လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းတရပ်ဖြစ်သည့် “မိခင်ဝိုင်း” (Mother Cycle) များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
“မိခင်ဝိုင်း” ဆိုသည် ဘာလဲ။ မိခင်ဝိုင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ မိခင်ဝိုင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများ၊ ဘတ်ဂျက်လျာထားမှု အခြေအနေများနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ဆရာတို့ဌာနအနေနဲ့ ဆောင်ရွက်နေတဲ့ ‘မိခင်ဝိုင်း’ ဆိုတာ ဘာကို ပြောတာပါလဲ။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာပါလဲ။
ဖြေ ။ ။ မိခင်ဝိုင်းဆိုတာ နေ့ကလေးထိန်းပေါ့။ ရပ်ရွာထဲမှာ အထူးသဖြင့် ၆ လကနေ ၃ နှစ်လောက် အရွယ် ကလေးတွေကို အိမ်တအိမ်မှာ ခေါ်ပြီး ပြုစုစောင့်ရှောက်ပေးတာ။ အထူးသဖြင့် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု အတွက် အဓိက အကျဆုံး အချိန်မှာ မိခင်တွေ အနေနဲ့ ကိုယ့်ကလေးကို အာဟာရပိုင်းဆိုင်ရာက အစ စနစ်တကျနဲ့ ကျွေးမွေးစောင့်ရှောက် တတ်အောင်၊ မိခင် အချင်းချင်း ကလေး ပြုစုစောင့်ရှောက်နည်း တွေကို ဖလှယ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်တာပါ။ မိခင်ဝိုင်းဆိုတာ အိမ် အခြေပြု ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းထဲမှာ ပါပါတယ်။
ဒီမိခင်ဝိုင်းလေးတွေက မူကြိုတို့ ဘာတို့ မရှိတဲ့ နေရာတွေ…၊ နောက်တခါ မိခင်တွေ အလုပ် လုပ်ရတော့ ကိုယ့် ကလေးတွေကို ရပ်ရွာထဲမှာ ပစ်ထားရတာမျိုးတွေ ရှိတယ်။ ဒီလိုကလေးတွေကို စုပြီး ပြုစုစောင့်ရှောက်ဖို့ပါ။ ဒီအရွယ်လေးတွေဟာ ဦးနှောက် ဖွံ့ဖြိုးမှု အမြင့်မားဆုံး အချိန်ဆိုတော့ စနစ်တကျနဲ့ ပြုစုစောင့်ရှောက်တတ်ဖို့၊ အာဟာရကို ထိထိရောက်ရောက် ကျွေးမွေးနိုင်ဖို့ လိုတယ်။ ဒါတွေအတွက် မိခင်ဝိုင်းတွေမှာ အာဟာရရှိတဲ့ အစားအစာတွေ ဘယ်လို ချက်ပြုတ်ရမလဲ။ ဘာတွေ ကျွေးမွေးရမလဲ။ တပတ်မှာဆိုရင် သူတို့ ကျွေးရမယ့် Menus (အစားအသောက်စာရင်း) တွေ ဆွဲမယ်။ အာဟာရပြည့် တဲ့ အစားအစာတွေ ချက်ပြုတတ်အောင် သင်ကြားပေးပါမယ်။
မေး ။ ။ မိခင်ဝိုင်း တဝိုင်းရဲ့ ဖွဲ့စည်းပုံက ဘယ်လို ပုံစံမျိုးဖြစ်မလဲ။ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ရမယ့် သူတွေ အတွက် သင်တန်းပေးတာမျိုးရော ရှိပါသလား။
ဖြေ ။ ။ မိခင်ဝိုင်း အတွက် ကျနော်တို့က သင်တန်းပေးတယ်။ ၁၀ ရက်ပေါ့။ ရပ်ရွာမှာ ရှိတဲ့ မိဘပြည်သူတွေကို ကလေးတွေရဲ့ ဖွံ့ဖြိုးမှုတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေ ၂ ရက်လောက် ပေးရတယ်။ ဒါပြီးရင် မိခင်ဝိုင်း ဖြစ်မြောက်ဖို့ အတွက် ဝိုင်းဝန်း ကူညီပံ့ပိုးပေးတဲ့ Support Group တွေကိုလည်း ၃ ရက်လောက်၊ နောက်တခါ မိခင်ဝိုင်းလုပ်မယ့် ဝိုင်း ခေါင်းဆောင်တွေကို ရွေးထုတ်ပြီး ၂ ရက်လောက် သင်တန်းပေးတယ်။ ရပ်ရွာမှာ ရှိတဲ့ မိခင်တွေ အားလုံးကို ခေါ်ပြီးလည်း ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ သင်တန်းပေးတယ်။
ဒီလိုတွေ ပေးပြီးတော့မှ Volunteer အိမ် တအိမ်နဲ့ မိခင်တယောက် ရွေးချယ်လိုက်တယ်။ ဝိုင်း တဝိုင်းမှာ ကလေး ၃၀ လောက် သတ်မှတ်ထားတယ်။ ၆ နှစ်ကနေ ၃ နှစ်အတွင်းကလေးတွေပါမယ်။ မူကြို မရှိရင် ၃ နှစ် အထက်ကလေးတွေ လည်း ပါမယ်။ ဝိုင်းခေါင်းဆောင် မိခင်တယောက်ရှိမယ်။ ကိုယ့်ကလေးတွေ ပါတဲ့ မိခင်တွေကလည်း တရက်ကို ၃ ယောက် လောက် အလှည့်ကျ ဝိုင်းကူလုပ်တာမျိုး ခွဲပေးထားတယ်။ နိုင်ငံတော်ကနေပြီး မိခင်ဝိုင်းခေါင်းဆောင်ကို တလ ၃ သောင်းကျပ်၊ ကလေးတွေကို တနေ့ ၃၅၀ ကျပ်နှုန်းနဲ့ ထောက်ပံ့မယ်။
မေး ။ ။ မိခင်ဝိုင်းဆိုပြီး ဘယ်လို အခြေအနေကြောင့် လုပ်ဖြစ်ခဲ့တာပါလဲ။
ဖြေ ။ ။ ကျနော်တို့ ဝန်ကြီးဌာနက ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းကို ယခင်ကတည်းက စခဲ့တယ်။ ဒါကလည်း ကျနော်တို့ဌာနမှာ တာဝန်ရှိတယ်။ ဒါပေမယ့် ကျောင်းအခြေပြုတွေပဲ မြို့ပေါ်တွေမှာပဲ မူကြိုကျောင်း တွေ ဖွင့်လှစ်ပြီးတော့ လုပ်နိုင်တယ်။ ခုလို ကျေးလက်တောရွာတွေ၊ အလှမ်းဝေးတဲ့ နေရာတွေမှာ မူကြိုကျောင်းတွေ မရှိဘူး။ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ နည်းပညာတွေ မပေးနိုင်ဘူး။
အခုသွားတာက ရပ်ရွာအခြေပြုကနေ အခုလို စောင့်ရှောက်တဲ့ လုပ်ငန်းပေါ့။ မူကြိုကျောင်းရှိမှ အဆောက်အဦရှိမှ ဝန်ထမ်းတွေခန့်မှ ကလေးကို ပြုစုစောင့်ရှောက်လို့ ရတာ မဟုတ်ဘူး။ ခုလို ရက်တို မိခင်တွေကို ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းတွေ ပေးမယ်ဆိုလည်း ရပ်ရွာမှာ ဒီကလေးတွေကို စနစ်တကျနဲ့ စောင့်ရှောက်လို့ ရတယ ်ဆိုတာကို ဖော်ထုတ်တာ။
ကျနော်တို့ နိုင်ငံရဲ့ တကယ့်လူသားအရင်းအမြစ် ဖြစ်တဲ့ ကလေးတွေကို သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်မှာ ဒီလို စောင့်ရှောက်မှုတွေ ပေးခြင်းအားဖြင့် နောင်တခေတ်မှာ ဒီကလေးတွေက လူကြီးတွေ ဖြစ်ပြီးတော့ ဘက်စုံဖွံဖြိုးတဲ့ ဉာဏ်ရည် ထက်မြက်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာစေဖို့ ရည်မှန်းပြီး ကျနော်တို့က ဒါကိုဆောင်ရွက်ဖြစ်တာပါ။
မေး ။ ။ ဌာနအနေနဲ့ ဒီအစီအစဉ်ကို ဘယ်အချိန်ကတည်းက စပြီး အကောင်အထည် ဖော်ခဲ့တာလဲ။ လက်ရှိမှာ အရေအတွက် ဘယ်လောက်လောက် ဖွင့်ပြီးပြီလဲ။
ဖြေ ။ ။ ကျနော်တို့က ဒီမိခင်ဝိုင်းလေးကို ၂၀၀၇ ခုနှစ်လောက် ကတည်းက စပြီး ဖွင့်လှစ်ခဲ့တယ်။ အဲဒီတုန်းက ၂၀၀ ကျော်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လျော့သွားတယ်။ အဲဒီ ဖွင့်လှစ်တဲ့ အချိန်တုန်းက နိုင်ငံတော်အနေနဲ့ ယူနီဆက်နဲ့ ပူးပေါင်းပြီး လိုအပ်တာတွေ ထောက်ပံ့ပေးနိုင်တယ်။
နောက်ပိုင်းကျတော့ လစဉ်ဘတ်ဂျက်ကနေ ထောက်ပံ့ မပေးနိုင်တော့တာ။ ဝိုင်းခေါင်းဆောင် လုပ်တဲ့ မိခင်တွေရဲ့ ကလေးတွေက ကြီးလာတော့ သူ့အိမ်မှာ လက်ခံပြီး စောင့်ရှောက်တာမျိုးတွေ မလုပ်တော့တာ။ နောက် ရပ်ရွာကလည်း ပံ့ပိုးမှုတွေ အားနည်းတဲ့ အပိုင်းမျိုးတွေ တွေ့ရတယ်။ ဒီအကြောင်းကြောင်း တွေကြောင့် မိခင်ဝိုင်းတွေဟာ တဖြည်းဖြည်းနဲ့ လျော့ပါးလာတယ်။ လက်ရှိမှာ အရင်ဖွင့်ခဲ့တာ ၂၀၀ ကျော်မှာ ၁၄၀ လောက်ပဲ ကျန်တော့တယ်။
ဒီဖေဖော်ဝါရီနဲ့ မတ် ၂ လထဲမှာ ၂၅၅ ဝိုင်း တိုးချဲ့ဖွင့်လှစ်ဖို့ ရှိတယ်။ ပြည်နယ်တိုင်း တခုကို တချို့လည်း ၁၅ ဝိုင်း၊ တချို့ လည်းဝိုင်း ၂၀။ တရွာကို ၁ ဝိုင်းပေါ့။ လုပ်မယ့် ရွာတွေကလည်း တကယ့်ကို မူကြိုပညာရေးနဲ့ အလှမ်းဝေးနေတဲ့ ရွာမျိုးတွေကို ရွေးပြီး ဖွင့်လှစ်မှာပါ။ အချိန်ကတော့ နေ့ဝက်ပေါ့။ မနက် ၈ နာရီကနေ ၁၂ လောက်။ တချို့ဝိုင်းတွေကျတော့ အချိန်ရတဲ့ အပေါ်မူတည်ပြီး နေ့ခင်းဘက်ပါ ဆက်ပြီး ဖွင့်လှစ်ကြမှာ ဖြစ်ပါတယ်။
ကျန်ရှိနေသေးတဲ့ ၁၄၀ ရော၊ အသစ်ဖွင့်မှာတွေရော အားလုံးကို နိုင်ငံတော်ဘတ်ဂျက်ကနေ ဒီနှစ်ကစပြီး ထောက်ပံ့ ပေးမှာပါ။ နိုင်ငံတော်ကလည်း ရေရှည် ထောက်ပံ့ပေးသွားမယ်။ ရပ်ရွာကလည်း ပံ့ပိုးမယ်။ စိတ်ဝင်တစားနဲ့ လုပ်မယ် ဆိုရင် ဒီမိခင်ဝိုင်းလေးဟာ အရင်ကလို လျော့သွားမယ် မထင်တော့ပါဘူး။ ရေရှည်မှာ ဆက်ဖွင့်နိုင်မယ် လို့ မျှော်လင့်ရတာပေါ့ နော်။
မေး ။ ။ မိခင်ဝိုင်းတွေ ဖွင့်လှစ်တဲ့အခါ အဓိက ဘာအခက်အခဲတွေ ကြုံတွေ့ရပါသလဲ။
ဖြေ ။ ။ အထူးသဖြင့် ရပ်ရွာရဲ့ ပံ့ပိုးမှုတွေ လိုအပ်တယ်။ ပံ့ပိုးမှု ဆိုတာက ငွေကြေးပံ့ပိုးတာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဝိုင်းခေါင်းဆောင် တယောက်တည်းကပဲ တာဝန်ယူပြီး လုပ်ရတယ်။ ကျန်တဲ့သူတွေက မပါဝင်တော့ဘူး။ ရပ်ရွာကလည်း စတဲ့ အချိန်လေး လောက်ပဲ၊ ကျန်တဲ့အချိန်တွေမှာ တာဝန်တွေ ပေါ့လျော့ တာမျိုးတွေ ကျနော်တို့ ကြုံရတာ ရှိတယ်။ ရွာတိုင်းတော့ မဟုတ်ဘူး။ ဒါကြောင့် တချို့ဝိုင်းတွေက ပျက်ကုန်တယ်။ ဒါမျိုး အခက်အခဲလေးတွေတော့ ရှိတာပေါ့။ ဒီဟာလေးတွေကို ရပ်ရွာကလည်း ပံ့ပိုးမယ်။ မိခင်တွေကလည်း သူတို့ကို သင်တန်းပေးထားတာ ဆိုတော့ အလှည့်ကျ ဝိုင်းကို သွားပြီး ကလေးတွေကို စောင့်ရှောက်မယ်။ တာဝန်ယူပေးမယ် ဆိုရင် ပို အဆင်ပြေတာပေါ့။
မေး ။ ။ ဝန်ကြီးဌာနအနေနဲ့ လူမှုရေးပိုင်း ဆိုင်ရာ ဆောင်ရွက်ပေးရတဲ့ အပိုင်းကဏ္ဍတွေ များတယ် ပေါ့နော်။ အဲတော့ ဘတ်ဂျက် လုံလောက်မှု ရှိရဲ့လား။ အခုမိခင်ဝိုင်းတွေ အတွက်ကိုရော ဘတ်ဂျက်ဘယ်လောက် လျာထားပါသလဲ။
ဖြေ ။ ။ ၂၀၁၇-၁၈ မှာ ဘတ်ဂျက်က အရင်ကနဲ့ စာရင် တိုးပြီးရပါတယ်။ ရတဲ့ အတွက်လည်း ပြည်သူကို တိုက်ရိုက် အကျိုး ပြုနိုင်တဲ့ လုပ်ငန်းတွေ လုပ်လာနိုင်တာပေ့ါ။ အခုလို မိခင်ဝိုင်း ထောက်ပံ့တာမျိုးတွေ၊ သက်ကြီးရွယ်အိုတွေ၊ လူကုန်ကူးခံရတဲ့ သူတွေဆိုလည်း ထောက်ပံ့နိုင်တယ်။ မိုင်းထိတဲ့ သူတွေကိုလည်း ထောက်ပံ့နိုင်တယ်။ ဘတ်ဂျက်ကတော့ အရင်ကထက် လေးငါးဆလောက် တိုးပြီးတော့ရတယ်။
ဒါပေမယ့် ရတဲ့ အထဲကမှ တကယ့်ကို ပြည်သူကို တိုက်ရိုက် အကျိုးပြုတဲ့ လုပ်ငန်းတွေကို ဦးစားပေး ရွေးချယ်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်း တိုက်ရိုက် သက်ဆိုင်တဲ့ လုပ်ငန်းတွေကို ရွေးထုတ်ပြီး လုပ်ရတာပါ။ လက်ရှိ ဆောင်ရွက်နေတဲ့ မိခင်ဝိုင်း လုပ်ငန်းစဉ် အတွက်ကိုတော့ ကျပ်သန်းပေါင်း ၁ ထောင်ကျော် မှန်းထားပါတယ်။
မေး ။ ။ မိခင်ဝိုင်းတွေ အရင်ကလို လုပ်ပြီး ပျက်မသွားဖို့၊ ရေရှည်တည်တံ့ဖို့ အတွက် ဘယ်လို ဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ ကျနော်တို့က ဘတ်ဂျက်ရတဲ့ အပေါ် မူတည်ပြီး နောက်ပိုင်း တိုးချဲ့ဖွင့်လှစ်ဖို့ မျှော်လင့်ထားတယ်။ ဒါတွေက ကလေးတွေ အတွက် အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးတဲ့ အရွယ်ကလေးတွေ အတွက် တကယ့်ကို ထိရောက်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ကလေးတွေကို အာဟာရ ထိထိရောက်ရောက်နဲ့ ကျွေးမွေးနိုင်မယ်။ ကလေးပြုစုစောင့်ရှောက်တဲ့ နည်းလမ်း တွေဟာ ကျ နော်တို့နိုင်ငံမှာ အများကြီး လိုနေသေးတယ်။ အချိန်တန် စကားပြောတတ်မယ်။ လမ်းလျှောက်တတ်မယ်။ ဒါတွေဟာ လူသားတဦးရဲ့ သဘာဝအရ အချိန်တန်ရင် ကြီးထွားမှုပဲ ရမယ်။
ဖွံ့ဖြိုးမှု ကျတော့ ခုလို စနစ်တကျ ပြုစု စောင့်ရှောက်တတ်မှ၊ဒီလိုဖွံ့ဖြိုးမှုကလည်းဒီအရွယ်လေးမှာပဲလုပ်ပေးရမှာမို့ ဒါတွေကတကယ့်ကိုလိုအပ်တာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ အားလုံး လုပ်ပေးနိုင်ရင်တော့ အတိုင်းထက် အလွန်ပိုပြီး နိုင်ငံအတွက် လူသားအရင်းအမြစ် အတွက် တကယ် ထိရောက်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ နောက်နှစ်တွေ ဘတ်ဂျက် ပိုမိုရရှိဖို့ အတွက် တောင်းခံပြီး တိုးချဲ့ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ပြည်သူတွေ ဘက်ကလည်း နိုင်ငံတော်က လုပ်နေတဲ့ ထိရောက်တဲ့ လုပ်ငန်းတွေကို သူတို့သားသမီးတွေ ဖွံ့ဖြိုးမှ ရပ်ရွာလည်း ဖွံ့ဖြိုးတာမျိုး ဖြစ်မှာ ဆိုတော့ ပူးပေါင်းပါဝင်ပေးဖို့။ ငွေအား ပူးပေါင်းပါဝင်ဖို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အချိန်တွေ လုပ်အားတွေကို ဒီလို မိခင်ဝိုင်းတွေမှာ ကူညီပေးဖို့ပါ။ ဒါတွေဟာ ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်။ နိုင်ငံတော်က ငွေကြေးတွေ ရင်းနှီးမြှုပ်နှံ လိုက်တာ ဖြစ်ပါတယ်။
ဒါတွေဟာ နောင်တချိန်အတွက် နိုင်ငံအတွက် အကျိုးအမြတ်တွေ အတိုင်းအဆမရှိ ပြန်ရမှာ။ ထို့ နည်းတူစွာ ပြည်သူကလည်း လုပ်အားတွေ အချိန်တွေ ပေးလိုက်ခြင်းအားဖြင့် သူတို့သားသမီးတွေဟာ နောင်တချိန်မှာ တကယ့်ကို ဉာဏ်ရည်ထက်မြက်တဲ့ သူတွေ၊ နိုင်ငံအတွက် အားထားရမယ့် သူတွေ ဖြစ်ရင် သူတို့ ရပ်ရွာအတွက်ရော မိသားစုအတွက်ရော အားလုံး အကျိုးအမြတ်တွေဟာ အတိုင်းအဆမရှိ ပြန်ရလာမှာ ဖြစ်ပါတယ်။ ။