Women & Gender

"မျိုးဆက်ပွားအသိ တိုးတက်လာပြီလား ဆိုတာ study လုပ်သွားမယ်"

Want create site? Find Free WordPress Themes and plugins.

လူငယ်များအတွက် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး အခွင့်အရေးများ ဆိုင်ရာအချက်အလက်များကို မိမိဘာသာ သင်ယူလေ့လာနိုင်ပြီး မလိုုလားအပ်သော ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားစဉ်မိခင်များ သေဆုံုးရမှုတို့ လျော့ကျစေရေး အသိပညာပေးရန် အချစ်ပုစ္ဆာ ဘဝအဖြေ [love questino life answer] မိုဘိုင်းအပလီကေးရှင်းကို ဒီဇင်ဘာ ၂၀ ရက်နေ့က ကုလသမဂ္ဂလူဦးရေ ရံပုံုငွေအဖွဲ့ (UNFPA) နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စတင် မိတ်ဆက် ဖြန့်ဝေခဲ့သည်။ အဆိုပါ UNFPA မျိုးဆက်ပွားကျန်းမာရေးဌာနမှ စီမံကိန်းအရာရှိ ဒေါက်တာလှိုင်ထိပ်ထားခင် ကို ဧရာဝတီသတင်းဌာန သတင်းထောက် ငြိမ်းငြိမ်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ဒီ အပလီကေးရှင်းကို ဘယ်အချက်အလက်တွေပေါ်အခြေခံ ဖန်တီးခဲ့တာလဲ။ ဘာကြောင့် ဖန်တီးဖြစ်ခဲ့လဲ။

ဖြေ။ အချစ်ပုစ္ဆာ ဘဝအဖြေ [love questino life answer] မိုဘိုင်းအပလီကေးရှင်းက လူငယ်တွေအတွက် ဖန်တီးတီထွင်ပြီးတော့ ခေတ်မီနည်းပညာနဲ့လုပ်ထားတာပါ။ ဘာအတွက်လဲဆိုတော့ ပြီးပြည့်စုံတဲ့ လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာကို အသိပေးထားတာပေါ့၊ လူငယ်တွေ အများဆုံး သိသင့်သိထိုက်တဲ့အကြောင်းအရာ၊ ဒါပေမယ့် သူတို့ သတင်းအချက်အလက်တွေကို မှန်ကန်တဲ့နေရာကနေ ရပြီး လူငယ်တွေ လက်လှမ်းမမှီနိုင်တဲ့အရာတွေကို မိုဘိုင်းအပလီကေးရှင်း ကနေပြီးတော့ ဘယ်သူ့ကိုမှ မမေးမမြန်းဘဲနဲ့ သူ့ဘာသာ စိတ်တိုင်းကျသိနိုင်အောင် ကိုယ်ပိုင်အချိန်မှာသိနိုင်အောင် သင်ပေးဖို့ ရည်ရွယ်ပါတယ်။

မေး။ ဒီ အယ်ပလီကေးရှင်း က အွန်လိုင်းမရှိဘဲ အော့ဖ်လိုင်း သုံုးလို့ရတဲ့ ဟာမျိုးလား။

ဖြေ။ ဂူဂဲလ် (Google) ကနေ ဝိုင်ဖိုင်နဲ့ဖြစ်ဖြစ် မိုဘိုင်းဒေတာ ကိုဖြစ်ဖြစ် ဖွင့်ပြီးတော့ ဒေါင်းလုပ် လုပ်မယ်၊ ဒေါင်းလုပ် လုပ်ပြီးလို့ စက်ထဲသွင်းပြီးလို့ရှိရင် အင်တာနက်မလိုတော့ဘူး။ အော့ဖ်လိုင်း (Off-line) သုံးလို့ရတယ်။ နောက်တခုက အွန်လိင်းကနေ ဒေါင်းလုပ် လုပ်ထားတဲ့ တယောက်ဆီကနေ နောက်တယောက်က အွန်လိုင်းမရှိဘဲနဲ့လဲ Zapya ကနေ ယူလို့ရတယ်။ အွန်လိုင်း ရှိရှိ၊ မရှိရှိ အချင်းချင်းဝေမျှပြီးတော့ သုံးမယ်ဆိုရင်လဲ ရတယ်ရှင့်။

မေး။ ဒီလိုမျိုး မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ လိင်မှုရေးရာကိစ္စတွေကို လူမှုအဖွဲ့အစည်းမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုတာတွေ သိပ်မရှိတဲ့ အခြေအနေမှာ လူငယ်တွေကို ဒီလိုပညာပေးဖို့ ဘယ်လိုအိုင်ဒီယာ ရခဲ့တာလဲ။

ဖြေ။ မြန်မာနိုင်ငံ Data တွေကောက်တဲ့ အချက်အလက်တွေက စတာပေါ့။ ၂၀၁၄ မှာ သန်းခေါင်စာရင်း ဒေတာ တွေထွက်လာတယ်၊ သန်းခေါင် စာရင်း အချက်အလက်တွေအရ အသက် ၁၅ နှစ်ကနေ၊ ၁၉ နှစ်ကြားမှာ ကိုယ်ဝန်ဆောင်တာတွေ တွေ့ရတယ်၊ နောက်တခုက ၂၀၁၆ ခုနှစ်မှာတွေ့ရတဲ့ DHS ဒေတာဆိုတာ မြန်မာနိုင်ငံအခြေခံ လူနေမှုဘဝနဲ့ ကျန်းမာရေးအခြေခံအချက်အလက် စစ်တမ်းကောက်ပြုစု ထားတယ်၊ အဲဒီစစ်တမ်းကနေထွက်လာတဲ့ ဟာတွေမှာ လူငယ်လူရွယ် အမျိုးသမီးငယ်တွေက ကိုယ်ဝန်ဆောင်နေကြရတာကို သွားတွေ့ ရတယ်၊ အဲဒါအမှန်တော့ ကျန်းမာရေး ရှု့ထောင့်ကနေကြည့်မယ်ဆိုရင် အသက်ငယ်လွန်းတဲ့သူတွေသည် ကိုယ်ဝန်မဆောင် သင့်သေးဘူး။ မိခင်လောင်းအတွက် အဆင့်သင် မဖြစ်သေးတဲ့အချိန်မှာ သူတို့ကိုယ်ဝန်ဆောင်နေကြတာကို တွေ့ရတယ်။ အဲဒါ ဘာကြောင့်လဲဆိုတာ ကျမတို့ ဆန်းစစ်ကြည့်တယ်။

နောက်တခါ မလိုလားအပ်တဲ့ကိုယ်ဝန်တွေကို မရအောင်လုပ်တဲ့ အချိန်မှာ ကိုယ်ဝန် သားပျက်သားလျှော ဖြစ်ကြတယ်၊ ကိုယ်ဝန်ဖျက်ချကြတယ်၊ အဲဒီလို ဖျက်ချတဲ့အတွက်ကြောင့် မိခင်တွေဟာ မသေဆုံးသင့်ဘဲနဲ့ သေဆုံးကြတာ သွားတွေ့ရတယ်။ တွေ့တဲ့အခါမှာလည်း အသက်ငယ်ငယ်ရွယ်ရွယ်တွေလည်း ရာခိုင်နှုန်း အများကြီးဆိုတာကို သွားတွေ့ရှိတယ်။ အဲဒီလိုမျိုးဟာတွေကြောင့် ဒီဟာဘာကြောင့်လည်း ဆိုတာကို ဆန်းစစ်ကြည့်တဲ့အခါမှာ သူတိုု့ လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွားပညာတွေ အားနည်းနေသေးတယ်ဆိုတာကို ကျမတို့အစိုးရနဲ့ ဝန်ကြီးဌာနတွေအားလုံးက သုသေသနစစ်တမ်းတွေအရ ကျမတို့သွားပြီး တွေ့ရှိရတယ်ပေါ့၊ အချက်အလက် ကိန်းဂဏန်းတွေအရ တွေ့ရှိရတယ်၊ အဲဒီအတွက် သူတို့တွေကို ပုံမှန်တွေ့ရှိရတဲ့ ကျန်းမာရေးစနစ်ဆိုတာ စာအုပ်ထဲမှာ ဖတ်မှရမယ်၊ တယောက်က သင်ပေးမှ ရမယ်၊ ရေဒီယိုတို့ မီဒီယာတွေကနေ တဆင့်ပြောမှ သိနိုင်မယ့်အနေအထားပဲ မြန်မာနိုင်ငံမှာရှိတယ်။

အခု ၂၀၁၀-၁၁ နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဆင်းကဒ်တွေ အများကြီးသုံးလာနိုင်တယ်၊ ပြီးတော့ Smart Phone တွေကလဲ ပေါပေါလောလော သုံးလာနိုင်တဲ့ အနေအထားမှာ လူငယ်တွေကို လေ့လာကြည့်တဲ့အခါမှာ သူတို့ ဖုန်းကိုပဲ အချိန်ပြည့် စိတ်ဝင်စားစွာ သုံုးနေတာ တွေ့ရတယ်။ ခုနကလိုမျိုး အခြေခံအကြောင်းတွေ တွေ့ရှိချက်တွေအရ လူငယ်တွေဆီကို သတင်းအချက်အလက်တွေ အရောက်ပို့မယ်ဆိုရင် ဘယ်နည်းနဲ့ပို့မလဲဆိုပြီးတော့ စဉ်းစားကြည့်တော့ မိုုဘိုုင်းအပလီကေးရှင်း (Mobile Application) နဲ့ပို့မယ်ဆိုရင် အသင့်လျော်ဆုံးပဲဆိုပြီးတော့ UNFPA ဗဟိုကပေးတဲ့ Innovation funding ကို ကျမတို့ Proposal နဲ့လျှောက်ယူကြည့်တဲ့အခါမှာ နိုင်ငံတွေ အများကြီးလျှောက်ကြတဲ့ အာရှနိုင်ငံတွေ ထဲမှာ ကျမတို့ မြန်မာနိုင်ငံတနိုင်ငံတည်းကသာ ဒီထောက်ပံ့ငွေကို ရခဲ့တယ်။ ဒီဆုရတဲ့ ငွေနဲ့ ၂၀၁၅ ကတည်းကစပြီးတော့ ကျမတို့စပြီးတော့ ဖန်တီးလာခဲ့တာပေါ့၊ အခက်အခဲမျိုးစုံနဲ့ ကျမတို့လုပ်ခဲ့ကြရတယ်ပေါ့။

မေး။ အမျိုးသမီးငယ်တွေ ကိုုယ်ဝန်ဖျက်ချမှုက ဘယ်လောက်ရာခိုင်နှုန်းရှိတာလဲ။

ဖြေ။ ကိုယ်ဝန်ဖျက်ချတဲ့စာရင်းက ကျမတို့ ဒေတာအသေအချာ ကောက်လို့မရဘူး။ ဒါက နဂိုကတည်းက တိတ်တဆိတ် ကိုယ်ဝန်ဖျက်ချ (illegal abortion) တာတွေ ဖြစ်နေတဲ့အခါမှာ ဒေတာအနေနဲ့ ထောက်ပြလို့မရဘူး။ အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်၊ မီးဖွားပြီး သေဆုံုးတာတွေ ရှိတယ်။ အကြောင်းရင်းတွေက ကိုယ်ဝန်ဖျက်ချပြီး သေတဲ့ ဒေတာတွေ။ ပိုးသင့်ပြီး သေတာတွေ ရှိတယ်။ ကိုယ်ဝန်မီးဖွားစဉ် ဆုံုးတဲ့ဟာ အများဆုံုးပေါ့။ သူတို့က ဘာလို့ ကိုယ်ဝန်ဖျက်ကြလဲ။ ဘာလို့ ကလေးကို ကောင်းကောင်းမမွေးနိုင်ကြသလဲ အသက်ဆုံုးရှုံးရသလဲ။ ကလေးမွေးစဉ် ဘာလို့ ရောဂါဖြစ်ပီး သေရမလဲ။ ဒါ သာမန်ဖြစ်ရမယ့်ကိစ္စလေ။ ဒါကို စုံုစမ်းတဲ့အခါ သူတိုု့ အသိပညာ နည်းလိုု့ဆိုတဲ့ဟာ သွားတွေ့ရတယ်။ သူတိုု့ ကိုုယ်ဝန်ဆောင်စဉ် ကိုုယ်ဝန်ဆောင်စောင့်ရှောက်မှု မခံရတာရယ်။ နောက် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို မရအောင် ဘယ်လိုုတားဆီးရမလဲဆိုတာ သူတို့မသိတာရယ် သွားတွေ့ရတယ်။

မေး။ မြန်မာပြည်မှာ ၁၆ သန်းလောက်ရှိတဲ့ လူငယ်တွေကို ဦးတည်ပြီး ဒီအပလီကေးရှင်းကို ဖန်တီးတယ်လို့ သိရတယ်။ လူငယ်တွေအတွက်အပြင် အရွယ်ရောက်ပြီးသား အမျိုးသမီး အမျိုးသားတွေအတွက်လည်း အသုံုးဝင်တဲ့ အချက်အလက်တွေ ပါတယ်ဆိုတာ တွေ့ရတယ်။ လူငယ်တွေဆီကို သတင်းအချက်အလက် ဘယ်လောက် စီးဆင်းသလဲဆိုတာ သိဖို့ ဘယ်လို follow up လုုပ်မလဲ။

ဖြေ။ ဒီနှစ် နေပြည်တော်မှာလုပ်တဲ့ launching ပွဲကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ တခြားဝန်ကြီး ဌာနတွေ၊ လူမှုဦးစီးဌာနက ဝန်ကြီးဌာနတွေ၊ လုပ်ငန်းမှာပါဝင်ဆောင်ရွက်နေတဲ့ လူကြီးတွေနဲ့ တကယ့်ကျန်းမာရေးပညာပေးမယ့် ဝန်ထမ်းလောင်းတွေ သူနာပြုသားဖွားသင်တန်းဆင်းတဲ့ သင်တန်းဆင်းလေးတွေကို အရင်ဆုံးဖြန့်ဝေတဲ့ဟာပါ၊ တချို့လူငယ် ခေါင်းဆောင်ကိုယ်စားလှယ်တွေလည်းပါတယ်၊ အဲဒီလူတွေကနေတဆင့် ဆင့်ပွားပြီးတော့ ဖြန့်ဖြူးမယ်လို့ ရည်ရွယ်ပါတယ်၊ အရင်ဆုံး လူငယ်တွေဆီကိုရောက်အောင် မီဒီယာကမ်ပိန်း လုပ်သွားမယ်ပေါ့။

ဖုန်းကိုင်ပြီးတော့ သုံးတဲ့သူတွေကို ဦးတည်ထားလုပ်တဲ့အတွက် ဖုန်းကိုင်တဲ့သူတွေသုံးမယ့် စိတ်ဝင်စားမယ့် မီဒီယာတွေကနေပြီးတော့ သွားမယ် facebook, instagram တို့ Youtube တို့ကနေပြီးတော့ သွားမယ်။ အဲဒီလိုမျိုး လူမှုကွန်ရက်တွေကနေ တဆင့် ဖြတ်သွားပြီးတော့ လူငယ်တွေ လက်ထဲရောက်အောင်လုပ်သွားမယ်။ အဲဒါ မဟာဗျူဟာ တခု၊ နောက်တခုကကျတော့ provider တွေကနေ ဝန်ထမ်းတွေ၊ တာဝန်ရှိ ပုဂ္ဂိုလ်တွေကနေ ကျောင်းဆရာတွေ ဆရာမတွေ အဲဒါကနေ တဆင့် ကျောင်းသင်ခန်းစာတွေ မဟုတ်ခဲ့သည့်တိုင်အောင် ပညာပေး အစီအစဉ်တွေမှာ လိုအပ်လျှင် သုံးလို့ရမယ့် လက်နက်ကိရိယာတခုပေါ့။ ဖုန်းတခုရှိတယ် ဆိုရင် ဒီဟာလေး ရှိတယ်ဆိုတာနဲ့ ဆရာမတွေသင်လို့ရအောင် ကျမတို့ ဆက်ကြိုးစားသွားမယ်။

အရင်ဆုံးအနေနဲ့ကတော့ ကျန်းမာရေးဝန်ကြီးဌာနကနေ ပညာပေးဟောပြောပွဲတွေမှာ ကိုင်စွဲတဲ့ လက်စွဲဟာမျိုးတွေပေါ့။ အဲဒီလိုမျိုးလေး သုံးစွဲသွားနိုင်အောင် လုပ်သွားမယ်။ လူငယ်တွေရဲ့ တုံ့ပြန်မှု ဘယ်လောက်အထိရှိသလဲ ဆိုတာကတော့ ကျမတို့ ဆက်ပြီးတော့ သုတေသန လုပ်သွားဖို့ရှိပါတယ်။ လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွား ပညာအသိဗဟုသုတတွေ တိုးတက်လာပြီလား ဆိုတာကို ကျမတို့ study လုပ်သွားမယ်၊ Qualitative ရော Quantitative ရောအကုန်လုပ်သွားမယ်။

မေး။ လိင်မှုဆိုင်ရာ ပညာပေးမှုကို ကျောင်းသင်ခန်းစာတွေမှာ မပါသေးတဲ့အချိန်မှာ မိုဘိုင်းအပလီကေးရှင်းနဲ့ ထိုးဖောက်တဲ့ သဘောလား။

“မျိုးဆက်ပွားအသိ တိုးတက်လာပြီလား ဆိုတာ study လုပ်သွားမယ်” ပညာရေးဝန်ကြီးဌာနကလည်း အခန်းကဏ္ဍ တခု ပါဝင်ရေးသားပေးခဲ့ပါတယ်။ သူတို့ သင်ရိုးထဲက ဘဝတွက်တာ သင်ခန်းစာကို ဒီထဲမှာ ထည့်သွင်းရေးထားတယ်။ လူမှု ဝန်ထမ်းဌာနကရော ကျန်းမာရေးဝန်ကြီးဌာန အောက်က ဌာန လေးခုကလည်း national plan ထဲက အချက်အလက်တွေ ထည့်ထားပေးတယ်။ ဒီ အပလီကေးရှင်းသည် ပထမဆုံုး ခြေလှမ်းလို့ပြောလို့ရပါတယ်။ နိုင်ငံခြားက comprehensive sexuality education ဂိုက်လိုင်းကို မှီငြမ်းပြီး တော့ ပြုစုထားတယ်။ ဒါ မြန်မာမှု ပြုထားပြီးသားပေါ့နော်။ ကျောင်းသင်ခန်းစာမှာကတော့ ဘဝတွက်တာဆိုပြီးတော့ life skill လုပ်ထားပြီးသားရှိတယ်။ ဒီဟာကတော့ ကျောင်းသင်ခန်းစာတင်မဟုတ် ကျောင်းပြင်ပကလူတွေရော လူငယ်မှမဟုတ် လူကြီးတွေရော အသုံုးပြုလို့ ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading