အမျိုးသမီး အငှားယာဉ်မောင်းနှင်သူဆိုတာ ၁၀ ယောက်မှာ တယောက် မြင်ရဖို့ ခဲယဉ်းလှပါတယ်။ ဒါပေမယ့် နေ့လယ်ခင်း တခုမှာ အငှားကားစီးဖို့ တားလိုက်တဲ့ အချိန် ကျမမြင်ကွင်းမှာ အမျိုးသမီးတယောက်က “ဘယ်သွားမလဲ ညီမ” လို့ မေးလိုက်တော့ အံ့သြသွားပါတယ်။
အမျိုးသမီးတက္ကစီ မောင်းသူရှားတာမို့ တချက် စဉ်းစားရင်း “တာမွေ အာသောက” လို့ ပြောလိုက်ပါတယ်။ “နှစ်ထောင်ပါ”လို့ သူက ပြန်ပြောတယ်။ တက္ကစီငှားတိုင်း ဈေးမှန်ပြောတဲ့သူ နည်းလို့ စိတ်ညစ်ရတဲ့ ကျမဟာ အခုတခါမှာတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။
အကျႌလက်ရှည်ကို သပ်သပ်ရပ်ရပ် ဝတ်ထားပြီး နေကာမျက်မှန် တပ်ထားတဲ့ အမျိုးသမီးနဲ့ ကျမ ကားပေါ်မှာ စကားတွေ ပြောရင်း သူမဘဝ တစိတ်တပိုင်းကိုပါ သိခွင့် ရခဲ့ပါတယ်။ ကားမောင်းတော့ ဖြည်းဖြည်းနဲ့ မှန်မှန်…၊ ဒါပေမယ့် “အင်မတန် စိတ်ရှည်သူ ဆိုတာ သတိထားခဲ့မိပါတယ်”
သူ့နာမည်ကတော့ ဒေါ်ဖြူပြာလို့ ခေါ်ပါတယ်။ “ဒေါ်ဖြူပြာ တယောက် တနေ့တာအတွက် သူရမယ့် ပိုက်ဆံကို တွက်ချက်လေ့ရှိတယ်။ ကားအုံနာဖြစ်သူကို အုံနာခ တသောင်းကျပ် ပေးပြီးရင် သူ့အတွက် တသောင်းခွဲကျန်မှာမို့ ဝမ်းသာနေပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ တဦးတည်းသော သားလေးရဲ့ ပညာရေး ဖြောင့်ဖြူးဖို့ တွေးပြီး ပျော်ရွှင်နေတာ ဖြစ်ပါတယ်။
“အစ်မက နဂိုကတည်းက ကိုယ်ပိုင်ကား မောင်းခဲ့ဖူးတယ်၊ မောင်းခဲ့တဲ့ နှစ်တွေလည်း မနည်းတော့ဘူး၊ အတွေ့အကြုံရှိတာပေါ့လေ။ ဈေးလည်း တအားမတောင်းဘူး၊ ကိုယ်ကျွမ်းကျင်တာနဲ့ပဲ ဝင်ငွေရှာတယ်” လို့ ပြောပါတယ်။
“တချို့ NGO တွေကလည်း လခနဲ့ မောင်းမလား မေးတာတွေ ရှိပါတယ်၊ ဒါပေမယ့် မမောင်းချင်ဘူး၊ အစ်မဘာသာ အစ်မ အိမ်မှာ ပြန်နားချင်ရင်လည်း ရတယ်လေ။ အစောပိုင်းက ကုန်စုံဆိုင်လေး တဆိုင် ဖွင့်မလား စိတ်ကူးရသေးတယ်၊ ဒါပေမယ့် ဆိုင်ခန်းငှားခကိုက တနှစ်မှာ သိန်း ၁၀၀ လောက် ဆိုတော့ အဆင်မပြေနိုင်လို့ တက္ကစီပဲ မောင်းလိုက်တယ်”လို့ သူက ရှင်းပြတယ်။
ဒါကလည်း အငှားကား မောင်းတဲ့ အမျိုးသမီးတယောက်ရဲ့ ဘဝအားမာန်ကို ကျမ မှန်းဆလို့ ရလိုက်ပါတယ်။
“ဒေါ်ဖြူပြာ” က အမျိုးသားရော၊ အမျိုးသမီးပါ ဒီခေတ်ကြီးမှာ အလုပ်လုပ်သင့်တယ် လို့ ယူဆထားသူပါ။ သူ့ ခင်ပွန်းသည် တယောက်တည်းရဲ့ ဝင်ငွေပေါ်မှာ မှီခိုပြီး ရပ်တည်တဲ့ မိန်းမ မဖြစ်ချင်သူ။ သူတို့ ပိုင်တဲ့ အခန်းကို တခြား သူတွေကို ပြန်ငှားထားပြီး သားရဲ့ ပညာရေးအတွက်ရော၊ မြို့ထဲနဲ့ နီးတဲ့ “တာမွေ”မှာ အခန်းငှားနေတယ်လို့ သိရပါတယ်။
တနှစ်တခါ အိမ်စာချုပ် ချုပ်ရလို့ စိတ်ရှုပ်မိပေမယ့် အိမ်ငှားလို့ ရတဲ့ ငွေကို ပြန်သုံးရတာမို့ ပြောပလောက်အောင် အခက်အခဲတော့ မရှိဘူးလို့ ဒေါ်ဖြူပြာက ရှင်းပြတယ်။
သူ့အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့ ဒီခေတ်ကြီးမှာ လူတန်းစေ့အောင် နေထိုင်နိုင်ဖို့ ကြိုးစားနေရတာမို့ တနေ့ကိုယ်ပိုင်ကား တစီး ဝယ်မယ် ဆိုတဲ့ အိမ်မက်ကိုတော့ ဆက်မက်နေဆဲပါ။ ဒေါ်ဖြူပြာရဲ့ ခင်ပွန်းသည်ကလည်း သူ အငှားကား မောင်းတာကို အလုပ်မှန်သမျှ ဂုဏ်ရှိစွ ဆိုပြိး ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့တာပါ။ သားလေးမျက်နှာ မငယ်ဖို့က သူတို့ ဇနီးမောင်နှံရဲ့ တူညီတဲ့ စိတ်ဆန္ဒပါပဲ။
စာရေးသူ ကျမ အနေနဲ့ မြို့ထဲကို နေ့တိုင်းနီးပါး လာလေ့ရှိပြီး ညနေမှာ ဈေးဝယ်ပြီးမှ အိမ်ပြန်လေ့ရှိသူမို့ ၃၈ လမ်းဈေးမှာ ဟင်းသီးဟင်းရွက် ရောင်းနေသူတွေထဲက စိုးစိုးဝေ နဲ့ ကျမ ခင်မင်ခဲ့တယ်။ သူ့မျက်နှာက အမြဲပြုံးရွှင်ချိုသာနေပါတယ်။ သူဟာ အသီးအရွက်၊ ခရမ်းချဉ်သီးလောက်ကိုပဲ ဗန်းလေး ၂ ဗန်းလောက်နဲ့ ရောင်းတဲ့ လမ်းဘေးဈေးသည် တဦး ဖြစ်ပါတယ်။
စိုးစိုးဝေ ကို တနေ့အမြတ် ဘယ်လောက်ရသလဲလို့ မေးကြည့်တော့ “မနက်မှာ တပ်မြို့ဈေးမှာ ရောင်းတယ်၊ ညနေ ၃၈ လမ်းဈေးမှာ ရောင်းမှ အမြတ်က လေး၊ ငါးထောင်လောက်ပဲ ရတာပါ အစ်မရယ်။ သယ်ယူခတွေက ဈေးကြီးတယ်၊ နေဖို့၊ စားဖို့ လောက်ရုံပါပဲ” လို့ပြောပါတယ်။
သူမက တခြားမိန်းကလေး အဖော်တွေနဲ့အတူ ကန်တော်လေးဘက်မှာ တိုက်ခန်းစုငှားပြီး နေတာပါ။ အချိုးကျ ပိုက်ဆံ ထည့်ရလို့ တလမှာ လေးသောင်းထည့်ရတယ် လို့ ရှင်းပြပါတယ်။ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်ကနေ ရန်ကုန်ကို လာရောက် နေထိုင်တာ ဖြစ်ပြီး ရွာမှာမိဘတွေ ရှိသေးတယ် လို့ သိရပါတယ်။
“စိုးစိုးဝေ” ဟာ တနှစ်မှာ နှစ်ခါ၊ သုံးခါလောက်ပဲ ပြန်ရမယ့် အိမ်ပြန်ရက်တွေကို မျှော်နေမိပါတယ်။ ကျောင်းပညာရေး ရှစ်တန်း အထိပဲ ကျောင်းနေခဲ့ရ ပေမယ့် စာဖတ်ရတာကိုလည်း ဝါသနာပါပါတယ်။ နယ်က အိမ်မှာ မောင်လေး၊ ညီမလေးတွေ ရှိနေလို့ သူတို့အပေါ်မှာ တာဝန်ကျေတဲ့ အစ်မ တယောက်ဖြစ်ချင်နေပါတယ်။
စိုးစိုးဝေရဲ့ လက်ထဲမှာ အရင်းအနှီးလည်း များများစားစား မရှိလို့၊ ရှိခဲ့ရင် ကိုယ်ပိုင် စားသောက်ဆိုင်လေး တဆိုင်လောက် ဖွင့်ချင်ပါတယ်။ ကုန်စိမ်းဆိုတာက ကြာကြာအထားမခံလို့ ဒီထက် ပိုကောင်းတဲ့ အလုပ်တခုကို ရိုးရိုးသားသား မျှော်လင့် မိတာပါ။ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ ရလာတဲ့ အမြတ်ငွေထဲကနေ ချွေတာ စားသောက်ပြီး ပိုက်ဆံစုပါတယ်။ အများကြီး မဟုတ်ပေမယ့် သောင်းကဏန်းတော့ ရနိုင်ပါတယ်။ ရွာပြန်ရင်တော့ အဖေနဲ့ အမေကို အနည်းဆုံး ၃၊ ၄ သောင်းတော့ ကန်တော့နိုင်တယ်လို့ သူက ပြောပြတယ်။
“ညီမက ရိုးရိုးသားသား ရှာစားရတာကို ကြိုက်တယ်၊ တခြားသူတွေ မတော်မတရားတဲ့ နည်းနဲ့ ငွေတွေအများကြီး ရနေတာကို ညီမ အားမကျဘူး၊ အဖေက ‘ငါ့သမီး သူများမျက်ရည်နဲ့ ထမင်းမစားရပါစေနဲ့’ လို့ ညီမကို ဆုံးမဖူးတယ်။”
“ဖြူဖွေးသန့်” ကတော့ နာမည်နဲ့လိုက်အောင် အသားဖြူဖြူလေးနဲ့ ချစ်စရာ ကလေးမလေးပါ။ အသက် ၂၀ ကျော်ပဲ ရှိသေးပြီး အဝေးသင်တက္ကသိုလ် တက်ရောက်နေသူ ဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်ကောင်က ဈေးဝယ်စင်တာတခုမှာ လူသုံး ကုန်ပစ္စည်းလေးတွေ ဝယ်ရင်း သူနဲ့ မျက်မှန်း တန်းမိခဲ့တာပါ။
တရက်က သူက “အစ်မက ဘာလုပ်တာလဲ” လို့ ကျမကို မေးလာတော့ “စာရေးတယ်” လို့ ပြောလိုက်ပါတယ်။ “သမီးဘဝကို အစ်မရေးရင် ရင်ဖွင့်ချင်တယ်” လို့လည်း ဆိုပါတယ်။
အဖေဖြစ်သူက နောက်အိမ်ထောင် ပြုသွားတာကြောင့် အမေဖြစ်သူနဲ့ နေထိုင်ရင်း တဖက်တလမ်းက ဝင်ငွေရှာနေရသူပါ။ သူမက တချို့ရက်တွေမှာ နံနက်ပိုင်းမှာ ဂျူတီကျပြီး တချို့ရက်တွေမှာ နေ့လယ်ကနေ ညပိုင်းအထိ ဂျူတီကျပါတယ်။ ကံကောင်းတာ တခုက တခြားသူတွေလို ဘတ်စ်ကား တိုးဝှေ့စီးစရာမလိုဘဲ ဖယ်ရီနဲ့ လာရတာပါပဲ။
တလမှာ တသိန်းငါးသောင်း ဆိုတဲ့ လစာဟာ ဘာမှ မများပေမယ့် သူ့အတွက်တော့ မိခင်နဲ့အတူတူ ဘဝရဲ့ စားဝတ် နေရေး အတွက် ရုန်းကန်နေရတာပါ။ သူ အရောင်းစာရေးမ လုပ်နေတဲ့ ဈေးဝယ်စင်တာကြီးမှာ ရောင်းရငွေတွေကို ရေတွက် နေရပေမယ့် အဲဒီငွေတွေက သူမနဲ့ သီးခြားစီ ဖြစ်နေသလို ခံစားရတယ် လို့လည်း ဆိုပါတယ်။ ပိုက်ဆံသုံးနိုင် သူတွေ တွေ့ဖူး မြင်ဖူးတာ ရှိပေမယ့် သူနေတဲ့ ရပ်ကွက်လေးထဲမှာတော့ အခြေခံလူတန်းစားတွေပဲ များပါတယ်။
လစာထုတ်ရက် ရောက်လာရင် “ဖြူဖွေးသန့်” တယောက် အမေ့အတွက် လိုမယ်ထင်တာတွေ၊ စားကောင်းသောက်ဖွယ် တွေ ဝယ်သွားလေ့ရှိတယ်လို့လည်း သိရတယ်။ သူတို့နေထိုင်ရာ အိမ်ရှေ့ရောက်လို့ အမေ့ရဲ့ စက်ချုပ်သံကြားရရင် ပျော်သွားတတ်တယ်လို့လည်း သူက ရှင်းပြတယ်။
လောကဓံ ဘဝလှိုင်းတွေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ တွေ့ကြုံရတာတွေ ဘယ်လောက်ပဲ ခါးသက်ပါစေ မဆုတ်မနစ် ခိုင်ကျည်တဲ့ စိတ်၊ ခံနိုင်ရည် ဇွဲသတ္တိနဲ့ ကိုယ်ကျင့်တရားတွေ ပြည့်စုံတဲ့ ဘဝအားမာန်ကိုယ်စီနဲ့ အမျိုးသမီးတွေဟာ တနေ့မှာတော့ သူတို့ ရည်ရွယ်ရာ အိပ်မက်လှလှတွေ ရရှိပြည့်စုံမှာ အသေအချာပါပဲ။ ။