Women & Gender

စိုးရိမ်ရေမှတ် ရောက်နေသော မြို့ပြ အမျိုးသမီးများ ဘဝလုံခြုံရေး

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ကြီးအတွင်း အမျိုးသမီးတဦး တက္ကစီငှားရမ်း စီးခဲ့ရာမှ ယာဉ်မောင်း၏ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း ခံရ သည် ဟူသော သတင်းက မြို့နေလူထုကို အံ့သြတုန်လှုပ်မှု၊ အထူးသဖြင့် အမျိုးသမီး ထုကြီး အတွက် ထိတ်လန့် တုန်လှုပ်မှုကို ဖြစ်သွားစေပါသည်။

ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး အလောင်းတလောင်းကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက မြောက်ဒဂုံ မြို့နယ်၊ ငမိုးရိပ်ချောင်းဘေး၊ ဖူဆယ် မိုးလုံလေလုံ အားကစားရုံအနီး ချောင်းရေကျော် တံတားအစပ် မန်ကျည်းပင် အောက် တွင် လမ်းသွားလမ်းလာ တဦးက စတင်မြင်တွေ့ခဲ့သည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၂၆ နှစ်အရွယ် မရွှေရည်ဝင်း ဆိုသူဖြစ်ပြီး တဦးတည်သော သမီး ဖြစ်ကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန – FDA (နေပြည်တော်) မှ ဒု ကြီးကြပ်ရေးမှူး တဦး ဖြစ်ကြောင်း သိရသည်။

မရွှေရည်ဝင်းကို သတ်သည့်တရားခံအား ပြစ်မှုကျူးလွန်ပြီး ၄ ရက်အတွင်း အသတ်ခံရသူ၏ ဆမ်ဆောင်းဖုန်း ဆော့ဖ်ဝဲ အသစ် တင်ရာမှတဆင့် ယုဇနပလာဇာတွင် ဖမ်းမိခဲ့သည်။

လူသတ်မုဒိမ်းမှုကို ကျူးလွန်ခဲ့သူသည် အငှားယာဉ်မောင်း အသက် ၂၇ နှစ်အရွယ် မျိုးဇော်ဦး ဆိုသူဖြစ်ပြီး တက္ကစီခ ပိုတောင်းသည့် ကိစ္စဖြင့် စကားများခဲ့ရာမှ လည်ပင်းညှစ်၊ ဝက်အူလှည့်ဖြင့် ထိုးပြီးနောက် သတိမေ့မြောနေသော မရွှေရည်ဝင်းကို အဓမ္မ ပြုကျင့်ခဲ့သည်ဟု ၎င်းက ဝန်ခံ ထွက်ဆိုထားသည်။

ရန်ကုန်မြို့ ဒဂုန်စင်တာ ရှေ့တွင် အမျိုးသမီးငယ်များ တက္ကစီကား ငှားနေစဉ် / ချမ်းစွန်း/ဧရာဝတီ

အဆိုပါ မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က “ရက်စက် ထူးခြားသည့် လူသတ်မုဒိမ်းမှု” အဖြစ် သတ်မှတ်ခဲ့သည်။

အကြောင်းအမျိုးမျိုးဖြင့် ရုန်းကန်လှုပ်ရှား သွားလာနေကြရသော မြို့ပြနေ အမျိုးသမီးထုကြီး အတွက် ယခုဖြစ်ရပ်က ထိတ်လန့်တုန်လှုပ် သွားစေရုံသာမက ဘဝလုံခြုံရေး အတွက်လည်း စိုးရိမ်မှုရေချိန် မြင့်တက်သွားစေသည်။

“ဒီသတင်း ဖတ်ပြီးတော့ တခုခုကို ထိတ်လန့်ပြီး အိပ်တောင် မပျော်ဘူး” ဟု အမျိုးသမီး ရုပ်သံ သတင်းထောက် တဦး ဖြစ်သူ မအလှလေးသူဇာ က ပြောသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ မအလှလေးသူဇာ က တခါတရံ အလုပ်ကိစ္စကြောင့် ရုံးပြန်ချိန် နောက်ကျသည့် ရက်များ တွင် သ့ူရုံးရှိရာ ကမာရွတ်မြို့နယ်မှ နေအိမ်သို့ တက္ကစီငှားပြီး ပြန်နေကျဟု ဆိုသည်။

အဓမ္မကျင့် သတ်ဖြတ်ခံရသည့် FDA ဝန်ထမ်း အမျိုးသမီး အတွက် ဆုတောင်းပွဲ / သက်ထွန်းနိုင် / ဧရာဝတီ

“ကျမက Grab တို့ Ubar တို့လိုဟာတွေ ငှားမစီးဘူး။ ကြာတာလည်းပါတယ်။ ဈေးလည်းများလို့ အပြင်တက္ကစီတွေပဲ ငှားစီးတာ ဆိုတော့ ဒီသတင်းဖတ်ပြီး ပိုကြောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မလုံခြုံသလ ိုပိုခံစားလာရတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

မအလှလေးသူဇာ ကဲ့သို့ပင် ရန်ကုန်မြို့နေ အမျိုးသမီးများ ကြားတွင် တက္ကစီများနှင့် ပတ်သက်သော လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်စေရုံသာမက မဖြစ်မနေ ငှားရမ်းစီးရမည် ဆိုလျှင်လည်း စိုးထိတ်မှုများကြောင့် တက္ကစီယာဉ် မောင်း များအပေါ် သံသယထားခြင်း၊ အမြင်စောင်းခြင်းများ ဖြစ်လာဖွယ်လည်း ရှိနေပါသည်။

တဖက်တွင်လည်း တက္ကစီမောင်းနှင်ခြင်းဖြင့် အသက် မွေးဝမ်းကျောင်းပြုကာ မိသားစု စားဝတ်နေရေး အတွက် ရိုးသား ဖြောင့်မတ်စွာ ရုန်းကန်ရှာဖွေ ပေးနေကြသူများအတွက် ထိခိုက် နစ်နာသွားစေနိုင်ပါသည်။

မြောက်မြားစွာသော တက္ကစီယာဉ်မောင်းများအနက် မည်သူက ရိုးသား ဖြောင့်မတ်သူ ဆိုသည်ကို မြင်ရုံဖြင့် ခွဲခြား သိမြင် နိုင်မည် မဟုတ်ပေ။

ထို့အတွက် တက္ကစီများကို ပိုမိုစနစ်ကျသော နည်းလမ်းများဖြင့် ထိန်းချုပ် စောင့်ကြည့်ခြင်း၊ ယာဉ်မောင်းသူ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက နောက်ကြောင်း ရာဇဝင်များကိုပါ စစ်ဆေးကြပ်မတ်ပြီးမှ မှတ်ပုံတင်ခိုင်းခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေးရန် မြို့နေလူထုက ထုတ်ဖော် ပြောဆိုလျက် ရှိကြသည်။

လတ်တလောတွင် တက္ကစီယာဉ်မောင်း အမည်၊ ဖုန်းနံပါတ်၊ ကား အမျိုးအစား၊ ကားနံပါတ် တို့ကို တပါတည်း မှတ်သား ထားနိုင်သော အားသာချက်များ ရှိသည့် Grab ၊ Uber ၊ Oway ကဲ့သို့သော တက္ကစီများကို ဦးစားပေး ရွေးချယ် လာနိုင်သည်။

အဝေးသင်တက္ကသိုလ် တက်ရင်း အလုပ်လုပ် နေသူ မယမင်းသက်ထူးခင် က “တက္ကစီစီးရင် Grab ၊ Oway အများဆုံး စီးဖြစ်တယ်။ သူ့ကုမ္ပဏီနဲ့သူ ဆိုတော့ လက်တား တက္ကစီထက်ပိုပြီး safe ဖြစ်မယ် ထင်လို့။ လက်တားတက္ကစီ ငှားဖြစ် တယ် ဆိုရင်တောင် ကားနံပါတ် မှတ်တယ်။ အိမ်ကို မက်ဆေ့ပို့တယ်။ ဖုန်းဆက်တယ်။ အခုလို သတင်းတွေ မြင်ရ ကြားရတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် မလုံခြုံတော့ဘူး” ဟု ပြောသည်။

အဓမ္မကျင့် သတ်ဖြတ်ခံရသည့် FDA ဝန်ထမ်း အမျိုးသမီး အတွက် ဆုတောင်းပွဲ / သက်ထွန်းနိုင် / ဧရာဝတီ

တချို့သော တက္ကစီများသည် နံပါတ်အနက်များဖြင့် ပြေးဆွဲနေသည်ကိုလည်း တွေ့ရသဖြင့် တက္ကစီအားလုံးကို စည်းကမ်း တကျဖြင့် Grab ၊ Oway တို့ကဲ့သို့ စနစ်တကျ ကြပ်မတ် လိုက်မည်ဆိုပါက ပိုမိုလုံခြုံ စိတ်ချရမည်ဟု ၎င်းက ဆိုသည်။

“FDA ကောင်မလေး ဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းကြားကြားချင်း စိတ်မကောင်းဘူး။ တဖြည်းဖြည်းနဲ့ ရန်ကုန်မြို့ ကြီးဟာ အရမ်းကို မလုံခြုံတော့ဘူး။ အန္တရာယ် များလာတယ်။ ဘယ်နေရာကိုပဲ သွားသွား။ တက္ကစီမှတင် မဟုတ်တော့ဘူး။ ဘတ်စ်ကား စီးတာပဲဖြစ်ဖြစ်။ လမ်းသွားလာရင်းပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ ကျဉ်းကျပ်မှု ဖြစ်လာတယ်” ဟုလည်း မယမင်းသက်ထူး ခင်က ပြောသည်။

ရန်ကုန်မြို့ကြီးတွင် မရွှေရည်ဝင်း ကဲ့သို့ အမှုဖြစ်စဉ်များသာမက နေ့ခင်းကြောင်တောင် လူစည်ကားရာ နေရာများ၊ နေအိမ် တိုက်ခန်းများ အတွင်းတွင်ပင် လူသတ်လုယက်သော မှုခင်းများ ပေါ်ပေါက်နေပေရာ ရန်ကုန်မြို့တခုလုံး၏ လုံခြုံရေး သည် အလွန်ပင် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နေသည်။

၂၀၁၇ အတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ဖြစ်ပွားခဲ့သော မုဒိမ်းမှု ၂၇၀ ၊ လူသတ်မှု ၁၅၆ မှုကို ကြည့်ခြင်း အားဖြင့် ရာဇဝတ်မှု ထူပြောနေပြီး လုံခြုံမှုအတွက် မည်မျှ စိုးရိမ်စရာ ကောင်းနေသည်ကို တွက်ဆနိုင်ပေသည်။

ကျူးလွန်သူများသည် အကြမ်းဖက်လုပ်ရပ်များ၊ သတ်ဖြတ်မှုများကို အကြောက်အလန့်မရှိ အတင့်ရဲစွာ ကျူးလွန်နေကြ ခြင်းသည် ပြည်သူတို့၏ဘဝ လုံခြုံရေးကို ထိပါးရုံသာမက တရားဥပဒေ စိုးမိုးရေးကိုပါ ခြိမ်းခြောက် စိန်ခေါ်နေခြင်းပင် ဖြစ်ပါသည်။

ပြည်သူလူထု၏ လုံခြုံရေးကို အဓိက တာဝန်ယူပေးရသော ပြည်သူ့ရဲတပ်ဖွဲ့ အနေဖြင့် စီမံချက်များ ချမှတ်ကာ ရာဇဝတ်မှုများ လျော့နည်းစေရန် ဆောင်ရွက်လျက် ရှိသော်လည်း အများပြည်သူတို့၏ စိုးရိမ် ထိတ်လန့်မှုများကို အပြည့်အဝ ဖြေဖျောက် ပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

ထို့အတွက် ရဲတပ်ဖွဲ့ အရည်အချင်း၊ အင်အား၊ အဆောင်အယောင်၊ လက်နက်ကိရိယာ များကို အင်အားတိုးမြှင့် ပေးခြင်းနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူလူထုကို မှုခင်း အသိပညာပေးမှုများ ယခုထက် ပိုမို အရှိန်မြှင့်တင် ဆောင်ရွက်ပေးရန်လည်း လိုအပ်နေ သေးသည်။

“ရဲတပ်ဖွဲ့အင်အားနဲ့ ကာကွယ် စောင့်ရှောက်ရတဲ့ လူဦးရေ အနေအထား အချိုးအစား အရမ်းများလို့ အခက်အခဲဖြစ် တယ်။ ကျနော် လက်ခံတယ်။ ဒါပေမယ့် လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး ဖြစ်အောင် ဆောင်ရွက်ပေးဖို့လိုတယ်။ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု အပြင် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလည်း လိုအပ်တယ်။ တိုင်ကြားလာမှ လိုက်လံ ဖော် ထုတ် ဖြေရှင်းမယ့်အစား ကြိုတင် ကာကွယ်နိုင်ဖို့ တာဝန်ရှိပါလား ဆိုတဲ့ အသိရှိရမယ်” ဟု ညီမျှခြင်းမြန်မာ ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆိုသည်။

အဓမ္မကျင့် သတ်ဖြတ်ခံရသည့် FDA ဝန်ထမ်း အမျိုးသမီး အတွက် ဆုတောင်းပွဲ / သက်ထွန်းနိုင် / ဧရာဝတီ

တရားဥပဒေ စိုးမိုးမှုအပိုင်းတွင် တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်သကဲ့သို့ ပြစ်မှု ကျူးလွန် သူတိုင်း ကိုလည်း အယုတ်အလတ် အမြတ်မရွေး ထိရောက်ပြစ်ဒဏ်များ ချမှတ်ပေးရန်၊ သတင်း အချက်အလက် များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရန်လည်း ပြည်သူလူထုကြား တောင်းဆိုမှုများလည်း ရှိနေသည်။

ယခုဆိုလျှင် သက်ငယ်မုဒိမ်းမှု အပါအဝင် လူမဆန်စွာ မုဒိမ်းကျင့် သတ်ဖြတ်မှု ကျူးလွန်သည့် မုဒိမ်းကောင်များကို အမှန်တကယ် သေဒဏ် ချမှတ်ပေးရန်အထိ တောင်းဆိုမှုများပင် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။

“လတ်တလောအခြေအနေအရ မြန်မာနိုင်ငံမှာ သေဒဏ်ကို မစီရင်လို့ မဖြစ်တော့ဘူး။ ဘာကြောင့်ဆို မုဒိမ်းမှုတွေဟာ အလွန် များပြားလာသလို အမျိုးသမီးငယ်တွေရဲ့ဘဝ လံုံခြုံမှုဟာလည်း တော်တော်လေး အားနည်းနေတယ်” ဟု ရှေ့နေ တဦး ဖြစ်သူ ဦးရောဘတ်ဆန်းအောင်က ပြောသည်။

အန္တရာယ်ဟူသည် မည်သည့်အချိန် မည်သည့်နေရာမှ မည်သို့သော ပုံစံမျိုးဖြင့် ရောက်လာမည်ကို ကြိုတင် မသိရှိနိုင် သောကြောင့် အထူးသဖြင့် အမျိုးသမီးများ အနေဖြင့် မိမိလုံခြုံရေး အတွက် ကိုယ်တိုင်က ကြိုတင် ပြင်ဆင်ထားမှသာ တော်ကာ ကျပေမည်။

ရုပ်ပိုင်းဆိုင်ရာ အားဖြင့် မိမိပတ်ဝန်းကျင်ကို အမြဲသတိရှိနေပြီး အမြဲလေ့လာနေရန်၊ တစုံတခု ဖြစ်လာလျှင် တုံ့ပြန်မှု လက်မနှေးရန်၊ သွားလာရင်း အရေးကြုံလာလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အသုံးဝင်သည့် ဖုန်း၊ သော့၊ စာအုပ် စသဖြင့် တခုခုကို လက်ထဲတွင် အမြဲဆောင်ထားရန် မြန်မာအမျိုးသမီး ကိုယ်လုံပညာ သင်တန်းမှ တာဝန်ရှိသူများက အကြံပြုသည်။

စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း ပြဿနာဖြစ်လျှင် ကြောက်လန့်ပြီး ပြာယာခတ်နေ၍ မရဘဲ အတတ်နိုင်ဆုံး ခေါင်း အေးအေး စိတ်အေးအေး ထားပြီး လက်ရှိအခြေအနေ အခက်အခဲမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို စဉ်းစားရန် လည်း လိုအပ်ပေသည်။

မရွှေရည်ဝင်း ဖြစ်စဉ်သည် လူအများကြား အုတ်အော်သောင်းတင်း ဖြစ်သွားသောကြောင့် အမှန်တရားကို အချိန်နှင့် တပြေးညီ ဖော်ထုတ်နိုင်ပြီး တရားမျှတမှု အတွက် ဆက်လက်တောင်းဆိုနိုင်ပြီ ဖြစ်သော်လည်း လူမသိသူမသိဖြင့် ပျောက်ကွယ် သွားရသည့် အမှုအရေအတွက် မည်မျှရှိနေသလဲ ဆိုသည်ကိုလည်း ထည့်သွင်း စဉ်းစားရပေမည်။

ဘတ်စ်ကား စီးရင်းဖြစ်စေ၊ လမ်းသွားလာရင်းဖြစ်စေ၊ လုပ်ငန်းခွင် အတွင်းဖြစ်စေ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း ဆိုင်ရာ စော်ကား မှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ခံစားနေကြရသော အမျိုးသမီးများ၏ ဘဝလုံခြုံမှုအတွက် ကာကွယ်ပေးရန် လိုအပ်သကဲ့သို့ တဖက်တွင်လည်း ထိရောက် ဟန့်တားသည့် အရေးယူ ဆောင်ရွက်မှုများဖြင့် တရားမျှတမှု ဖော်ဆောင် ပေးရန် အရေးတကြီး လိုအပ်နေပေသည်။

“ထိရောက် ဟန့်တားတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လိုနေပြီ။ မဟုတ်ရင် လူ့အဖွဲ့အစည်းကြီးဟာ တော်တော်လေးကို အမျိုးသမီးတွေ အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်” ဟု ဦးရောဘတ်ဆန်းအောင်က ပြောဆို ပါသည်။  ။

ဆက်စပ်ဖတ်ရှုရန် –  FDA ဝန်ထမ်းအမျိုးသမီးကို သားမယားပြုကျင့် သတ်ဖြတ်သူဖမ်းမိ

Did you find apk for android? You can find new Free Android Games and apps.
Loading