သင်သည် မြန်မာနိုင်ငံက ဆယ်ကျော်သက်ရွယ် မိန်းကလေးတဦးဖြစ်ပါက သင်၏ မိခင်၊ အဖွားများနှင့် ဒေါ်လေးများသည် သင့်အတွက် စိုးရိမ်ကြရသည်။ သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ရန်၊ တယောက်တည်း အပြင် မထွက်ရန်၊ နေဝင်လျှင် အိမ်ဝင်းအတွင်း နေရန် ပြောဆို ဆုံးမခံရမည် ဖြစ်သည်။ မိန်းကလေးများမှာ အပျိုဖော်ဝင်သည်နှင့် ယောက်ျားလေးများနှင့် အတူ ကစားသည်ကို တားမြစ်ပိတ်ပင်ခံကြရသည်။ အဓမ္မပြုကျင့်ခံရမည့် အန္တရာယ်နှင့် ပတ်သက်ပြီး အမြဲတစေ သတိပေးခံနေရမည် ဖြစ်သည်။
ဆယ်ကျော်သက် မိန်းကလေးတိုင်း လိုလို ထိုစိုးရိမ်ပူပန်မှုဖြင့် ဖြတ်သန်းကြရပြီး ထိုပူပန်ရမှုသည်လည်း မျိုးဆက် တဆက်မှ တဆက်သို့ ဆက်လက် သယ်ဆောင်ခဲ့ကြသည်မှာ တိုးတိုးတိတ်တိတ်သာ ဖြစ်သည်။ မိခင်များသည် သမီးများ အတွက် စိုးရိမ်ပြီး သမီးများ၏ လှုပ်ရှားမှု အားလုံးကို ကန့်သတ်ထိန်းချုပ်ကြသည်။ သို့သော် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အဓမ္မ ပြုကျင့်မှုမှာ ကျဆင်းသွားခြင်း မရှိပေ။
ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ လွန်ခဲ့သော ၂ နှစ်အတွင်း ကလေးငယ်များနှင့် အမျိုးသမီးများကို အဓမ္မ ပြုကျင့်မှုများ တိုးလာကြောင်း တွေ့ရသည်။ လက်နက်ကိုင် စစ်သားများက ဖြစ်စေ၊ အရပ်သားများက ဖြစ်စေ အမျိုးသမီးများကို လိင်ကွဲပြားမှုအခြေခံ အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ဆယ်စုနှစ် ၇ ခုကြာ ပြည်တွင်းစစ်မီး တောက်လောင် နေသော ပဋိပက္ခ ဒေသများတွင်လည်း အခြေအနေမှာ ပိုမို ဆိုးရွားနေသည်။
ပြစ်မှု ကျူးလွန်မှု ထင်ရှားသူ မုဒိမ်းကောင်များကို ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းမျိုးမှာ ရှားပါးလှသည်။
သို့သော် ၂၁ ရာစုတွင် အမျိုးသမီးများသည် နှုတ်ဆိတ် မနေကြတော့ပေ။ အမျိုးသမီးများသည် အဓမ္မပြုကျင့်ခံခဲ့ရသူများကို ဝိုုင်းဝန်း အကူအညီပေးပြီး အမှုများကို ကူညီ တိုင်ကြားပေးကြသည်။ များသောအားဖြင့် မြို့များတွင် အဓမ္မ ပြုကျင့်မှုများကို ပိုမို တိုင်ကြားလာကြသည်။ အဓမ္မပြုကျင့်ခံရသူများသည် အငယ်ဆုံး အသက် ၂ နှစ်မှ အထက် ဖြစ်နေကြသည်။ သက်ငယ် မုဒိမ်းမှုများတွင် တရားခံများမှာ ဆွေမျိုးသားချင်းများ၊ မောင်နှမတော်စပ်သူများနှင့် တခါတရံတွင် ဖခင်များကိုယ်တိုင်ပင် ဖြစ်နေသည်။
“ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင် ဒါမှ မဟုတ် အုပ်ထိန်းသူတွေက ပိုမိုထုတ်ဖေါ်ပြောကြားလာ ကြတဲ့ အတွက် ဒီလို အမှုတွေ ပိုဖြစ်လာတာကို သိရတယ်။ ဒီပြဿနာတွေက အရင်ကလည်း ရှိနေတယ်။ အခုက ဆိုရှယ်မီဒီယာတို့ ဘာတို့ ပိုများလာတော့ ပိုပွင့်လာတယ်။ အရင်ကဆို အမျိုးသမီးတွေက ရှက်ပြီး ဒါမျိုးတွေ မတိုင်ကြဘူးပေါ့။ အခုကျတော့ ပိုပြီးတော့ ပွင့်လင်းလာတော့ အမျိုးသမီးတွေ တိုင်ရဲပြောရဲ ဆိုရဲ ဖြစ်လာကြတယ်” ဟု မြန်မာ ငြိမ်းချမ်းရေးနှင့် လုံခြူံရေးဌာန (Myanmar Institute for Peace and Security) အမည်ရှိ သုတေသီအဖွဲ့၏ တည်ထောင်သူနှင့် အမှုဆောင် ဒါရိုက်တာ ဦးမင်းဇော်ဦးက ပြောသည်။
လွန်ခဲ့သော နှစ်များမှ စတင်ကာ အမျိုးသမီး အခွင့်အရေး ဆောင်ရွက်သူများသည် ခုခံနိုင်စွမ်း အားနည်းသော အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမည့် အန္တရာယ်မှ အကာအကွယ် ပိုပေးနိုင်မည့် ဥပဒေပြဌာန်းရေးကို တောင်းဆိုခဲ့ကြသည်။
မုဒိမ်းကောင်များကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်၊ သေဒဏ်အထိပင် အပြစ်ပေးရန်လည်း လူထုအတွင်း ကျယ်ကျယ် လောင်လောင် တောင်းဆိုမှုများ ရှိလာသည်။
သေဒဏ်နှင့်ပတ်သက်သော အမြင်အမျိုးမျိုး
မုဒိမ်းကောင်များသည် လူ့အဖွဲ့အစည်း အတွက် မည်သည့်ကောင်းကျိုးကိုမျှ ယူဆောင် ပေးသူများ မဟုတ်သောကြောင့် ၎င်းတို့ကို သေဒဏ်ပေးရန် အချို့သော တက်ကြွလှုပ်ရှားသူများက တောင်းဆိုကြသည်။
“လက်ရှိ ပေးနေတဲ့ ပြစ်ဒဏ်က လုံလောက်တဲ့၊ ထိရောက်တဲ့ ပြစ်ဒဏ် မဟုတ်တဲ့ အတွက် ဒီရာဇဝတ်ကောင်တွေကို သေဒဏ်ပေးရမယ်” ဟူသော စကားမှာ မကြာခဏ ကြားရသော စကားဖြစ်သည်။ အချို့သော သူများကမူ တရားခွင် ရောက်ရှိရန် အဆင့်ဆင့် ဆောင်ရွက်ချိန် ရှည်ကြာသောကြောင့် သံသယ ရှိခံရသော မုဒိမ်းကောင်များကို တရားခွင်သို့ ပို့ဆောင်ခြင်းမရှိဘဲ သတ်ပြစ်သင့်သည် ဟု ယူဆကြသည်။
အချို့ကမူ ထောင်ဒဏ် နှစ် ၂၀ ကဲ့သို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်သင့်သည် ဟု ယူဆသည်။
“အဲဒီလိုသာ [မုဒိမ်းမှု ကျူးလွန်သူကို] သေဒဏ်ပေးမယ် ဆိုရင်…၊ အဲဒီကျူးလွန်သူဟာ ဆွေမျိုးရင်းချာထဲက ဆိုရင် ပြုကျင့် ခံရသူရဲ့ မိဘ၊ အုပ်ထိန်းသူတွေက ငါတိုင်လိုက်တာနဲ့ သေဒဏ်များ ဖြစ်သွားရင် ဆိုပြီး တွေးပြီး တချို့အမှုတွေ ထုတ်ဖော် ပြောဆိုတာ မလုပ်တော့မှာကို စိတ်ပူတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
“သေဒဏ်ပေးမှု ဆိုတဲ့ဟာ ကျမတို့က သိပ်တော့ အားမပေးဘူး။ တခါတခါကျရင် ကျမတို့ မေ့နေတာက မုဒိမ်းကျင့်တဲ့ လူကိုယ်တိုင်က မုဒိမ်းကျင့်ခံခဲ့ရတဲ့ လူ ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။ ကိုယ်ရခဲ့တဲ့ဟာကို ပြန်ပြီး ကျင့်သုံးတဲ့ အကျင့် လူတွေမှာ ရှိတယ်” ဟု အင်းလေးအမွေအနှစ် နှင့် ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေတွင် ပထမဆုံး ပုဂ္ဂလိက စာသင် ကျောင်းကို တည်ထောင်သူ ဒေါ်ယဉ်မျိုးစုက ပြောသည်။
အဓမ္မမှု ကျူးလွန်သူအား သေဒဏ်ပေးတာက “အဖြေမဟုတ်ဘူး။ ဒီလူကို သေဒဏ်ပေးလိုက်ရုံနဲ့ ကလေးတွေအတွက် ဘာ အကျိုးရမလဲ။ ကာယကံရှင် အတွက် လတ်တလော တရားမျှတမှုလည်း ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်သလို ပြုကျင့်ခံ ရသူဟာ တသက်လုံး စိတ်ဒဏ်ရာနဲ့ နေသွားရတာ” ဟု အနာဂတ် အလင်းတန်းဆုံမှတ် အဖွဲ့မှ နိုင်ငံရေး အကျဉ်းသား ဟောင်း ဒေါ်သက်သက်အောင်က ပြောသည်။
ပိုမို တင်းကျပ်သော တရားဥပဒေစိုးမိုးရေး လိုအပ်
အဓမ္မပြုကျင့်မှုများကို တားဆီးရန် တရားဥပဒေစိုးမိုးရေးသည် အရေးပါလှသည် ဟူသည့်အချက်ကိုမူ လူတိုင်း သဘောတူကြသည်။
“မုဒိမ်းမှု ကျူးလွန်တဲ့ သူတွေကို နှစ်အကန့်အသတ်မဲ့တို့…၊ ထောင့်တသက် လွတ်ရက်မရှိတို့… မျိုးတွေနဲ့ ပြစ်ဒဏ်တွေကို ပြင်းပြင်းထန်ထန် ချမှတ်သင့်တယ်။ သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မသက်ဆိုင်ဘူး။ ဒါပေမယ့်လို့ မကြာသေးခင် နှစ်တွေက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေနဲ့ သူတို့ လွတ်သွားတာမျိုးတွေ ရှိတယ်” ဟု ဒေါ်သက်သက်အောင် က ပြောသည်။
အဓမ္မပြုကျင့်မှု အများစုတွင် မျက်မြင်သက်သေ ကင်းမဲ့နေလေ့ ရှိသောကြောင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် အချို့သော နိုင်ငံများကဲ့သို့ ပြုကျင့်ခံရသူ ကိုယ်တိုင် အမှုဖွင့်ခွင့် ပေးသင့်သည်ဟု ဦးမင်းဇော်ဦးက ပြောသည်။
“တခြားနိုင်ငံတွေမှာ အဲဒီလိုတိုင်တန်းနိုင်ဖို့ ရဲစခန်းတွေမှာဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သပ်သပ် လုပ်ထုံးလုပ်နည်း ရှိရတယ်။ ကျနော်တို့ အဲလို မရှိနေဘူး။ ကျူးလွန်ခံခဲ့ရသူတို့ရဲ့ ပြဿနာတွေကို နားထောင်ပေးဖို့လည်းလိုတယ်။ အမျိုးသမီးတယောက်က လိင်အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်လို့ လာတိုင်ရင် သူ့ကို အင်တာဗျူးရမှာက ရိုးရိုး လုပ်ထုံးလုပ်နည်းနဲ့ မတူဘူး။ သပ်သပ် ရှိတယ်။ ဒါတွေကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့်နဲ့ လေ့ကျင့်ပေးဖို့ လိုတယ်။ အမျိုးသမီးတွေကိုယ်တိုင် ဒီလို ကိစ္စမျိုးဖြစ်လာရင် တိုင်တန်းနိုင်တဲ့ နည်းနာတွေကို သိအောင် လုပ်နိုင်ဖို့ လိုတယ်” ဟုလည်း ဦးမင်းဇော်ဦး ပြောသည်။
အဓမ္မ ပြုကျင့်ခံရသူများ၏ ဘဝ ပြန်လည်ထူထောင်ရေး အတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများလည်း လိုအပ်သည်။ အဓမ္မပြုကျင့် ခံရသူများသည် ဆယ်ကျော်သက်ရွယ် မိန်းကလေးများဖြစ်လျှင် ၎င်းတို့သည် ရှက်ကြောက်သောကြောင့် ကျောင်းပြန် မတက်ရဲကြတော့သည့် အခြေအနေမျိုး ကြုံရသည်များလည်း ရှိသည်။ အချို့မိသားစုများမှာ ဆိုးရွားလှသော အတွေ့အကြုံကို အတိတ်တွင်ထားရစ်ရန် နေရပ်ပင် ရွှေ့ပြောင်းကြရသည်။
ငယ်ရွယ်သူများနှင့် အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ တားဆီးရေး လှုပ်ရှားဆောင်ရွက်မှုများ ရှိနေသည်။ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရေးဥပဒေသည် ယခုအခါ ရှေ့နေချုပ်ရုံးသို့ ရောက်ရှိနေပြီး မကြာမီ ဥပဒေတရပ် ဖြစ်လာမည်ဟု ထိုဥပဒေဖြစ်မြောက်ရေး ကြိုးပမ်းသူများ မျှော်လင့်နေကြသည်။
“ဥပဒေပြုရေးဘက်ကလည်း လွှတ်တော်တင်ပြီး ကာကွယ်မယ်။ တဖက်က လူထုအခြေပြုအဖွဲ့တွေက အများကြီး ပါဝင်မယ်။ တရားစီရင်ရေးဘက်ကလည်း တကယ်ကို ပြစ်မှုပြစ်ဒဏ်ကလည်း ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင် အဓမ္မပြုကျင့်မှုတွေ လျော့သွားမယ် လို့ ယူဆတယ်” ဟု ဒေါ်ကြည်ပြာက ပြောသည်။
အမျိုးသားများလည်း ထောက်ခံရန် လိုအပ်
ပညာပေး လှုပ်ရှားမှုများတွင် ပါဝင်သူအများစုမှာ အမျိုးသမီးများ ဖြစ်နေပြီး ၎င်းတို့ကပင် ပေးလိုသော သတင်းစကားကို အခြား အမျိုးသမီးများအား ပေးနေရသည်။ အမျိုးသားများက ထိုအမျိုးသမီးများနှင့်ပိုမို ပူးပေါင်းဆောင်ရွက်ရန် လိုနေသည်။
အမျိုးသားတွေ အနေနဲ့ ဒီလို ကျူးလွန်မှုတွေကို လက်မခံကြောင်း ပိုပြီး ပြောသင့်သည်ဟု ဦးမင်းဇော်ဦးက ယူဆသည်။ “အသက်အရွယ် အရ အသက်ဘယ်လောက် အောက်ကို လိင်ဆက်ဆံတယ် ဆိုရင် ဒါ ဥပဒေအရ မုဒိမ်းမှုပေါ့။ ဥပဒေအရ အားလုံး သိရမယ်။ လူထုပညာပေးမှုတွေ များများလုပ်ရမယ်။ အခု ပြဿနာက အမျိုးသားတွေ ကိုယ်တိုင်ကလည်း မသိတဲ့ ပြဿနာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ယောက်ျားလေးများ အပေါ် လိင်အကြမ်းဖက်မှုများ ရှိသော်လည်း ထုတ်ဖော်တိုင်ကြားလေ့ မရှိဟု တက်ကြွလှုပ်ရှားသူများ က ဆိုသည်။ မြန်မာ့ယဉ်ကျေးမှုတွင် ယောက်ျားလေးများ အနေဖြင့် အမျိုးသား ပီသသူ ဖြစ်လာရန် လိုအပ်သော သတ်မှတ်ချက်များရှိသည့် အတွက် မည်သူမျှ အားနွဲ့သူအဖြစ် အမြင်မခံလိုကြပေ။
“တချို့ ယောက်ျားလေးတွေမှာ နှစ်ဆတောင် ခံရဦးမယ်။ ရှက်တာက ရိုးရိုးမိန်းကလေး တယောက်ထက်တောင် ပိုသာ ဦးမယ်။ ယဉ်ကျေးမှုအရ ယောက်ျားလေးဆို ပိုပြီး မျှော်မှန်းချက် မြင့်ပြီးသား။ အမျိုးသားတွေ၊ ယောက်ျားလေးတွေကို ဒီလို ကိစ္စမျိုးတွေ ပွင့်ပွင့်လင်းလင်း ပြောဖို့ အား မပေးတာရယ်။ အများက ပျော့ညံ့တယ် လို့ မြင်တာတွေကို ရှောင်ချင်တာ ကြောင့် နှစ်ခါရှက်ရတယ် လို့ ခံစားချင် ခံစားနေရမှာ…” ဟု ဒေါ်ယဉ်မျိုးစုက ပြောသည်။
အစဉ်အလာ ထုံးစံများ
အဓမ္မ ပြုကျင့်မှုများ တားဆီးရာတွင် တရားဥပဒေ အကာအကွယ်ပေးမှုများ အားကောင်းခိုင်မာစေခြင်းနှင့် ပညာပေးခြင်း အပြင် စိတ်သဘောထားများ၊ ယဉ်ကျေးမှု အတားအဆီးများနှင့် လူမှုထုံးစံများ ပြောင်းလဲ ရေးလည်း လိုအပ်သည်။
“အစဉ်အလာ ထုံးစံတွေကို မေ့ထားလို့ မရဘူး။ သက်ငယ်မုဒိမ်းမှုက တနိုင်ငံလုံးရဲ့ ပြဿနာ ဖြစ်တယ်။ သက်ငယ် မုဒိမ်းမှုဆို အကာအကွယ်ပေးတဲ့ဟာ မရှိဘူး။ အမျိုးသားတွေက သူတို့လုပ်ချင်တာ လုပ်လို့ ရတယ် ဆိုတဲ့ အစဉ်အလာ ကနေ ဆင်းသက်တဲ့ဟာ အဲဒါတွေက တကယ်ပဲ ပပျောက်ဖို့ လိုတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူနှင့် ၂၀၁၇ ခုနှစ် အတွက် N-Peace ငြိမ်းချမ်းရေးဆုရှင် မချယ်ရီဇာဟောင်းက ပြောသည်။
“သေဒဏ်ပေးတယ် ဆိုတာထက် မုဒိမ်းမှု ဖြစ်လာတဲ့ အကြောင်းကို မလိမ်တန်း မညာတန်း ဝန်ခံနိုင်သလားပေါ့ နော်။ ဒါဟာ ကျမတို့ ယဉ်ကျေးမှုကြောင့်ပဲ။ ယဉ်ကျေးမှုဆိုတဲ့ စကားတခုထဲမှာ တော်တော်များများ လိင်ကိစ္စနဲ့ ပတ်သက်လာရင် မပွင့်လင်းတာတွေက ကျမတို့ ယဉ်ကျေးမှုမှာ ရှိနေတယ်။ ဒါ မယဉ်ကျေးဘူး၊ မပြောရဘူး။ ဒီဥစ္စာသည် ရှက်စရာကောင်းတဲ့ ကိစ္စတခု စသဖြင့် ကျမတို့ ဆယ်ကျော်သက် ကတည်းက အသင်ခံထားရတာ။ အမေက သမီးကို သင်မပေးဘူး။ ကျောင်း ကလည်း သင်မပေးဘူး။ ကျမတို့ ပညာရေးမှာ ဆယ်ကျော်သက် အရွယ် ဖိုမ လက္ခဏာနဲ့ မျိုးဆက်ပွား ကျန်းမာရေး အကြောင်း မသင်ခဲ့ရဘူး။ အဲဒီလို စိတ်ဖြစ်ရင် ဘယ်လိုဖြေရှင်းရမယ် ဆိုတာလည်း မသင်ပေးကြဘူး” ဟု ဒေါ်ယဉ်မျိုးစုက ပြောသည်။
မြန်မာ့ လူ့အဖွဲ့အစည်းတွင် အဓမ္မပြုကျင့်မှု မဖြစ်လာစေရန် အမျိုးသမီးများနှင့် မိန်းကလေးများမှာ အဓိကတာဝန်ရှိကြောင်း လူကြီးသူမများ သာမက တရားဥပဒေစိုးမိုးရေး အာဏာပိုင်များကပါ ပြောကြသည်။ သို့သော် မိန်းကလေးများ၊ အမျိုးသမီးများကို အန္တရာယ် အကြောင်းသိရန် ၎င်းတို့ ပြုမူမှုများကို စောင့်ကြည့် တားမြစ်ခြင်းသည် အဓမ္မပြုကျင့်မှု လျော့ကျသွားမယ့် အဖြေ မဟုတ်သေးပါ။
ဥပဒေပြုရေးနှင့် ပညာပေး လှုပ်ရှားမှုများသည် အရေးကြီးသည်။ ထို့အပြင် လူတိုင်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လူသားများ အဖြစ် လေးစားခြင်းသည်လည်း အလားတူ အရေးပါလှပေသည်။ ။