အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝရှင်သန်မှုဟာ အမျိုးသားတွေထက်ပိုပြီး ခက်ခဲတာ အမှန်ပါ၊ လူ့အဖွဲ့အစည်းရဲ့ တံဆိပ်ကပ်မှု တွေနဲ့ အသားကျနေတဲ့ အမျိုးသမီးတွေဟာ အသိအမှတ်ပြုခံရဖို့၊ ထိုက်တန်တဲ့ နေရာတခုခုရဖို့ တခြားသူတွေထက် ပိုပြီး ကြိုးစားရ ပါတယ်။ စိတ်မကောင်းစရာက ဒီကနေ့အထိ အမျိုးသမီးတွေအပေါ် နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားများပြား နေတာပါပဲ။
အိမ်တွင်းပျင်းနေလို့ မရတဲ့ခေတ်မှာ အမျိုးသမီးတွေဟာ တထောင့်တနေရာကနေ မိသားစုတာဝန် ထမ်းရလို့ အပြင်ထွက် အလုပ် လုပ်နေရသူတွေ အများကြီး ရှိပါတယ်။ အဲဒီအချိန်မှာ သူတို့အတွက် “လုံခြုံစိတ်ချမှု” ရှိဖို့က တော်တော်လေး အရေးကြီးတာ အမှန်ပါ။ အထူးသဖြင့် အလုပ်ခွင်ကနေ ညဉ့်နက်မှ ပြန်ရတဲ့ မိန်းကလေးတွေအတွက် အန္တရာယ်က လက်တကမ်းအကွာမှာပဲ ရှိပါတယ်။
ဘတ်စ်ကားစီးတဲ့ မိန်းကလေးတွေမှာ Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုနဲ့ တွေ့ရတတ် ပါတယ်။ YBS ယာဉ် အများစုမှာ စပယ်ယာ မပါတော့ပေမယ့် တချို့ယာဉ်လိုင်းတွေမှာ စပယ်ယာတွေ ရှိနေဆဲပါ။ သိပ်မကြာ သေးမီကပဲ ယာဉ်လိုင်းတလိုင်းမှာ စပါယ်ယာ တယောက်က ခရီးသည်မိန်းကလေး တင်ပါးကို ကိုင်လို့ ယာဉ်လိုင်းကနေ ထုတ်ပယ် လိုက်တဲ့ သတင်းကြားခဲ့ရပါတယ်။ ဒါဟာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုထဲမှာ အကျုံးဝင်ပါတယ်။ ကားကျပ်နေတဲ့ အချိန်မှာ မိန်းကလေးတွေနဲ့ အသားချင်း မထိ၊ ထိအောင်လုပ်တာ၊ မတော်တဆ ရင်သားနဲ့ပေါင်ကို ထိမိသလို လုပ်တာတွေကို တချို့ယောက်ျားလေးတွေ ပြုမူတက်ကြပါတယ်။
ဘတ်စကားပေါ်မှာသာ မကပါဘူး။ မောမောပန်းပန်းနဲ့ အိမ်ပြန်လာတဲ့ မိန်းကလေးတယောက်ကို ရိသဲ့သဲ့ကြည့်ကာ မိုက်ရိုင်းသူ တွေဆို “လိုက်မလား” လို့ မေးတာတွေကလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုပါ။ အလုပ်ခွင်မှာဆိုရင် အထက်အရာရှိဆိုသူက မိန်းကလေးချောချော လှလှကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ရှိတတ်ပါတယ်။ အလုပ်ခွင် အကုန်လုံးမှာ မဟုတ်ပေမယ့် အနည်းဆုံး မိန်းကလေးဆို ထိပ်ပုတ်၊ ခေါင်းပုတ်လုပ်တာ၊ လက်ကိုင်တာတွေက အထူးသတိပြုရှောင်ရှားသင့်တဲ့ အပြုအမူတွေပါ။
ဒီလိုပြုမူနေထိုင်တာက တချို့မိန်းကလေးတွေက အဲဒီလိုမှ အထက်အရာရှိက အဘောကျမယ်လို့ ထင်နေတာရယ်၊ တချို့က မကြိုက်ပေမယ့် ကြောက်လို့ ပြန်မပြောရဲတာရယ်ကြောင့် ဖြစ်ပါတယ်။ တကယ်တမ်းကျ ကိုယ့်အရည်အချင်းနဲ့ကိုယ် အလုပ်ခွင်မှာ ရပ်တည်နိုင်တဲ့ မိန်းကလေးတယောက်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဘယ်လိုအကြောင်းနဲ့မှ လက်မခံသင့်ပါဘူး။
ကျမတို့ လူ့အဖွဲ့အစည်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံနေရတာကို အထင်ရှားဆုံး သက်သေပြနေတာက တနေ့တခြား များပြားလာနေတဲ့ “အဓမ္မပြုကျင့်မှု” တွေပဲဖြစ်ပါတယ်။ အဓမ္မပြုကျင့်မှုတွေဟာ နိုင်ငံအနှံ့ဖြစ်ပွားနေပြီး အဲဒီထဲမှာ ဖခင်အရင်း၊ အစ်ကိုအရင်းတွေက ကျူးလွန်တဲ့ ပြစ်မှုတွေတောင်ပါဝင်နေတယ်။
အဆိုးဆုံးကတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေ အပေါ် ကျူးလွန်တဲ့ “သက်ငယ်မုဒိမ်းမှု” တွေပါ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးတွေဟာ ရုပ်ပိုင်း ဆိုင်ရာမှာ သာမက စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နာကျင်ရပါတယ်။
အဲဒီလို အဓမ္မပြုကျင့်မှုတွေမှာ နစ်နာရတဲ့ မိန်းကလေးကိုပဲ လူ့အဖွဲ့အစည်းက အပြစ်ပြောတာဟာ လုံးဝတရားမျှတမှု မရှိပါဘူး။ သူက ဝတ်စားထားတာပုံစံမကျလို့၊ သူက ညဘက်မှာ အပြင်ထွက်လို့၊ သူက အလှတွေပြင်လွန်းလို့ စသဖြင့် အပြစ် ပြောတတ်ကြပါတယ်။ အံ့သြစရာ ကောင်းတာက အဲဒီလိုအပြစ်ပြောနေသူတွေထဲမှ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်နေတာပါပဲ၊ အဓမ္မပြုကျင့်ချင်သူဟာ နေ့မှာပဲ ဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ် ကျူးလွန်တတ်သလို ဝတ်စားပြင်ဆင်ထားတဲ့ သူမဟုတ်တဲ့ ၅ နှစ်အရွယ်ကနေ ၁၂ နှစ်၊ ၁၃ နှစ် အရွယ်ကလေးငယ်တွေပေါ်မှာပါ ကျူးလွန်တတ်တာကို သတိပြုသင့်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း အဓမ္မပြုကျင့်မှုပေါင်း ၇၅၃ မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရတဲ့ မိန်းကလေးတွေမှာ ၂ နှစ်ကနေ ၅ နှစ်အတွင်း ၂၄ မှု၊ ၆ နှစ်ကနေ ၁၀ နှစ်အတွင်း ၇၉ မှု၊ ၁၁ နှစ်ကနေ ၁၃ နှစ် အတွင်း ၂၂၁ မှု၊ ၁၄ နှစ်ကနေ ၁၆ နှစ်အတွင်း ၄၂၉ မှုလို့ ကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်၊ တခါ သက်ငယ်မုဒိမ်းမှု အများဆုံးဖြစ်ပွားတဲ့ထဲမှာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံး၊ ဧရာဝတီတိုင်း ဒေသကြီးက ဒုတိယ၊ မကွေးတိုင်း ဒေသကြီးက တတိယ အများဆုံး ဖြစ်ပွားတာ တွေ့ရပါတယ်။
ဒါအပြင် ပဋိပက္ခနဲ့ စစ်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ အမျိုးသမီးတွေ အပေါ် အဓမ္မပြုကျင့်မှုတွေ ဆက်လက် ဖြစ်ပေါ်နေဆဲပါ၊ အဲဒီလို အဓမ္မ ပြုကျင့်မှုတွေဟာ အင်မတန်ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်သလို တခြား အဓမ္မ ပြုကျင့်မှုတွေလို ပြစ်မှု ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့လည်း မလွယ်ကူပါ။ ကုလသမဂ္ဂရဲ့ အဆိုအရ ကမ္ဘာပေါ်က အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်ဟာ လိင်ပိုင်းဆိုင်ရာအရ စော်ကားခံနေရတယ် လို့ ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေထဲမှာ အလိုမတူဘဲ သားမယားပြုကျင့်တာ၊ အိမ်တွင်းအကြမ်းဖက်တာ၊ မိန်းမတွေ မီးဖွားစဉ်မှာ နှိပ်စက်တာ၊ အုပ်စုလိုက် မုဒိမ်းကျင့်တာ၊ စစ်အတွင်း လိင်ကျေးကျွန်ပြုတာ၊ မအင်္ဂါကို ဖြတ်ထုတ်တာ စတာတွေ ပါဝင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ လူမသိ သူမသိနဲ့ အိမ်တွင်းမှာပဲ လင်ယောက်ျားဖြစ်သူရဲ့ အကြမ်းဖက်မှုခံနေရတဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရ အနာတရဖြစ်အောင် အကြမ်းဖက်မှုတွေလည်း ရှိနေပါတယ်။
ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ၂၀၀၀ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၁၃၂၅၊ အပိုဒ် ၁၀ မှာ “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ ဖြစ်သော အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ရိုက်နှက်ညှဉ်းပန်းမှု အပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဌာန် မျိုးစုံ၏ အန္တရာယ်မှ ကင်းဝေးစေရေး အတွက် လက်နက်ကိုင်စစ်ပွဲများတွင် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ အားလုံးမှ အမျုးိသမီးများကို အထူးဂရုပြု စောင့်ရှောက်ရန် တောင်းဆိုချက်များ” ကို ဖော်ပြထားပါတယ်။ သြဂုတ်လက စပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ် ခဲ့ပါတယ်။ အခုလို သတင်းထွက်ပေါ်မှုတွေ မှန်၊ မမှန် အစိုးရအနေနဲ့ စိစစ်သင့်ပြီး မှန်ကန်ခဲ့ရင် ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်အောင် ကြိုးစားသင့်ပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ကစပြီး အမျိုးသမီးနှင့် မိန်းကလေးငယ်တွေကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကိုပါ မြန်မာနိုင်ငံ မှာ လုပ်ဆောင်ခဲ့ပါတယ်။ ထူးခြားချက်တခုက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကနေ ကာကွယ်ပေးဖို့ လုပ်ဆောင်နေတဲ့ Me too အဖွဲ့ရဲ့ Me-Too လှုပ်ရှားမှုဟာ ဆိုရင်လည်း တိတ်ဆိတ်နေခဲ့တဲ့ အမျိုးသမီးတွေရဲ့ အနှိပ်စက်ခံဘဝတွေကို ချပြခဲ့တာပါ။
တချို့က အမျိုးသမီးအခွင့်အရေး လို့ ဆိုလိုက်တာနဲ့ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ မှတ်ထင်တတ်ကြပါတယ်။ တကယ်တော့ အမျိုးသမီးတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိရေး၊ အကြမ်းဖက်ခံရမှုမှ ကင်းဝေးရေးဟာ အမျိုးသား တွေနဲ့ပါ သက်ဆိုင်ပါတယ်။
ဘာလို့လဲ ဆိုတော့ အမျိုးသမီးတွေရဲ့ ဘဝမြင့်မားလာမှ၊ စွမ်းဆောင်ရည် တိုးတက်လာမှသာ မိသားစု ဘဝတွေ တိုးတက် ကောင်းမွန်လာမှာမို့ပါ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ချမှတ်တဲ့ ပြစ်ဒဏ်တွေ နည်းပါးနေတာ ကိုလည်း ပြင်ဆင်ဖို့ လိုအပ်နေ ပါတယ်။ ပြစ်ဒဏ်နည်းပါး နေသရွေ့ နည်းလမ်းမျိုးစုံနဲ့ ဆက်ပြီး အကြမ်းဖက်မှု ကျူးလွန်ဖို့ တွန်းအားပေးနေသလို ဖြစ်နေမှာပါ။ အစိုးရအနေနဲ့ အမျိုးသမီးရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ အမျိုးသမီးတယောက်ချင်းစီရဲ့ “ဖြစ်တည်မှု” ကို တန်ဖိုးထားတတ်ရပါမယ်၊ အဲဒီလို တန်ဖိုး ထားတတ်မှ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လျော့ကျလာမှာ ပါ။ အမျုးိသမီးတွေကို နည်းလမ်း မျိုးစုံနဲ့ အကြမ်းဖက်မှုကနေ အဆုံးသတ်ဖို့ ကြိုးစားသွားဖို့က လူသားပီသသူတိုင်းမှာ တာဝန်ရှိပါကြောင်း သုံးသပ်ရေးသား လိုက်ရပါတယ်။