Women & Gender

မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေရဲ့ ဘဝ

Want create site? Find Free WordPress Themes and plugins.

“ကျမ ပြောချင်တာလေ နိုင်ငံတော် အစိုးရကို ချစ်တယ်။ အပြစ်မမြင်ဘူး။ ကျမ တောင်းဆိုချင်တာ ငြိမ်းချမ်းရေးတခုကို လိုလားတယ်။ ကျမတို့ စစ်ဘေးရှောင်မှာလည်း နေလို့ ဝပြီ၊ မနိုင်တော့ဘူး။ သူ့အနေနဲ့ ငြိမ်းချမ်းအောင် လုပ်ပေးလို့ မရဘူးလားလို့ပဲ မေးချင်တယ်” လို့ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ စစ်ဘေးရှောင်စခန်းမှ အသက် ၃၈ နှစ်အရွယ် ကရင်အမျိုးသမီး နော်တင်လှက ပြောပါတယ်။

နော်တင်လှ က သားသုံးယောက် မိခင်ဖြစ်ကာ ကရင်ပြည်နယ် မဲသဝေါဒေသမှာ နေထိုင်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ် နဲ့ ၃ လခန့်က တိုက်ပွဲမဖြစ်ပွားခင် တရက်အလို မြိုင်ကြီးငူဆရာတော်က စစ်ဘေးရှောင်ဖို့ ကားအကြို လွှတ်လိုက်ချိန်က စပြီး မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာသူဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က စတင်ကာ စစ်ဘေးရှောင်ပြေးနေထိုင်ကြသူ အများအပြားရှိလာခဲ့ပါတယ်။ လက်ရှိ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းကို စခန်း ၂ ခုခွဲထားပြီး မြတ်ပန်းဝတ်မှုံနဲ့ အင်းလေးသာယာကွင်း ဆိုပြီး ခေါ်ဆိုကြပါတယ်။

မြတ်ပန်းဝတ်မှုံစခန်းမှာ အိမ်ခြေ ၂၈၂ လုံး ရှိပြီး အမျိုးသား ၈၄၁ ဦး၊ အမျိုးသမီး ၈၄၀ ဦး၊ ၁၂ နှစ်အောက် ကလေး ၆၃၇ ဦး အပါအဝင် အားလုံးပေါင်း ၁၆၈၁ ဦးရှိပါတယ်။ အင်းလေးသာယာကွင်းစခန်းမှာတော့ အိမ်ခြေ ၇၂၆ ခု ရှိပြီး အမျိုးသား ၁၉၂၆ ဦး၊ အမျိုးသမီး ၁၉၁၉ ဦး၊ ၁၂ နှစ်အောက်ကလေး ၁၄၆၁ ဦးအပါအဝင် စုစုပေါင်း လူဦးရေ ၃၈၄၅ ရှိပါတယ်။

ဒါကြောင့် မြိုင်ကြီးငူက စစ်ဘေးရှောင် စခန်းနှစ်ခု စုစုပေါင်း စစ်ဘေးရှောင် ၅၅၂၆ ဦးရှိနေပြီး အဲဒီ လူဦးရေထဲမှာ ၁၂ အောက် ကလေးငယ် ၂၀၉၈ ဦးနဲ့ အမျိုးသမီး ၂၇၅၉ ဦးပါဝင်နေတာ တွေ့မြင်ရပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်ကာလ တိုက်ပွဲဖြစ်တော့မယ့်နေ့ နေ့လည်ပိုင်းမှာ မြိုင်ကြီးငူဆရာတော်ရဲ့ ညွှန်ကြားချက်နဲ့ ကားအစီး လေးရာ၊ ငါးရာခန့်က မြိုင်ကြီးငူကနေ မိုင် ၃၀ ကျော်လောက်ဝေးလံတဲ့ မဲသဝေါ ကိုသွားရောက်ကာ အပြစ်မဲ့ပြည်သူတွေ စစ်ဘေးရှောင်ဖို့ ကားကြိုပေးခဲ့ကြပါတယ်။

မြိုင်ကြီးငူ ဒေသ စစ်ဘေးရှောင် စခန်း တွင် တွေ့ရသည့် အမျိုးသမီး ( ဓာတ်ပုံ- ချမ်းစွန်း/ ဧရာဝတီ

မြိုင်ကြီးငူက ကားရှိတဲ့အိမ်တိုင်း တစီးမကျန် ရွာ ၃၀ ကျော်ကို သွားကြိုပေးခဲ့လို့ အခု စစ်ဘေးရှောင်စခန်းကို ရောက်နေသူတွေ အသက်ဘေးက လုံခြုံခဲ့ရတယ်လို့ ဆိုကြပါတယ်။ ကားကြိုပေးတဲ့ လမ်းကြောတလျှောက် ရွာတွေက လူကုန်လိုက်ပါခဲ့ကြပေမယ့် အတွင်းဖက်ရောက်နေတဲ့ ရွာတွေမှာ ပြည်သူတွေ ကျန်နေသေးတယ်လို့ သိရပါတယ်။

မြိုင်ကြီးငူရောက်ရောက်ချင်း သူတို့အတွက် နေထိုင်စရာ အသင့်မဖြစ်သေးလို့ ဘုန်းကြီးကျောင်းမှာ တလနီးပါးလောက် အဆင်ပြေသလို နေခဲ့ကြရပါတယ်။ အဲဒီနောက်မှာတော့ ၆ တောင်ပတ်လည်ကို တခန်းကန့်ပေးထားတဲ့ ဝါးအိမ်တန်းလျား အတွဲလိုက်တွေ တည်ဆောက်ပေးခဲ့ပါတယ်။

စရောက်ချိန်ကတည်းက အခု တနှစ်ကျော်ကာလအထိ မြိုင်ကြီးငူဆရာတော်က မနက် ၆ နာရီက ညနေ ၆ နာရီထိ အကန့်အသတ်မရှိ ထမင်း ဝေငှပေးခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ရက်သတ္တပတ် ၂ ပတ်လောက် ဆန်ပြတ်လတ်ခဲ့လို့ ဒုက္ခရောက်ခဲ့ရတယ်လို့ ပြောပြကြပါတယ်။ လူငါးထောင်ကျော်အတွက် တနေ့မှာ ဆန် ၃၂ ပြည်ချက်ကျွေးနေရတယ်လို့လည်း သိရပြန်ပါတယ်။

စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေအနေနဲ့ နေ့စဉ် အာဟာရ အဖြစ် ကလေးရော လူကြီးပါ ထမင်းကိုသာ အဓိက၊ ဟင်းအဖြစ် ငရုတ်သီးနဲ့သာ စားသောက်ရပါတယ်။ သတ်သတ်လွတ်ဒေသဖြစ်တဲ့အတွက် သူတို့အတွက် တို့စရာလို့ခေါ်ကြတဲ့ အရွက်မျိုးစုံကသာ ဟင်းကောင်းလို့ ဆိုကြပါတယ်။

“အချိန်တန်ရင် ထမင်းသွားခူးတယ်။ ဆားနဲ့ စားတယ်။ ဆီရှိရင် ဆီနဲ့ နယ်စားတယ်။ ဘာမှလည်း လုပ်စားမရဘူး။ အရွက်လေးတွေ လိုက်ခူးပြီး ပြုတ်စား၊ ငရုတ်သီးနဲ့စားတယ်။ ဘယ်လိုလုပ်မလဲ ဒီလိုမှ မစားရင် ငတ်မှာပေါ့” ဟု ၃၈ နှစ် အရွယ် ကလေး ၆ ယောက် မိခင် နော့လား ကပြောသည်။

မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ- ချမ်းစွန်း/ ဧရာဝတီ)

နော့လားရဲ့ အမျိုးသားမှာ DKBA က တောစစ်သားအဖြစ် နှစ် ၂၀ ကျော်စစ်သားလုပ်ခဲ့သူဖြစ်ကာ သေမှန်းရှင်မှန်းပင် မသိရတော့တာ ၁ နှစ်ကျော်ရှိပြီလို့ ပြောပြပါတယ်။ အခု ကလေးငယ် ၆ ယောက်နဲ့ စစ်ဘေးရှောင်စခန်းမှာ ဆားနဲ့ စားရင်းအသက်ဆက်နေတယ်လို့ ပြောပြပါတယ်။

အဲဒါအပြင် သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဖို့ ခက်ခဲတဲ့ အယူဓလေ့တွေ ရှိနေတဲ့အပြင် အမျိုးသားတွေ ကလည်း မိန်းမ သားဆက်ခြားမှာကို မလိုလားတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရဲ့ အမျိုးသမီးကျန်းမာရေး ဆရာမ နော်နန်းသဇင်က ပြောပါတယ်။

“သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ အားလုံးကို အခမဲ့ လုပ်ပေးနေတာတောင်မှ တော်တော် ပြောရဆိုရ ခက်ပါတယ်။ ကလေးဆိုတာ ဘုရားကပေးတာပဲ။ အဲဒီတော့ ဘုရားစောင့်ရှောက်မှာပဲလို့ ယုံကြည်နေတာကလည်း တော်တော်ခက်တဲ့ အယူအဆတွေပဲ” လို့ သူက သုံးသပ်တယ်။

ဆရာမ နော်နန်းသဇင်ဟာ အမျိုးသမီးကျန်းမာရေးစောင့်ရှောက်ရေး ဆရာမအဖြစ် မြိုင်ကြီးငူဒေသမှာ ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ကျခဲ့တော့ ဒေသနဲ့ ရင်းနှီးကျွမ်းဝင်နေသူ ဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်နေတဲ့ ကာလတွေမှာ ပဋိပက္ခဖြစ်နေတဲ့ အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ DKBA ခွဲထွက် စတဲ့တပ်တွေကို ဖုန်းဆက်အကြောင်းကြားပြီး ဒုက္ခသည်တွေ သွားကြိုခဲ့ရသေးတယ်လို့ ပြောပါတယ်။

“သွားကြိုတဲ့နေ့မှာ လူအားလုံး မပါလာသေးဘူး။ အတွင်းဖက်ကရွာတွေက လမ်းပေါ်ရောက်ဖို့ ၂ ရက် ၃ ရက်လောက် လာရတာတွေရှိတယ်။ ကျန်နေတဲ့သူတွေ သွားကြိုပေးဖို့ ကျမက အားလုံးဆီ ဖုန်းဆက်ပြီး နင်တို့ မပစ်ကြနဲ့ဦး ငါတို့ အပြစ်မဲ့တဲ့ ပြည်သူတွေသွားကြိုဦးမယ်လို့ပြောတယ်။ ပြီးတော့ လူနာတင်ယာဉ် မောင်းပြီး သွားကြိုပေးခဲ့တာ လူလေးရာကျော်လောက်ရှိတယ်” လို့ နော်နန်းသဇင် က ရှင်းပြပါတယ်။

ဆရာတော် အကြိုလွှတ်တဲ့နေ့က လူအားလုံးမလိုက်ပါနိုင်ခဲ့တဲ့အတွက် ကျန်ခဲ့တဲ့ ရွာတွေက လူတွေကို ကုန်လမ်းကရော၊ ရေလမ်းကပါ ထပ်ပြီး အကြိုသွားခဲ့ရတယ်လို့ ဆိုပါတယ်။

မြိုင်ကြီးငူ ဒေသဟာ တိုက်ပွဲတွေ ဖြစ်လာတဲ့ အခါမှာ တယောက်နဲ့ တယောက် ယုံကြည်မှု နည်းလာတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဖို့တောင် အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။ ဂျပန်ဦးနှောင်ရောင်ကာကွယ်ဆေး ထိုးနှံပေးတဲ့ အချိန်ကဆို ဆေးထိုးပေးရမယ့် ကလေး ၁၂၀၀ ကျော်မှာ ၄၀၀ ကျော်လောက်ပဲ ထိုးနှံနိုင်ခဲ့တယ်လို့ ဆရာမက ပြောပြပါတယ်။

အဲဒါအပြင် စစ်ဘေးရှောင်စခန်းက နေထိုင်မှု ပုံစံကို ပြောမယ်ဆိုရင် အနီးအနားပတ်ဝန်းကျင်က ထင်းတချောင်း ကောက်ရင်လည်း ပိုင်ရှင်ရှိနေလို့ အတိုင်ခံရသလို မျှစ်တပင် ယူစားရင်လည်း ပိုင်ရှင်ရှိနေတယ်လို့ စစ်ဘေးရှောင်စခန်းကို လာတိုင်ကြတဲ့အတွက် စစ်ဘေးရှောင်စခန်းက လွဲပြီး ဘယ်ကိုမှ မသွားလာရဲကြပါဘူး။

အလုပ်အကိုင်အနေနဲ့ ကြည့်မယ်ဆိုရင်လည်း အုတ်ဖုတ်တာ၊ ကိုင်းတို့ လယ်တို့နဲ့ ပတ်သက်ပြီး ခေါ်တဲ့ အလုပ်ကြမ်းတွေ ရှိတယ်လို့ သိရပါတယ်။ ကိုယ့်စားရိတ်ကိုယ်စားပြီး အလုပ်ကို တရက်လုပ်မယ်ဆိုရင် ယောကျ်ားလေးက လုပ်အားခ လေးထောင် ရပြီး မိန်းကလေးက သုံးထောင်ရတယ်လို့ ဆိုပါတယ်။ ရတဲ့လုပ်အားခနဲ့ ပေးဆပ်ရတဲ့ လုပ်အား မတန်တဆ ဖြစ်နေပေမယ့် လုပ်ကိုင်နေရတယ်လို့ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းမှ လူငယ်လူရွယ်တွေကလည်း မနက် ၆ နာရီထိုပြီးဆိုတာနဲ့ မြိုင်ကြီးငူဒေသအတွင်းမှာ လမ်းဖောက်၊ တံတားဆောက်၊ ဘုရားတည် စတဲ့ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေကို အခကြေးငွေမယူဘဲ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ်ဆောင်ရွက်နေကြတာလည်း မြင်တွေ့ရပါတယ်။

“ကျနော်တို့က သူများကျွေးလို့ ထမင်းစားနေရတယ်။ သူများကျွေးတဲ့ ထမင်းကို အလကား ထိုင်စားနေတာမျိုး မဖြစ်ချင်ဘူး။ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ လမ်းတွေ ဖောက်ပေးမယ်။ ဘုရားတည်ပေးရင်းနဲ့ ကျေးဇူးရှင်တွေကို ကျေးဇူးပြန်ဆပ်ကြတယ်။ ကျနော်တို့လည်း ကုသိုလ်ရ လှူနေတဲ့အလှူရှင်တွေလည်း ကုသိုလ်ရတာမို့ နှစ်ဖက် နှစ်လမ်းက ကုသိုလ်ရအောင် လုပ်နေကြတယ်” လို့ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း၊ အင်းလေးသာယာကွင်းမှ အတွင်းရေးမှူး ကိုအောင်ဝင်းထွန်းက ပြောပါတယ်။

မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း တနေရာ (ဓာတ်ပုံ- ချမ်းစွန်း/ ဧရာဝတီ)

ပညာရေးကဏ္ဍကို ကြည့်မယ်ဆိုရင် စာသင်ကျောင်းရှိပေမယ့် ကျောင်းနေသူ နည်းပါးကာ သူငယ်တန်းကိုပင် သုံးလေးနှစ် တက်ရောက်ကြသူ များကြတယ်လို့ သိရပါတယ်။ ၁၂ နှစ်အောက် ကလေးပေါင်း နှစ်ထောင်ကျော် ရှိပေမယ့် ကျောင်းတက်သူဦးရေက ၄၀၀ ထက်မပိုဘူးလို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါ များသောအားဖြင့် ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရကို နားမလည်ကြပါဘူး။

“ရွာမပြန်ရဲဘူး ကြောက်တယ်။ သေနတ်တွေ ဗုံးတွေ အများကြီးပဲ။ ကြောက်စရာကြီး။ လူတွေ အများကြီး တပုံကြီး သေကြတယ်။ ငြိမ်းချမ်းရေးဘာလဲ မသိဘူး။ နားမလည်ဘူး။ သေနတ်တွေ မရှိရင်ပြန်မယ်” လို့ အသက် ၃၄ နှစ်အရွယ် နော်လီဇာက ပြောပါတယ်။

နော်လီဇာက ကျုံထော်မှာ နေထိုင်သူဖြစ်ပြီး သူ့မှာ ကလေးသုံးယောက်ရှိပါတယ်။ သူ့ရဲ့ သမီးကြီးက အသက် ၁၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ ချည်စက်ရုံမှာ အလုပ်သွားလုပ်နေတယ်လို့ ပြောပြပါတယ်။ အရွယ်ရောက်သူ အမျိုးသမီးတွေအနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြပါတယ်။

တကယ်လို့ အလုပ်သွားမလုပ်ကြဘူးဆိုရင်လည်း အမျိုးသမီးငယ်တွေဟာ အသက် ၁၅ နှစ်၊ ၁၆ နှစ် ရောက်တာနဲ့ အိမ်ထောင်ပြုကြတာ များတယ်လို့ သိရတယ်။ ကရင်လူမျိုးတွေမှာ အမျိုးသမီး၊ အမျိုးသားခွဲခြားဆက်ဆံမှုနည်းပါးပြီး ဝင်ငွေရှာဖွေတာကို ယောကျ်ားရော မိန်းမရော အတူတူတာဝန်ယူရပါတယ်။

ဒါကြောင့် ကလေးမွေးဖွားရတဲ့ မိခင် အမျိုးသမီးတွေက ကလေးအလုပ်တဖက်၊ စားဝတ်နေရေးတဖက်နဲ့ ပိုပြီး ပင်ပန်းဆင်းရဲတယ်လို့ အိမ်ထောင်သည် ကရင်အမျိုးသမီးတွေက ပြောကြပါတယ်။

“ကျမတို့ တကယ်အေးချမ်းသွားမယ်ဆိုရင် ကိုယ့်ရွာ ကိုယ့်ဒေသမှာ ပြန်သွားနေချင်တယ်။ နိုင်ငံတော်က အေးချမ်းအောင် မဖန်တီးပေးနိုင်ဘူးလား။ သူတို့တွေ ပံ့ပိုးလို့ ကျမတို့စားနေရတယ်။ ဆရာတော် ပံ့ပိုးလို့လည်း ကျမတို့ စားရတယ်။ နှစ်နဲ့တောင် ကျော်သွားပြီဆိုတော့ ကိုယ့်ရွာပြန်ချင်ပြီ ငြိမ်းချမ်းအောင် မဖန်တီးပေးနိုင်ဘူးလားလို့ပဲ မေးပေးပါ” လို့ ကရင်အမျိုးသမီးကြီး တဦးဖြစ်တဲ့ နော်တင်လှက ပြောပြတယ်။

စစ်ဘေးရှောင်သူတွေမှာ စစ်ပွဲတွေ ပြီးလို့ အိမ်ပြန်ရင်တောင် ဖွက်ထားတဲ့ မြေမြှုပ်မိုင်းတွေကြားမှာ စမ်းတဝါးဝါး ခြေလှမ်းတွေ မမှန်နိုင်တာမို့ အိမ်ပြန်ဖို့လည်း ကြောက်ရွံ့နေကြပါတယ်။ ဒါကြောင့် ရိုးသားတဲ့ ကရင်လူမျိုး အမျိုးသမီးကြီးရဲ့ မေးခွန်းအတွက် အဖြေပေးမယ့်နေ့ ဘယ်တော့ ရောက်ရှိလာမလဲဆိုတာ ဘယ်သူမှ မသိရှိနိုင်ပါ။

စစ်ပွဲတိုင်းမှာ မြေဇာပင် ဖြစ်ကြရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တို့ရဲ့ အနာဂတ်အတွက် အိပ်မက်တွေ ပြန်လည်ရှင်သန်လာဖို့ ဘယ်သူက စွမ်းဆောင်ပေးမလဲ၊ ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ အချင်းချင်း လက်ညိုးထိုး ထောက်ပြနေကြမယ့်အစား အိမ်ပြန်ချင်နေကြတဲ့ သူတွေ အိမ်ပြန်နိုင်အောင် ရှိပြီးသား လမ်းတွေကိုပဲ ထပ်ပြီး ခင်းပေးဖို့ လိုအပ်နေပါပြီ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading