နိုင်ငံတော် လုံခြုံရေး (သို့မဟုတ်) အမျိုးသားလုံခြုံရေး (National Security) ဆိုတာ အစိုးရတရပ်အနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့် ပထမဦးဆုံးနဲ့ အရေးကြီးဆုံး ပြည်သူ့ဝန်ဆောင်မှုဖြစ်တယ်လို့ သတ်မှတ်ပြောဆိုခဲ့ပါတယ်။ အမျိုးသား လုံခြုံရေးဆိုတဲ့ သဘောတရားကို ကျဉ်းမြောင်းသော ရှုထောင့်နဲ့ ကျယ်ပြန့်သော ရှုထောင့် ဆိုပြီး သဘောတရား နှစ်မျိုးနဲ့ ရှုမြင် သုံးသပ်ကြပါတယ်။
စစ်အေးတိုက်ပွဲကာလ တလျှောက်မှာ နိုင်ငံတော်တော်များများဟာ ကျဉ်းမြောင်းသော ရှုထောင့်ကို အသုံးပြုခဲ့ကြပြီး၊ စစ်အေးတိုက်ပွဲလွန် ကာလမှာတော့ ကျယ်ပြန့်သော ရှုထောင့်ကို အသုံးများလာပါတယ်။
ကျဉ်းမြောင်းသော ရှုထောင့်အရ အမျိုးသားလုံခြုံရေးဆိုတာ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပြည်တွင်း၊ ပြည်ပ ထိပါး ခြိမ်းချောက်ခံရခြင်းမှ ကင်းဝေးစေရန် စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းများမှ ကာကွယ်ပေးခြင်းနဲ့ ဆက်စပ်ပါတယ်။
နိုင်ငံရေးပညာရှင် အဒ်မွန်စ် Edmonds ဆိုသူက အမျိုးသားလုံခြုံရေးဆိုတာ ပြည်တွင်း သို့မဟုတ် ပြည်ပခြိမ်းချောက်မှုတွေကို ဖော်ထုတ်ခြင်း၊ သင့်လျော်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်းနဲ့ အကောင်အထည် ဖော်ဆောင်ခြင်းဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။
ဒါကြောင့် အမျိုးသားလုံခြုံရေးဆိုတာ အကျပ်ကိုင် coercion (ဥပမာ- အင်အားသုံးတာ) နဲ့ ကျူးကျော် intrusion (ဥပမာ- လျှို့ဝှက်ထောက်လှမ်းရေး သုံးတာ) ပါဝါတွေနဲ့ ဆက်စပ်နေပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေးဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အဲဒီလိုဆောင်ရွက်ရာမှာ အင်အားသုံးဖြေရှင်းမှုနဲ့ အခြား ဩဇာအာဏာသုံးစွဲနိုင်မှု power instruments တွေကို မျှတအောင်ချိန်ဆဖို့ လိုအပ်ပါတယ်။
ကျယ်ပြန့်သော ရှုထောင့်အရ အမျိုးသားလုံခြုံရေးကို အဓိပ္ပာယ်ဖွင့်ဆိုကြရာမှာ လုံခြုံရေးရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံသားခံယူခွင့် (citizenship)၊ စီးပွားရေးရာ လုံခြုံရေး (economic security)၊ ပတ်ဝန်းကျင်လုံခြုံရေး (environmental security)၊ လူသားလုံခြုံရေး (human security) စတာတွေကိုပါ ထည့်သွင်း ဖော်ပြကြပါတယ်။
နိုင်ငံရေးသိပ္ပံပညာရှင် စတီဖင် ခရက်စ်နာ Stephen Krasner က အမျိုးသားလုံခြုံရေးဆိုရာမှာ မူလရည်မှန်းချက်ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး ကိစ္စတွေ တင်မကဘဲ၊ စီးပွားရေးလုံခြုံရေး စတဲ့ တန်ဖိုးတွေကိုပါ ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနှေးကွေးနေတဲ့ နိုင်ငံတွေမှာတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက် ဖြစ်သင့်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အချို့သော ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတော့ တဦးချင်း လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် လုံခြုံရေးနဲ့ လူသားလုံခြုံရေးတွေနဲ့ ဆက်စပ်တဲ့ မြေဆီလွှာခြောက်ခန်းမှု၊ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှု၊ အိမ်နီးချင်းနိုင်ငံများမှ ရေကြီးမှု၊ ကမ္ဘာကြီး ပူနွေးလာမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ပညာရေးအဆင့်အတန်း၊ ကူးစက်ရောဂါ စတာတွေကိုပါ အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ရေးဆွဲရာမှာ ထည့်သွင်း ဖော်ပြကြပါတယ်။
၂၁ ရာစုကာလ၊ အမျိုးသားလုံခြုံရေး မဟာဗျူဟာများကို လေ့လာသူပညာရှင်များကတော့ နိုင်ငံအများစုရဲ့ အမျိုးသားလုံခြုံရေးမှာ ထည့်သွင်းစဉ်းစားရမယ့် ပဓာနကျတဲ့ အခြေခံ အချက် လေးချက် ရှိတယ်လို့ ရေးသားခဲ့ကြပါတယ်။
အဲဒီ အချက် လေးချက်ကတော့ အန္တရာယ်ကင်းရှင်းရေး (Safety)၊ ကိုယ်ပိုင်ပြဌာန်းခွင့် (Autonomy)၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး (Development) နဲ့ အုပ်ချုပ်မှု (Rule) တို့ပဲ ဖြစ်ပါတယ်။
အန္တရာယ်ကင်းရှင်းရေးဆိုတာ တိုက်ခိုက်ခံရမှုက ကင်းဝေးရေး ဖြစ်ပါတယ်။ နိုင်ငံသားတွေအနေနဲ့ အန္တရာယ် ကင်းရှင်းစွာနဲ့ မိမိတို့ဘဝ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ရေး ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်ကို ကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ရာဇဝတ်မှုတွေ လျော့ပါးစေဖို့ ဥပဒေ ဘက်တော်သား ရဲတပ်ဖွဲ့ဝင်တွေ ရှိရပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာကတော့ နိုင်ငံတော်အစိုးရဟာ ပြည်ပ သြဇာလွှမ်းမိုးမှုကင်းတဲ့ အစိုးရ တရပ်ဖြစ်ရပါမယ်။
နောက်တချက်ဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေး တိုးတက်မှုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
နောက်ဆုံး တချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။ အစိုးရတရပ်မှာ နိုင်ငံတော် အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ရှိရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ စတဲ့ သုံးရပ်စလုံးကို စနစ်တကျ ကျင့်သုံးဆောင်ရွက်မှု ရှိရမှာ ဖြစ်ပါတယ်။ အဲဒီ အချက် လေးချက်ကို ၂၁ ရာစု အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ရေးဆွဲရာမှာ နိုင်ငံအများစုက ထည့်သွင်း စဉ်းစား လာကြပါတယ်။
နိုင်ငံတကာစစ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စွယ်စုံကျမ်းက အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေး မဟာဗျူဟာဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးနဲ့ မြှင့်တင်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရေးအတွက် နိုင်ငံတော်အာဏာ (state power) ယန္တရားတွေကို စနစ်တကျ ပေါင်းစပ်အသုံးပြုဖို့အတွက် ရေးဆွဲထားတဲ့ စီမံချက်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးမှာ အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ကိုင်စွဲထားကြပါတယ်။ အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ချမှတ်ရေးဆွဲပြီးတဲ့အခါ၊ ဒီမဟာဗျူဟာကို အကောင်အထည် ဖော်ဆောင်ရမယ့် မူဝါဒများ ရေးဆွဲဖို့ လိုအပ်ပါတယ်။
အမျိုးသားလုံခြုံရေး မူဝါဒတွေမှာ ကာကွယ်ရေးမူဝါဒ (defence policy)၊ လုံခြုံရေးမူဝါဒ (security policy)၊ နိုင်ငံခြားရေးမူဝါဒ (foreign policy)၊ စီးပွားရေးမူဝါဒ (economic policy) စတာတို့ ပါဝင်ပြီး၊ မူဝါဒတွေ အကြားမှာ နီးစပ်တဲ့ ဆက်နွယ်မှု ရှိပါတယ်။
ကာကွယ်ရေးမူဝါဒတွေက နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ဘယ်လိုပဲ ကွဲပြားပေမယ့် ကာကွယ်ရေးမူဝါဒ ရေးဆွဲခြင်းကိုတော့ ပထမဦးစွာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ရေး မူဝါဒတွေ ရေးဆွဲခြင်းက အစပြုလို့၊ အကောင်အထည်ဖော်ဆောင်ခြင်းတွေ ပြုလုပ်ခြင်း အဆင့်အထိ အစိုးရနဲ့ စစ်တပ်တို့အကြားမှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်အာဏာ (state power) ယန္တရားတွေကို စနစ်တကျ ပေါင်းစပ် အသုံးပြုနိုင်ရေးအတွက် အမျိုးသားလုံခြုံရေး မဟာဗျူဟာ (National Security Strategy) ကို အမျိုးသားလုံခြုံရေးကောင်စီက ချမှတ်ရေးဆွဲဖို့ လိုအပ်ပါတယ်။ ဒီမဟာဗျူဟာကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် တိကျသေချာတဲ့ ကာကွယ်ရေးမူဝါဒ၊ လုံခြုံရေးမူဝါဒ၊ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးမူဝါဒတွေကိုလဲ ပြဌာန်းဖို့ လိုအပ်ပါတယ်။
အဲဒီ မူဝါဒတွေမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ချေတွေကို မည်သို့ မည်ပုံ တုန့်ပြန်ဆောင်ရွက်ဖို့ မဟာဗျူဟာ လုပ်ငန်းတာဝန်တွေကို တိကျစွာ ဖော်ပြလမ်းညွှန်ထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ခြင်း၊ အမျိုးသားလုံခြုံရေးအတွက် အစိုးရ၊ စစ်တပ်၊ ပြည်သူတွေရဲ့ အခန်းကဏ္ဍတွေကို လူအများသို့ အသိပေးပြောကြားခြင်း စတာတွေကို လုပ်ဆောင်ဖို့ အရေးကြီးလှပါတယ်။
အမျိုးသားလုံခြုံရေးအတွက် အမျိုးသားလုံခြုံရေးကောင်စီများနဲ့ လုံခြုံရေးအင်စတီကျူးရှင်းတွေ ဖွဲ့စည်းထားရှိရာမှာ တိုင်းပြည်ရဲ့ ထက်ဝက်ကျော် လူဦးရေရှိတဲ့ အမျိုးသမီးများရဲ့ လုံခြုံရေးလိုအပ်ချက်တွေကို ထည့်သွင်း စဉ်းစားနိုင်ရေးအတွက် Gender Responsive Security Institution ဖော်ဆောင်ရေးကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
လုံခြုံရေး အင်စတီကျူးရှင်းတွေဟာ Gender Responsiveness ဖြစ်ရန် လိုအပ်ပြီး၊ ဖြည့်ဆည်းဆောင်ရွက်ရမယ့် ဒိုင်မင်ရှင်း ၁၆ ခုကို ပညာရှင်များက ဖော်ထုတ်ထားကြပါတယ်။
ဒိုင်မင်ရှင်း ၁၆ ခုအနက် ကဏ္ဍကြီး ၁ မှာ လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှုဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ လေ့ကျင့်ရေး၊ ဝန်ဆောင်မှုတွေကို လက်လှမ်းမီခြင်း၊ ကျားမရေးရာ မှုခင်းသတင်းအချက်အလက်တွေ ကောက်ယူခြင်း စတဲ့ ဒိုင်မင်းရှင်း ၃ ခုနဲ့ လုံခြုံရေးအင်စတီးကျူးရှင်းတွေရဲ့ ကျားမရေးရာတုန့်ပြန် ဆောင်ရွက်မှုကို လေ့လာဆန်းစစ်ကြပါတယ်။
ကဏ္ဍကြီး ၂ မှာ ဥပဒေ၊ မူဝါဒ၊ စီမံကိန်းတွေနဲ့ သက်ဆိုင်ပြီး အမျိုးသားအဆင့်၊ ဒေသတွင်းနဲ့ နိုင်ငံတကာ စံနှုန်းတွေ၊ အင်စတီကျူးရှင်း မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ချိတ်ဆက် ပေါင်းစည်းဆောင်ရွက်မှုတွေ စတဲ့ ဒိုင်မင်းရှင်းတွေနဲ့ လုံခြုံရေးအင်စတီကျူးရှင်းတွေရဲ့ ကျားမရေးရာ တုန့်ပြန်ဆောင်ရွက်မှုကို လေ့လာဆန်းစစ်နိုင်ပါတယ်။
ကဏ္ဍကြီး ၃ မှာ လူမှုအသိုက်အဝန်းဆက်ဆံရေးနဲ့ သက်ဆိုင်ပြီး လုံခြုံရေးကဏ္ဍအပေါ် လူ့အဖွဲ့အစည်းရဲ့ အမြင်သဘောထားတွေ၊ လူထုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံပြုချက်တွေ ရယူတဲ့ အခြေအနေတွေ စတဲ့ ဒိုင်မင်းရှင်း နှစ်ခုနဲ့ ဆန်းစစ်လေ့လာကြပါတယ်။
ကဏ္ဍကြီး ၄ ဟာ တာဝန်ခံမှှု၊ ကွပ်ကဲမှှုနဲ့ သက်ဆိုင်ပြီး လုံခြုံရေးအင်စတီကျူးရှင်းတွေရဲ့ ဝန်ထမ်းတွေကို တိုင်ကြားအရေးယူနိုင်မှု အခြေအနေနဲ့ ပြင်ပရေးရာ၊ အတွင်းရေးရာ အရပ်ဘက်ကွပ်ကဲမှု အခြေအနေတွေကို လေ့လာဆန်းစစ်နိုင်တဲ့ ဒိုင်မင်းရှင်း နှစ်ခု ပါဝင်ပါတယ်။
ကဏ္ဍကြီး ၅ မှာ ဝန်ထမ်းရေးရာနဲ့ သက်ဆိုင်ပြီး လုံခြုံရေးအင်စတီကျူးရှင်းတွေရဲ့ ဝန်ထမ်းခေါ်ယူခြင်းနဲ့ ရွေးချယ်ခန့်ထားခြင်း၊ ဝန်ထမ်းမြဲစေဖို့ ဆောင်ရွက်ခြင်း၊ တာဝန်ပေးအပ်ခြင်း၊ နေရာချထားခြင်း၊ ရာထူးတိုးမြှင့်ခြင်းနဲ့ ခံစားခွင့်တွေ ပေးအပ်ခြင်း၊ လက်တွဲခေါ်ယူခြင်းနဲ့ ထောက်ပံ့ခြင်း၊ နည်းပညာနဲ့ လုပ်ငန်းသုံးပစ္စည်းတွေ ပံ့ပိုးကူညီခြင်း စတဲ့ ဒိုင်မင်းရှင်းတွေမှာ ကျားမရေးရာ တုန့်ပြန် ထည့်သွင်းမှု ရှိစေရေးကို ဆိုလိုပါတယ်။
ကဏ္ဍကြီး ၆ မှာ အင်စတီကျူးရှင်းယဉ်ကျေးမှုနဲ့ သက်ဆိုင်ပြီး လုံခြုံရေးအင်စတီကျူးရှင်းတွေမှာ ကျားမရေးရာ နားလည်သိရှိမှု မြင့်မားစေဖို့ သင်တန်းများပေးခြင်း၊ ဦးဆောင်မှု အခန်းကဏ္ဍမှာ ကျားမရေးရာ တန်းတူညီမျှမှုရှိစေဖို့ ဆောင်ရွက်ခြင်း၊ အများပြည်သူရှေ့ ပြယုဂ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း စတဲ့ ဒိုင်မင်းရှင်းတွေ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
ဒီကဏ္ဍ တခုချင်းစီအလိုက် ဒိုင်မင်းရှင်းတွေနဲ့ ဆန်းစစ်လေ့လာပြီး၊ Gender Responsive security institutions တွေ ပေါ်ထွက်လာဖို့ ဆောင်ရွက်နိုင်ပါတယ်။
နိဂုံးချုပ်ဆိုရရင် နိုင်ငံတနိုင်ငံရဲ့ ရှင်သန်ရပ်တည်ရေးအတွက် သက်ဆိုင်ရာ အမျိုးသား အကျိုးစီးပွားတွေကို အစိုးရ၊ စစ်တပ်၊ ပြည်သူဆိုတဲ့ “eternal trinity” သုံးရပ်စလုံးက ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပြီး၊ အစိုးရတရပ်အနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့် ပထမဦးဆုံးနဲ့ အရေးကြီးဆုံး ပြည်သူ့ဝန်ဆောင်မှုဟာ နိုင်ငံတော် လုံခြုံရေး (သို့မဟုတ်) အမျိုးသားလုံခြုံရေးပဲ ဖြစ်ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုမှာ ပြည်သူလူထုရဲ့ လုံခြုံရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးက အခရာကျပါတယ်။ အဲဒီလို ဖြည့်ဆည်းရာမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြားက မတူညီတဲ့ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်၊ မျှော်မှန်းချက်တွေကို ပြည့်မှီအောင် ဆောင်ရွက်နိုင်တဲ့ Gender Responsive Security Institutions က အရေးကြီးလှပါတယ်။
(ဒေါ်ခင်မမမျိုးသည် Myanmar Institute of Gender Studies တည်ထောင်သူ ဖြစ်ပါသည်။)