Women & Gender

မုဒိမ်းမှုများ လျော့ရန် ပြည်ထဲရေး ပြောဆိုမှု ဝေဖန်ခံနေရ

Want create site? Find Free WordPress Themes and plugins.

မုဒိမ်းမှုများ ဖြစ်ပွားသည့် အကြောင်းရင်းနှင့် ရှောင်ကြဉ်ရမယ့် အချက်များတွင် မိန်းကလေးများ ဝတ်စားဆင်ယင်မှုကို ဆရာသမား၊ လူကြီး မိဘနှင့် မီဒီယာများက ဝိုင်းဝန်းတည့်မတ် ပေးကြရမည် ဟူသော ပြည်ထဲရေး၏ ထုတ်ပြန်ချက် အပေါ် တက်ကြွလှုပ်ရှားသူ အမျိုးသမီးများက ဝေဖန်ခဲ့ကြသည်။

အဆိုပါ အကြံပြုချက်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဝန်ကြီးဌာန၏ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှုများ ဖြစ်ပွားမှု အခြေအနေ၊ ဖြစ်ပွားသည့် အကြောင်းအရင်းနှင့် ရှောင်ကြဉ်ရမယ့်အချက်များ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ ထိုအစီရင်ခံစာ ထုတ်ပြန်ပြီး နာရီပိုင်းအတွင်း လူမှုကွန်ရက်တွင် အလျင်အမြန် ပျံ့နှံ့သွားပြီး လူအများအပြားက ဝေဖန်ရှုတ်ချခဲ့ကြသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ မုဒိမ်းမှု ကျူးလွန်မှုများ အတွက် အမျိုးသမီးများနှင့် မိန်းကလေးများ ဝတ်စားဆင်ယင်မှုကို အပြစ်တင်သော ထိုပြောဆိုချက်သည် ကျိုးကြောင်း ဆီလျော်မှု မရှိကြောင်း လူမှုကွန်ရက် အသုံးပြုသူများက ရေးသားကြသည်။

တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ရမယ့် အာဏာပိုင် အဖွဲ့အစည်းအနေဖြင့် တရားခံများကို ဖော်ထုတ်၊ ဖမ်းဆီး၊ အရေးယူရမယ့် အပိုင်းကဏ္ဍများတွင် ၎င်းတို့၏ ပျက်ကွက်မှုများ၊ အားနည်းချက်များကို ဖုံးကွယ်ကာ မသိကျိုးကျွံပြုပြီး မသက်ဆိုင်သည့် အကြောင်းအရင်းကို ထည့်သွင်းဖော်ပြထားသည် ဟု မရွှေယင်းမာဦးက ပြောသည်။

“ဒါက victim blaming (ခံရသူကို ပြစ်တင်ရှုတ်ချခြင်း) သက်သက်ပဲ။ မုဒိမ်းမှုတခု ဖြစ်တယ် ဆိုလို့ ရှိရင် ဖြစ်တဲ့ အကြောင်း အရင်းကို သူတို့ အပေါ်ယံ ထင်သလိုမျိုး လက်လွတ်စပယ် ပြောလို့ မရဘူး။ သေချာ လေ့လာရမယ်။ အခု ဖြစ်သွားတဲ့ တောက်လျှောက်မှာ ပြုကျင့်ခံရသူတွေက သူတို့ ပြောသလို မူးနေလို့လား။ ဆေးသုံးထားလို့လား။ ဟော့ဟော့ ရမ်းရမ်း ဝတ်ထားလို့လား။ အမှုတွေကို ကြည့်လိုက်ရင် ဒီလိုမျိုးတွေ မဟုတ်ဘူး။ စိတ်မနှံ့တဲ့ ဝေဒနာရှင်တွေနဲ့ အသက် ၄၊ ၅ နှစ် အရွယ် ကလေးတွေက အစ အဓမ္မ ပြုကျင့်ခံနေရတယ်” ဟုလည်း သူက ဆက်ပြောသည်။

ဝန်ကြီးဌာန၏ အစီရင်ခံစာ အရ ၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှု စုစုပေါင်း ၁၄၀၅ မှု အနက် ၁၆ နှစ်အောက် ကလေးများကို အဓမ္မပြုကျင့်မှု ပေါင်း ၉၀၀ နီးပါး ဖြစ်ပွားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မုဒိမ်းမှုစုစုပေါင်း ၁၁၀၀ ဖြစ်ပွားခဲ့ပြီး ၁၆ နှစ်အောက် ကလေးများကို အဓမ္မ ပြုကျင့်မှု ၆၇၁ မှု ရှိသည်။

မုဒိမ်းမှုများ ကျူးလွန်ရသည့် အဓိက အကြောင်းအရင်းများတွင် လူသားဆန်သည့် စိတ်မရှိမှု၊ ဘာသာရေး အဆုံးအမကို လိုက်နာမှု မရှိခြင်း၊ အသိပညာ နည်းပါးခြင်းတို့ အပြင် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ကလေးငယ်များ၏ အင်အားနည်းပါးမှုနှင့် အလွယ်တကူ အခွင့်အရေး ရနိုင်ခြင်း တို့က တွန်းအားပေးနေသော အကြောင်း အရာများ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မုဒိမ်းမှုများ လျော့ကျဆင်းရန် အတွက် မိခင်ဖြစ်သူ သို့မဟုတ် အုပ်ထိန်းသူများက ရင်အုပ်မကွာ စောင့်ရှောက်ပေးရန် အရေးကြီးကြောင်း၊ ကလေးငယ်များကို တယောက်တည်း ထားခဲ့ခြင်း၊ စေလွှတ်ခြင်းများ၊ သူစိမ်းဖြစ်စေ၊ အိမ်နီးနားချင်း ဖြစ်စေ၊ ဆွေမျိုးသားချင်း ဖြစ်စေ အတူထားခဲ့ခြင်းများ မပြုလုပ်သင့်ကြောင်း အကြံပြုသည်။

“[မုဒိမ်းမှုဖြစ်ပွားရသည့်] အကြောင်းတရားများ ပပျောက်ရေး အတွက် ရဲတပ်ဖွဲ့တခုတည်း အနေဖြင့် ကာကွယ် တားဆီး၍ မရကြောင်း၊ လူမှုရေး အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ မိဘဆရာများက ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြရမည်။ မိန်းကလေးများ ဝတ်စားဆင်ယင်မှုကို ဆရာသမား၊ လူကြီးမိဘနှင့် မီဒီယာများမှ ဝိုင်းဝန်းတည့်မတ် ပေးကြရမည် ဖြစ်ပါသည်” ဟု ဆိုသည်။

မိန်းကလေးများ အရက်သေစာ သောက်စားခြင်းသည် အသက် ၁၆ နှစ်အထက် မိန်းကလေးများ ပြုကျင့်ခံရသည့် မုဒိမ်းမှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကာမရာဂ ဆေးပြားများကို လွယ်လင့်တကူ ဝယ်ယူသုံးစွဲ ရရှိခြင်း၊ ညစ်ညမ်းဗီဒီယို၊ ညစ်ညမ်းပုံများ လိင်မှုကိစ္စရပ်များကို အင်တာနက်နှင့် ဖုန်းများတွင် လွယ်လင့်တကူ ကြည့်ရှုရခြင်းများ စသည်တို့သည်လည်း အကြောင်းအရင်းများ ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖော်ပြထား သည်။

မုဒိမ်းမှု ကျူးလွန်သူများ ဘာကြောင့် ကျူးလွန်ရသည် ဟူသည့် ဆင်ခြေကို လက်ခံရန် အကြောင်းမရှိကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောသည်။

“မိဘတွေ ဂရုမစိုက်လို့၊ ညဘက် အပြင်ထွက်လို့၊ ဘယ်လို ဝတ်စားထားလို့ ဆိုပြီး မိန်းကလေးငယ်တွေ အမျိုးသမီးတွေရဲ့ နေမှုထိုင်မှု အပေါ်မှာပဲ အာရုံထားနေသရွေ့ ဘယ်လောက်ကြီးလေးတဲ့ ပြစ်ဒဏ်ချချ မုဒိမ်းမှုတွေက လျော့သွားမှာ မဟုတ်ဘူး” ဟုလည်း သူက ပြောသည်။

မုဒိမ်းကျင့်သူများကို ပြစ်ဒဏ်တိုးမြှင့် ချမှတ်ရေးကို လွှတ်တော်က ၂၀၁၆ ခုနှစ်တွင် ဆွေးနွေးခဲ့ပြီးနောက် ပြုကျင့်ခံရသူသည် ကလေးငယ်ဖြစ်ပါက ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ရန် အတည်ပြုခဲ့သည်ဟုလည်း ဒေါ်ဇင်မာအောင်က ပြောသည်။

“အဓမ္မ ပြုကျင့်မှုတွေ တိုးလာတာနဲ့ ပတ်သက်ပြီး ကျမတို့ ပြန်သုံးသပ်ဖို့ လိုတယ်လို့ ကျမ ထင်တယ်။ ဒီအမှုတွေကို လူ့အဖွဲ့အစည်း အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ။ မုဒိမ်းကျင့်သူသာလျှင် အပြစ်ရှိသူ၊ ရှက်ရမယ့်သူ၊ ပြစ်တင်ရှုတ်ချခံရပြီး ဖယ်ကြဉ်ခံရမယ့်သူ ဆိုတာကို ကျမတို့ ရှင်းလင်းတဲ့ သတင်းစကားပေးဖို့ လိုနေပြီ၊ ဒီလို လုပ်ရပ်တွေကို လူ့အဖွဲ့အစည်းမှာ အမျိုးသားတွေရော အမျိုးသမီးတွေကပါ လက်မခံနိုင်ဘူး ဆိုတာ သေချာပြဖို့ လိုနေပြီ” ဟုလည်း သူက ဆက်ပြောသည်။

မှားယွင်းသောလူမှု ခံယူချက်များကို ပြောင်းလဲရန်နှင့် နိုင်ငံတော် အဖွဲ့အစည်းများကိုပါ ပြုကျင့်ခံရသူများအပေါ် အပြစ်တင်ခြင်း ရပ်ဆိုင်းရန် လှုပ်ရှားမှုများ ပြုလုပ်ရန် လိုကြောင်းလည်း သူက ပြောသည်။

ရန်ကုန်တွင် နေထိုင်သော မနန်းညီကလည်း ရဲတပ်ဖွဲ့အနေဖြင့် ခံရသူကို ပြန်လည် အပြစ်တင်သည့် လုပ်ရပ်များ ရပ်တန့်ရန် ပညာပေးမှုများ လိုအပ်ကြောင်း ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ အချက်အလက်များ အရ မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံးသော ရန်ကုန်မြို့သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ၂ နှစ်ဆက်တိုက် အဓမ္မပြုကျင့်မှု ဖြစ်ပွားမှု အများဆုံးသော မြို့ဖြစ်သည်။

“တရားဥပဒေ စိုးမိုးအောင်၊ မြန်မာနိုင်ငံသားတွေ လုံခြုံအောင် ကာကွယ်ရမှာက သူတို့ရဲ့ တာဝန်နဲ့ အလုပ်၊ ဒါပေမယ့် သူတို့က လုပ်စရာရှိတာကို သေချာမလုပ်ဘဲ မိန်းကလေးတွေကို အပြင်ထွက်လို့၊ အတိုအပြတ်ဝတ်လို့ ဆိုပြီး လိုက်ပြော နေတာတွေက အဓိပ္ပာယ် မရှိဘူး။ လက်မခံဘူး” သူက ဆက်ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောစကားကြောင့် အဓမ္မပြုကျင့်ခံရသူများ တိုင်ကြားရန် တုံ့ဆိုင်း သွားမည်ကို စိုးရိမ်မိသည် ဟု သူက ပြောသည်။ မကြာသေးမီက မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်သည် ဟု စွပ်စွဲခံရသည့် ဗေဒင်ဆရာ အောင်ချစ်ပို အမှုကို ကိုးကား ပြောဆိုသည်။

ရဲတပ်ဖွဲ့သည် မိန်းကလေးများက အဆိုပါ ဗေဒင်ဆရာအား သွားရောက် တိုင်ကြားရာတွင် အစပိုင်း၌ အထောက်အထားမရှိ ဟု ဆိုကာ လက်မခံဘဲ ကိုယ်တိုင်သွားရောက် အမှုဖွင့်ခဲ့သည့် အမျိုးသမီးကို “တုံး, အ, သည်” ဟု ပြောဆိုခဲ့သည် ဟု ဆိုသည်။

ပြည်သူများ မကျေမနပ် ဖြစ်လာပြီး နောက်ပိုင်းတွင်မှ ထိုအမှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။ “ပြည်သူတွေကို ကာကွယ် ပေးရမယ့် သူတွေ ကိုယ်တိုင်က ခံရသူတွေကို အပြစ်တင်နေတော့ နောက် ဘယ်သူက တိုင်ရဲတော့မလဲ။ အဲဒါက တဖက်တလှမ်းကနေ အားပေးအားမြှောက် ပြုတာ ဖြစ်နေပြီ” ဟု မနန်းညီက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသယ့် စမ်းယမင်းအောင်၏ Ministry Rebuked for Blaming Rape on How Women Dress ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading