ဗေဒင်ဆရာ အောင်ချစ်ပို ကို စမ်းချောင်းမြို့မ ရဲစခန်းမှ ကာယိနြေ္ဒ ပျက်စီးစေမှု ပုဒ်မ ၃၅၄၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်၍ ဖမ်းဆီးစစ်ဆေး နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန် လိုက်သည်။
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားတွင် ဟောခန်းဖွင့်၍ ဗေဒင်ဟောနေသော အသက် ၃၅ နှစ်အရွယ် ဗေဒင်ဆရာ အောင်ချစ်ပို ကို အမျိုးသမီးတဦးက ကာယိနြေ္ဒပျက်စီးစေမှု၊ ခြိမ်းခြောက်မှုတို့ဖြင့် ဖေဖော်ဝါရီလ ၇ ၇က်နေ့က လာရောက် အမှုဖွင့် ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
တိုင်တန်းသူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးက ၂၀၁၃ ခုနှစ် ဇန်နဝါရီလထဲတွင် ဆယ်တန်း စာမေးပွဲ အောင်မြင်ရန် အတွက် ဗေဒင်ဆရာ အောင်ချစ်ပိုထံ ဗေဒင်သွားမေးရာ၌ အောင်ချစ်ပိုမှ ၎င်း၏ ရင်သားနှင့် မိန်းမကိုယ်အား ထိတွေ့ကိုင်တွယ်ခဲ့ခြင်း အပေါ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် “ဗေဒင်ဆရာကိုယ်တိုင် အဆောင်ထည့်ပေးမှ စွမ်း မည်ဟုပြောဆိုကာ မ—-၏ရင်သားကြားသို့ လူနှစ်ယောက် ဖက်နေသည့် ရွှေရုပ်အဆောင် ယတြာ အား ထည့်ကာ ကိုင်တွယ်ခြင်းပြုလုပ်သည့်အပြင် ရင်သားနေရာကို ဆီမန်းလိမ်းရမည် မလိမ်းပါက စာမေးပွဲကျမည်ဟု အယုံသွင်းခြိမ်းခြောက်ကာ ရင်သားနှင့် မိန်းမကိုယ်အား လက်ဖြင့်ကိုင်တွယ် ဆီမန်းလိမ်းပေးကြောင်း” ဟု ပါရှိသည်။
ဗေဒင်ဆရာ အောင်ချစ်ပို ကို သရုပ်ဆောင် ဒိန်းဒေါင်၏ သမီးဖြစ်သူ သရုပ်ဆောင် ဒိန်းပိုုပိုဒေါင် (မမြတ်နိုးဦး) စမ်းချောင်းမြို့မ ရဲစခန်းတွင် ကာယိနြေ္ဒပျက်စီးရန် ကိုယ်ထိ လက်ရောက်ကျူးလွန်ခြင်း နှင့် နှုတ်ဖြင့်ကျူးလွန်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ နှင့် ပုဒ်မ ၅၀၉ တို့ဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့က အမှုဖွင့်ခဲ့သည်။
သရုပ်ဆောင် ဒိန်းပိုပိုဒေါင်သည် ၂၀၁၃ ဇန်နဝါရီလပိုင်းတွင် ဗေဒင်ဆရာ အောင်ချစ်ပိုထံသို့ သူငယ်ချင်း တဦးဖြင့် ဗေဒင်သွားမေးရာမှ ကာယိနြေ္ဒ ပျက်စီးရန် ကိုယ်ထိ လက်ရောက်ကျူးလွန်ခြင်း နှင့် နှုတ်ဖြင့်ကျူးလွန်ခြင်းတို့ကို တွေ့ကြုံခဲ့ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ထိုစဉ်က ၎င်းသည် ၁၀ တန်းကျောင်းသူ တယောက် ဖြစ်ပြီး စာမေးပွဲအတွက်နှင့် အချစ်ရေး အတွက် အောင်ချစ်ပိုထံ သွားရောက် မေးမြန်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မမြတ်နိုးဦးကဲ့သို့ ကြုံတွေ့ခဲ့ရသော တက္ကသိုလ် ကျောင်းသူ ၃ ဦးကလည်း ဗဒင်ဆရာ အောင်ချစ်ပို ကို ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု ကျူးလွန်းသည့် ပုဒ်မ ၃၅၄ ဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လာရောက် အမှုဖွင့် သွားကြောင်း စမ်းချောင်းမြို့မ ရဲစခန်းထံမှ သိရသည်။
ထိုအမျိုးသမီး ၃ ဦးကတော့ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မျိုး အမျိုးသမီးများ နောက်ထပ် မကြုံတွေ့စေရန် အတွက် အမှုဖွင့် တိုင်ကြားရခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။
ဆက်စပ် ဖတ်ရှုရန် – ဗေဒင်ဆရာ အောင်ချစ်ပို ကာယိနြေ္ဒ ပျက်စီးစေရန် ထိပါးမှုဖြင့် အမှုဖွင့်ခံရ
ဗေဒင်ဆရာ အောင်ချစ်ပိုကို သရုပ်ဆောင် ဒိန်းဒေါင်၏ သမီးကလည်း အမှုဖွင့်မည်