Women & Gender

မျက်ကွယ်ပြုခံထားရသည့် ကာယိနြေ္ဒနှောင့်ယှက်မှုများ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးအများစုဟာ သူတို့သက်တမ်းတလျှောက် ကာယိနြေ္ဒနှောင့်ယှက်ခံရမှု (Sexual Harassment) ဖြစ်ရပ်တွေ အနည်းနဲ့ အများ တွေ့ကြုံခဲ့ဖူး ကြပါတယ်။

Sexual Harassment ဆိုတာကို အဓိပ္ပာယ်ဖွင့်ရရင်တော့ အမျိုးသမီးအများစု အနေနဲ့ နေ့စဉ် ပတ်ဝန်းကျင်မှာ ကြုံတွေ့ နေရတဲ့ ကာယိနြေ္ဒ ပျက်ပြားအောင်၊ လူတယောက် စိတ်မသက်မသာဖြစ်စေတဲ့အထိ ရည်ရွယ်ချက် ရှိရှိ နှောင့်ယှက်တာမျိုးကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

စိတ်မသက်မသာ ဖြစ်စေတဲ့ အခြေအနေမျိုးဆိုရာမှာ လူတယောက်ကို စူးစိုက်ကြည့်နေတာကစလို့ အဝတ်အစား၊ ခန္ဓာကိုယ်၊ ရုပ်ရည်ကို အခြေပြု မှတ်ချက်ပေးခြင်း ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ မှတ်ချက်ပေးခြင်း၊ စနောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကိုယ်အမူအရာ၊ နှုတ်အမူအရာနဲ့ အချက်ပြခြင်း၊ ကိုယ်ရေးကိုယ်တာ မေးမြန်းစုံစမ်းခြင်း၊ အတင်းအကြပ်ဖိအားပေးခြင်း၊ ဖုန်းနံပါတ်၊ အိမ်လိပ်စာကို မသက်ဆိုင်ပါဘဲနဲ့ ပုဂ္ဂိုလ်ရေးအရ မေးမြန်ခြင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

အဝတ်အစား၊ ဆံပင်၊ ခန္ဓာကိုယ်ထိပါးခြင်း၊ နီးစပ်လာစေရန် ရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေး လက်ဆောင်ပေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ သွယ်ဝိုက် ရည်ညွှန်းတဲ့ရုပ်ပုံ၊ ဇာတ်လမ်းတွေကို မြင်သာအောင် ပြသခြင်း၊ ဆက်သွယ်ရေး နည်းပညာအသုံးပြုပြီး ပြသ/ပေးပို့ခြင်း၊ နှိမ့်ချပြီး ပြောဆိုခြင်း၊ ဘာသာရေးယုံကြည်မှုကို ပုတ်ခတ်ပြောဆိုခြင်း၊ ကိုယ့်ကို ကိုင်းညွှတ်အောင် မြူဆွယ်ခြင်း စတာတို့ ပါဝင်ပါတယ်။

ဒါကြောင့် Sexual Harassment မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဆိုပြီး သုံးမျိုးသုံးစား တွေ့မြင်ရပါတယ်။ အဲဒီလို သုံးမျိုး သုံးစားရှိနေတဲ့ Sexual Harassment တွေကို အမျိုးသမီးတိုင်း မကြုံတွေ့ဖူးသူ မရှိလောက်အောင် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေသူ တဦးဖြစ်တဲ့ မဇာခြည်ဦးက သုံးသပ်ပါတယ်။

“ရန်ကုန်မြို့ပေါ်က အမျိုးသမီး ၂၀၀ ကျော်မှာ ၉၈ ရာခိုင်နှုန်းက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းပေါ်မှာ တနည်းမဟုတ်တနည်းနဲ့ harassed အလုပ်ခံရတာ တွေ့ရပါတယ်။ ဘတ်စ်ကားပေါ်မှာ ကျူးလွန်ခံရမှုက များတယ်ဆိုပေမယ့် တက္ကစီတွေမှာ လည်း ဖြစ်တာပဲ၊ ဆိုက်ကားစီးရင်ပဲဖြစ်ဖြစ် လမ်းလျှောက်သွားနေရင်လည်း ဖြစ်တာပဲ၊ ပြောချင်တာက လူမှုအသိုင်း အဝိုင်းကြီး တခုလုံးက ဒီလို နှောင့်ယှက်တဲ့ အပြုအမူတွေကို အသားကျနေကြတာကို တွေ့ရတယ်” ဟု မဇာခြည်ဦးက ပြောပါတယ်။

မဇာခြည်ဦးက Sexual harassment on public transportation survey ကို လက်တွေ့လုပ်ဆောင်နေသူဖြစ်ပြီး ၂၀၁၆ ကနေ ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်မြို့ပေါ်က အမျိုးသမီး ၂၀၀ ကျော်ကို စစ်တမ်းကောက်ယူကြည့်တဲ့အခါမှာ ၉၈ ရာခိုင်နှုန်းက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းပေါ်မှာ တနည်းမဟုတ် တနည်းနဲ့ နှောင့်ယှက်ခံရတယ်လို့ ရှင်းပြပါတယ်။

မြန်မာလူမှုနယ်ပယ်ကို ကြည့်မယ်ဆိုရင် မြန်မာအမျိုးသမီးအများစုဟာ ယဉ်ကျေးမှု ဓလေ့စရိုက်လို့ ခေါ်ဆိုတဲ့ ရှေးရိုးစွဲ အတွေးအခေါ် အယူအဆတွေရဲ့ လောင်းရိပ်အောက်က ရုန်းမထွက်နိုင်သေးတဲ့အတွက် မိမိရဲ့ ကာယိနြေ္ဒ နှောင့်ယှက် ခံနေရတဲ့တိုင်အောင် ရေငုံနှုတ်ပိတ် နည်းလမ်းနဲ့သာ မိမိပြဿနာကို ကိုယ်တိုင် ဖြေရှင်းနေကြတယ်လို့ ဆိုပါတယ်။

ကျူးလွန်သူတွေဟာ မိမိရဲ့ လူမှုရေးနယ်ပယ်၊ အလုပ်အကိုင်နယ်ပယ်၊ ကျောင်းနယ်ပယ် စတဲ့ နေရာမျိုးစုံမှာ မတူညီတဲ့ ပုံစံတွေနဲ့ နှောင့်ယှက်နေကြတာကို တွေ့မြင်ရတယ်လို့ မဇာခြည်ဦးက ပြောပြပါတယ်။

လမ်းလျှောက်လာတဲ့ အမျိုးသမီးတယောက်ကို ပါးစပ်အရသာခံပြောဆိုလိုက်တဲ့ အချိန်အခိုက်အတန့်ဟာလည်း အဲဒီ အမျိုးသမီးအပေါ် ကာယိနြေ္ဒဆိုင်ရာ နှောင့်ယှက်လိုက်ခြင်း ဖြစ်တယ်လို့ မန္တလေးမြို့မှ ပုဂ္ဂလိကဘဏ်တခုမှာ လက်ထောက်ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၆ နှစ်အရွယ် မဟန်နီသက် က ပြောပါတယ်။

မဟန်နီသက်က “ကိုယ့် အစ်မ၊ ကိုယ့် ညီမ ကိုသာ အဲဒီလို ပြောဆိုရင် ကြိုက်မလားဆိုတဲ့ ကိုယ်ချင်းစာစိတ် ထားစေချင်တယ်။ အစ်မ၊ ညီမ မရှိလို့ နှမချင်း မစာနာတတ်ဘူးဆိုရင်တောင် အမေကတော့ လူတိုင်းမှာ ရှိမှာပါ။ ဒီတော့ ငါ့အမေကို အဲဒီလိုပြောဆို ဆက်ဆံရင်ကော ကြိုက်မလားလို့ ကိုယ့်ဘာသာ ပြန်မေးပါ။ သူတို့အတွက်တော့ စကားလေးပဲဆိုပေမယ့် ပြောဆို စနောက်ခံရတဲ့ မိန်းကလေးဖက်က တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်” လို့ ပြောပါတယ်။

အမျိုးသမီးတို့ နေ့စဉ် ကြုံတွေ့နေရတဲ့ ကာယိနြေ္ဒ နှောင့်ယှက်မှုတွေဟာ နေ့စဉ်လူမှု ဘဝထဲမှာပဲ ဖြစ်ပေါ်နေတာ ဖြစ်ပြီး အဲဒီလို နှောင့်ယှက်မှုတွေကို ယောကျ်ားလေးဘက်ကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့ပဲ ခေါင်းစဉ်တပ်နေ ကြပါတယ်။ မြန်မာ့ လူမှုပတ်ဝန်းကျင်က အဲဒီလို အခြေအနေတွေကို လစ်လျူရှုထားကြတဲ့အတွက် မိန်းကလေးဆိုတာ သူတို့ စနောက်ခြင်းတိုင်း နောက်လို့ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ မဟန်နီသက်က ဆိုပါတယ်။

ကာယိနြေ္ဒနှောင့်ယှက်မှုတွေဟာ လမ်းပေါ်တွေမှာတင် ဖြစ်ပျက်နေတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေ အနေနဲ့ လုပ်ငန်းခွင်နယ်ပယ်တွေမှာလည်း နည်းလမ်းအမျိုးမျိုးနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းက ပြည်တွင်း အခြေစိုက် အဖွဲ့အစည်းကြီး တခုအတွင်းမှာ လိင်စိတ်လှုံ့ဆော်မှု ဖြစ်စေတဲ့ ဗီဒီယိုတွေကို ကွန်ပျူတာထဲ ထည့်ပေးခဲ့တဲ့ ကိစ္စကလည်း လူမှုကွန်ရက်မီဒီယာထက် ပျံ့နှံ့သွားခဲ့ပါသေးတယ်။

အဲဒီအပြင် ပြင်ပအဆက်အသွယ်တွေနဲ့ ချိတ်ဆက်နေရတဲ့ လုပ်ငန်းပုံစံမျိုးတွေ ဖြစ်တဲ့ ဥပမာ- ဈေးဝယ်သူ ဝန်ဆောင်မှု ပေးရတဲ့ အရောင်းဝန်ထမ်းလိုမျိုး အလုပ်တွေမှာ ပိုပြီးတော့ ကြုံတွေ့ရတာများပြီး မီဒီယာလုပ်ငန်းတွေမှာလည်း ကြုံတွေ့ရတာတွေ ရှိတယ်လို့ ပြည်တွင်းအခြေစိုက် ရုပ်သံသတင်းဌာန တခုက အမျိုးသမီးသတင်းထောက် မကေဇွန်နွေး က ပြောပါတယ်။

” အရင်အစိုးရလက်ထက်မှာ ဝန်ကြီးဌာနဘက်က တာဝန်ရှိသူတဦးကို အင်တာဗျူးမို့ သူ Speech ပြောတာကို စောင့်နေတယ်၊ အင်တာဗျူးတောင်းတော့ သူက ဖြေပေးရမှာပေါ့ဆိုပြီး ကျမရဲ့ ဘယ်ဘက်လက်မောင်းကို ကိုင်ပြီး ပြောတယ်၊ ကျမက ကုတ်အပေါ်ထပ်ဝတ်ထားပါတယ်၊ လက်မောင်းကို တင်းတင်း ကျပ်ကျပ် ကိုင်ထားချိန်မှာ မေးခွန်းတွေလည်း ဆက်မေးလို့မရတော့ဘူး”

အဲဒီ အချိန်မှာ recorder နဲ့အသံဖမ်းနေရင်းနဲ့ ကျမ အသက်ရှုရကျပ်လာတယ်၊ အစတည်းက သူမဖြေချင်ရင် ငြင်းဆိုနိုင် ပါတယ်။ သူငယ်ချင်းတွေလည်း သူအဲဒီလို လုပ်တာကို ကြုံဖူးတယ်ပြောတယ်။ နောက်တော့ သူ့ကို မမေးဖြစ်တော့ ဘူး။ သူ့ကို မြင်တာနဲ့ စိတ်ထဲမှာ မွန်းကျပ်တဲ့ ခစားချက်တွေ ပေါ်ပေါ်လာလို့ပါ”လို့ မကေဇွန်နွေးက သူ့အတွေ့ အကြုံကို ပြန်ပြောပါတယ်။

မြန်မာလူမှုနယ်ပယ်မှာ Sexual Harassment ဟာ မျက်ကွယ်ပြုခံထားရတဲ့ အဖြစ်အပျက်တခုလို ဖြစ်နေပါတယ်။ အနှောင့်ယှက်ခံရတဲ့ အမျိုးသမီးတိုင်းလိုလိုဟာလည်း အဲဒီအဖြစ်အပျက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ခံစားကြရပေမယ့် ဖွင့်ဟ အကူအညီတောင်းခံဖို့ နေရာမရှိတဲ့အတွက် စိတ်ဒဏ်ရာကို သိမ်းဆည်းထားတတ်ကြတာ မြင်တွေ့ရပါတယ်။

လူတယောက်ကို လက်လွတ်စပယ် ပြောဆိုလိုက်တဲ့ နှောင့်ယှက်ခြင်းဟာ ထိခိုက်နစ်နာမှု မရှိဟု ယေဘုယျအားဖြင့် ထင်မြင်လေ့ရှိကြသော်လည်း သွေးတိုးစမ်း ပြောဆိုခြင်းဟာ နောင်တချိန် ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ဖြစ်လာကြောင်း၊ ဒါကြောင့် နှုတ်က ကာယိနြေ္ဒနှောင့်ယှက်မှုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ခေါ်ဆိုတဲ့ မုဒိမ်းမှုဖြစ်စဉ်တွေ ဖြစ်ပွားလာခြင်းရဲ့ ရာဇဝတ်မှု အစပျိုးနေခြင်း ဖြစ်တယ်လို့ မဇာခြည်ဦးက ဆက်လက်ပြောကြားပါတယ်။

တရားဥပဒေအကာအကွယ်ဖက်ကို ကြည့်မယ်ဆိုရင်လည်း Sexual Harassment နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဥပဒေတွေကို တွေ့မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာဇသတ်ကြီးမှာ “ပုဒ်မ ၂၉၄- ညစ်ညမ်းသောစကားဖြင့်ဆဲဆိုခြင်း၊ ပုဒ်မ ၃၅၄- မိန်းမတဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်ထက်ပြုမူခြင်း၊ ပုဒ်မ ၅၀၉-မည်သူမဆို အမျိုးသမီးတဦး၏ ကာယိနြေ္ဒစော်ကားရန် ရည်ရွယ်သော စကား ပြောခြင်း၊ ကိုယ်အမူအရာ ပြသခြင်း၊ ပြုလုပ်ခြင်း” စတဲ့ အမျိုးသမီးတို့အတွက် မှုခင်းကာကွယ်ရေး ဥပဒေပုဒ်မတွေကို တွေ့မြင်ရပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေက နှုတ် သို့မဟုတ် ကိုယ်ထိလက်ရောက် နှောက်ယှက်စော်ကားမှု ကြောင့် အမှန်တကယ် နစ်နာခဲ့သော်လည်း လူအား၊ ငွေအားနဲ့ အချိန် စိုက်ထုတ်သုံးစွဲမှ ရရှိလာမယ့် တရားမျှတမှုဟာ မိမိတို့ ဆုံးရှုံးခဲ့တဲ့ အတိုင်း အတိအကျ ပြန်ရဖို့ မသေချာတဲ့အတွက် တရားဥပဒေရဲ့ အကာအကွယ်ကို ရယူဖို့လည်း ခက်ခဲမှုတွေ ရှိနေတယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေ၊ နှောက်ယှက်ခံရသူတွေက ဝေဖန်သုံးသပ်ကြ ပါတယ်။

“တိုင်ကြားရင်တော့ သက်ဆိုင်ရာတွေက ကြုံတွေ့တဲ့အခြေအနေပေါ် မူတည်ပြီး အမှုဖွင့်ပေးပါတယ်။ သူတိုင်မယ့်သူက ဘယ်သူဘယ်ဝါဆိုတာ သိဖို့တော့ လိုမှာပါ။ ဒါပေမယ့် လာပြီး တိုင်ကြားတာလည်း အတော်လေး နည်းပါတယ်။ မရှိသလောက်ပဲလို့ ပြောလို့ရမယ်” လို့ ရန်ကုန်မြို့က ရဲအရာရှိတဦးက ရှင်းပြပါတယ်။

၂၀၁၂ ခုနှစ်က အခရာ အမျိုးသမီး အဖွဲ့က ဦးဆောင်ပြီးတော့ ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်းတွေပေါ်မှာ အိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်ခံရမှုတွေအတွက် အကူအညီ တောင်းခံနိုင်အောင်ဆိုပြီး “ဝီစီ ကမ်ပိန်း” တခု ပြုလုပ်ခဲ့ဖူးပါတယ်။

“ ဝီစီ” ကမ်ပိန်း ရဲ့ ရည်ရွယ်ချက်ကတော့ ဘတ်စ်ကားတွေပေါ်မှာ အမျိုးသမီးတွေကို ကာယိနြေ္ဒ ထိပါးအောင် လုပ်ဆောင် ခံရတာတွေရှိပေမယ့် နှုတ်က ဖွင့်ပြောဖို့ မဝံ့ရဲသူတွေအတွက် ဝီစီ မှုတ်ပြီး နှောက်ယှက်ခံရမှုကို အသိပေးနိုင်အောင်၊ ဆန္ဒကို သိက္ခာနဲ့ မထိန်းနိုင်တဲ့ ယောင်္ကျားတွေရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးအကြမ်းဖက်မှုများ၊ ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့များနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တယ်လီဖုန်းဖြင့် အကူအညီတောင်းခံမှု ၁၈၂ မှု၊ လူကိုယ်တိုင် လာရောက်အကူအညီ တောင်းခံံမှု ၅၄ မှု ရှိခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဥပဒေရေးရာကုစားရေးအဖွဲ(မြန်မာ) Legal Clinic Myanmar ထံက သိရပါတယ်။

ဒီအမှုတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုက အများဆုံး ဖြစ်ပါတယ်။ အမျိုးသမီး အကြမ်းဖက်မှုများ၊ ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့များနဲ့ ပတ်သက်ပြီး ၂၄ နာရီ ဝန်ဆောင်မှု Hotline ဖုန်းနံပါတ် ၀၉၃၃၃၇၆၉၉၃ နှင့် ၀၉၃၃၃၇၆၉၉၄ တို့ကို ဆက်သွယ်နိုင်တယ်လို့ အဆိုပါအဖွဲ့ သတင်းထုတ်ပြန်ထားပါတယ်

အမျိုးသမီးတွေ အခွင့်အရေး ဆုံးရှုံးရင်ဖြစ်ဖြစ် အိမ်တွင်အကြမ်းဖက်ခံရရင်ဖြစ်ဖြစ် တိုင်ကြားနိုင်တဲ့ Blue Ocean Contact Center Hotline 1886 Ext:3 နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အောက်မှ ဌာနခွဲတခုဖြစ်တဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဌာနရဲ့ Hotine ဖြစ်တဲ့ ၀၆၇-၄၀၄၆၆၆ နဲ့ ၀၆၇-၄၀၄၇၇၇ တို့ကို ထုတ်ပြန်ကြေငြာထားတာ တွေ့မြင်ရပေမယ့် Sexual Harassment လိုမျိုး ကိစ္စရပ်တွေအတွက် ချက်ချင်း အကူအညီရယူနိုင်သည့် Policy မရှိသေးတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် Sexual Harassment နဲ့ပတ်သက်တဲ့ အသိပညာမျှဝေနေတဲ့ Stop Sexual Harassment – Myanmar ဆိုတဲ့ အွန်လိုင်းစာမျက်နှာ တခုရှိပြီး ပညာပေးမှုကိုသာ ဆောင်ရွက်နေတာ ဖြစ်သလို ပေါ်လစီပိုင်းနဲ့ ပတ်သက်ပြီး ကူညီ ဆောင်ရွက်ဖို့တော့ မရှိသေးဘူးလို့ Page ရဲ့ Admin တဦးဖြစ်တဲ့ myanmar women’s self-defense center က မမီရှဲ က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကို ကြည့်မယ်ဆိုရင် Sexual Harassment ရင်ဆိုင်ရတဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ Protection from Harassment Act (2014) ကိုပြဌာန်းခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း တိုင်ကြားမှုတွေကို လျှင်မြန်စွာအရေးယူ စီရင်ချက် ချမှတ်ဆောင်ရွက်ပေးတာကြောင့် အမှုအခင်းအရေအတွက် တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာခဲ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

စင်ကာပူနိုင်ငံမှာ၂၀၁၅ ခုနှစ်က အမှုပေါင်း ၁၅၉ မှုကနေ ၂၀၁၆ ခုနှစ်မှာ ၉၆ မှုသာ ရှိတော့တဲ့အတွက် ထက်ဝက်နီးပါး ကျဆင်းလာခဲ့တာကို တွေ့မြင်ရပါတယ်။ သူတို့ နိုင်ငံက အမျိုးသား ၊ အမျိုးသမီးတွေဟာ အချိန်မရွေး အိမ်ပြင်ကို သွားလာလည်ပတ်နိုင်တဲ့အပြင် ထိပါးနှောင့်ယှက်ခံရရင် ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ အသင့်ရှိနေတာကို တွေ့ရပါတယ်။

အထူးသဖြင့် Sexual Assault Care Centre(SACC) မှာ Sexual Harassment ဒါမှမဟုတ် Sexual Assault ထိပါး နှောင့်ယှက်ခံရတဲ့ အမျိုးသမီးတွေကို Help line ဖွင့်လှစ်ထားခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မိတ်ဆွေဖွဲ့ခြင်း၊ ဥပဒေ ကြောင်းအရ သတင်းအချက်အလက်မျှဝေခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်နဲ့ Care Centre အနေနဲ့ ကူညီစောင့်ရှောက်ပေးတာတွေကို ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်မှာ ကာယိနြေ္ဒ နှောင့်ယှက်ခံနေရတဲ့ အမျိုးသမီးတို့ကို ကာကွယ်ပေးမယ့် အဖွဲ့အစည်း ဒါမှမဟုတ် Policy ချမှတ်ပြီး အားလုံးကို အသိပညာပေးဖို့ လိုအပ်လာပါတယ်။ နှုတ်ရဲ့ နှောင့်ယှက်ခြင်း၊ အမူအယာရဲ့ နှောင့်ယှက်ခြင်း၊ ကိုယ်ထိ လက်ရောက် နှောင့်ယှက်ခြင်းတွေကို စတင်ပြုပြင်ရင်း နှောင့်ယှက်ခြင်းက အကြမ်းဖက်ခြင်းအဖြစ် ပြောင်းလဲ မသွားဖို့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက နမူနာယူကာ အကြမ်းဖက်မှု ကင်းစင်သော လူမှုပတ်ဝန်းကျင် တည်ဆောက်ကြဖို့ လိုအပ်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading