Women & Gender

အမျိုးသမီးနှင့် ပဋိပက္ခဖြေရှင်းရေး

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေးသိပ္ပံပညာရပ်က ပဋိပက္ခဆိုတာ ဆိုးဝါးမှု၊ အကြမ်းဖက်မှု မဟုတ်ဘဲ လူတွေရဲ့ဘဝ၊ လူမှုဆက်ဆံရေးနဲ့ လူသားဖွံ့ဖြိုး တိုးတက်မှုမှာ ပုံမှန်ဖြစ်ပွားနေတဲ့ အရာဖြစ်တယ်လို့ ရှုမြင်သုံးသပ်ပါတယ်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေ ရှိပြီး ဒီရည်မှန်းချက်ပန်းတိုင်တွေ အကြားမှာ မတူညီကွဲပြားမှုတွေ၊ သဟဇာတမရှိမှုတွေ ဖြစ်လာတဲ့အခါ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။

ပဋိပက္ခတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်တည်နေတတ်ပြီး လူတယောက်ရဲ့ စိတ်ထဲမှာ ဒွိဟဖြစ်နေခြင်း၊ လူနှစ်ဦးအကြား ပဋိပက္ခ၊ အုပ်စုတွင်း ပဋိပက္ခ၊ အုပ်စုများအကြားမှ ပဋိပက္ခ၊ နိုင်ငံတွင်း ပဋိပက္ခနဲ့ နိုင်ငံများအကြားမှ ပဋိပက္ခဆိုပြီး အမျိုးမျိုးကွဲပြားပါတယ်။

ပဋိပက္ခတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေမှာ ဒီလို ကွဲပြားခြားနားပြီး သဟဇာတမဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ (Content or contradiction) အပြင် သက်ဆိုင်သူတွေရဲ့ အမြင်သဘောထား (Attitude)နဲ့ ပြုမူဆောင်ရွက်ပုံ (Behaviour) တွေလဲ ပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပဋိပက္ခအေဘီစီ သုံးနာညီတြိဂံ ပေါ်ထွက်လာပါတယ်။ ပဋိပက္ခတွေတိုင်းမှာ အေဘီစီ အချက်တွေဖြစ်တဲ့ အမြင်သဘောထား (Attitude)၊ ပြုမူဆောင်ရွက်ပုံ (Behaviour)နဲ့ သဟာဇာတမဖြစ်သော ပဋိပက္ခဖြစ်ခဲ့ရတဲ့ အကြောင်းရင်းများ (Content) ဆိုတာတွေရှိနေပြီး ဒီသုံးမျိုးက ဆက်စပ်နေပါတယ်။ ဒီအချက်သုံးခုကို လေ့လာခြင်းအားဖြင့် ပဋိပက္ခတွေအပေါ်မှာ နားလည်မှု ပိုရှိပြီး ဒီလို ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေလာနိုင်မှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့်ဆိုရရင် အားလပ်ရက်တရက်မှာ ယောကျ်ားဖြစ်သူက အိမ်မှာ စာဖတ်ချင်ပြီး မိန်းမဖြစ်သူက ဈေးဝယ်ထွက်လိုတဲ့အခါ သူတို့ဆီမှာ မတူညီကွဲပြားမှုတွေ ရှိနေပါပြီ ။ ဒီအခါမှာ တဦးတဘက်က ဖြစ်စေ၊ နှစ်ဦးစလုံးက ဖြစ်စေ သူတို့ရဲ့ မိသားစုဆက်ဆံရေးကို အားလပ်ရက် အသုံးချမှု အမြင်သဘောထားတွေထက် ပိုပြီး တန်ဖိုးထားရင် သို့မဟုတ် တဘက်နဲ့ တဘက် လိုအပ်ချက်တွေနဲ့ ပြုမူဆောင်ရွက်ပုံတွေကို နားလည်မှု ပေးနိုင်ရင်၊ ဒီမိသားစုမှာ ကွဲပြားမှုတွေကို ဖြေရှင်းနိုင်မယ့် ဘုံနည်းဗျူဟာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋိပက္ခဆိုတာ ပြဿနာမဟုတ်ဘဲ ရှုမြင်သုံးသပ်ပုံနဲ့ ကိုင်တွယ်ဖြေရှင်းပုံကသာ ပြဿနာ ဖြစ်ကြောင်း ပညာရှင်တွေက မီးမောင်းထိုး ဖော်ပြခဲ့ကြပါတယ်။

အထက်က ဖော်ပြထားတဲ့ ဥပမာမှာ ယောကျ်ားဖြစ်သူက ‘မင်းသွားချင်တိုင်း အမြဲလိုက်မပို့ပေးနိုင်ဘူး၊ မင်းဘာသာသွား၊ ငါစာဖတ်စရာရှိတယ်’လို့ ပြောပြီး မိန်းမဖြစ်သူက ‘ရှင်ဟာ မိန်းမတွေရဲ့ လိုအပ်ချက်ကို မလိုက်လျောပေးနိုင်တဲ့ ယောကျ်ားပဲ။ ရှင်ပို့ပေးမှ သွားရမှာ မဟုတ်ဘူး။ ကျမဘာသာ တက္ကဆီနဲ့ သွားမယ်’ ဆိုပြီး အပြန်အလှန်အော်ဟစ်မှုတွေ ဖြစ်ပွားလာခဲ့ပြီ ဆိုပါစို့။

ဒီလို ပဋိပက္ခရေချိန် မြင့်မားလာမှုဟာ ‘ငါမှန်တယ်၊ သူမှားတယ်’ ဆိုတဲ့ အမြင်သဘောထားနဲ့ တဘက်နဲ့ တဘက် အော်ဟစ်မှု၊ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်တဲ့ အပြုအမူတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို အမြင်သဘောထားနဲ့ အပြုအမူတွေအပေါ်မှာ အခြေတည်ပြီး၊ ပဋိပက္ခတွေ ကြီးထွားလာချိန်မှာ မိန်းမဖြစ်သူက တက္ကဆီနဲ့ အပြင်ထွက်သွားခဲ့လို့ တဘက်နဲ့ တဘက်စွပ်စွဲမှုတွေ၊ ရန်ပွဲတွေ မဖြစ်လာရင်တောင် ဒါဟာ ပြီးဆုံးသွားတဲ့ ပဋိပက္ခလို့ မဆိုနိုင်ပါဘူး။ တိုက်ဆိုင်ချိန်မှာ အချိန်မရွေး ပြန်လည်ပေါ်ထွက်လာနိုင်ပါတယ်။

ပဋိပက္ခအရေးလေ့လာသူ ကက်လနာရဲ့ လေ့လာချက်အရ ပဋိပက္ခတွေ ဆင့်ကဲဖြစ်ပေါ်မှုတွေမှာ အဆင့် ခြောက်ဆင့် ရှိပါတယ်။ ပထမအဆင့်ကတော့ ကွဲပြားမှုဖြစ်ပြီး၊ ဒုတိယအဆင့်ကတော့ သဘောတူညီချက် မရမှုပါ။ အဲဒီအခါမှာ အငြင်းပွားမှု အဆင့်ကို တက်သွားပြီး၊ သူမှန်တယ်- ငါမှန်တယ်နဲ့ ပြောဆိုမှုတွေ ဖြစ်လာပါတယ်။ နောက်ဆုံးမှာ စွပ်စွဲပြောဆိုမှုတွေ ရှိလာပြီး၊ ရန်ပွဲအသွင် ရောက်သွားတတ်ပါတယ်။

ဒီလို ပဋိပက္ခအဆင့်တွေတိုင်းမှာ ဦးတည်ရာ နှစ်ခုရှိပါတယ်။ တခုကတော့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာခြင်း (conflict escalation) ဖြစ်ပြီး၊ ဒုတိယဦးတည်ရာကတော့ ပဋိပက္ခရေချိန် လျော့ကျလာခြင်း (conflict de-escalation) ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပေါ်မှု အဆင့်တွေမှာ ပိုမိုကြီးထွားလာခြင်း၊ လျော့ကျလာခြင်းက လူတွေရဲ့ အမြင်သဘောထားတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှုပေါ်မှာ မူတည်ပါတယ်။

လူမှုစိတ်ပညာနဲ့ လူမှုမနုဿဗေဒပညာရပ်တွေမှာ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားနဲ့ ပြုမူ ဆောင်ရွက်ပုံတွေကို လေ့လာဖော်ထုတ် ထားပါတယ်။ အမြင်ကျဉ်းမြောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ အင်အားသုံး ဖြေရှင်းခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ တယူသန်ခြင်း၊ လူမျိုးကြီးဝါဒ ကျင့်သုံးခြင်း၊ ဘာသာရေး၊ လူမျိုးရေးအယူအဆ အစွန်းရောက်ခြင်း စတာတွေဟာ ပဋိပက္ခတွေကို ကြီးထွားစေနိုင်ပြီး၊ လူသားဆန်မှု၊ သည်းခံခွင့်လွှတ်မှု၊ လူ့သိက္ခာကို တန်ဖိုးထားမှု၊ ရိုးသားမှု၊ အပြန်အလှန်လေးစားမှု၊ တွေ့ဆုံဆွေးနွေးမှု စတာတွေကတော့ ပဋိပက္ခတွေကို လျော့ကျစေ နိုင်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ မတူညီပါဘူး။

စစ်ပွဲတွေက ပြုမူဆောင်ရွက်ပုံ (Behaviour) နဲ့ သက်ဆိုင်တဲ့အတွက် ပြုမူဆောင်ရွက်ပုံကို ပြောင်းလဲခြင်းနဲ့ အဆုံးသတ်လို့ ရပါတယ်။ ဥပမာ- ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်များ ချုပ်ဆိုပြီးတော့ ဖြေရှင်းရပါတယ်။ ပဋိပက္ခတွေကိုကျတော့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲရုံနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။

ပဋိပက္ခ ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ၊ မတူညီတဲ့ ကွဲပြားမှုတွေကို ပဋိပက္ခဖြစ်ပွားမှု ရေချိန် လျော့ကျစေနိုင်တဲ့ အမြင်သဘောထား ကိုင်စွဲပြီး ခြိမ်းခြောက်အင်အားသုံး အနိုင်ကျင့်ဗိုလ်ကျမှု မပါတဲ့ ပြုမူဆောင်ရွက်ပုံတွေနဲ့ ဖြေရှင်းရပါတယ်။ ဒီအခြေအနေကို ပဋိပက္ခမှာ ပါဝင်ပတ်သက် နေသူတွေအားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ပဋိပက္ခဖြေရှင်းရာမှာ Track I, II, III ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ Track I ခေါင်းဆောင်မှုဆိုတာက မြင်သာ ထင်သာရှိပြီး တိုင်းပြည်ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ စစ်ရေးခေါင်းဆောင်များမှ ပဋိပက္ခဖြေရှင်းရာမှာ ဦးဆောင်ပါဝင်ဆွေးနွေးခြင်းတွေ၊ ဆုံးဖြတ်ချက် ချမှတ်ခြင်းတွေကို ဆိုလိုပါတယ်။ ပဋိပက္ခတွေကို စေ့စပ်ဆွေးနွေး အဖြေရှာရာက ပေါ်ထွက်လာတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အများပြည်သူက လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိနေရပါမယ်။ ဒါကြောင့် Track I ခေါင်းဆောင်တွေဟာ လူထုနဲ့ တသားတည်း ရှိနေဖို့ လိုအပ်လှပါတယ်။

Track II ခေါင်းဆောင်တွေကတော့ အစိုးရအဖွဲ့အစည်းတွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေမှာ တရားဝင် တာဝန်ထမ်းဆောင်မှု မရှိပေမယ့် လူ့အဖွဲ့အစည်းတွင်းမှာ သြဇာသက်ရောက်သူများ ဖြစ်ပါတယ်။ Track II ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိပါတယ်။ နိုင်ငံရေးသုတေသီ လဲဒရက်ချ်ဆိုသူက Track II ခေါင်းဆောင်သုံးမျိုးကို ခွဲခြား ဖော်ပြခဲ့ပါတယ်။

ပထမ တမျိုးကတော့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး နယ်ပယ်က လူအများလေးစားခံရတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒုတိယတမျိုးကတော့ ဘာသာရေးအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ တတိယတမျိုးကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဘက်နှစ်ဘက်ဆီက အလယ်အလတ်တန်း ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

ပဋိပက္ခဖြေရှင်းရေးအတွက် စေ့စပ်ညှိနှိုင်းကြရမှာ Track II ခေါင်းဆောင်များအချင်းချင်း ပဏာမ ညှိနှိုင်းဆွေးနွေးပြီးမှ Track I ခေါင်းဆောင်များက ဆုံးဖြတ်ချက်များ ပေးကြရတာ ဖြစ်ပါတယ်။

Track II ခေါင်းဆောင်မှုဟာ ပညာရေးရေချိန်နဲ့ လူမှုရေး ရေချိန် မြင့်မားတဲ့ ပရော်ဖက်ရှင်နယ်တွေ အများဆုံး ပါဝင်တဲ့ အဆင့် ဖြစ်တဲ့အတွက် ပဋိပက္ခတွေ တင်းမာနေတဲ့ အချိန်နဲ့ နိုင်ငံရေး အကြပ်အတည်း ဖြစ်နေချိန်တွေမှာ စေ့စပ်ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့အရေးတွေကို ဆောင်ရွက်ဖို့ အသင့်တော်ဆုံး ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြပါတယ်။

ပြဿနာတွေကို ညှိနှိုင်းအဖြေရှာတဲ့ အုပ်စုတွေကို ဖွဲ့စည်းပြီး ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်အကြားမှာ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပြုလုပ်နိုင်သူအများစုဟာ Track II ခေါင်းဆောင်မှုမှာ ပါဝင်နေတတ်ပါတယ်။

Track III ခေါင်းဆောင်မှုမှာတော့ ဒေသဆိုင်ရာ ပညာရေး၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ ပါဝင်ပါတယ်။ အန်ဂျီအိုအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်းတွေ ပါဝင်တဲ့အတွက် လူထုနဲ့ တသားတည်း ဖြစ်နေသူတွေ အများဆုံး ပါဝင်ပါတယ်။

ပဋိပက္ခဖြေရှင်းရေး၊ စေ့စပ်ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အရပ်ဘက်အဖွဲ့အစည်း အားကောင်းဖို့က အလွန်အရေးကြီးပါတယ်။ Track III ခေါင်းဆောင်မှုက ဒီလိုအပ်ချက်ကို အဖြည့်ဆည်းပေးနိုင်ဆုံး အုပ်စုတခု ဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲနဲ့ ပဋိပက္ခများအရေးကို ဖြေရှင်းကြရာမှာ Track I, II, III ခေါင်းဆောင်မှုတွေက အရေးပါလှသလို အဆိုပါ ခေါင်းဆောင်မှုများမှာ အမျိုးသမီးများ ပါဝင်မှုကလည်း ပဋိပက္ခများ အောင်မြင်စွာ ဖြေရှင်းနိုင်ရေးအတွက် ကြီးမားတဲ့ ထောက်ကူပြုမှုတွေ ရှိခဲ့ပါတယ်။

ပါပူဝါးနယူးဂီနီက Bougainville နဲ့ အိုင်ယာလန်မြောက်ပိုင်းက အမျိုးသမီးတွေဟာ ဖိုရမ်များနဲ့ ကွန်ရက်များ စုစည်းထားရှိခြင်း နည်းလမ်းတွေနဲ့ ပဋိပက္ခအတွင်းမှာ ပါဝင်ကြသော ဘက်နှစ်ဘက်အကြား ညီညွတ်မှု တည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ဆီယာရာလီယွန် နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီး ငြိမ်းချမ်းရေး ကင်ပိန်းကလည်း ပဋိပက္ခဖြစ်ပွားသူများအကြားမှာ စေ့စပ်ဆွေးနွေးမှု ရလဒ်များ ပေါ်ထွက်လာရေးကို ဦးတည်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အမျိုးသမီးတွေဟာ ပဋိပက္ခများကို အောင်မြင်စွာ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးပွဲစကားဝိုင်းများဆီကို သယ်ဆောင်လာနိုင်မယ့် တန်ဖိုးများရှိကြောင်း ပညာရှင်အချို့က ထောက်ပြပြောဆိုခဲ့ပါတယ်။

(၁) လူထုလိုအပ်ချက်များ၊ အထူးသဖြင့် အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖော်ကျူးသော အမြင်သဘောထားများ (၁၉၉၂ ခုနှစ်မှ ၁၉၉၃ ခုနှစ်အတွင်း အယ်လ်ဆာဗေဒိုနိုင်ငံရဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ ဆွေးနွေးချက်များမှာ အမျိုးသမီးများ ပါဝင်လာခြင်းဖြင့် ပိုမိုကောင်းမွန်သော လူထုလိုအပ်ချက် ဖြည့်ဆည်းပေးရေး အစီအစဉ်များ ပြုလုပ်နိုင်ခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ် သီရိလင်္ကာနိုင်ငံမှာ ကျားမရေးရာ ဆပ်ကော်မီတီပေါ်ပေါက်လာခဲ့ပြီး ဖိလစ်ပိုင်မှာလည်း တိုင်းပြည်တည်ဆောက်ရေးဆိုင်ရာ မင်ဒါနာအို ပညာရှင်အဖွဲ့ မှာ အမျိုးသမီးများ ပါဝင်လာနိုင်ခဲ့ပါတယ်။)

(၂) ငြိမ်းချမ်းရေးဖြစ်စဉ်များကို အားလုံးပါဝင်ရေးဖြစ်စဉ်အဖြစ် အများပြည်သူရဲ့ ယုံကြည်မှုရရှိဖို့ အထောက်အကူဖြစ်စေပါတယ်။ (၂ဝဝ၃ ခုနှစ်က အာဖဂန်နစ်စတန်နိုင်ငံက ဆွေးနွေးပွဲ Loya Jirga မှာ အမျိုးသမီးများ ပါဝင်ခြင်းအားဖြင့် ဥဇဘက် လူနည်းစုများ ပါဝင်ရေးအတွက် အရေးဆိုနိုင်ခဲ့ပါတယ်)

အာဖဂန်နစ်စတန်မှာ ဥဇဘက် လူမျိုးတွေရှိပါတယ်။ သူတို့ဟာ လူနည်းစုဖြစ်ပြီး ဘယ်သူမှ သူတို့အရေးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မတင်ကြပါဘူး။ အမျိုးသမီးတွေ ဆွေးနွေးပွဲတက်လာတော့ သူတို့အရေးကိုပါ ထည့်ပြီး ဆွေးနွေးလာတယ်။ အဲဒီတော့ all inclusive ဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်လို့ လူထုက ပိုယုံကြည်လာကြပါတယ်။

(၃) ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲများရဲ့ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ တာဝန်ခံမှုကို မြင့်တက်လာစေနိုင်ပါတယ်။ (၂ဝဝ၆ ခုနှစ် ဒါဖာငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ၁၉၉၄-၁၉၉၆ ဂွာတီမာလာ စေ့စပ်ဆွေးနွေးပွဲတွေမှာ အမျိုးသမီး ပလက်ဖောင်းကို ဖော်ဆောင်နိုင်ခဲ့ပါတယ်)

(၄) ပါတီစွဲ၊ လူမျိုးစွဲများ အခြေပြုစဉ်းစားချက်များကို ကျော်လွန်ပြီး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေပါတယ်။ (၁၉၉၆ ခုနှစ်မှ အိုင်ယာလန်မြောက်ပိုင်း အမျိုးသမီးမဟာမိတ်အဖွဲ့ကြီး ဖွဲ့စည်းလာနိုင်မှုဟာ ပဋိပက္ခထဲ ပါဝင်ကြတဲ့ ဘက်နှစ်ဘက်ကို ဖြေရှင်းဖို့ တွန်းအားဖြစ်စေခဲ့ပြီး၊ ၁၉၉၈ ခုနှစ်မှာ Good Friday Agreement ချုပ်ဆိုနိုင်စေခဲ့ပါတယ်)

(၅) လူမှုအသိုက်အဝန်း ညီညွှတ်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။ ကြားဝင်ဖြန်ဖြေ စေ့စပ်မှုများ ပြုလုပ်နိုင်ပါတယ်။ (၂ဝ၁၁ ခုနှစ်မှာ Mano River Women’s Peace Network နဲ့ Côte d’Ivoire က ပဋိပက္ခ ဖြစ်ပွားသူများအကြားမှာ သဘောတူစာချုပ်တခု ချုပ်ဆိုနိုင်ခဲ့ပါတယ်)

(၆) အများပြည်သူလူထုအကြားမှာ ပဋိပက္ခများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ချိတ်ဆက်ပေါင်းစည်း ဆောင်ရွက်ပေးနိုင်ပါတယ်။ (ဥပမာ- ၂ဝဝ၈ ခုနှစ်၊ ကင်ညာနိုင်ငံမှာ အမျိုးသမီးများက ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရေးအတွက် အရေးဆို ဆောင်ရွက်ခဲ့ကြပါတယ်)

(၇) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အောင်မြင်ပြီးဆုံးတဲ့အထိ လုပ်ဆောင်ကြဖို့ တွန်းအားတွေ ပေးနိုင်ပါတယ်။ (၂ဝဝ၃ ခုနှစ်မှာ လိုက်ဘေးယီးယား အမျိုးသမီးများက ပဋိပက္ခဖြစ်ပွားသူများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အောင်မြင်စွာ ပြုလုပ်နိုင်ဖို့ တွန်းအားတွေပေးခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ်မှာလဲ ကွန်ဂိုနိုင်ငံမှာ ကွန်ဂိုနိုင်ငံသားများအကြား ဒိုင်ယာလော့ခ်များ ပေါ်ထွက်လာစေရေးအတွက် ကွန်ဂိုအမျိုးသမီးအဖွဲ့များက လုပ်ဆောင်ခဲ့ကြပါတယ်)

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေး ဖြစ်စဉ်များကို ကြည့်တဲ့အခါ အမျိုးသမီးများကို ဖျက်ဆီးတတ်သူများထက် တည်ဆောက်ပေါင်းကူး ပေးနိုင်သူများအဖြစ်သာ ပိုမိုတွေ့ရှိရမှာ ဖြစ်ပါတယ်။ ပဋိပက္ခများ ဖြေရှင်းရာမှာ ပဋိပက္ခရေချိန် မြင့်တက်သွားခြင်း မရှိဘဲ လျော့ကျသွားအောင် ဖြေရှင်းနိုင်ဖို့က အဓိက ကျပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ အမျိုးသမီးများရဲ့ ပင်ကိုယ်သဘောသဘာဝများ၊ အဖြေရှာရေးကို အာရုံစိုက် စဉ်းစားတတ်သော အလေ့အထများကို အသုံးပြုခြင်းအားဖြင့် ပဋိပက္ခများ အောင်မြင်စွာ ဖြေရှင်းသွားနိုင်ရေးကို ဦးတည်စေပါတယ်။

(ဒေါ်ခင်မမမျိုးသည် Myanmar Institute of Gender Studies တည်ထောင်သူ ဖြစ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading