“ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံရေးလုပ်ဖို့၊ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် အမတ်လုပ်တဲ့နေရာမှာတောင် စိန်ခေါ်မှုတွေ အများကြီးပါ။ တချို့ယောကျ်ားတွေက အမျိုးသမီးဆိုရင် အထင်မကြီးကြဘူး။ မျက်လုံးပေါင်းတထောင်နဲ့ စောင့်ကြည့်ခံနေရပါတယ်”
ဒါ ရှမ်းပြည်နယ် မိုင်းရှူးမြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်းက Honest Information( HI) ကို ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံက ရိုးရာဓလေ့ ထုံးစံတွေအရ အမျိုးသမီးတွေကို အိမ်တွင်းမှုကိစ္စက လွဲပြီး တခြားနိုင်ငံရေး၊ လူမှုရေးနယ်ပယ်တွေမှာ ဦးဆောင်ဦးရွက်ပြုလာရင် လူမှုဝန်းကျင်က လက်ခံဖို့ ခက်ခဲနေဆဲပါ။
အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းတယ်လို့ သတ်မှတ်ထားတာကြောင့် အမျိုးသမီးတွေအနေနဲ့ အရေးကြီးတဲ့ အလုပ်တွေကို ဦးဆောင်ဦးရွက်ပြုလုပ်မယ်ဆိုရင် အများစုက မယုံသင်္ကာ ဖြစ်တတ်ကြပါတယ်။
နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေကို ဝေဖန်တိုက်ခိုက်မှု ပြုလုပ်ကြတဲ့အခါမှာလည်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ပုံစံကို အဓိက ရွေးချယ်လုပ်ဆောင်ကြပြီးတော့ သူတို့ရဲ့ ဓာတ်ပုံတွေကို မတော်တလျော်ပုံတွေအဖြစ် ဖြတ်ညှပ်ကပ်တွေ ပြုလုပ်ကာ ဆိုရှယ်မီဒီယာပေါ် ဖြန့်ဝေတာမျိုးတွေ တွေ့မြင်ရတတ်ပါတယ်။
အောင်မြင်နေတဲ့ အမျိုးသမီးတွေကို ဘက်ပေါင်းစုံကကြည့်ပြီး အပြစ်ရှာတတ်ကြသလို အားနည်းချက် တစုံတရာတွေ့ရင်ဖြစ်ဖြစ်၊ သူနဲ့အမြင် မတူရင်ဖြစ်ဖြစ်၊ ရစရာ မရှိအောင် ပုတ်ခတ်ပြောဆိုမှုတွေ ပြုလုပ်တတ်ကြပါတယ်လို့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူ Tri Angle Women support group မှ မခင်လေးက “အမျိုးသမီးခေါင်းဆောင်တွေ တခုခုလုပ်လို့ အားနည်းချက် ချို့ယွင်းချက်ဖြစ်ရင် မီးမောင်းထိုးပြတာမျိုး ပိုလုပ်ချင်ကြတယ်။ အဲဒီ အမျိုးသမီးခေါင်းဆောင်ရဲ့ ဝတ်ပုံစားပုံ၊ သူ့ရဲ့အပြုအမူတွေကို လိုက်ပြီးပြောကြတယ်။ နိုင်ငံတကာမှာလည်း လုပ်ပါတယ်” လို့ ပြောပါတယ်။
“ အမျိုးသမီးတွေဟာ ဦးဆောင်သူဖြစ်ခဲ့ရင် အမျိုးသမီးတဦးအဖြစ် လုပ်နိုင်စွမ်းထက် ဝတ်စားဆင်ယင်မှုတွေကို အဓိကကြည့်ကြသလို အိမ်ထောင်ရှင် အမျိုးသမီးဖြစ်ခဲ့ရင်လည်း ဒီအမျိုးသမီးရဲ့ အိမ်တွင်းရေးကိစ္စတွေကို ပိုပြီးဝေဖန်တတ်ကြတယ်” လို့ မခင်လေးက ပြောပြပါတယ်။
“လူမှုအသိုင်းအဝန်းတခုလုံးက အမျိုးသားကြီးစိုးတဲ့ဝါဒအောက်မှာ နှစ်ပေါင်းများစွာ အသားကျနေခဲ့ပြီး အမျိုးသမီးတွေကို တဆင့်နိမ့်အမြင်တွေနဲ့သာ မြင်ကြပါတယ်” လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) ဥက္ကဌ ဒေါ်တင်တင်ညိုကလည်း ပြောပါတယ်။
“အမျိုးသမီးတွေကို လူ့အသိုင်းအဝန်းက အမြဲတမ်းဘောင်ခတ်ပြီး ဘယ်လိုပုံစံနေရမယ်၊ ဘယ်လိုတာဝန်တွေ ယူရမယ်ဆိုတာ သတ်မှတ်ထားကြတာမို့ အဲဒီလို သတ်မှတ်ချက် ဘောင်ကို ဖယ်ရှားခဲ့ရင် ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်ဝေဖန်တာကို ခံရမှာပါ” လို့ ဒေါ်တင်တင်ညိုက ဆိုပါတယ်။
“ အမျိုးသမီးတွေက နိုင်ငံရေးလှုပ်ရှားမှုတွေကို ဦးဆောင်မယ်၊ ကုမ္ပဏီတွေမှာ ဦးဆောင်မယ်ဆိုရင် ပုံမှန်သတ်မှတ်ထားတဲ့နယ်ပယ်ကနေ ခွဲထွက်သွားတာမို့ လူအများစုက သိပ် လက်မခံနိုင်သေးတဲ့ အနေအထားရှိပါတယ်” လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အနောက်တိုင်းယဉ်ကျေးမှုအရ နှုတ်ဆက်တဲ့အနေနဲ့ အမေရိကန် သမ္မတ ဟောင်း ဘားရက်အိုဘားမား မြန်မာပြည်ကိုလာခဲ့စဉ် ပါးကို နမ်းခဲ့တာ မြန်မာ့ယဉ်ကျေး မှုနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး ငါးမင်းဆွေက ဗဟန်းတရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲခဲ့ပါတယ်။
ဒါပေမယ့် ဒီလို ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားရုံးက လက်မခံဘဲ ပယ်ချလိုက်တဲ့အတွက် ခရိုင်အဆင့်ကို ဆက်လက် တင်ပြသွားမယ်လို့ ငါးမင်းဆွေက ဆိုခဲ့ပြန်ပါသေးတယ်။
အဲဒီလိုပဲ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဟောင်းတွေထဲက အချို့လူပုဂ္ဂိုလ်တွေကလည်း ဒီကိစ္စကို ဝေဖန်သရော်တာမျိုးတွေ သူတို့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေကတဆင့် ဖြန့်ဝေခဲ့ပါသေးတယ်။
ဒါတွေကို ကြည့်ရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေနဲ့ပတ်သက်ရင် ဒီလို တဘက်စောင်းနင်း အတွေးအမြင်တွေ လွှမ်းမိုးနေတယ်ဆိုတာ မြင်တွေ့ရမှာပါ။
အမျိုးသမီးတဦးက အမျိုးသားတဦးနဲ့ဖြစ်စေ၊ အမျိုးသားများစွာနဲ့ဖြစ်စေ၊ အလုပ်အတူ လုပ်ကိုင်ခြင်း၊ ယှဉ်တွဲသွားလာခြင်း၊ သူစိမ်းအမျိုးသားများကို လက်ဆွဲနှုတ်ဆက်ခြင်း၊ ရင်းနှီးသူများနှင့် ပွေ့ဖက်ခြင်း၊ ဖက်လှဲတကင်း ဆက်ဆံပြောဆိုခြင်း စတဲ့အပြုအမူတွေကို ထူးဆန်းတဲ့ အပြုအမူများအဖြစ် မြန်မာ့အသိုင်းအဝန်းက ဓလေ့ထုံးတမ်း၊ အစဉ်အလာများအရ သတ်မှတ်ပြောဆိုကြပါတယ်။
“ ပွေ့ဖက်တာမျိုးက တနေရာနဲ့ တနေရာ အမြင်မတူဘူး။ ကိုယ့်သားသမီးလို၊ မိသားစုလို ချစ်ခင်လို့ ရိုးရိုးမေတ္တာသန့်သန့်နဲ့ ဖက်တာ နမ်းတာက ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး” လို့ မခင်လေးက ဆိုပါတယ်။
ဒီလိုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးမှာ ထိပ်ပိုင်းရောက်နေပြီး နိုင်ငံတကာနဲ့ ဆက်ဆံနေရတဲ့ ခေါင်းဆောင်တယောက်ကိုတောင် ပုဂ္ဂိုလ်ရေးအရ အနှောက်အယှက်ပေးဖို့ ဒီလိုနည်းလမ်းတွေကို သုံးပြီး နည်းမျိုးစုံနဲ့ သိက္ခာကျအောင် လုပ်ဆောင်မှုတွေ ရှိနေရင် အခြား အမျိုးသမီးများတွေဆို စဉ်းစားကြည့်ဖို့တောင် မလိုကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တွေက ပြောဆိုကြပါတယ်။
ဆက်လက်ပြီး မခင်လေးက “အဲ့ဒါက အမျိုးသမီးတယောက်ဖြစ်ခြင်းထက် နိုင်ငံရေး မနှစ်ခြိုက်မှုလို့ ကျမမြင်ပါတယ်။ အမျိုးသမီးဖြစ်တဲ့အတွက် သူတို့လုပ်ရတဲ့နည်းလမ်းက လွယ်ကူသလို ဖြစ်သွားပါတယ်”လို့ ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် သမ္မတအိုဘားမားက နှုတ်ဆက်စဉ် ပါးကို နမ်းခဲ့ခြင်းနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေဦးရောဘတ် စန်းအောင်က “ နိုင်ငံတကာဆက်ဆံရေး ယဉ်ကျေးမှု နယ်ပယ်မှာ အပြစ်မဟုတ်ပါဘူး။ နမ်းတယ်ဆိုတာ တဏှာမပါရင် ဂုဏ်ပြုခြင်းသာဖြစ်တယ်” လို့ ဆိုပါတယ်။
“နိုင်ငံရေးအရ မကျေနပ်မှု၊ မလိုလားမှုတွေကို ထုတ်ဖော်တဲ့နေရာမှာ မဆိုင်တဲ့ ပုဂ္ဂိုလ်ရေး တွေကို ပြောဆိုခြင်းသာဖြစ်တယ်” ဦးရောဘတ်စန်းအောင်က ထပ်မံထောက်ပြပါတယ်။
ဆက်လက်ပြီး ဦးရောဘတ်စန်းအောင်က “အမျိုးသမီးခေါင်းဆောင်တဦးကို လက်မခံဘူး ဆိုတဲ့ သဘောလည်း ပါသလို နိုင်ငံရေးခေါင်းဆောင် အမျိုးသမီးတဦးကို ချိုးနှိမ်လိုတဲ့ သဘောလည်း ပါတယ်” လို့ ဆိုပြန်ပါတယ်။
ဒါတွေကြောင့် ဦးဆောင်အမျိုးသမီးတွေကို သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ မဆုံးဖြတ်ဘဲ ဘောင်ခတ်ထားတဲ့ စံတန်ဖိုးတွေနဲ့ ကန့်သတ်ထားတဲ့ ရှေးရိုးစွဲ အမြင်တွေနဲ့သာ ချိန်ထိုးဆုံးဖြတ်တတ်ကြတာဟာ ဒီနေ့ခေတ် တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေအတွက် စိန်ခေါ်ချက်လို့ အမျိုးသမီးရေး လှုပ်ရှားဆောင်ရွက်နေသူ တွေက ပြောဆိုကြတာပါ။
ဆုံးဖြတ်ချက်ချတဲ့နေရာနဲ့ ခေါင်းဆောင်ပိုင်းတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ လုပ်ဆောင်လာတာနဲ့ တပြိုင်နက်တည်းမှာ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ ရှေးရိုးစွဲ အတွေး အခေါ်တွေ၊ အယူအဆတွေကို စပြီး ပြောင်းလဲနိုင်ဖို့လည်း လိုအပ်ပါတယ်လို့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက ဆိုကြပြန်ပါတယ်။
အမျိုးသမီးတွေအတွက် တန်းတူ အခွင့်အရေး မရှိ၊ တရားမျှတမှု မရှိတဲ့ စံတန်ဖိုးတွေကို ပယ်ဖျက်ဖို့နဲ့ အမျိုးသမီး တွေကို ကျဉ်းမြောင်းတဲ့ အယူအဆတွေနဲ့ ရှုမြင်နေတာကိုလည်း ပညာပေးဖို့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက ကြိုးစားဆောင်ရွက်နေကြရပါတယ်။
( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထူထောင်ထားသော HI (Honest Information) ၏ ဝက်ဘ်ဆိုက် www.hiburma.net မှ ကူးယူဖော်ပြသည်)