Women & Gender

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးနဲ့ လုံခြုံရေးကဏ္ဍ ပါဝင်သလား

Want create site? Find Free WordPress Themes and plugins.

“ပဋိပက္ခအတွင်းမှာ အမျိုးသမီးတွေဟာ နည်းမျိုးစုံနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါကျတော့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ဘေးဖယ်ထားတာတွေ့ရတယ်” လို့ ကချင်ပြည်နယ် ဝိုင်းမော်ဇုန်၊ ကချင်နှစ်ခြင်း အသင်းတော် (KBC) မှ အမျိုးသမီးတာဝန်ခံ ဒေါ်လုမိုင်က ဆိုပါတယ်။

ပဋိပက္ခဒေသမှာနေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ဘဝဟာ ကျားရဲတွင်းထဲမှာ နေထိုင်နေရသလိုပါပဲ။ ငြိမ်းချမ်းရေးဆွေးနွေးလာတာ အချိန်တစုံတရာ ကြာခဲ့ပြီဖြစ်ပေမယ့် ပဋိပက္ခဒေသအတွင်းမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးကို ထည့်သွင်းဆွေးနွေးမှု မရှိသေးကြောင်း သိရပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာတွေ ရေးဆွဲမယ်ဆိုရင်လည်း အမျိုးသမီးကဏ္ဍကို အရေးတကြီး ထည့်သွင်းစဉ်းစားသင့်ကြောင်း အကဲခတ်သူတွေက ဆိုကြပါတယ်။

စစ်ပွဲဖြစ်လာရင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဘာမှမပါဘဲ ထွက်ပြေးလာကြရပြီး မိုးကာတဲနဲ့ နေရတာတွေ ရှိသလို၊ စစ်ဘေးရှောင် တန်းလျားတွေမှာနေတဲ့ အမျိုးသမီးတွေလည်း အခက်အခဲတွေ အများကြီးကြုံ နေရတယ်လို့ ဒေါ်လုမိုင်က ပြောပြပါတယ်။

“ကလေးနဲ့ အမျိုးသမီးတွေ shutter မရတော့ မိုးကာတဲနဲ့နေရတယ်။ ကလေးတွေကတော့ အဖျားအနာရှိတယ်။ အမျိုးသမီးတွေကတော့ ရာသီလာချိန်မှာ အခက်အခဲတွေရှိတယ်။ တန်းလျားအခန်းတွေ ကျဉ်းနေတာလည်း စုပြီး နေကြရတော့ အထူးသဖြင့် မိန်းကလေးငယ်တွေလည်း အခက်အခဲတွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာ့လူ့အသိုင်းအဝိုင်းရဲ့ ဓလေ့ထုံးတမ်းတွေအရ အိမ်တအိမ်ရဲ့ အရေးကိစ္စတွေ အားလုံးဟာ အိမ်ထောင် ရှင်မတွေ အပေါ် ရာနှုန်းပြည့် တည်မှီနေတာပါ။ အမျိုးသမီးတွေဟာ အိမ်ထောင်စုရဲ့ ပဲ့ကိုင်ရှင်တွေ ဆိုရင်လည်း မမှားပါဘူး။

ပဋိပက္ခတွေ ဖြစ်ပွားတဲ့နေရာမှာ တိုက်ပွဲတွေဖြစ်တိုင်း ပြေးရင်းလွှားရင်းနဲ့ ကလေးငယ်တွေအတွက် စားရေးသောက်ရေးနဲ့ ကျန်းမာရေးအတွက် မဖြစ်မနေ စီမံခန့်ခွဲနေရတာကလည်း အမျိုးသမီးတွေပါပဲ။

ပဋိပက္ခတွေ ဖြစ်လာရင် ယောကျ်ား၊ မိန်းမ မရွေးခံစားရပေမယ့် အမျိုးသမီးတွေအတွက် မမြင်နိုင်တဲ့ ဒုက္ခတွေနဲ့ တာဝန်တွေ ပိုပိနေတတ်ပါတယ်။

များသောအားဖြင့် အမျိုးသမီးတွေက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခြားနားမှုတွေရှိတဲ့အပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်တာတွေကိုလည်း ရင်ဆိုင်နေရတာပါ။ တိုက်ပွဲတွေဖြစ်ပွားရင် ကိုယ်ဝန် ဆောင်တဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ပိုပြီး ရှိသလို အန္တရာယ်ကြားထဲကနေ ဖြစ်သလို ကလေးမွေးဖွားရတဲ့ မိခင်တွေလည်း အများကြီးရှိပါတယ်။

အဲဒါအပြင် ပဋိပက္ခဖြစ်ပွားလာရင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လက်နက် သဖွယ် အသုံးပြုလာတာလည်း နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ပဋိပက္ခအတွင်း အမျိုးသမီးတွေကို လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ပြီး သတ်ဖြတ်ခံရတဲ့ ရှမ်းမြောက်ပိုင်းက ကချင် ဆရာမ ၂ ဦးရဲ့ အမှုကလည်း ယနေ့တိုင် အမှုမှန်မပေါ်သေးသလို လူမသိသူမသိ ပျောက်ကွယ်ခဲ့ရ တဲ့ အမှုတွေလည်း ခေတ်အဆက်ဆက်ရှိခဲ့ပါတယ်။

အဲဒါအပြင် အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာများ ပေါ်ထွက်လာစေဖို့လည်း ပဋိပက္ခဒေသအတွင်း အမျိုးသမီးအရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး တနေရာနဲ့ တနေရာ မတူညီတဲ့အတွက် ဒေသခံတိုင်းရင်းသူ ကိုယ်စားလှယ်တွေ ပြည်နယ်အလိုက်ပါဝင်ပြီး ကြုံတွေ့ရတဲ့ အကြမ်းဖက်မှုဆိုင်ရာ ပြဿနာတွေကို လာမယ့် ၂၁ ပင်လုံ အစည်းအဝေး၊ စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးတင်ပြခွင့်ရလိုကြောင်းလည်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပြန်ပါတယ်။

“ ကျမအမြင်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေပါဝင်မှ ပိုအဆင်ပြေမယ်။ ဒီနေရာတွေမှာ အမျိုးသမီးတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာတွေ အများကြီးရှိပါတယ်” လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ – ကရင်ပြည်နယ် (JMC-S) ဒုဥက္ကဋ္ဌ ဒေါ်နန်းစေးဝါးက ဆိုပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အမျိုးသမီးများနဲ့ လုံခြုံရေးကဏ္ဍမှာ ပဋိပက္ခဒေသက အမျိုးသမီးတွေနဲ့ ပါတ်သက်ပြီး အကြောင်းအရာ/ဆွေးနွေးဖို့ခေါင်းစဉ် ပါဝင်လာအောင် ပြုလုပ်သင့်ကြောင်းလည်း သြဂုတ်လအတွင်းက ပြုလုပ်တဲ့ “ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးဖိုရမ်” တက်ရောက်လာတဲ့ ပဋိပက္ခဒေသအတွင်းမှ အမျိုးသမီးတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိကပါဝင်နေသူများကို တောင်းဆိုလိုက်ပါတယ်။

ဒီဖိုရမ်ဟာ အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေးအသိပညာ၊ စွမ်းရည်တွေ ပိုမိုကောင်းမွန်လာစေရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့အသံတွေ ထိထိရောက်ရောက်ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

စစ်ပြေးရှောင်ဒုက္ခသည်စခန်းတွေ ပြည်တွင်းစစ်ရှောင်ရွှေ့ပြောင်းကိစ္စတွေမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးလုပ်ငန်းစဉ်တွေ လိုအပ်ကြောင်း၊ ပဋိပက္ခနယ်မြေတွေမှာ အမျိုးသမီးကဏ္ဍက အမျိုးသား ကဏ္ဍထက် ပိုပြီးလုပ်ဆောင်စရာတွေ များကြောင်းလည်း ဒေါ်နန်းစေးဝါးက ပြောပါတယ်။

ဆက်လက်ပြီး ဒေါ်နန်းစေးဝါးက “ ထိလွယ်ရှလွယ်တာကလည်း အမျိုးသမီးတွေပါပဲ။ လုံခြုံရေး ကဏ္ဍတွေမှာလည်း အမျိုးသမီးတွေပါဝင်ရင် အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ပြောဆိုရတာ ပိုအဆင်ပြေပါမယ်” လို့ ဆိုပြန်ပါတယ်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီစာချုပ် (NCA)လက်မှတ်ထိုး ထားပေမယ့် ကရင်ပြည်နယ်က အမျိုးသမီးတွေအတွက် လုံခြုံမှုက ထူးထူးခြားခြား ပြောင်းလဲလာခြင်း မရှိသေးဘူး လို့လည်း ဒေါ်နန်းစေးဝါးက ထပ်မံပြောပါတယ်။

ပဋိပက္ခဒေသမှာနေထိုင်ကြတဲ့ အမျိုးသမီးတွေအတွက်ကတော့ စိန်ခေါ်မှုတွေ အများကြီးရှိနေပြီး မငြိမ်းချမ်း တဲ့ဒေသတွေမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေအတွက် အမှန်တရားဖော်ထုတ်ဖို့ အရေးယူနိုင်ဖို့ကလည်း အားနည်းနေပါသေးပါတယ်။

ပဋိပက္ခဒေသမှာ မငြိမ်းချမ်းတဲ့အတွက် တရားဥပဒေစိုးမိုးမှုကလည်း ရှိမှာမဟုတ်ကြောင်း ယင်းဒေသတွင်း အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသူများက ဆိုပါတယ်။

“ လုံခြုံရေးဆိုင်ရာမှာ အားနည်းနေတဲ့အတွက် အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေး ရင်လည်း နှစ်ဘက်တပ်တွေကပဲ ဆွေးနွေးကြတာဆိုတော့ အမျိုးသမီးကဏ္ဍကို ဆွေးနွေးတာတွေ မရှိပါဘူး” လို့ Myanmar Institute of Gender Studies ရဲ့ ဒါရိုက်တာ ဒေါ်မာမာချိုက ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လုံခြုံရေးနဲ့ပတ်သက်ပြီးဆွေးနွေးရင် စစ်ရေးနဲ့ဆိုင်တဲ့ လုံခြုံရေး ကိစ္စတွေကိုပဲ ဆွေးနွေးကြကြောင်း၊ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ လုံခြုံရေးတွေကို နှစ်ဖက်တပ် တွေက ထည့်သွင်းဆွေးနွေးခြင်း မရှိကြောင်း ဒေါ်မာမာချိုက ထောက်ပြပြောဆိုပါတယ်။

ပဋိပက္ခဒေသတွင်း နေထိုင်တဲ့ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေ မလုံခြုံမှုတွေနဲ့ ထိတွေ့ခံစားနေရတာတွေကို ထည့်သွင်းဆွေးနွေးနိုင်မှာ ဖြစ်သလို ငြိမ်းချမ်းရေးညီလာခံရဲ့ လုံခြုံရေးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်ဆွေးနွေးခွင့် မရဘူးလို့လည်း ဒေါ်မာမာချိုက ပြောပါတယ်။

ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ တရားဥပဒေစိုးမိုးမှုမရှိလို့ အကြမ်းဖက်ခံရမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုတွေကို ရွာဓလေ့နဲ့ ကျေအေးရတာတွေလည်း ကြုံနေရကြောင်း သိရပါတယ်။

ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်ဖို့ လိုအပ်ကြောင်း “အမျိုး သမီးများ ငြိမ်းချမ်းရေးဖိုရမ်” မှာ အလေးအနက် ဆွေးနွေးခဲ့ပါတယ်။

ဒါမှသာ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ဆက်စပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်တွေ အားလုံးမှာ အမျိုးသမီးတွေ ပါဝင်လာမယ်လို့လည်း ဖိုရမ်မှာ ထောက်ပြဆွေးနွေးကြပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ ပြီးခဲ့တဲ့ မေလအတွင်း ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံမှာ အမျိုးသမီး ၁၅၄ ဦးသာ တက်ရောက်ခဲ့ပြီး ၁၇ ရာခိုင်နှုန်းသာရှိကြောင်း သိရပါတယ်။

ဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှုရာခိုင်နှုန်း အလွန်နည်းပါးနေသေးတဲ့အပေါ်မှာ အမျိုးသမီးတွေအတွက် လုံခြုံတဲ့ နိုင်ငံတခု ဖြစ်လာဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍအနေနဲ့ ထည့်သွင်းပါဝင်သွားစေဖို့လည်း အမျိုးသမီးအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ဒါတွေအပြင် ကြားကာလအစီအစဉ်တွေထဲမှာလည်း အမျိုးသမီးတွေအပေါ် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့၊ ပဋိပက္ခအတွင်း ကြုံရတဲ့အကြမ်းဖက်မှုတွေကြောင့် ရရှိတဲ့စိတ်ဒဏ်ရာတွေ ပြန်ကုစားနိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကိုလည်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍတွေမှာ ထည့်သွင်းဆွေးနွေးဖို့ မလွဲမသွေ လိုအပ်နေကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြပြောဆို ထားကြပါတယ်။

စာရေးသူ နန်းဆိုင်နွမ်သည် HI (Honest Information) မှ ဖြစ်ပြီး HI news ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စီစဉ် လုပ်ဆောင်နေခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading