တပါတီ အာဏာရှင် စနစ်၊ စစ်တပ်က အာဏာချုပ်ကိုင် အုပ်စိုးသည့် စနစ်နှင့် စစ်အစိုးရတပိုင်း အုပ်ချုပ်ရေး စနစ်များ အောက်တွင် လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး အပါအဝင် လူသား အခွင့်အရေးများ ပျောက်ဆုံးနေခဲ့ရာမှ ပြည်သူက ရွေးချယ်သည့် အရပ်သား အစိုးရ လက်ထက် ရောက်လာသည့် အခါ ပြည်သူတို့သည် မိမိတို့ အခွင့်အရေးကို တောင်းဆိုခွင့် ရှိလာသည်။ မြန်မာ အမျိုးသမီးများ သည်လည်း မိမိတို့၏ အခွင့်အရေးကို တောင်းဆိုလာသည်၊ လှုပ်ရှားလာသည်ကို တွေ့ရသည်။
ကမ္ဘာ့မြင်ကွင်းကို လေ့လာကြည့်လျှင်လည်း နိုင်ငံအသီးသီး၊ လူမျိုးအသီးသီး၊ ကိုးကွယ်သည့်ဘာသာဝင် အသီးသီးမှ အမျိုးသမီးများသည် ကျား/မ တန်းတူရေး အပါအဝင် အမျိုးသမီး အခွင့်အရေးကို တောင်းဆိုနေသည်။ တက်ကြွလှုပ်ရှား နေကြသည်။
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် မြန်မာနိုင်ငံ၏ စစ်ပဋိပက္ခနှင့် နိုင်ငံရေး အခြေအနေများကို သုံးသပ်ပြီး အမျိုးသမီးများ အပေါ် ရိုက်ခတ်မှုများကို မီးမောင်းထိုး တင်ပြလျှက်ရှိသည်။
ရှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ် ဒေသများ တွင် စစ်ပွဲများအရှိန်တိုးမြှင့်မှုများ၊ ကရင်ပြည်နယ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( KNLA) နှင့် တပ်မတော် မကြာခဏဆိုသလို တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့် အခြေအနေများ၊ စစ် ဖြစ်ပွားမှု ရှိသော တိုင်းရင်းသားဒေသများတွင်လည်း တည်ငြိမ်မှုမရှိအောင် အကြမ်းဖက်မှုများ ဖန်တီးနေသည့် အခြေအနေများ၊ အများပြည်သူများကို ပစ်မှတ်ထားပြီး နည်းမျိုးစုံဖြင့် အကြောက် တရား ပိုမိုစိုးမိုးစေသည့် လုပ်ရပ်များ၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နှင့် စစ်တွေ မြို့လယ်ကောင်တွင် အစီအစဉ်တကျ ဗုံးဖောက်ခွဲမှုများ ပြုလုပ်ခြင်းများ၊ တိုင်းရင်းသား လူမျိုး အချင်းချင်းနှင့် လူမှုအသိုင်း အဝိုင်းအသီးအသီး ကြားတွင် ပဋိပက္ခများ ပိုမိုကြီးထွားအောင် ဖန်တီးလှုံ့ဆော်ခြင်းများ၊ စစ်ပဋိပက္ခများ ဆက်လက် ဖြစ်နေအောင် အခြေအနေ များ ဖန်တီးနေမှုများအားလုံးကို နိုင်ငံတော်အစိုးရက လူသိရှင်ကြားဖော်ထုတ် အရေးယူပေးရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။
အပြည်ပြည်ဆိုင်ရာ (နိုင်ငံတကာ) အမျိုးသမီးများနေ့ကို နှစ်စဉ်နှစ်တိုင်းမတ်လ ၈ ရက်တွင် ကျင်းပပြီး အမျိုးသမီးများ အခွင့်အရေး အတွက် လှုပ်ရှားမှုကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်း ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အနေဖြင့် ၁၉၉၆ ခုနှစ်မှစ၍ နှစ်စဉ် ဆောင်ပုဒ်တခုစီ ချမှတ်ကာ အမျိုးသမီးကဏ္ဍ တိုးတက်ပြောင်းလဲရေး ဦးတည် လုပ်ဆောင်လျှက် ရှိရာ ယခုနှစ် ၂၀၁၈ ခုနှစ် အတွက် ဆောင်ပုဒ်မှာ “အမျိုးကဏ္ဍ ပြောင်းလဲရေး ကျေးလက်မြို့ပြ တွန်းအားပေး” (Time is Now: Rural and urban activists transforming women’s lives) ဟူ၍ ဖြစ်သည်။
အမျိုးသမီးနေ့ သမိုင်းကြောင်း
၁၉၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်ကို အမျိုးသမီးများနေ့ အဖြစ် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပထမဆုံး ကျင်းပခဲ့ သော်လည်း ၁၉၁၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးညီလာခံက အစပြု၍ မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဟု သတ်မှတ်လိုက်သည်။
၁၉၁၇ ခုနှစ်က ဆိုဗီယက်ရုရှားတွင် အမျိုးသမီးများ မဲပေးခွင့် ရရှိလာပြီးနောက် မတ်လ ၈ ရက်သည် အားလပ်ရက် တရက် ဖြစ်လာသည်။ ယင်းနေ့ကို ဆိုရှယ်လစ်လှုပ်ရှားမှုနှင့် ကွန်မြူနစ်နိုင်ငံများ သောင်းသောင်းဖြဖြ ကြိုဆိုထေက်ခံခဲ့ကြပြီး ကုလသမဂ္ဂ အနေဖြင့်မူ ၁၉၇၅ ခုနှစ်ကျမှ မတ်လ ၈ ရက်အား အမျိုးသမီးများနေ့အဖြစ် စတင် အသိအမှတ်ပြုခဲ့သည်။
နယူးယောက်တွင် ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပခဲ့သော အစောဆုံး အမျိုးသမီးများနေ့ကို နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများနေ့ ဟု ခေါ်ဆိုကြပြီး ယင်းနေ့ ပေါ်ပေါက်လာအောင် စည်းရုံးလှုံ့ဆော်သူများမှာ အမေရိကန် ဆိုရှယ်လစ် ပါတီမှ ထရီဇာမာကယ်နှင့် အီရာဆာလာဇာတို့ ဖြစ်ကြသည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် အထည်ချုပ် စက်ရုံ အမျိုးသမီးဝန်ထမ်း စုဝေးဆန္ဒပြမှုမှာ ၁၈၅၇ ခုနှစ်၊ မတ်လ ၈ ရက်က ဖြစ်ခဲ့သော်လည်းသုတေသီများက ယင်းဖြစ်စဉ်ကို ဒဏ္ဍာရီဟူ၍ ဖော်ပြကြသည်။
၁၉၁၀ ပြည့်နှစ်၊ သြဂုတ်လတွင် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ ဆိုရှယ်လစ်ဒုတိယ အင်တာနေရှင်နယ် အထွေထွေ ညီလာခံကို ကျင်းပရာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ညီလာခံကိုပါ ထည့်သွင်းပြုလုပ်ခဲ့သည်။ အမေရိကန် ဆိုရှယ်လစ် ဝါဒီများ နည်းတူ ဂျာမန်ဆိုရှယ်လစ်ဝါဒီ လူစီဇီးတာ့ (LuiseZietz) က နှစ်စဉ်အမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ပေးရန် အဆို တင်သွင်းသည်။ အလားတူ ဆိုရှယ်လစ်နောက်လိုက်နှင့် နောက်ပိုင်းတွင် ကွန်မြူနစ်ခေါင်းဆောင် ဖြစ်လာသူ ကလဲရာဇက်ကင် (Clara Zetkin) ကလည်း အဆိုတင်သွင်းခဲ့ပြီး ကိတ်ဒန်ကာ (KäteDuncker) က ထောက်ခံဆွေးနွေးခဲ့သော်လည်းယင်းညီလာခံတွင် တိကျသည့် “နေ့” သတ်မှတ်မှု မပေါ်ထွက်လာခဲ့ပေ။
ညီလာခံတွင် အမျိုးသမီးများ မဲပေးခွင့်ရရှိရေး အပါအဝင် တန်းတူအခွင့်အရေး ရရှိရေး မဟာဗျူဟာတရပ် အနေဖြင့် ချမှတ်ရန် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အမျိုးသမီးကိုယ်စားလှယ် ၁၀၀ က သဘောတူခဲ့ကြသည်။ နောက် တနှစ်ဖြစ်သည့် ၁၉၁၁ မတ်လ ၁၉ ရက်တွင် သြစတြီးယား၊ ဒိန်းမတ်၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံများမှ ပြည်သူတသန်းကျော်တို့က ပထမဆုံး အကြိမ် အမျိုးသမီးများနေ့ ဟူ၍ သတ်မှတ်ခဲ့ကြသည်။
သြစတြီးယား-ဟန်ဂေရီအင်ပါယာအဖြစ် သီးသန့်ရပ်တည်နေစဉ်က ဆန္ဒပြမှုပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့သည်။ ဗီယင်နာမြို့ တွင် ရင်းစထရက်စီ လမ်းမပေါ်ထွက်၍ ပါရီကွန်မြူး၏ သူရဲကောင်းများကို ဂုဏ်ပြုကြောင်း စာတန်းကိုင်ဆောင်ကာ စီတန်းလှည့်လည် ကြသည်။
အမျိုးသမီးများ မဲပေးခွင့်နှင့် အများပြည်သူဆိုင်ရာ ရုံးများသို့ ဝင်ရောက်ခွင့် တောင်းဆိုခဲ့ကြပြီး အလုပ်အကိုင် ရရှိရေး ဘက်တွင်လည်း ကျား/မ ခွဲခြားမှု ပပျောက်ရေး ဆန္ဒပြခဲ့ကြသည်။ အမေရိကန်ပြည်သူများက နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများနေ့ကို နှစ်စဉ် ဖေဖော်ဝါရီလ၏ နောက်ဆုံးတနင်္ဂနွေနေ့တွင် ကျင်းပသည်။