အနုပညာရှင်တဦး ဖြစ်သည့် ခိုင်နှင်းဝေသည် ကလေးသူငယ်များ အခွင့်အရေးကိစ္စ၊ လူကုန်ကူးမှု တားဆီးရေးကိစ္စနဲ့ အခြားပရဟိတ အလုပ်များ လုပ်ကိုင်နေသူဖြစ်ပြီး ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်ရေး ပညာပေးပြဇာတ်အဖွဲ့ United Act မှ သံတမန်အဖြစ် ခန့်အပ်ခြင်း ခံထားရသူလည်း ဖြစ်သည်။၂၀၁၅ မှစပြီး ရေဘေးဒုက္ခသည်များကို ကူညီမှုမှ စ၍ ခိုင်နှင်းဝေ ပရဟိတ အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လှည်းကူးမြို့နယ် ဘားလားကြီးတံတားကျေးရွာတွင် ခိုင်နှင်းဝေ ရင်သွေးရိပ်မြုံကို ထူထောင်ရန်အတွက် အဆောက်အအုံများ စတင်တည်ဆောက်နေပြီဖြစ်သည်။
အဆိုပါအဆောက်အအုံ တည်ဆောက်ပြီးစီးပါက မိဘမဲ့ကလေးသူငယ်များ ၊ သက်ငယ်မုဒိမ်းမှုများကြောင့် အကူအညီလိုအပ်နေသည့် ကလေးသူငယ်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ်များကို ကျွေးမွေးပြုစု စောင့်ရှောက်မှုများကို ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းနေကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများနှင့် ကလေးသူငယ်များကြုံတွေ့ခံစားနေရသော အခွင့်အရေးချိုးဖောက်ခံရမှုများ ၊ အဖြစ်များနေသော သက်ငယ်မုဒိမ်းမှုများအပေါ်သဘောထားအမြင်တို့ကို ဧရာဝတီသတင်းဌာန သတင်းထောက် သဇင်လှိုင်က သရုပ်ဆောင် ခိုင်နှင်းဝေနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ပရဟိတ လုပ်ငန်းတွေ အများကြီးထဲကမှ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး အာရုံစိုက်လုပ်ဖြစ်တဲ့ အကြောင်းကို ပြောပြပေးပါဦး။
ဖြေ ။ ။ အမက ပရဟိတ လုပ်ငန်းကို မလုပ်ခင်ကတည်းက လှူတာတွေဆိုရင် မိဘမဲ့ ကလေးတွေပဲ သွားပြီး လှူဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အမကလည်း Broken Family ဆိုတော့ ကလေးတွေလည်း ချစ်တတ်တော့ ဟိုအရင်ကတည်းက မိဘမဲ့ကျောင်းတွေကို လိုက်လှူဖြစ်တယ်။ ပရဟိတဆိုသည်မှာက လိုအပ်တဲ့နေရာတိုင်းကို ဖြည့်ဆည်းပေးဖို့ပဲလေ။ အဲဒီတော့ အမ ပရဟိတ လုပ်တယ်။ ကျန်တဲ့ အကူအညီလာတောင်းရင်လည်း လိုအပ်တဲ့နေရာကို ဖြည့်ဆည်းပေးမှာပဲ။ ဒါပေမယ့် မိန်းမတယောက်လည်း ဖြစ်တဲ့အတွက်၊ ကလေးလည်း ချစ်တတ်တဲ့ အတွက်ကြောင့်မို့လို့ မိဘမဲ့ကလေးတွေကို ပိုပြီးစောင့်ရှောက်ချင်လာတယ်။ အခုခေတ်မှာဆိုရင် သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်။ ကလေးတွေကို နိုင်ထက်စီးနင်း လုပ်လာတယ်။ တဖြည်းဖြည်းနဲ့ သိလာတယ်။ လုပ်ငန်းက သင်ယူသွားတာကိုး လုပ်ငန်းကို ထဲထဲဝင်ဝင်လုပ်လိုက်တဲ့ အခါမှာ ကိုယ်သိရမယ့် ဗဟုသုတတွေ အများကြီး ရလာတယ်။
အဲဒီကနေမှ ဒါမျိုးတွေ ရှိပါလား ဆိုပြီး သိလာတဲ့အခါမှာ ကလေးတွေဘက်ကနေပြီးတော့ ရပ်တည်ချင်လာတယ်။ ကလေးသူငယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးမှာ အထူးသံတမန် ပေးတဲ့အခါကျတော့ အဲဒီနေရာမှာ လုပ်လိုက်တဲ့ အခါမှာ ကလေးအခွင့်အရေးတွေ၊ ကလေးတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပိုပြီး သိလာတယ်။ ပိုသိလာတဲ့အခါကျတော့ ဘာလုပ်လိုက်ရင် အနိုင်ကျင့်နေလဲဆိုတာ သိနေတယ်။ သိနေတဲ့အခါကျတော့ သူတို့ဘက်ကနေ ရပ်တည်ပေးချင်တဲ့ စိတ်နဲ့ ဒါမျိုးလုပ်ဖြစ်တာပါ။
မေး ။ ။ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ အဓိက ကြုံတွေ့နေရတာ ဘယ်လို ပြဿနာမျိုးတွေ ဖြစ်မလဲ။
ဖြေ ။ ။ အဓိကက ဘာလဲဆိုတော့ ကလေးလုပ်သားတွေရယ်၊ သက်ငယ်မုဒိမ်းတွေရယ် အဲဒါတွေကတော့ အခုဒီမှာ အများကြီးကြုံတွေ့နေရတာပေါ့။
မေး ။ ။ အခုအဖြစ်များနေတဲ့ သက်ငယ် မုဒိမ်းမှုတွေ အပေါ်မှာကော ဘယ်လိုမြင်လဲ ၊ အချို့ ပြောဆိုနေကြသလို ကျူးလွန်သူတွေကို သေဒဏ် ပေးသင့်တဲ့ ပြစ်ဒဏ်မျိုး ရှိသင့်တယ်လို့ အမအနေနဲ့ ထင်မြင်ပါသလား။
ဖြေ ။ ။ ဒီလိုမျိုး ကလေးကို ညှင်းပန်းနှိပ်တာကတော့ မိန်းကလေးတွေ တယောက်နဲ့ တယောက်ပြောရင်တောင် မကြားဝံ့မနာသာပါ။ အဲဒီအခါကျတော့ သေဒဏ်ပေးသင့်လားဆိုရင် လူတိုင်းက သေဒဏ်ပေးသင့်တယ်ပဲ ပြောမှာလေ။ အဲဒီတော့ မလုပ်သင့်တဲ့အရာကို လုပ်တာက ထိထိမိမိတော့ တရားဥပဒေ ချမှတ်စေချင်ပါတယ်။ ထိရောက်တဲ့ ဥပဒေပြစ်ဒဏ်ပေးလိုက်မှသာလျှင် ဒီလိုမျိုးကလေးတွေကို မလုပ်ရဲတော့မှာ။ ဥပမာ – တခြားနိုင်ငံတွေမှာဆို ဘိန်းရောင်းတယ် ဆေးမှုဆိုရင် တခါတည်း သေဒဏ်ပေးလိုက်တယ်။ အဲဒီလိုမျိုးပေါ့ နောက်လူတွေကြောက်သွားအောင် ဒီလိုမျိုးတော့ ရှိသင့်တယ်လို့ မြင်တယ်။ သူများကို ဖြစ်ပါစေတော့ သေပါစေတော့ ရည်ရွယ်ချက်နဲ့တော့ ပြောတာမဟုတ်ဘူး။ ဒါပေမယ့် ကလေးတွေမှာ ပန်းကောင်းအညွန့်ချိုးခံရတယ် နောက်သူတို့ရဲ့ဘဝ သူတို့ရဲ့ အနာဂတ်တွေ ပျောက်ဆုံးသွားတယ်။ အဲဒီလိုမျိုးတွေ မဖြစ်စေဖို့အတွက် ပြစ်ဒဏ်တွေချမှတ်သင့်တယ်လို့ ထင်တယ်။ သူများကို သေဒဏ်ပေးပါလို့ ဗုဒ္ဓဘာသာ တယောက်အနေနဲ့ မပြောသင့်ဘူး။ ဒါပေမယ့် ကလေးတွေ ခံစားနေရတာကို အမတို့က နေ့စဉ် တွေ့နေရတယ်။
မေး ။ ။ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ပြုစုပျိုးထောင်မှုတွေ လုပ်ပေးဖို့ရှိလား။
ဖြေ ။ ။ အမကိုလာပြီးတော့ ဆက်သွယ်ကြတယ်။ တချို့ကျတော့လည်း တိုင်တန်းကြတာပေါ့နော် အမှုတွေ။ ရဲလည်းမဟုတ်ဘူး အမကို လာတိုင်လို့လည်း သက်ငယ်မုဒိမ်းလုပ်တဲ့သူကို သွားပြီးတော့ ဖမ်းပိုင်ခွင့် မရှိဘူး ဖမ်းလို့လည်း မရဘူး။ သူတို့ကိုလည်း ရှင်းပြရတာပေါ့။ သူတို့ကတော့ အမကို အားကိုးတဲ့အနေနဲ့ လှမ်းပြီးတော့ ဖုန်းဆက်ပြီးတိုင်ကြတယ်။ အဲဒီတော့ အမက ဒီလိုမျိုးတွေ ဖြစ်ပြီဆိုရင် နီးစပ်ရာ ရဲစခန်း၊ နောက်ပြီးတော့ လူကြီးမိဘတွေ ရပ်ကွက်က လူကြီးတွေကို တိုင်တန်းပြီးတော့ အမှုဖွင့်ပြီးတဲ့ အခါမှ ဒီကလေးရဲ့ ကျန်းမာရေး၊ နေစရိတ်၊ စားစရိတ် ဒီကလေးမွေးလာတဲ့အခါမှာ သူတို့လိုချင်ရင် တမျိုးပေါ့။ မလိုချင်ရင်လည်း ဒီကလေးကို စောင့်ရှောက်ဖို့ပေါ့။ ဒါမျိုးတွေ လုပ်ပေးဖို့ရာအတွက် အခုကျောင်းဆောက်နေတာပေါ့။ ဘာလို့လဲဆိုတော့ ဒါတွေက ဖြစ်လာတဲ့အခါမှာ ကိုယ်လည်းလုပ်ပေးချင်တယ်လေ။ ဒါပေမယ့် ကိုယ်က လုပ်ပေးချင်တဲ့ စိတ်သာရှိတာ ကိုယ့်မှာ နေရာမရှိတဲ့အခါကျတော့ အမလည်း မလုပ်ပေးနိုင်ဘူး ဖြစ်နေတာ။ ဒီကျောင်းလေးက ဒီရည်ရွယ်ချက်နဲ့ ဆောက်နေတာပေါ့။ ဒီကျောင်းလေး ပြီးမြောက်သွားပြီဆိုရင်တော့ ဒါတွေအားလုံး အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ကလေးသူငယ်အခွင့်အရေးတွေလည်း ဆုံးရှုံးနေကြတယ်လို့ပြောတော့ ဘယ်လို အခွင့်အရေးတွေ အများဆုံး ဆုံးရှုံးနေတယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ အမတို့ မြန်မာလူမျိုးတွေက ရိုးသားကြတယ်။ နောက်ပြီးတော့ အယုံအကြည်လွယ်ကြတယ်။ ဒီလိုအခါမှာ နိုင်ထက်စီးနင်းလုပ်တာတွေ များလာတယ်။ နောက်ပြီးတော့ ထိရောက်တဲ့ ဥပဒေတွေလည်း ရှိဖို့လိုအပ်တယ်လို့ မြင်တယ်။
မေး ။ ။ နိုင်ငံတနိုင်ငံအတွက် ကလေးငယ်တွေဟာ ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်နေလဲ။
ဖြေ ။ ။ ကလေးဆိုတာကတော့ အနာဂတ်ရဲ့ ပန်းကောင်းလေးတွေပဲလေ။ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေ ဖြစ်လာမယ်။ ကလေးတိုင်းသည် အမတို့နိုင်ငံအတွက်ရော လူမျိုးအတွက်ပါ အကျိုးရှိသလို ကလေးတိုင်းသည် အနာဂတ်အတွက် အင်အားလည်း ရှိတယ် ပန်းကောင်းလေးတွေလည်း ဖြစ်တယ်။ အဲဒါကြောင့် အရမ်းအရေးပါပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာတွေ ပြုပြင်ပြောင်းလဲဖို့လိုမလဲ။
ဖြေ ။ ။ ကလေးသူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမတို့ ငယ်ငယ်ကနဲ့ ယှဉ်မယ်ဆိုရင်တော့ အများကြီး တိုးတက်လာတာပေါ့လေ။ ဒါပေမယ့် တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ အများကြီး လိုအပ်နေပါသေးတယ်။ အဓိကက ပညာရေးလိုအပ်တယ်ပေါ့လေ။ တချို့ကျတော့လည်း အစိုးရက ထောက်ပံ့ပေမယ့်လည်း မိဘတွေက ပညာနည်းတဲ့ အခါကျတော့ ကလေးငယ်တွေကို တွန်းအားမပေးနိုင်ဘူး။ မိဘကိုယ်တိုင်ကလည်း ကလေးကို တွန်းအားပေးနိုင်မှလည်း ပိုကောင်းမယ်။ ပရဟိတအဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ ဟောပြောပွဲတွေ လုပ်ပေးပါဆိုတာက ကလေးတွေကို သွားပြီး ဟောပြောလို့ကတော့ ကလေးတွေက ဘာမှနားလည်မှာမဟုတ်ဘူး။ အဓိကက လူကြီးတွေကို ဟောပြောပွဲလုပ်ပေးမှ အသိပညာ အတတ်ပညာနဲ့ ကလေးတွေကို ထိန်းကျောင်းပေးနိုင်မှာ။
မေး ။ ။ နောက်ဆုံးအနေနဲ့ ကလေးသူငယ်တွေ နဲ့ ပတ်သက်ပြီး ဖြည့်စွက် ပြောချင်တာရှိပါသေးလား။
ဖြေ ။ ။ ကလေးသူငယ်နဲ့ ပတ်သက်ပြီး ညှင်းပန်းနှိပ်စက်ခံနေရတာတွေ ရှိပါတယ်။ အမတို့လည်း အိမ်မှာ အိမ်အကူကောင်မလေးတွေ ရှိပါတယ်။ မိသားစုလိုမျိုး ဆက်ဆံတာတွေ ရှိတယ်။ တခါတလေ စိတ်တိုင်း မကျတာတွေလည်း ရှိပါတယ်။ ပြောချင်တာက ကိုယ်နဲ့ တအူတုံဆင်း မွေးလာတဲ့ ညီကိုမောင်နှမချင်းတောင် စိတ်ဝမ်းကွဲတာတွေ စိတ်အခန့်မသင့်တာတွေ ရှိကြသေးတာလေ။ ကလေးငယ်တွေကို ညှင်းပန်းနှိပ်စက်မှု မရှိကြဖို့နဲ့ နောက်ပြီးတော့ စွန့်ပစ်တဲ့ ကလေးငယ်တွေလျှော့ချဖို့ သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ ဒါတွေကို အမတယောက်တည်း လုပ်လို့မရပါဘူး။ အမတယောက်တည်းလည်း လူတိုင်းကို လိုက်ပြီးမပြောနိုင်ဘူး။ တခြားပရဟိတအဖွဲ့တွေ တခြားလူတွေရော အားလုံး စုပေါင်းပြီး ပါဝင်ပေးပါလို့ ပြောချင်ပါတယ်။
ပြီးတော့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကလေးတွေကို သက်ငယ်မုဒိမ်းတွေ မကျူးလွန်ကြပါနဲ့ ကလေးရသွားရင်လည်း မစွန့်ပစ်ကြပါနဲ့ လို့ ပြောချင်ပါတယ်။ ကလေးတွေကို ညှင်းပန်းနှိပ်စက်မှု ပပျောက်ဖို့အတွက် အားလုံးလက်တွဲပြီး ကူညီပေးပါလို့ ပြောချင်ပါတယ်။