဖြည်းဖြည်း ပူးပေါင်းပါဝင် လှုပ်ရှားလာတာဟာ အပြုသဘောဆောင်တဲ့ တိုးတက်ပြောင်းလဲမှုဆိုတာကိုလည်း လက်ခံရပါမယ်။ ဒါပေမဲ့ အကြမ်းဖက်မှုကို ကျူးလွန်သူဟာ အမျိုးသားတွေဖြစ်လို့ သူတို့တွေရဲ့ပါဝင်မှုဟာ အရေးကြီးတယ်ဆိုတဲ့ အချက်ကိုတော့ ဘဝင်မကျလှပါဘူး။
ဒါပေမဲ့ ဒီအယူအဆက တဖက်မှာလည်း အမျိုးသားတွေကို “အကြမ်းဖက်သူ” အဖြစ် မသိမသာတံဆိပ်ရိုက်လိုက်သလို အမျိုးသားတွေက ကူညီပါမှ အမျိုးသမီးတွေ လွတ်မြောက်မယ်ဆိုတဲ့ အမြင်ကိုလည်း ပံ့ပိုးနေပါတယ်။
ဒါဆိုရင်အမျိုးသားတွေက အကြမ်းဖက်သူလား။ ဒါမှမဟုတ်ကယ်တင်ရှင်တွေလား တွေးကြည့်ရမှာပါ။
“အမျိုးသမီးတွေ အပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု” ကိုပြောတဲ့နေရာမှာ ဘယ်သူက ရိုက်နှက်သူ၊ ဘယ်သူကဖြင့် ခံရသူဆိုပြီး နှစ်ဖက်တည်းကြည့်လို့ မလုံလောက်ပါဘူး။ သူတို့နှစ်ဖက်လုံးရဲ့ နောက်က လက်မည်းကြီးကို ကြည့်နိုင်ဖို့လိုပါတယ်။ ဒီလိုအကြမ်းဖက်မှု ကျူးလွန်ရအောင် သူတို့ကို ဘာတွေကတွန်းပို့ နေတာလဲဆိုတာ သိဖို့လိုပါတယ်။
တကယ်တမ်းကျတော့ အမျိုးသားဆိုတာနဲ့ အကြမ်းဖက်မှုတွေရဲ့ တရားခံမဟုတ်သလို အမျိုးသမီးတွေရဲ့ ကယ်တင်ရှင် တွေလည်း မဟုတ်ပါဘူး။ သူတို့လည်း အမျိုးသမီးတွေနည်းတူ စနစ်တခုရဲ့ အကြမ်းဖက်ခံရသူတွေပါပဲ။ အဲဒီစနစ်ကတော့ အမျိုးသားတွေက ပိုမြင့်မြတ်တယ်။ အမျိုးသားတွေကသာ သူရဲကောင်းတွေဖြစ်တယ်လို့ ပုံသွင်းထားပြီး အမျိုးသမီးတွေကို အားနည်းသူ၊ ပါရမီဖြည့်သူအဖြစ် ပုံဖော်ထားတဲ့ လူမှုစနစ်ဖြစ်ပါတယ်။ တနည်းအားဖြင့် အမျိုးသားကြီးစိုးရေးစနစ်ပါ။ ဒီစနစ်ကြီးကြောင့်ပဲ အမျိုးသမီးတွေဟာ သနားစရာ အကြမ်းဖက်ခံရသူတွေဖြစ်လာပြီး အမျိုးသားတွေကတော့ အကြမ်းဖက်မှုကျူးလွန်သူ ဗီလိန်နေရာကို ရောက်လာတာပဲလို့မြင်မိပါတယ်။
ကျမတို့ လူမှုအသိုင်းအဝိုင်းမှာ ယောက်ျားဆိုရင် သူ့ဇနီးမယားကို ဆုံးမခွင့်ရှိတယ်ဆိုတဲ့ အတွေးအခေါ်နဲ့ အတူ အမျိုးသမီးတွေကို ရိုက်နှက် အကြမ်းဖက်တာက လက်သင့်ခံစရာ အမူအကျင့်တွေဖြစ်လာတယ်။ ဒါတွေဟာ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း ကျမတို့လူမှုအသိုင်းအဝိုင်းမှာ အခုချိန်ထိ ခိုင်ခိုင်မာမာ အမြစ်တွယ်နေတုန်းပါ။
ဥပမာ- မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေထဲက နာကျင်စေမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပုဒ်မ ၁၁၉ က စလို့ ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေတဲ့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးတဲ့ ဥပဒေတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ကျမတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေမှာတော့ အိမ်တအိမ်မှာ မိန်းမတယောက်ကို ရိုက်နှက် ထုထောင်းနေတဲ့ အမှုတွေ အများကြီးကို သက်ဆိုင်ရာ ကျေးရွာသူကြီးတွေ၊ ဥပဒေဘက်တော်သားတွေရဲ့ ဖြေရှင်းမှုကတော့ ရှိထားတဲ့ ဥပဒေ ပုဒ်မတွေနဲ့ ဖြေရှင်းရမယ့်အစား “လင်နဲ့မယားလျှာနဲ့သွား” ဆိုတဲ့ စကားနဲ့ အတတ်နိုင်ဆုံး ပြေလည်အောင် ပြန်ညှိနှိုင်းပေးတဲ့ သာဓကတွေက ပိုများပါတယ်။
အဆိုးဆုံး အနေနဲ့ ရိုက်ရင်း လက်လွန်ပြီး အသက်သေဆုံးမှသာ သေမှုသေခင်းအရ အပြစ်ပေး အရေးယူတာရှိပါတယ်။ ဒါတောင်ကျမတို့ ပတ်ဝန်းကျင်အတွင်းမှာ သူ့ယောက်ျား ဒီလိုလက်လွန်အောင် သူ့မိန်းမက ဘာလုပ်လို့လဲ ဆိုတဲ့ ယောကျ်ားက မမှားနိုင်ဘူး စတဲ့ အတွေးအခေါ်တွေကလည်းရှိနေတာတွေ့ရမှာပါ။
ဒါကိုကြည့်ခြင်းအားဖြင့် ကျမတို့လူမှု အသိုင်းအဝိုင်းမှာ လင်ယောက်ျားက မိန်းမကိုရိုက်တယ်ဆိုတာ သဘာဝတခုလို၊ လုပ်ခွင့်ရှိသလို ထင်မှတ်ယူနေကြတာကိုလည်း မြင်တွေ့နေကြရမှာပါ။
ဥပဒေ အဆင့်မှာတောင် ဒီလိုဖြစ်နေတယ်ဆိုရင် ကျမတို့ ပတ်ဝန်းကျင်မှာ အရိုးစွဲနေကြတဲ့ “မိန်းမနဲ့ နွား မသနားရ” တို့၊ “အရိုးစွဲအောင်ရိုက်မှ အသည်းကွဲ အောင်ချစ်တယ်” တို့၊ စတဲ့ အယူ အဆတွေအောက်မှာ အမျိုးသားတွေကို အကြမ်းဖက်မှု ကျူးလွန်ခွင့်တွေ ဘယ်လောက်ထိ ခွင့်ပြုထားလဲဆိုတာ တိုင်းတာလို့မရပါဘူး။ ဒီလိုအခြေအနေတွေဟာ ကျမတို့ရဲ့ အယူအဆစွဲနေကအစ ဥပဒေအဆုံး အမျိုးသားတွေကို အကြမ်းဖက်သူတွေဖြစ်အောင် ပုံသွင်းနေတယ်လို့ ခံစားမိပါတယ်။
တချိန်တည်းမှာ အမျိုးသမီးတွေကိုလည်း သားကိုသခင်၊ လင်ကို ဘုရားဆိုတဲ့ အတိုင်း ယောက်ျားက ဘာဖြစ်နေ ဖြစ်နေရိုသေရမယ်၊ လေးစားရမယ်ဆိုတဲ့ အမြစ်တွယ်နေတဲ့ အယူအဆတွေ၊ ယောက်ျား ဘယ်လောက်ဆိုးဆိုး၊ ယောက်ျား ဘယ်လောက် ရိုက်ရိုက် သည်းခံရမယ်ဆိုတဲ့ အယူအဆတွေနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်ခံရမှုနဲ့ ယဉ်ပါးအောင် သွတ်သွင်းသလို ဖြစ်နေပါတယ်။ ဒီအခြေအနေတွေက အမျိုးသမီးတွေကို ခံရသူတွေဖြစ်အောင် တွန်းပို့နေတာပါ။
ဒါဟာ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ ခေါင်းစဉ်အောက်က ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု တခုတည်းကိုသာ ဥပမာပေး ဆွေးနွေးတာပါ။ တခြားနည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ဆွေးနွေးလို့ မကုန်အောင် ရှိပါသေးတယ်။
ဒါကြောင့် အမျိုးသမီးရော၊ အမျိုးသားရော နှစ်ဖက်လုံးက အယူအဆမှားတွေကြောင့် ရာစုနှစ်ပေါင်းများစွာ ပုံသွင်းခံလာရခြင်း အတူတူပဲဖြစ်ပါတယ်။ ခံရသူနဲ့ ကျူးလွန်သူဆိုတဲ့ အသွင်းခံရတဲ့ပုံစံသာ ကွာခြားတာပါ။
ဒီပုံစံခွက်တွေကို ကျမတို့ လက်သင့်ခံနေသရွေ့ ဒီပုံစံခွက်ကြောင့် ဖြစ်လာတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ ဖျောက်ဖျက်ဖို့ဆိုတာ လက်တွေ့ကျတယ်လို့မထင်ပါဘူး။ နောက်ကွယ်က လက်မည်းကြီးဖြစ်တဲ့ ဒီတွေးခေါ်ယူဆချက်ကြီးကို ဘေးချိတ်ပြီး “အမျိုးသမီးတွေလည်း အကြမ်းဖက်ခံရတာ ထုတ်ပြောပါ၊ အမျိုးသားတွေလည်း ရပ်တန့်ပါ” ဆိုတာကြီးက အနာကျက်ဆေး မရှိလို့ ပါရာစီတမောပဲ လှိမ့်သောက်နေရတဲ့ လူနာလိုပါပဲ။ နည်းနည်းတော့ သက်သာနိုင်ပေမယ့် အမြစ်မပြတ်နိုင်ပါဘူး။
ဒီစနစ်ကြီးကနေ ကျမတို့တွေ မရုန်းထွက်သရွေ့ လွဲမှားတဲ့အယူအဆတွေနဲ့ အတူ တွဲပါလာတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို လုပ်မှန်းမသိ ဆက်လုပ်မိနေဦးမှာပါ။ ဒါကြောင့် အမျိုးသားတွေက အမျိုးသမီးတွေကို အကြမ်းဖက်သူ ဒါမှမဟုတ် ကယ်တင်ရှင် လို့ မြင်နေကြတာကို အရင်ဆုံး ရှင်းအောင် ကျမတို့မြင်ရပါမယ်။
အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါ အမျိုးသားတွေကို ကူညီသူအဖြစ် ဒါမှမဟုတ် အကြမ်းဖက်မှု တရားခံအဖြစ် ပုံဖော်တာထက်စာရင် အကြမ်းဖက်မှု သံသရာရဲ့ သားကောင်အဖြစ်ကနေ ရုန်းထွက်ဖို့ တာဝန်ရှိသူတွေအဖြစ် အသိပညာပေးမှုက ပိုထိရောက်တယ်လို့ မြင်ပါတယ်။
တချိန်တည်းမှာ အမျိုးသားတွေ အနေနဲ့လည်း “သူတို့ လွတ်မြောက်ဖို့ ငါတို့ဝိုင်းဝန်း ကူညီရမယ်” ဆိုတဲ့ သူရဲကောင်း အမြင်ထက် “ငါတို့ အတူတူ ဒီစနစ်ကြီးကနေ ရုန်းထွက်ကြမယ်” ဆိုတဲ့ တာဝန်ယူစိတ်တွေနဲ့ ပူးပေါင်းပါဝင်လာမှသာ အကြမ်းဖက်မှုတွေလျော့ကျစေဖို့ ပိုမိုထိရောက်အောင်မြင်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ်လာမယ်လို့ ကျမအနေနဲ့သုံးသပ်လိုက်ပါရစေ။
အသွင်သစ်သည် အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ တဦးဖြစ်သည်။