ကျားမ တန်းတူရေး ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်မည့် ‘ကျားမ တန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာ များ’ မူဝါဒရေးရာ စာတမ်း ထုတ်ပြန်ပွဲကိုု ၂၀၁၈ ဇန်နဝါရီ ၁၅ ရက်က ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Best Western Green Hill Hotel တွင် ပြုလုပ်သည်။
အဆိုပါစာတမ်းကို Salween ပြည်သူ့ရေးရာ မူဝါဒများ လေ့လာရေးအဖွဲ့ နှင့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က ပူးပေါင်း ထုတ်ဝေခြင်း ဖြစ်သည်။
စာတမ်းကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ ဥပဒေပြုရေး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေး အဆင့်ဆင့်တို့တွင် အမျိုးသမီးများ ပိုမိုု ပါဝင်လာနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်မှုများ အတွက် အထောက် အကူ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြုစုရေးသားခဲ့ခြင်း ဖြစ်ကြောင်း စာတမ်း ပြုစုသူများက ရှင်းပြသည်။
ကျားမ ရေးရာများကို ပိုမိုသိရှိ နားလည်လာခြင်း မှစ၍ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက် ချသည့် ဖြစ်စဉ်များတွင် အမျိုးသမီး များ ပိုမို ပါဝင်လာစေခြင်းဖြင့် ကျားမ တန်းတူရေးကို ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်း လည်း ၎င်းတို့က ပြောသည်။
“တိုင်းပြည်ရဲ့ ရှေ့လာမယ့် အနာဂတ်မှာ ကိုယ့်ထက် အချိုးများတဲ့ အမျိုးသမီးတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုု ကျနော်တို့ ယောကျ်ားတွေ ထမ်းထားမလား။ သူတို့ကို လက်တွဲခေါ်ပြီး တန်းတူရည်တူ လုပ်ပြီးသွားမှာပေါ့။ အမျိုးသားတွေ ဝန်ထုပ် ဝန်ပိုး ပိတယ်လေ။ အဲဒီ ဝန်ထုပ်ဝန်ပိုးကြီးကို မသယ်ပါနဲ့။ တန်းတူနေရာတခုမှာ အတူတူတွဲ လုပ်ခြင်းအားဖြင့် ကျနော်တို့ အကျိုးရှိပါတယ်။ အမျိုးသားတွေ အနေနဲ့ ကျားမ တန်းတူရေး ရှိလာအောင် ဝိုင်းဝန်းပြီး ဖော်ဆောင်ကြပါ” ဟု Salween ပြည်သူ့ရေးရာ မူဝါဒများ လေ့လာရေး အဖွဲ့၏ လုပ်ငန်းစဉ် တွဲဖက် တာဝန်ခံ ရှိုင်းကိုကိုလွင်က ပြောဆိုသည်။
ကျားမ တန်းတူရေး မြှင့်တင်းခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာ စာတမ်းတွင် အဓိက အပိုင်း ၄ ပိုင်းဖြင့် ဆွေးနွေး တင်ပြထားပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သော အမျိုးသမီးများ နိုင်ငံရေးကဏ္ဍနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် ပါဝင်မှု နှုန်းထားများ မြင့်မားလာခြင်းအားဖြင့် ရရှိလာနိုင်သည့် အကျိုးရလဒ်များကို စာတမ်းတွင် အကျယ်တဝင့် ဆွေးနွေး တင်ပြထားသည် ကိုလည်း တွေ့ရသည်။
အမျိုးသမီးများ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တို့တွင် ပိုမို ပါဝင်လာခြင်းဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ၊ ပဋိပက္ခ အလွန် ပြန်လည် တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးများကို ပိုုမို တည်တံ့ခိုင်မြဲစေနိုင်သည်ဟု ဆိုသည်။
“အထူးသဖြင့် စစ်ရဲ့ပဋိပက္ခဒဏ်ကို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက အများဆုံးခံရတော့ အမျိုးသမီးတွေက ငြိမ်း ချမ်းရေးကိုု ပိုလိုတဲ့သူတွေ အလိုချင်ဆုံး သူတွေလို့ဆိုရင် ကျမ မမှားဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဖယ်ကြဉ်ခံ နေရတုန်းပဲ ဖြစ်ပါတယ်။ တကယ် ခံစားရတဲ့သူတွေရဲ့ အသံတွေ ကိုယ်စားပြုမှုတွေ မပါဝင်ဘဲ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ သွားလို့မရပါဘူး” ဟု WLB ၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် မယ်စိုးစိုးနွယ်က ရှင်းပြသည်။
ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေး သဘောတူညီချက် အရေအတွက် ထက်ဝက်သည် လက်မှတ်ရေးထိုးပြီး ဆယ်နှစ်အတွင်း ပျက် ပြယ်လေ့ ရှိကြသော်လည်း အမျိုးသမီးများပါဝင်မှု ရာခိုင်နှုန်း များလာလေလေ အဆိုပါသဘောတူညီချက် သက်တမ်းများ က ပိုရှည်လေဆိုသည်ကို လေ့လာတွေ့ရှိရကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
“ဒါကိုကြည့်ခြင်းအားဖြင့် အခုလက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး ယိမ်းယိုင်နေရတဲ့ အကြောင်းရင်းကလည်း အမျိုးသမီး ပါဝင်မှု နည်းနေတဲ့ အတွက်ကြောင့် ဖြစ်တယ်ဆိုတာ သုံးသပ်ကြည့်လို့ရပါတယ်” ဟု Salween ပြည်သူ့ရေးရာ မူဝါဒများ လေ့လာရေး အဖွဲ့၏ ဒုတိယ ညွှန်ကြားရေးမှူး ယိင်းလောဝ်က ဆိုသည်။
အမျိုးသမီးများ နိုင်ငံရေးကဏ္ဍ အသီးသီးတွင် ပိုမိုပါဝင်လာစေရန် ဟန့်တားနေသည့် အခြေအနေများဟူသည့် ခေါင်းစဉ် အောက်တွင်လည်း ဥပဒေဆိုင်ရာ၊ လူမှု အစဉ်အလာဆိုင်ရာ၊ အင်စတီကျူးရှင်း ဆိုင်ရာ အကန့်အသတ်များဟူ၍ အသေး စိတ် ခွဲခြား တင်ပြထားသည်ကို တွေ့ရှိရသည်။
“ကျမတို့ လူမှု အသိုင်းအဝိုင်း ကနေပြီးမှ ယုံကြည်ထားတာ ရှိတယ်။ နိုင်ငံရေးနဲ့ ခေါင်းဆောင်မှုတွေဟာ အမျိုးသမီးများနဲ့ သင့်တော်တဲ့ နေရာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေရှိတယ်။ အဲဒီမှာ အမျိုးသမီးတွေကိုယ်တိုင် တော်တော်များများကလည်း ဒါ ကိုယ့်နေရာ မဟုတ်ဘူးလို့ မြင်တဲ့အမြင်ရှိတယ်။ ဒီအမြင်တွေကို ကျမတို့က ပြောင်းလဲဖို့လိုပါတယ်” ဟု ယိင်းလောဝ်က ပြောသည်။
ဆက်လက်၍ ၎င်းက နိုင်ငံရေးပါတီများက အမျိုးသမီး ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ပြီး ဝင်ရောက်ယှဉ်ပြိုင် ခိုင်း သော်လည်း မဲဆန္ဒရှင် ပြည်သူများကိုုယ်တိုင်က ခေါင်းဆောင်နေရာများ၊ ကိုယ်စားပြုမှု နေရာများသည် အမျိုးသမီးများ ထက် အမျိုးသားများက ပို၍သင့်လျော်သည်ဟု ဆိုကာ အမျိုးသား ကိုယ်စားလှယ်လောင်းများကိုသာ မဲပိုပေးလေ့ ရှိသည် ကို တွေ့ရ ကြောင်း ရှင်းပြသည်။
ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO)၏ စစ်တမ်းအရ မြန်မာနိုင်ငံတွင် အမျိုးသမီး ဦးရေ၏ ၃၄.၂ ရာခိုင်နှုန်းနှင့် အမျိုးသား ဦးရေ၏ ၂၅.၇ ရာခိုင်နှုန်းတို့သည် အထက်တန်း ပညာရေး ပြီးမြောက်ကြကြောင်း၊ ဘွဲ့ကြို သင်တန်းအဆင့်ရှိသူ စုစုပေါင်း၏ ၆၅.၂ ရာခိုင်နှုန်း၊ မဟာဘွဲ့အဆင့် စုစုပေါင်း၏ ၈၀.၅ ရာခိုင်နှုန်းနှင့် ပါရဂူဘွဲ့ အဆင့် စုစု ပေါင်း၏ ၈၀.၈ ရာခိုင်နှုန်းတို့သည် အမျိုးသမီးများ ဖြစ်ကြကြောင်း စာတမ်းတွင် ဖော်ပြ ထားသည်။
အဆိုပါ ကိန်းဂဏန်း ရလဒ်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးပညာတတ်သည် အမျိုးသားများ ထက် ပိုမို များပြားနေသည်ကို တွေ့ရသည့်အတွက် ပညာတတ်၊ အရည်အချင်းရှိသည့် အမျိုးသမီးဦးရေ နည်းပါးနေ၍ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက် ချမှတ်သည့် နေရာများတွင် ပါဝင်မှု နည်းပါးနေခြင်းဖြစ်သည်ဟူသော ထင်မြင်ယူဆချက်သည် တိကျ မှန်ကန် မှု၊ တာဝန်ခံမှု မရှိသည့်အပြင် ကျဉ်းမြောင်းသည့် ထင်မြင်ယူဆချက်ဖြစ်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရ သည်။
စာတမ်း၏နောက်ဆုံးအပိုင်းတွင်မူ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ အကြံပြုချက်များ ဖော်ပြထားသည်။
Salween ပြည်သူ့ရေးရာ မူဝါဒ လေ့လာရေးအဖွဲ့သည် သုတေသနသုံးသပ်ချက်များ ပြုစုရေးသားထုတ်ဝေခြင်းနှင့် နိုင်ငံ တဝန်းရှိ လူမှုအသိုင်းအဝိုင်းများ၏ ခေါင်းဆောင်များကို မူဝါဒပိုင်းဆိုင်ရာများနှင့်ပတ်သက်သည့် စွမ်းရည်မြှင့်တင်ပေးခြင်း တို့ဖြင့် ပြည်သူ့ရေးရာမူဝါဒများ ရေးဆွဲချမှတ်ခြင်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည်။
အမျိုးသမီးများ စွမ်းရည်မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျားမ တန်းတူရေး၊ လူမှုကဏ္ဍ အသီးသီးနှင့် ဆုံးဖြတ်ချက်ချ သည့် အဆင့်တိုင်းတွင် အမျိုးသမီးများပါဝင်လာရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ကို ၁၉၉၉ ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသူ အမျိုးသမီးအဖွဲ့ အစည်းပေါင်း ၁၃ ဖွဲ့ ပါဝင်ကြောင်း သိရသည်