တံတိုင်းကြီးရဲ့ အနောက်ဘက်မှာ ယုံကြည်ချက်တွေ အကျဉ်းကျခဲ့တယ်။
မှောင်နေတဲ့ မျက်နှာကျက်ကိုသာ အဖော်ပြုနေရတဲ့ နေ့တွေမှာ ဆား ဆိုတဲ့ အရာကတောင် ကန့်သတ်ချက် တခု ဖြစ်လာ ခဲ့တယ်။
သောက်ရေက အိမ်သာအတွက်ဖြစ်လို့ အိမ်သာသုံးရေကလည်း သောက်သုံးရေ ပြန်ဖြစ်လာသလို အိမ်သာနဲ့ အိပ်ယာ တနေရာတည်းမှာ အသားကျလာ ခဲ့ရတယ်။
တခုတည်းသော စကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ နာရီတွေလည်း ပျောက်ဆုံးနေတယ်။ နေ့ရက်တွေလည်း ပျောက်ဆုံး နေတယ်။ အနာဂတ်တွေလည်း ပျောက်ဆုံး နေခဲ့တယ်။ နောက်ဆုံး ဘဝတွေပါ ပျောက်ဆုံးခဲ့ကြရတယ်။
ဒါပေမယ့် လုံးဝ ပျောက်ဆုံး မသွားတဲ့ ယုံကြည်ချက်လေး တခုကတော့ ရင်ဘတ်ထဲမှာ တမြေ့မြေ့နဲ့ တောက်ပ နေခဲ့ တယ်လို့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခဲ့ သူတွေဆီက တူညီတဲ့ အသံကို ပြန်ကြားရပါတယ်။
အဲဒီလို ယုံကြည်ချက် တခုကြောင့် ဘဝရဲ့ အချိန်တွေကို စတေးခဲ့ကြရတဲ့ လူတွေထဲမှာ အားနွဲ့သူတွေ လို့သာ အမြင် ခံရတာ များတဲ့ အမျိုးသမီးတွေလည်း ပါဝင်ခဲ့ကြတယ် ဆိုတာ သမိုင်း စာမျက်နှာတွေက သက်သေထူနေပါတယ်။
အသက် ၆၂ အရွယ်မှာ ယုံကြည်ချက်ကြောင့် ထောင် ၅ နှစ် ကျခံခဲ့ရတဲ့ ဒေါ်စန်းစန်းတင် ဆီက သူ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ကြားရတဲ့ အချိန်မှာ သူ့လို အသက်အရွယ်နဲ့ သူဖြတ်သန်းနိုင်ခဲ့တဲ့ စိတ်ဓာတ်ကို လေးစားမိရ ပါတယ်။
၈၈ အရေးခင်း ကာလတွေကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖြစ်နဲ့ သူ့ ယုံကြည်ချက်ကို သူ ဖော်ဆောင် နေခဲ့ ရာက အသက်ကြီးလာမှ အကျဉ်းထောင်တွင်း ရောက်ခဲ့ရတဲ့ အဖြစ်ဟာ အတိတ်ရဲ့ ရန်ငြိုးတွေနဲ့ သက်ဆိုင်နေ တယ် လို့ ပြန်ပြောပြတဲ့အခါ အာဏာပိုင်သူတွေရဲ့ နိုင်ငံရေး အငြိုးအတေးဟာ ကြောက်စရာကောင်းမှန်း သိလာရပြန် ပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ သူတွေကို လွန်ခဲ့တဲ့ ၈၈ ကာလက ကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေ ရှိခဲ့ပြီး အခု နောက်ပိုင်းမှာတော့ အဲဒီလို လုပ်ရပ်တွေ မရှိတော့ပါဘူးတဲ့။
ဒါပေမယ့်လို့ ကိုယ်ထိ လက်ရောက်မှုထက် သက်ရောက်မှု ပိုပြင်းထန်တဲ့ စိတ်ဓာတ်ကိုသတ်တဲ့ နည်းလမ်းတွေ သုံးလာ ကြတဲ့ အာဏာပိုင်တွေရဲ့ အစီအရင်မှာ ရူးသွားမတတ်၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် မိတော့မတတ် ဖြတ်သန်း ခဲ့ရင်း အားနည်းသူ ဖြစ်နေပေမယ့် မလျှော့သော စိတ်ဓာတ်နဲ့ ဖြတ်သန်းခဲ့ရတယ်လို့ ပြောပြပါတယ်။
“ပြည်သူလူထုအတွက် လုပ်လို့ ခံလာရတာ၊ အန်တီ မကောင်းတာ လုပ်လို့ မဟုတ်ဘူး။ သူတို့က အန်တီ့ကို စစ်ဆေး တုန်းက မေးတယ်။ အန်တီက နိုင်မယ်ထင်လို့ လုပ်တာလားတဲ့၊ အန်တီက Right ငါတို့ နိုင်ရမယ်။ အခုက ငါတို့နိုင် တာ။ နင်တို့က ငါတို့ကို ကြောက်ပြီး ဖမ်းတာဖြစ်တော့ နင်တို့ရှုံးတာ၊ ငါတို့နိုင်တာ” လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်စန်းစန်းတင်က စစ်ဆေးရေး ဝင်ချိန်က သူရဲ့အဖြေကို ပြန်ပြောပြပါတယ်။
ကိုယ့်အိုးပိုင် အိမ်ပိုင်နဲ့ ကိုယ်ယုံကြည်ရာကို လုပ်ဆောင်နေရာက အကျဉ်းထောင်တွင်း ၄နှစ်လောက် နေခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ထွက်လာတဲ့ အခါမှာတော့ အိမ်ငှားနေရတဲ့ ဘဝကိုပါ ရောက်ရှိသွားရပြီး ဘဝ အခြေအနေ တွေ အားလုံး ပျက်ပြားသွားခဲ့ရတယ် လို့လည်း သူက ပြောပြပါတယ်။
သူတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေ ဝေဝါးလာအောင် ပြင်ပနဲ့ အဆက်အသွယ် ပြတ်အောင် နှစ်ရှည်လများ ချုပ်နှောင် ခံခဲ့ရလို့ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေက ပြောင်းလဲသွားခဲ့သလား ဆိုတာကိုတော့ လက်ရှိ နိုင်ငံရေးနယ်ပယ် က အကျဉ်းသား ဟောင်းတွေကို ပြန်ကြည့်ရုံနဲ့ သိနေနိုင်ပြီးသားပါ။
အဲဒီလို နိုင်ငံရေး ယုံကြည်ချက်နဲ့ အကျဉ်းကျပြီး နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ရပေမယ့် အာဏာရှင် စစ်အစိုးရ အဆက် ဆက် က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား (Political prisoner) မရှိကြောင်း ကမ္ဘာကိုပြောချင်တဲ့ သဘောနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (Prisoner of conscience) တွေ ဆိုပြီး သုံးနှုန်း တာလည်း ရှိပါတယ်။
နိုင်ငံရေး ယုံကြည်ချက်နဲ့ အကျဉ်းကျခံရသူ အမျိုးသမီးတွေထဲက အကျဉ်းထောင်ထဲမှာ အချိန်အကြာဆုံး နေထိုင်ခဲ့ရ သူက ဒေါ်သန်းသန်းဌေး ဖြစ်ပါတယ်။ သူဟာ အခု အသက် ၅၁ နှစ်ရှိနေပါပြီ။ ထောင်ထဲမှာ ၁၁ နှစ်နဲ့ ၄ လ နေထိုင်ခဲ့ရ သူ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်သန်းသန်းဌေး ဟာ အသက် ၂၄ နှစ် အရွယ် ဓာတုဗေဒ မေဂျာ နဲ့ တက္ကသိုလ် ဒုတိယနှစ် တက်နေတဲ့ အချိန်မှာ နိုင်ငံရေး တက်ကြွလှှုပ်ရှားသူ အဖြစ် ၁ နှစ်နဲ့ ၄ လ အချုပ်ကျခဲ့ပါသေးတယ်။
၂၀၀၀ ပြည့်နှစ် အရောက်မှာတော့ ထပ်မံ ဖမ်းဆီးခံရပြီး ၁၁ နှစ်ကျော် ထောင်ထဲမှာ ဆက်လက်နေထိုင်ရင်း သူရဲ့ ပျိုရွယ်ချိန်တွေကို ကုန်ဆုံးခံခဲ့ရသူပါ။
သူပြောပြတဲ့ သူယုံကြည်ချက်နဲ့ သူ့ရဲ့ ပေးဆပ်မှုဟာ သာမာန် အမျိုးသမီးတယောက် ရင်ဆိုင်ဖို့ ခက်ခဲတဲ့ အခြေအနေ တွေပါပဲ။
“ပထမအကြိမ် အဖမ်းခံရတုန်းကဆို စစ်နေရင်းနဲ့ သစ်သား အပြားကြီးကြီး တုတ်နဲ့ တင်ပါးတွေ ပေါင်တွေကို အရိုက် ခံရ တယ်။ ဘယ်လောက်တောင် အရိုက်ခံခဲ့ရလဲတော့ မသိဘူး။ ၁ နှစ်နဲ့ ၄ လနေပြီး ပြန်ထွက်လာတဲ့ အထိ အဲဒီ ဒဏ်ရာတွေက မပျောက်သေးဘူး။ နောက်တကြိမ် အဖမ်းခံရတော့ ရိုက်နှက်တာတော့ မရှိဘူး။ ဒါပေမယ့် စဖမ်းဖမ်း ချင်း ၄ ရက်လောက်က ပေးမအိပ်ဘူး၊ အစားအသောက် မကျွေးဘူး။ တယောက်ပြီး တယောက် လာစစ်နေကြတာ”လို့ ဒေါ်သန်းသန်းဌေးက ပြောပြပါတယ်။
စစ်ကြောရေးကာလမှာ ဘယ်လောက်တောင် စစ်ဆေးခဲ့ကြသလဲ ဆိုတာ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေက အခုချိန် အထိ သက်သေ ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။
အစာအငတ်ထား စစ်ဆေးမေးမြန်းရင်း ဆေးမှူးနဲ့ ဆေးကုသပေးလိုက် သူတို့လိုချင်တဲ့ အဖြေ မရမချင်း စစ်ဆေး မေးမြန်း လိုက် လုပ်အပြီးမှာတော့ ထောင်တွင်းမှာပဲ ရုံးထုတ် တရားစွဲခံရပါတယ်။
ပြန်လည်တုံ့ပြန်ခွင့်၊ ရှေ့နေငှားရမ်းခွင့် မရရှိဘဲနဲ့ ပုဒ်မတိုင်းရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကို ချမှတ်ခံရပြီး သံတိုင်တွေ အနောက်မှာ ချောင်ပိတ် ခံခဲ့ရပါတယ်။
များသောအားဖြင့် ၅၀၅(ခ)(ဂ) လို့ခေါ်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မကို အများဆုံးသုံးပြီး အမြင့်ဆုံး ပေးနိုင်တဲ့ ပြစ်ဒဏ် ထောင်သက်တမ်းကို အမိန့်ချတတ်ကြပါတယ်။
ဒါ့အပြင် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (င)(ည)၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၁၀)(က)၊ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) စတာတွေနဲ့လည်း အရေးယူကြတာကို တွေ့မြင် ရပါတယ်။
ပြစ်မှု ပြစ်ဒဏ် ချမှတ်တဲ့ နေရာမှာလည်း ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ချမှတ်ခံရမယ့် သူတွေဟာ အမျိုးသမီးဖြစ်ခြင်း၊ ကလေး အမေဖြစ်ခြင်း၊ ကျန်းမာရေး မကောင်းခြင်းဆိုတဲ့ အကြောင်းပြချက် မရှိကြဘူးလို့လည်း ဆိုပါတယ်။
အကျဉ်းကျတာခြင်း တူညီတယ် ဆိုရင်တောင်မှ နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းထောင်တွင်းမှာ ကန့်သတ် ချက် တွေနဲ့ ထပ်ပြီး နေထိုင်ရပါတယ်။ ချုပ်နှောင်ခံရတဲ့ အချိန်မှာတောင် လွတ်လွတ်လပ်လပ် ချုပ်နှောင် မခံရတဲ့ စောင့်ကြည့်မှုတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
ကိုယ့်ရဲ့ အသက်ထက် ထောင်သက်က ပိုများနေတဲ့ မလှလှဝင်း ကတော့ သတင်းထောက် လုပ်နေရင်းနဲ့ သတင်း သမားနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေအပြင် မသက်ဆိုင်တဲ့ ပုဒ်မတွေပါ ထပ်မံ အတပ်ခံခဲ့ရပါတယ်။
ဒါ့အပြင် ၅၀၅(ခ) ပုဒ်မ ထပ်တပ်ပြီး အကျဉ်းချခံခဲ့ရတာပါ။ သူဟာ အသက် ၂၄ နှစ်အရွယ်မှာ အသက်ထက်တောင် များတဲ့ ထောင် ၂၇ နှစ် ကျခံစေဖို့ အမိန့်ချမှတ် ခံခဲ့ရသူပါ။
မလှလှဝင်း ဟာလည်း သူ့ယုံကြည်ချက်နဲ့သူ ပြည်သူဆီ သတင်းမှန် ရောက်ဖို့ ကြိုးစား အားထုတ်မှုကြောင့် ထောင် ဒဏ် နှစ်ရှည်ကျဖို့ ဖြစ်လာခဲ့ရပါတယ်။
ဒါပေမယ့် နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ထဲမှာ ၂ နှစ်နဲ့ ၅ လနေပြီး ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။
“ကျမ အဖမ်းခံရပြီး အမိန့်မချ မချင်း မိသားစုနဲ့ ပေးမတွေ့ဘူး။ လေးငါးလလောက်က ဘယ်သူနဲ့မှ မတွေ့ရဘူး။ အဲဒီ အချိန်က ကျမရဲ့ အဖြစ်အပျက်က ကျမကိုယ်တိုင်ထက် အခြားသူတွေ အပေါ် သက်ရောက်မှုက ပိုများတယ်။ အခြား အကျဉ်းသူတွေ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေ မလုပ်ရဲအောင် ကြောက်သွားစေခဲ့တယ်။ ဒါက အကျဉ်းသူတွေ တင် မကဘဲ အပြင်က အမျိုးသမီးတွေကိုပါ ကြောက်သွားစေတယ်” လို့ ပြောပါတယ်။
ကျားမ တန်းတူညီမျှရေး ဆိုတဲ့ အခွင့်အရေး နည်းပါးသေးတဲ့ မြန်မာနိုင်ငံမှာ ပြစ်မှု ပြစ်ဒဏ် ချမှတ်မှုကတော့ ကျားရော မရော တန်းတူဖြစ်နေပါတယ်။
နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူတွေအတွက် အခုလို နှစ်ကြီး ပြစ်ဒဏ်ချ အရေးယူ ခြင်းဟာ အခြားသူတွေ နိုင်ငံရေး လုပ်ငန်းတွေမှာ မပါဝင်ရဲအောင် အကြောက်တရားကို ဖန်တီးနေတယ် ဆိုတာကို လည်း သိမြင်ရပါတယ်။
အကျဉ်းထောင်တွင်း စားသောက်ရာမှာလည်း ရေမဆူခင် ထည့်ပြုတ်ထားတဲ့ အရွက်ပေါင်းစုံ တာလဘောဟင်း လိုမျိုးက များပြီး မြက်ပင်တွေ တီကောင်တွေပါ ပါလာတတ်သေးတယ်လို့ ပြောပြကြပါတယ်။
အသားဟင်း ကျွေးပြီဆိုရင်လည်း မကျက်တကျက် အဖြစ်နဲ့ စားသောက်ရတဲ့ အတွေ့အကြုံတွေကလည်း လူစားဖို့ ကျွေးတာမှ ဟုတ်ရဲ့လားတဲ့။
ရေချိုးတာက အစ အချိန် အကန့်အသတ်ထားပြီး ရေဘယ်နှခွက်သာ ချိုးရမယ်ဆိုတဲ့ ကန့်သတ်ချက် ထားရှိပြီး အမျိုးသမီးတွေ အတွက် အပေါ့အလေး စွန့်တဲ့ အိမ်သာက လုံးဝကို အဆင်ပြေမှု မရှိဘူးလို့ ပြောပါတယ်။
အမျိုးသမီးတွေ အတွက် လစဉ်သုံးပစ္စည်းက အစ ခက်ခဲမှုတွေနဲ့ အကျဉ်းသူတွေဟာ ပိုပြီး ဒုက္ခဆင်းရဲ ရောက်ခဲ့ရ ပါတယ်။
လူတယောက်ရဲ့ ဘဝမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ တွေးတော ကြံစည်ခွင့်တောင် မရှိတော့တဲ့ နောက် မင်းထင်တာ မှားတယ်၊ ငါတို့မှ မှန်တယ် ဆိုတဲ့ အခြေအနေမှာ ရှင်သန်ဖို့သာ အဓိကဆိုတဲ့ စိတ်နဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ကြရတယ်လို့ ဆိုကြပါတယ်။
အကျဉ်းထောင်က ထွက်လာပြီးနောက်မှာလည်း ထောင်ထွက် အမျိုးသမီးဆိုပြီး ပတ်ဝန်းကျင်းရဲ့ ဝေဖန်မှုကို ခံခဲ့ရပြန် ပါတယ်။
ဒါပေမယ့်လို့ အကျဉ်းထောင်တွင်း နေခဲ့ရတဲ့ နေ့ရက်တွေဟာ စိတ်ဓာတ် ခံယူချက်ကို ပိုမိုခိုင်မာလာဖို့ တည်ဆောက် ပေးခဲ့သလိုပဲ ဖြတ်သန်းရတဲ့ ဘဝတွေက ခါးတော့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုက သူတို့ကို ပန်းနဲ့ ပေါက်နေသလောက် ပါပဲလို့ ဆိုကြပါတယ်။
အကျဉ်းထောင်ဆိုတာ အပြစ်ရှိသူတွေကို အပြစ်တွေ ဆေးကြောပြီး လူသစ် စိတ်သစ်နဲ့ ဘဝသစ်တခုကို ထပ်မံ တည်ဆောက် ပေးဖို့ ပြုပြင်မွမ်းမံပေးမယ့် နေရာတခု ဖြစ်သင့်ပေမယ့် တကယ်တမ်းမှာ လုံးဝကို ကွဲလွဲနေခဲ့ပါတယ်။
အကျဉ်းကျ ခံခဲ့ကြရသူ အများစုဟာ ထောင်ဆိုတဲ့ တံတိုင်းကြီးနောက်မှာ နောက်ထပ် ဘဝတခု မွေးမြူနိုင်ခဲ့ကြတာ မှန်ပေမယ့် နဂိုမူလထက် ပိုမို ဆိုးဝါးတဲ့ အပြောင်းအလဲ အဖြစ်အပျက်တွေလည်း လူမှုဘဝ နယ်ပယ်မှာ အများအပြား ရှိနေခဲ့ကြပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စစ်တမ်းမှာ လက်ရှိ စာရင်း ကောက်ပြီးတဲ့ နိုင်ငံရေး အကျဉ်းသား ၃၄၀၀ ကျော်မှာ အမျိုးသမီး အကျဉ်းသား ၆၈၀ ဝန်းကျင် ရှိတယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ အမှုရင်ဆိုင်နေဆဲ ယုံကြည်ချက် ခိုင်မာသူ အမျိုးသမီးပေါင်း ၂၂ ဦးရှိပြီး အချုပ်ကျနေ တာကတော့ ၅ ဦး ရှိတယ်လို့လည်း သိရပါတယ်။
အခုအချိန်မှာတော့ အကျဉ်းထောင်တွင်းမှာ ဘဝကို မြှုပ်နှံရမယ့် ယုံကြည်ချက် အကျဉ်းသား အမျိုးသမီးတွေ များပြား မလာစေချင်တော့ပါ….။ ။
Your Thoughts …