ဒါကတော့ ချင်းရိုးရာစကားပုံတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်တခုမှာ လင်ယောကျာ်းဖြစ်သူက ဇနီးမယားကို ရိုက်နှက် ဆုံးမပိုင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆ အမှားတွေဟာ မြန်မာပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတိုင်း လိုလိုမှာ ရှိနေတာကို တွေ့ရမှာပါ။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခြင်းဆိုတဲ့ စကားလုံး ဝေါဟာရဟာ ချင်းဘာသာစကားမှာ မရှိဘူးလို့ဆိုကြ ပေမယ့်လည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကတော့ ချင်းပြည်နယ်ထဲမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။ လင်ယောကျာ်းက ဇနီးသည်ကို ရိုက်နှက်တာကို အကြမ်းဖက်ခြင်းလို့ မယူဆကြတဲ့ သူတွေလည်း အများအပြား ရှိနေပါသေးတယ်။
“အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အဓိကဆိုလိုတာက ခင်ပွန်းက ဇနီးကို ရိုက်တာ။ သူတို့ဆီမှာ ဒီလို အကြမ်းဖက်မှုဆိုတဲ့ စကားလုံးတောင် မရှိဘူး။ ကျမတို့သွားတဲ့ ဒေသတွေမှာ ဒီစကားလုံး မရှိဘူး။ အယူအဆကလည်း အသစ်အဆန်းလို ဖြစ်နေတယ်။ တချို့ကျတော့လည်း ပညာတတ်အမျိုးသမီးတွေက အနောက်တိုင်းအယူအဆတွေ လွှမ်းမိုးပြီး ယူလာသလို ပြောကြတယ်”
ချင်းဓလေ့ထုံးတမ်းတွေကို အမျိုးသမီးရှုထောင့်ကနေ လေ့လာနေတဲ့ နေနူးအဖွဲ့(Women in Action Group)မှ မိုင်လဲင်နိုင်ကျဲရ်က ချင်းပြည်နယ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စစ်တမ်း သွားရောက်ယူတဲ့အခါ တွေ့ကြုံခဲ့ရတာတွေကို ပြောပြပါတယ်။
“အိမ်တွင်းအကြမ်းဖက်မှုမှာ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ကြုံနေရသလဲဆိုရင် သေတဲ့အထိ ရိုက်နှက်တာမျိုးအထိ ရှိပါတယ်” လို့ သူကပြောပါတယ်။
လင်ယောကျာ်းက ကိုယ့်ဇနီးမယားကို ရိုက်တာကို ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုအဖြစ်သာ သတ်မှတ်နေကြပါတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း သူရဲ့ လင်ယောက်ျားက သူ့ကိုရိုက်တာဟာ သူအပြစ်ရှိလို့ ရိုက်တာလို့ပဲ ခံယူထားကြပါတယ်။ ဒါကြောင့် ဇနီးသည်တွေက မိမိတို့ရိုက်နှက်ခံရတာကို ရှက်စရာအဖြစ် ယူဆကြပြီး လင်ယောက်ျားရဲ့ အကြမ်းဖက်မှုတွေကို ဖုံးဖိဖို့ ကြိုးစားကြပါတယ်။
ရိုက်နှက်ခံရတဲ့ အကြောင်းရင်းတွေကတော့ ဇနီးဖြစ်သူက လင်ယောက်ျားရဲ့ ခွင့်ပြုချက်မရဘဲ ဆံပင်ညှပ်လိုက်လို့၊ ထမင်းဟင်းကောင်းကောင်း မချက်နိုင်လို့၊ လင်ယောက်ျားဖြစ်သူကို ခံပြောလို့၊ လင်ယောကျ်ားဖြစ်သူကို မလေးစားလို့ စတဲ့ အကြောင်းတွေကြောင့်သာ ဖြစ်ရတာများပါတယ်။
ရိုက်နှက်မှုတွေကနေ သွေးထွက်သံယိုဖြစ်ပြီး ဆေးရုံရောက်ကြတာတွေရှိသလို ဇနီးမယားကို ဓားနဲ့ထိုးတာ၊ နေ အိမ်ကို မီးရှို့တာ စတဲ့အပြုအမူတွေကိုလည်း အမျိုးသားတွေက ပြုမူတတ်ကြပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ လင်ယောက်ျားတွေက ဇနီးမယားတွေကို ရိုက်နှက်တာကို သာမန်ရိုက်နှက်မှုနဲ့ ပြင်းထန်သော ရိုက်နှက်မှုဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရရင် အမျိုးသမီးတွေက မိဘနေအိမ်ကို ပြန်သွားလေ့ရှိပြီး လင်ယောကျာ်းက ပြန်ခေါ်လိုရင်တော့ ဒေသထုံးတမ်းတွေအရ မိဘတွေက လျော်ကြေးတောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။
“ယောကျ်ားက အရင်တုန်းကဆို သွေးထွက်အောင် ရိုက်ဖူးတယ်။ ခဏခဏရိုက်တော့ ကျမ မိဘအိမ်ကို ပြန်သွားခဲ့တယ်။ သူပြန်လာခေါ်တဲ့အခါ ကျမက မပြန်ဘူးလို့ပြောတော့ မိဘတွေ မဖြစ်ဘူး၊ ပြန်ရမယ်လို့ ပြောတယ်။ ယောကျ်ားက ပြန်တောင်းပန်လား၊ မတောင်းပန်လား၊ ဒါတွေ မလိုဘူး”လို့ ပလက်ဝမြို့နယ်က အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ချင်းအမျိုးသမီးတဦးက ပြောပါတယ်။
ချင်းမျိုးနွယ်စုတွေထဲက အရှိုလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းထဲမှာတော့ “မိမိပြောသည်ကို နားမထောင်ဘဲ ပြန်ပြောသည့်မိန်းမကို ယောကျ်ားများမှ ကြိမ်လုံးဖြင့် ၃ ကြိမ် နာကျင်အောင်ရိုက်နိုင်သည်ဟု စာဖြင့်ရေးသားကာ ခွင့်ပြုထားကြောင်း” နေနူးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်မှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။
ရိုက်နှက်ဆုံးမတာကို မနာခံရင်တော့ ဆိုးသွမ်းတဲ့အပြုအမူဖြစ်တဲ့အတွက် အိမ်မှနှင်ထုတ်ကွာရှင်းနိုင်သလို ဒါမှမဟုတ် ထပ်မံရိုက်နှက်ဆုံးမနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလို ဆုံးမပိုင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆကို စာနဲ့ အတိအလင်းရေးသားဖော်ပြထားတဲ့ ဓလေ့ထုံးတမ်းတွေကြောင့် အမျိုးသမီးတွေဆိုတာ အမျိုးသားတွေရဲ့ နှိပ်စက်သမျှကိုသာ ငြိမ်ခံနေဖို့ တွန်းအားပေးနေသလို ဖြစ်နေပါတယ်။
အရိုက်ခံရပြီး မိဘအိမ်ကိုပြန်သွားတဲ့ ဇနီးဖြစ်သူကို လင်ယောကျာ်းက ပြန်ခေါ်လိုရင်တော့ မိဘတွေကို ဒေသအလိုက် ကြက်၊ ဝက်၊ နွားနောက် စတာတွေကို လျော်ကြေးအဖြစ် ပေးလေ့ရှိပြီး အခုခါမှာတော့ နွားနောက်ရဖို့ ခက်ခဲတဲ့အတွက် နွားနောက်အစား ငွေကျပ်တသိန်းနဲ့ လာရောက် တောင်းပန်ကြတယ်လို့ သိရပါတယ်။
ဓလေ့အရ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ရန်ဖြစ်ပြီး ရိုက်နှက်နေရင်တောင် ဆွေမျိုးအရင်းဖြစ်စေကာမူ ဝင်ရောက် ဖြန်ဖြေလို့မရဘူးလို့ ဆိုပါတယ်။
“ကျနော့်ညီမကို သူ့ယောကျာ်းက သူတို့အိမ်မှာရိုက်နေတယ်ဆိုရင် ကျနော်ဝင်သွားပြောလို့ မရဘူး၊ သတ်ချင်ရင်လည်း သတ်မှာပေါ့။ ကိုယ့်အိမ်မှာ ကိုယ့်မိန်းမကို ရိုက်တာ ခင်ဗျားနဲ့ မဆိုင်ဘူးတွေ ဖြစ်လာမယ်။ ကိုယ်သွားချင်ရင်တောင် တယောက်တည်းသွားလို့ မရဘူး။ လူကြီးတွေကိုပါ ခေါ်သွားရတယ်” လို့ မင်းတုန်းမြို့နယ်က အမျိုးသားတဦးက ပြောပါတယ်။
အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် အစိုးရ ဒါမှမဟုတ် အစိုးရမဟုတ်တဲ့ လူမှုကူညီရေးအဖွဲ့တွေက စီစဉ်ပေးထားတဲ့ ယာယီခိုလှုံစရာတွေလည်း ချင်းပြည်နယ်မှာ မရှိကြပါဘူး။
ဒါကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ညှင်းပန်းနှိပ်စက်မှုကနေ လွတ်မြောက်ဖို့ မိဘအိမ်ကို သွားရောက်မှီခိုနေရပြီး အမျိုးသားတွေဘက်က ပြန်သွားခေါ်တဲ့အခါ ဓလေ့အရ မိဘတွေက လျော်ကြေးနဲ့သာ ဖြေရှင်းနေကြပါတယ်။
ရိုက်နှက်ခံရလို့ ရဲနဲ့ တရားရုံးကို လာရောက်တိုင်ကြားတာမျိုးတွေ မရှိသလို ရပ်ကွက်လူကြီးတွေဆီကိုတောင် လာရောက်တိုင်ကြားတာ မရှိဘူးလို့ သိရပါတယ်။ လင်ယောကျာ်းဖြစ်သူက ဇနီးမယားကို ရိုက်နှက်နှိပ်စက်ရာမှာ သေဆုံးသွားတဲ့ အမှုနှစ်ခုရှိပြီး တမှုမှာ တရားခံအမျိုးသားဖြစ်သူကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး နောက်တမှုကတော့ ဇနီးဖြစ်သူရဲ့ဆွေမျိုးများကပင် ကလေးတွေရဲ့ ရှေ့ရေးကိုစဉ်းစားကာ တရားခံကို ခွှင့်လွှတ်ပေးလိုက် ကြပါတယ်။
မင်းပြားမြို့နယ်က ရွာတရွာမှာတော့ အကြမ်းဖက်ရိုက်နှက်မှု ကျူးလွန်တဲ့ ယောကျာ်းတွေကို အပြစ်ပေးဖို့ အလုပ်ကြမ်း သို့မဟုတ် ငွေဒဏ်တွေ ချမှတ်ထားပေမယ့်လည်း လက်တွေ့ကျင့်သုံးတာ မရှိဘူးလို့ သိရပါတယ်။
နေနူးအဖွဲ့က ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ မြို့ပေါင်း ၁၂ မြို့နဲ့ ရွာပေါင်း ၂၀ ကို ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပြီး သုတေသနပြုလုပ်ခဲ့တဲ့ ဒေသအားလုံးမှာတော့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ကျန်းမာရေးပိုင်းဆိုင်ရာဖြစ်စေ၊ ဥပဒေပိုင်းဆိုင်ရာ ဖြစ်စေ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတခုမှ မရှိသေးဘူးလို့လည်း ဖော်ပြထားပါတယ်။
တချို့ဒေသတွေမှာတော့ အမျိုးသမီးအဖွဲ့အစည်းတွေ ဖွဲ့စည်းထားပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။ မတူပီအမျိုးသမီးအဖွဲ့ကတော့ သူတို့ဆီကို လာရောက်တိုင်ကြားတဲ့ ကွာရှင်းပြတ်စဲချင်တဲ့ အမျိုးသမီးတွေအတွက် သင့်တင့်တဲ့ နစ်နာကြေးရရှိအောင် လူငယ်အဖွဲ့တွေ၊ ရပ်ကွက်လူကြီးတွေနဲ့ ပူပေါင်းဆောင်ရွက်ကာ ကူညီပေးနေတယ်လို့လည်း သိရပါတယ်။
ချင်းဓလေ့အရ ကွာရှင်းပြတ်စဲမယ်ဆိုရင်တောင် ကလေးအုပ်ထိန်းခွင့်ကို မိခင်တွေ မရရှိတာ၊ အမျိုးသမီးဘက်က ကွာရှင်းမယ်ဆိုပါက လက်ထပ်ထိမ်းမြားစဉ်က အမျိုးသမီးတွေရဲ့ မိဘတွေတောင်းဆိုတဲ့ လက်ဖွဲ့ငွေလို့ ခေါ်တဲ့ အသွင်းဖိုးကို ပြန်လည်ပေးရတာ၊ ကွာရှင်းကြေး၊ နစ်နာကြေးမရတာ၊ ပစ္စည်းခွဲဝေပေးခြင်း မရှိတာ စတာတွေက အိမ်တွင်းအကြမ်းဖက်ခြင်းခံရတဲ့ အမျိုးသမီးတွေအတွက် ကွာရှင်းဖို့ အဟန့်အတားတွေ ဖြစ်စေပါတယ်။
အခုချိန်မှာ ကွာရှင်းပြတ်စဲရင် မိခင်တွေအနေနဲ့ ကလေးအုပ်ထိန်းခွင့် ရလာကြပေမယ့်လည်း ပစ္စည်းခွဲဝေပေးမှုကတော့ အားနည်းနေပါသေးတယ်။
ချင်းပြည်နယ်ဒေသတခုလုံးမှာ ဓလေ့ထုံးတမ်းအရ ဖြေရှင်းနေတာတွေဟာ အမျိုးသမီးတွေအတွက် လက်လှမ်းအမှီဆုံး တရားစီရင်ရေးစနစ်ဖြစ်နေပြီး တဖက်မှာလည်း ဒီတရားစီရင်ရေးစနစ်ဟာ အမျိုးသမီးတွေအတွက် တရားမျှတမှုကို ဖမ်းဆုတ်နိုင်ဖို့ အကြီးမားဆုံး အတားအဆီးတစ်ခုလည်း ဖြစ်နေပါတယ်။
ဒါကြောင့် ဓလေ့ထုံးတမ်းအရ ဖြေရှင်းရာမှာ အမျိုးသမီးတွေအတွက် တရားမျှတမှုကို လက်လှမ်းမှီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ပြီး ပြောင်းလဲကျင့်သုံးဖို့ လိုအပ်နေပါတယ်။ အခုလက်ရှိအချိန်မှာ ဆုံးဖြတ်ချက်ချနိုင်သူတွေဟာ အမျိုးသားများသာ ဖြစ်နေပြီး ဒေသဆိုင်ရာဓလေ့ထုံးတမ်းတွေကို ခေတ်နဲ့လျော်ညီအောင် လူ့အခွင့်အရေး ကျားမဆိုင်ရာ သဘောတရားတွေ အမျိုးသမီးအခွင့်အရေးနဲ့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေကို သိရှိနားလည်အောင် လှုံ့ဆော်မှုတွေပြုလုပ်ဖို့ လိုအပ်နေတယ်လို့လည်း တိုက်တွန်းထားပါတယ်။
မိမိလူမျိုးကို ထိန်းသိမ်းဖို့ အကြောင်းပြချက်တွေနဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဖိနှိပ်ထားတဲ့ ဓလေ့ထုံးတမ်းတွေကို ဆက်လက်ကျင့်သုံးချင်သူတွေ အများအပြားရှိနေဆဲဖြစ်တဲ့အတွက် ထိရောက်တဲ့ ပညာပေးအစီအစဉ်တွေ လိုအပ်နေတယ်လို့လည်း အမျိုးသမီးရေးအဖွဲ့အစည်းတွေက ပြောဆိုထောက်ပြနေကြတာ ဖြစ်ပါတယ်။
( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထူထောင်ထားသော HI (Honest Information) ၏ ဝက်ဘ်ဆိုက် www.hiburma.net မှ ကူးယူဖော်ပြသည်)