ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားတွင် ဟောခန်းဖွင့်၍ ဗေဒင်ဟောနေသော ဗေဒင်ဆရာ အောင်ချစ်ပို ကို တက္ကသိုလ် ကျောင်းသူ ၃ ဦးက ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်းသည့် ပုဒ်မ ၃၅၄ ဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လာရောက် အမှုဖွင့် သွားကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
တိုင်တန်းသည့် ကျောင်းသူ အမျိုးသမီး က “သမီးတို့က အမှန်တရားအတိုင်း ဖြစ်ချင်တာပါ။ အမှုဖွင့်တယ်ဆိုတာကလဲ သမီးတယောက်တည်း ကြုံရတယ်လို့ ထင်ထားတာ၊ facebook ပေါ်မှာ သမီးအတွေ့အကြုံကို ရေးလိုက်တော့မှ သမီးတို့လိုပဲ အခြားအမျိုးသမီးတွေလဲ ဒီလို ကြုံဖူးတာ အများကြီးရှိတာ သိလိုက်ရတော့ အရမ်းကို လန့်သွားပြီး တခြား မိန်းကလေးတွေ ထပ်မဖြစ်ရအောင် အခုလို တိုင်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မကြာခင် ရက်ပိုင်းအတွင်းက အမျိုးသမီးတချို့သည် စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာ အောင်ချစ်ပို ထံတွင် သွားရောက်၍ ဗေဒင်မေးရာတွင် ၎င်းတို့အား ကာယိနြေ္ဒပျက်စီးစေသည့် ထိပါးမှုများ လုပ်ဆောင်ခဲ့ကြောင်း လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာပေါ်တွင် ဝန်ခံရေးသားခဲ့သည်။
ယင်းသတင်းပျံ့နှံ့သွားပြီးနောက် ထိုဗေဒင်ဆရာ အောင်ချစ်ပိုထံတွင် ယင်းသို့သော အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရဖူးကြောင်း အခြား အမျိုးသမီးငယ် အချို့ကလည်း ဖွင့်ပြောလာကြပြီး ထိုသို့ ကြုံတွေ့ခဲ့ရသော အမျိုးသမီးများ စု၍ ရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ သတင်းများ ပျံ့နှံ့လာပြီးနောက် ဗေဒင်ဆရာ အောင်ချစ်ပို၏ ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဟောခန်းမှာလည်း ပိတ်ထားသည်ကို တွေ့ရပြီး ၎င်းကိုတိုင် ပုံမှန်ဟောကြားနေသော ရုပ်သံ အစီအစဉ်တခုမှလည်း ဟောပြောမှု ရပ်ဆိုင်းထားရကြောင်း ဗေဒင်ဆရာ အောင်ချစ်ပို က ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဗေဒင်ဆရာ အောင်ချစ်ပိုက “ကျနော့်အနေနဲ့ တရားဥပဒေအတိုင်း ဆက်လက် ရင်ဆိုင်သွားမည်” ဟု ဧရာဝတီက မေးမြန်စဉ် ဖြေကြားခဲ့သည်။