မြန်မာနိုင်ငံအတွင်း မြင့်တက်လာသည့် လိင်အကြမ်းဖက်မှုများနှင့် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးအတွက် ကြီးလေး သော ပြစ်ဒဏ်ချမှတ်ပေးရန် Stop Sexual Violence အဖွဲ့က တောင်းဆိုလိုက်သည်။
Stop Sexual Violence အဖွဲ့၏ တောင်းဆိုမှုများ၊ ၎င်းတို့ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို မတ် ၁၃ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဆရာစံပလာဇာတွင် ပြုလုပ်၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့သည် ၂၁၀၆ ခုနှစ်အတွင်းက လိင်အကြမ်းဖက်မှုများ ရပ်တန့်စေရေး အတွက် တောင်းဆိုလှုပ်ရှားမှု ပြုလုပ်ခဲ့ သည့် အဖွဲ့ တဖွဲ့ဖြစ်ပြီး ယခု တောင်းဆိုလှုပ်ရှားမှုသည် ၎င်းတို့၏ ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ တောင်းဆိုရာတွင် ကျူးလွန်သူများအား ထောင်ဒဏ် တိုးမြှင့်ပေးရေး၊ ထောင်ဒဏ်အပြင် တခြားသော ပြစ်ဒဏ်များ ထည့်သွင်းပေးရေး၊ လွတ်ငြိမ်းချမ်းသာခွင့် မပေးရေး တို့ကို အဓိက တောင်းဆိုမည်ဖြစ်ပြီး လွှတ်တော်အထိ တင်သွင်း တောင်းဆိုသွားရန်လည်း ဆုံးဖြတ်ထားကြောင်း အဖွဲ့ဝင်များက ပြောသည်။
“ကျနော်တို့ ဖြစ်စေချင်တာက နှစ်ရှည်ပြစ်ဒဏ်ကို ချမှတ်ပေးစေချင်တယ်။ လိင်အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်း၊ လူသတ် မုဒိမ်း လုပ်တဲ့သူတွေကို တသက်တကျွန်း ပြစ်ဒဏ်အစား နှစ် ၇၀၊ ၈၀ တခုခုပေါ့နော်။ နှစ်ရှည် ပြစ်ဒဏ်ကို အပြစ်ပေးစေ ချင်တယ်။ အဲဒီအတွက် ခြွင်းချက် အနေနဲ့က လွတ်ငြိမ်းချမ်းသာခွင့် လုံးဝမရှိစေရ ဆိုတာကို ထည့်ပေးစေချင်တာပါ” ဟု Stop Sexual Violence အဖွဲ့ဝင်တဦးဖြစ်သူ ကိုဇေယျာထွန်းက ဧရာဝတီကို ပြောပြသည်။
ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ကျူးလွန်သူများကို တသက်တကျွန်း၊ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ပြီး ပြစ်ဒဏ် ပေးနေသော်လည်း လက်ရှိအခြေအနေတွင် လွတ်ငြိမ်းချမ်းသာခွင့်များ၊ ချုပ်ရက်များ၊ လျှော့ရက်များဖြင့် ၇နှစ်၊ ၈ နှစ် အကြာ၌ ပြစ်ဒဏ်ကျခံရာမှ ပြန်ထွက်လာသည့် သာဓက များစွာ ရှိနေခြင်းကြောင့် ယင်းသို့ တောင်းဆိုရခြင်း ဖြစ်ကြောင်းလည်း ရှင်းပြသည်။
လှုပ်ရှားမှုတွင် ပါဝင်ကူညီပေးနေသည့် အနုပညာရှင် တဦးဖြစ်သူ စမိုင်းလ် ကလည်း“ကျမ ပါဝင်ဖြစ်တာက အနုပညာရှင် တယောက် အနေနဲ့အပြင် မိခင်တယောက်အနေနဲ့ ငါ့သားသမီးသာဆိုရင် ဆိုတဲ့ စိတ်ကလေး တခုနဲ့ အဓိက ပါဝင် ကူညီ ပေးခဲ့တာပါ။ ကျမတို့အားလုံး ပြိုင်တူတွန်းလို့ရှိရင် နည်းနည်းလေး ရွေ့အောင်လို့ပါ”ဟု ပြောသည်။
Stop Sexual Violence အဖွဲ့အနေဖြင့် တောင်းဆိုမှုများအပြင် အများပြည်သူသို့ အသိပညာပေး အစီအစဉ်များ ပြုလုပ်ရန် အတွက် လာမည့် မတ်လ ၁၈ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ညနေ ၄ နာရီမှ ၇ နာရီအထိ ပြုလုပ်သွားရန် စီစဉ် ထား ကြောင်း သိရသည်။
ယင်းပွဲတွင် လိင်အကြမ်းဖက်မှုအတွက် ပြစ်ဒဏ်တိုးမြှင့်ရန် ဦးဆောင်ကြိုးပမ်းနေသော လွှတ်တော် ကိုယ်စားလှယ်များ၊ တရားဥပဒေအရ ကျွမ်းကျင်သူများ၏ ဟောပြော ဆွေးနွေးမှုများနှင့်အတူ ကလေးငယ်တိုင်း သိထားသင့်သည့် ကဗျာများ ရွတ်ဆိုကာ လိင်အကြမ်းဖက်မှုများ ရပ်တန့်လျော့ကျရေး အတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းမှုများ ပါဝင်မည် ဖြစ်ကြောင်း လှုပ်ရှားမှုတွင်ပါဝင်မည့် Stop Sexual Violence အဖွဲ့မှ မရီသာက မီဒီယာများသို့ ရှင်းပြသည်။
အဆိုပါပွဲနေ့တွင် ကိုယ်တွေ့ ကြုံဆုံခံစားခဲ့ရသည့် မိသားစုဝင်များ၊ အကြမ်းဖက်ခံရသူများ၏ စကားသံများ၊ ၎င်းတို့ကို ကူညီ ပေးနေသူများ၏ စကားသံများကို ရိုက်ကူးထားသည့် ဗီဒီယိုများလည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
အမတ်များ၊ ဝန်ကြီးများ၊ နိုင်ငံကျော် အနုပညာရှင်များ၊ ပရဟိတ အဖွဲ့များ တက်ရောက်ကြမည် ဖြစ်သကဲ့သို့ ပြည်သူများ လည်း ပူးပေါင်းပါဝင်ပေးရန် Stop Sexual Violence အဖွဲ့ဝင်များက တိုက်တွန်းထားသည်။
အဖွဲ့ဝင်တဦးဖြစ်သူ ကိုအောင်ချမ်းသာက “မည်သည့် လိင်အကြမ်းဖက်မှု မျိုးကိုမဆို ကန့်ကွက် ဆန့်ကျင်ရှုတ်ချတယ်။ ကျနော်တို့နဲ့အတူတူ မည်သူမဆို ပူးပေါင်းပါဝင်ပြီး ဆန့်ကျင်ရှုတ်ချပါတယ်ဆိုတဲ့ သဘောထားကို ဖော်ပြလို့ရတယ်။ ဒီပွဲလေး ကို လာပြီး ပူးပေါင်းပါဝင် ကူညီပေးပါ။ မုဒိမ်းကောင်ကို ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့် မပေးပါ နဲ့။ ကျနော်တို့ လူ့အဖွဲ့အစည်းက လက်မခံလို့ပါ။ အစိုးရပိုင်းအနေနဲ့ တခုခုလုပ်ပေးဖို့ ဒါကို ရည်ရွယ်ပြီးသွားတာပါ” ဟု ပြောသည်။
Stop Sexual Violence အဖွဲ့အနေဖြင့် အရွေ့တခုရသည် အထိ လှုပ်ရှားမှုများ လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည် ဟုလည်း ၎င်းက ဆိုသည်။
Stop Sexual Violence အဖွဲ့ကို နယ်ပယ်အသီးသီးမှ စိတ်တူကိုယ်တူသူများ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကာ ယင်း အဖွဲ့အပြင် တခြားသော အဖွဲ့အစည်းများကလည်း သက်ငယ်မုဒိမ်း အပါအဝင် လူသတ်မုဒိမ်းကောင်များကို သေဒဏ်ပေးရန် လှုပ်ရှားတောင်းဆိုမှုများ၊ ဆန္ဒလက်မှတ် ကောက်ခံမှုများကို နိုင်ငံတဝန်း ပြုလုပ်လျက် ရှိသည်ကိုလည်း တွေ့ရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှု ၂၂၆ မှု၊ သက်ကြီးမုဒိမ်းမှု ၇၉ မှု စုစုပေါင်း ၃၀၅ မှု ပိုမိုဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု အများဆုံး ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ် ၅ ခုတွင် ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူးနှင့် စစ်ကိုင်းတို့ ပါဝင်ကြောင်း သိရသည်။