Women & Gender

ဓလေ့ထုံးတမ်းတွေကို မွမ်းမံဖို့ လိုပြီလား

Want create site? Find Free WordPress Themes and plugins.

ကယန်းအမျိုးသမီးအစည်းအရုံးက အတွင်းရေးမှူး မူအန်ဂျလာက ကယန်းတို့ရဲ့ ဓလေ့ထုံးစံတချို့ဟာ အိမ် တွင်းအကြမ်းဖက်မှုကိစ္စတွေ ဖြေရှင်းရာမှာ အဟန့်အတားဖြစ်စေတယ်လို့ ပြောပြပါတယ်။

“သူ့ မိန်းမကို သူက သေနတ်နဲ့ပစ်တယ်။ သူ့ မိန်းမက အသက် ၁၇ နှစ်ပဲရှိသေးတယ်။ ကလေးတယောက် တော့ရှိပြီ။ ကလေးက ၂ လကျော်ပဲ ရှိသေးတယ်။ မိန်းမကို သေနတ်နဲ့ ပစ်တာ ဗိုက်မှာ။ တူမီးသေနတ်က ယမ်းစေ့တွေနဲ့ဆိုတော့ တချက်ပစ်ရင် အများကြီးထွက်တာ။ အမဲလိုက်သေနတ်ဆိုပေမယ့် ဒါလည်းလူကို သေစေနိုင်တဲ့လက်နက်ပဲလေ။ လူကတော့ ကံကောင်းလို့ မသေပေမယ့် ကလေးကို နို့တိုက်လို့ မရတော့ဘူး။ ယောကျ်ားဖြစ်သူကလည်း မိန်းမ အရေးပေါ်ခွဲစိတ်ရတာတောင် ဘာမှတာဝန်ယူမှု မရှိဘူး” ကယန်းအမျိုးသမီးအစည်းအရုံးက အတွင်းရေးမှူး မူအန်ဂျလာ က ရှင်းပြတယ်။

ကယန်းတို့ရဲ့ ဓလေ့အရ အိမ်ထောင်ကျပြီးရင် အမျိုးသမီးဖြစ်သူကို အမျိုးသားပိုင်ဆိုင်တဲ့ အရာဝတ္ထု တခုလို သတ်မှတ်ကြပြီး အိမ်ထောင်ဦးစီးလို့ ခံယူထားတဲ့ အမျိုးသားတွေရဲ့ကြီးစိုးမှုတွေက အကြမ်းဖက်မှုတွေကို ကျူးလွန်ဖို့ ခွင့်ပြုထားသလို ဖြစ်နေတယ်လို့ မူအန်ဂျလာက ပြောပြပါတယ်။

ဇနီးဖြစ်သူကို သေနတ်နဲ့ပစ်ပြီး သေစေနိုင်လောက်တဲ့ ဒဏ်ရာရပေမယ့် ခင်ပွန်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်တာမရှိဘဲ ကျေးရွာတွေရဲ့ ရိုးရာနည်းလမ်းတွေဖြစ်တဲ့ ထိပ်တုံးခတ် အပြစ်ပေးတာ၊ ခေါ်ယူ ဆုံးမတာ လောက်နဲ့သာ ဖြေရှင်းနေကြပါတယ်။

“အမှုနှစ်ခုရှိတယ်။ ခေါင်းမှာထိတဲ့ တယောက်ရယ်၊ ဗိုက်မှာထိတဲ့ တယောက်ရယ်၊ ဒီဟာလည်း နည်းနည်း ခေါ်ဆုံးမလိုက်တယ်။ အဲဒီလိုပဲ။ တပတ်နှစ်ပတ် ထိပ်တုံးထည့်တယ်။ နောက်တခါမလုပ်နဲ့နော်။ ကတိပေး နော်။ မလုပ်တော့ဘူးဆို ပြန်လွှတ်လိုက်တယ်။ အဲဒီလိုပဲ ဖြေရှင်းတယ်။ ထိထိရောက်ရောက် အပြစ်ပေးတာ မျိုးလည်း မရှိသလို သူတို့အတွက် ဒါက သိပ်ကြီးမားတဲ့ အမှုကိစ္စလည်း မဟုတ်ဘူးပေါ့နော်။ လင်မယားကြား ဖြစ်တဲ့အမှုဆိုတာက သိပ်ရေးမကြီးဘူးဆိုပြီး မြင်ကြတယ်” လို့ သူကရှင်းပြတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော် စတဲ့ နယ်စပ်ဒေသသုံးခုအတွင်းမှာ နေထိုင်ကြတဲ့ ပဒေါင်လို့လည်း လူသိများတဲ့ ကယန်းအမျိုးသမီးတွေဟာ ရိုးရာဓလေ့ အစွဲအလမ်းတွေအောက်မှာ ရှင်သန်နေထိုင်ရသူတွေဖြစ်ပါတယ်။

တချို့ရိုးရာဓလေ့အစွဲတွေဟာ အမျိုးသမီးတွေအပေါ် ခွဲခြားထားမှုတွေကို ဖြစ်ပေါ်စေပြီး အမျိုးသားတွေရဲ့ လွှမ်းမိုးမှုအောက်မှာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်တွေကို ကယန်းအမျိုးသမီးတွေ ရင်ဆိုင်နေကြရပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုမှာ အိမ်ထောင်ဖက်အမျိုးသားတွေရဲ့ အကြမ်းဖက်မှုကို အမျိုးသမီးတွေက အများဆုံးရင်ဆိုင် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အမျိုးသမီးကို ခင်ပွန်းအမျိုးသားက ဆဲဆိုကြိမ်းမောင်း အပြစ်တင်ပြောဆိုပြီး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်တာကအစ သေစေနိုင်တဲ့အထိ လက်နက်တွေ အသုံးပြုပြီး ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေလည်း ပါဝင်ပါတယ်။

မြို့ပြတွေမှာတော့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကို ရဲစခန်းတွေမှာ အရေးယူတိုင်ကြားနိုင်ပေမယ့် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာတော့ တောရွာဓလေ့အရ ရွာလူကြီးတွေရဲ့အဆုံးအဖြတ်နဲ့ပဲ ဖြေရှင်းလေ့ရှိတယ်လို့ မူအန်ဂျလာက ပြောပါတယ်။

ကယန်းအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ရင်ဆိုင်ဖြေရှင်းလို့ ရကြောင်း နားလည်သိမြင်စေဖို့ ဥပဒေအမြင်ဖွင့်သင်တန်းတွေပေးကာ ကူညီ ဆောင်ရွက်နေပေမယ့်လည်း ဥပဒေကို လက်မခံကြပါဘူး။ အမျိုးသမီးတွေကိုယ်တိုင်က အိမ်ထောင်ကျသွားပြီးရင် အမျိုးသားပိုင်ဆိုင်တဲ့ပစ္စည်းအဖြစ် လက်ခံပြီး ခင်ပွန်းသည်ရဲ့ နှိပ်စက်သမျှကို ငြိမ်ခံရမယ်လို့သာ မှတ်ယူနေကြပါတယ်။

“သူတို့က ဓလေ့နဲ့ဆုံးဖြတ်တာများတော့ အခုကျမတို့မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေကို နားလည်ဖို့ အမြင်ဖွင့် သင်တန်းလာပေးတဲ့အချိန်မှာ သူတို့က အထင်လွဲတယ်ပေါ့။ ကျမတို့က ဓလေ့ထုံးတမ်းကို ဖျက်နေတာလား။ အဲဒီလိုပေါ့။ ကယန်းဖြစ်ပြီးတော့ ဓလေ့ထုံးတမ်းကို ပပျောက်အောင်လုပ်တယ်။ ကယန်းရဲ့ဓလေ့ ထုံးတမ်းကိုဖျက်တယ်ဆိုတဲ့ အယူအစွဲတွေပေါ့နော်”

အဲဒါအပြင် ဥပဒေတွေကို နားလည်အောင် လာရောက်ပြောကြားတဲ့ သူတွေကိုလည်း ရွာသူရွာသားတွေက ကယန်းတွေရဲ့ ရိုးရာဓလေ့ကို ဖျက်ဆီးတယ်လို့ စွပ်စွဲတာမျိုးတွေ ကြုံရတယ်လို့ ပြောပြပါတယ်။

“နောက်ပြီးတော့ ဒါကသူတို့ဘာသာသူတို့ ရေးဆွဲပြီးတော့မှ လျှောက်ထုတ်ထားတဲ့ ဥပဒေတွေပေါ့၊ အဲဒီလိုမျိုး ဒီဥပဒေကို ကျမတို့ဘာသာ ရေးဆွဲယူလာတယ်ဆိုပြီး အထင်အမြင်လွဲတာတွေလည်း ကြုံတွေ့ရပါတယ်”

ဒါတင်မကသေးပါဘူး။ အိမ်တွင်းအကြမ်းဖက်မှုကို ဖြစ်စေတဲ့ နောက်ထပ်ဓလေ့တခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ မိသားစုတွေထဲမှာ သားဖြစ်သူကိုပဲ အမွေပေးတဲ့ ဓလေ့ဖြစ်ပါတယ်။

သမီးတွေဟာ အမွေဆက်ခံပိုင်ခွင့်မရှိဘဲ သားဖြစ်သူတွေကတော့ အိမ်၊ ခြံ၊ တောင်ယာ စတာတွေကို ပိုင်ဆိုင် ခွင့်ရှိပါတယ်။ သမီးတွေရတဲ့ အမွေကတော့ တောင်ယာခုတ်ဖို့ ဓားတလက်နဲ့ ပလိုင်းတလုံးသာ ဖြစ်ပါတယ်။

ကယန်းတွေရဲ့ အယူအဆအရ အိမ်ထောင်ကျသွားရင် သမီးဖြစ်သူဟာ သူများရဲ့လူဖြစ်သွားပြီး သားဖြစ်သူကသာ ကိုယ်ပိုင်ဆိုင်တဲ့လူဖြစ်တာကြောင့် သားတွေကိုပဲ အမွေပေးကြတာပါ။

ဒါကြောင့် သမီးဖြစ်သူတွေဟာ အိမ်ထောင်ကျပြီးသွားရင် ယောင်နောက်ဆံထုံးပါဆိုသလို ခင်ပွန်းအိမ်မှာ လိုက်နေထိုင်ကြရပြီး ခင်ပွန်းဖြစ်သူရဲ့ ပိုင်ဆိုင်တဲ့ သက်မဲ့အရာဝတ္ထုတခု ဖြစ်သွားရခြင်း ဖြစ်ပါတယ်။

“ကျမတို့ရန်ဖြစ်လို့ သူက ကျမကိုရိုက်ရင် ငြိမ်ခံနေလိုက်ရတာပဲ။ ကျမ ဆက်မပေါင်းနိုင်ဘူး ကွာရှင်းမယ်ဆို ရင်လည်း သူက ငါ့အိုး ငါ့အိမ်ဆိုပြီး အိမ်ပေါ်က နှင်ချလိုက်မှာပဲလေ။ ကျမမှာ တခြားသွားနေစရာမရှိဘူး။ ကျမတို့ရွာမှာ ကွာရှင်းရင် ရပ်ရွာလူကြီးတွေကို ပြောရတယ်။ လျော်ကြေးပြောမလား၊ ၄ သိန်း၊ ၅ သိန်း အဲဒီလိုနဲ့ပဲ ပြီးသွားတယ်။ တခြားဘာမှ ပိုင်ဆိုင်ခွင့်မရှိဘူး” လို့ ဖရူဆိုမြို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးတွေဟာ အိမ်ထောင်ကွဲမှာ မလိုလားတော့ဘဲ မိမိကို ညှင်းပန်းနှိပ်စက်တဲ့ ခင်ပွန်းနဲ့ပဲ ပေါင်းသင်းနေထိုင်ကြပြီး အိမ်တွင်းအကြမ်းဖက်မှု သံသရာထဲကနေ မလွတ်မြောက်ဘဲ ရှိနေပါတယ်။

“တချို့အမျိုးသမီးတွေဆို ကလေးမွေးပြီး လေးဆယ့်ငါးရက် မပြည့်ခင်မှာ ယောက်ျားကို ပြောမရတော့ လင် မယား ဆက်ဆံလိုက်ရတာတွေရှိတယ်၊ အဲဒါနဲ့ ဆေးရုံကို ထပ်ခါထပ်ခါသွားရတယ်။ ဒဏ်ရာတွေ မပျောက် ဘဲနဲ့ပေါ့။ တချို့အမျိုးသမီးတွေဆို ဗိုက်တွေဘာတွေ ခွဲထားရတော့ ချုပ်ရိုးပြေတာတွေဖြစ်တယ်။ နေရင်းနဲ့ ရိုက်ပုတ်တာတို့ အဲဒီလိုမျိုးတွေလည်း ရှိတယ်။ တချို့ကျတော့ အမျိုးသားတွေက မူးယစ်ဆေးဝါး သုံးပြီး တော့မှ သူ့ရဲ့မိန်းမကိုရိုက်တာ အဲဒီလိုတွေလည်း ရှိပါတယ်” လို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ Women for Women Foundation က မရိုစီကျော်ကပြောပါတယ်။

လင်မယားကြားမှာ အလိုမတူဘဲ ကာမဆက်ဆံတာဟာလည်း မုဒိန်းမှုမြောက်တယ်ဆိုတာကို ကယန်းအမျိုးသမီးတွေက လက်မခံကြပါဘူး။ သူတို့ဟာ အမျိုးသားက ပိုင်ဆိုင်တဲ့သူဖြစ်တာကြောင့် အမျိုးသားအလိုကျ လိုက်လျောရမယ်လို့ပဲ ခံယူထားကြပါတယ်။

အဲဒီအပြင် အမျိုးသားက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ထိခိုက်နာကျင်အောင်လုပ်မှုတို့ဆိုရင်တောင် တရား ဥပဒေအရဖြေရှင်းဖို့ ကယန်းအမျိုးသမီးတွေ အဆင်သင့်မဖြစ်သေးပါဘူး။ လင်ယောက်ျားကို အရေးယူ တိုင်ကြားလိုက်လို့ ထောင်ကျသွားရင် အမျိုးသမီးတယောက်တည်း ရပ်တည်ဖို့ လူမှုရေး၊ စီးပွားရေး၊ မိသားစု အရေးတွေမှာ အခက်အခဲတွေဖြစ်လာနိုင်လို့ ဖြစ်ပါတယ်။

“အမျိုးသမီးတွေက သူတို့ယောကျ်ား ထောင်ကျသွားမှာကို ကြောက်ကြတယ်။ သူတို့အနေနဲ့က ဒီယောကျ်ားမှ မရှိရင်လည်း သူတို့ကလေးကို တယောက်တည်း ဘယ်လိုကျွေးမွေးပြုစုရမလဲ။ နောက်တခုက ယောကျာ်းမရှိတဲ့ မိန်းမဆို လူတွေကအထင်သေးတယ်လေ။ သူတို့ မလုံခြုံဘူး။ အဲဒီလိုခံစားရတယ်” လို့ မရိုစီကျော်က ရှင်းပြတယ်။

အခုလို ကယန်းအမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု သံသရာထဲကနေ ရုန်းထွက်နိုင်ဖို့ ရိုးရာဓလေ့နည်း လမ်းနဲ့ ကျင့်သုံးမှုကို လျော့နည်းအောင် ပြုလုပ်ရမှာဖြစ်ပြီး ပြောင်းလဲနိုင်စွမ်း တစုံတရာရှိတဲ့ အမျိုးသားတွေ၊ ရပ်ရွာလူကြီးတွေ၊ ပြည်နယ်တွေမှာ အာဏာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

“ဒီက အမျိုးသမီးတွေက ဓလေ့ကို ပြောင်းလဲနိုင်မယ့် သူတွေထဲမှာတေ့ာ မပါသေးဘူး။ အကြောက်တရားတွေ ရှိနေသေးတယ်။ အမျိုးသမီးတွေက အခက်အခဲကို သိတယ်။ ဆွေးနွေးတယ်။ အဖြေရှာတယ်။ ဒါပေမယ့် လက်တွေ့ကျင့်သုံးဖို့က ခက်တယ်။ တကယ်ပြောင်းလဲဖို့က ဦးဆောင်တဲ့အပိုင်းမှာ အထူးသဖြင့် အာဏာရတဲ့ အမျိုးသားတွေအပေါ်မှာ အများကြီးမူတည်နေတယ်။ အုပ်ချုပ်ရေးမှူးတို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၊ အာဏာရှိတဲ့ ရွာမိရွာဖတို့ အဲဒီလိုမျိုးပေါ့။ သူတို့က ဒီလိုလုပ်ဆောင်မှုတွေကို ဆက်ပြီးလက်ခံကျင့်သုံးနေတော့ အမျိုးသမီးတွေက မကျေနပ်ပေမယ့် တရားမျှတမှု မရှိမှန်းလည်း သိပေမယ့် ဒီဓလေ့အတိုင်းပဲ ဆက်ပြီးတော့ ဆုံးဖြတ်တာ ခံနေရသေးတယ်” လို့ မရိုစီကျော်က ဆက်ပြောပါတယ်။

ကယန်းလူမျိုးတွေအနေနဲ့ လက်ရှိပြဌာန်းထားတဲ့ဥပဒေကို လိုက်နာကျင့်သုံးဖို့အတွက် ဥပဒေတွေကို သိရှိနားလည်ထားဖို့ လိုအပ်ပြီး ဥပဒေနဲ့ဆန့်ကျင်နေတဲ့ တချို့ဓလေ့တွေကို ဆက်လက်မကျင့်သုံးဖို့အတွက် လူထုအသိပညာပေးမှုတွေ များစွာလိုအပ်နေတယ်လို့လည်း ကယန်းဒေသက အမျိုးသမီး အဖွဲ့အစည်းတွေ က ထောက်ပြပြောဆိုကြပါတယ်။

အမျိုးသမီးတွေအပေါ် ခွဲခြားထားတဲ့ တချို့ ဓလေ့ထုံးတမ်းနဲ့ အယူအဆတွေကို အမျိုးသမီးတွေကိုယ်တိုင် ပြုပြင်ပြောင်းလဲဖို့လိုပြီး လုပ်နိုင်စွမ်းရှိတဲ့ ကျေးရွာရဲ့ ဦးဆောင်မှုတာဝန်ယူထားတဲ့ အမျိုးသားတွေကလည်း ဒီလိုဓလေ့ထုံးတမ်းတွေကို ဆက်လက်မကျင့်သုံးဖို့ ကယန်းအမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသူတွေ အနေနဲ့ စစ်တမ်းတွေကောက်ကာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အချက်အလက်နဲ့တကွ ထောက်ပြပြောဆိုစည်းရုံးတိုက်တွန်းမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် အမျိုးသမီးတွေကိုယ်တိုင်က ဖိနှိပ်တဲ့ ဓလေ့ထုံးတမ်းတွေကို လက်ခံနေမယ်ဆိုရင်တော့ ပြောင်းလဲဖို့ က အတော်ခက်ခဲပါလိမ့်မယ်။

” မိန်းကလေးတွေမှာလည်း အားကိုးချင်စိတ်က အပြည့် ရှိနေတယ်။ သူတို့အားကိုးရမယ့်သူ လိုတယ်လို့ ထင်ကြတယ်။ တကယ့် တကယ် သူတို့အားကိုးနေရတာလည်း မဟုတ်ပါဘူး။ သူတို့လည်း တအား အလုပ်လုပ်ကြရတာပဲ။ ဘယ်လောက် ရိုက်ရိုက်နှက်နှက် ဘယ်လောက်ပဲလုပ်လုပ် အများစုက အဲဒီလို အတွေးတွေ၊ ခေါက်ရိုးကျိုးအမြင်တွေ ရှိနေတော့ ချက်ချင်းပြင်ဖို့တော့ ခက်တာပေါ့” လို့ မူအန်ဂျလာကပြောပါတယ်။

စာရေးသူ ခက်ဆစ်သည် Honest Information (HI ) မှဖြစ်ပြီး အဆိုပါအဖွဲ့ကို မြန်မာအမျိုးသမီးသမဂ္ဂ မှ စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading