Women & Gender

ရှမ်းစစ်သမီးများ တန်းတူခရီးနီးသလား

Want create site? Find Free WordPress Themes and plugins.

“၂ဝ၁၃ ခုနှစ်က စစ်တပ်ထဲကို စရောက်လာတယ်။ စရောက်တော့ စစ်တပ်က ဒီလိုကြီးမယ်လို့ မထင်ခဲ့ဘူး၊ ကိုယ့် လူမျိုးမှာ စစ်တပ်ရှိတယ်၊ စစ်သားတွေအများကြီး ရှိတယ်ဆိုတာ မသိခဲ့ဘူး”

နန်းနွမ်းခမ်းက ရှမ်းတပ်မတော်ထဲ ဝင်ရောက်လာခဲ့တာကို ပြောပြခဲ့တာပါ။ သူမဟာ ရှမ်းလူမျိုးပီပီ ကိုယ့်လူမျိုးနဲ့ စာပေကို ချစ်တဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်ရှိတယ်လို့လည်း နန်းနွမ်းခမ်းက ဆက်ပြောပြပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် သူမဟာ ခန္ဓာကိုယ် ပိန်ပိန်နွဲ့နွဲ့နဲ့ သာမာန်အမျိုးသမီး တဦးပါပဲ။ ဒါပေမယ့် သူမဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းကာ လက်နက်ကိုင် စစ်တပ်ထဲမှာ အလုပ်လုပ်နေသူ တယောက်ဖြစ်ပါတယ်။

၂ဝ၁၃ ခုနှစ်မှာ ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် တည်ရှိတဲ့ လွိုင်တိုင်းလျန်းကို သူမ စတင်ရောက်ရှိခဲ့ပါတယ်။

နန်းနွမ်းခမ်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်မှာ နေထိုင်သူ တဦးဖြစ်ပြီး၊ စစ်သမီး တဦး မဖြစ်ခင်က ရှမ်းစာပေသင်ကြားပေးတဲ့ ဆရာမတဦး ဖြစ်ပါတယ်။

“ကျမ ရှမ်းစာသင်တဲ့ ဆရာမ တယောက်ဖြစ်တဲ့အတွက် ဗဟုသုတတွေ ထပ်လိုချင်တယ်။ ကိုယ့်အတွက် ပညာတွေ ထပ်ဖြည့်ချင်တယ်ဆိုတဲ့ စိတ်နဲ့ လွိုင်တိုင်းလျန်းက နိုင်ငံရေးသင်တန်းကို လာရောက်တက်ခဲ့ပါတယ်” လို့ သူမက ပြောပြပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး သိလိုစိတ်၊ သင်ကြား လေ့လာလိုစိတ်နဲ့ ရောက်လာခဲ့တဲ့ နန်းနွမ်းခမ်းဟာ စစ်တပ်ထဲကို စတင်ဝင်ရောက်လာချိန်က ကိုယ်မစဉ်းစားထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး၊ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်၊ တတ်အားသရွေ့ ဖြည့်စည်းချင်တဲ့ စိတ်နဲ့သာ အခက်အခဲတွေကို ရအောင်ကျော်ဖြတ်မယ်လို့ ဆုံးဖြတ်ပြီး ရင်ဆိုင် လာခဲ့ကြောင်း နန်းနွမ်းခမ်းက ဆက်လက်ပြောပြပါတယ်။

စစ်သမီးအဖြစ် စတင် တာဝန်ယူချိန်မှာ အိမ်က မိသားစုတွေအတွက် အန္တရာယ်ဖြစ်မှာကို စိုးရိမ်ခဲ့ရပေမယ့် မိသားစုတွေရဲ့ နားလည်မှု၊ အားပေးမှုတွေကြောင့်လည်း ဆက်လက် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်လို့ သူမက ဆက်လက် ပြောပြပါတယ်။

“ကျမ စစ်တပ်ထဲ စဝင်တော့ ကျမ မိဘတွေကို ကျမ ရှမ်းစစ်သမီး မဟုတ်ဘူး၊ ကျမ လူမျိုးအတွက် လာကူညီနေတာလို့ ပြောထားရတယ်။ မိဘတွေကလည်း ကိုယ့်လူမျိုးအတွက် ကူညီတာကို အားပေးခဲ့တယ်။ အခု နောက်ပိုင်းမှာတော့ ရှမ်းတပ်ထဲ ဝင်လိုက်တာ မိဘတွေ သိသွားပါပြီ” လို့လည်း နန်းနွမ်းခမ်းက ပြောပါတယ်။

လက်ရှိမှာ သူမဟာ RCSS/SSA မှာ တပ်ကြပ် ရာထူးနဲ့ ရေဒီယိုအသံလွှင့်ဌာနမှာ တာဝန်ထမ်းဆောင်နေသူ တဦးပါ။

ရှမ်းပြည်တပ်မတော် RCSS/SSA စစ်ဌာနချုပ်မှာ အမျိုးသမီး စစ်သည်တော်တွေ အများကြီးရှိပေမယ့် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ထုတ်ဖော်မပြောပါဘူး။

ဖေဖော်ဝါရီ ၇ ရက် ရှမ်းအမျိုးသားနေ့မှာတော့ RCSS/SSA စစ်အင်အားပြသတဲ့အချိန်မှာ စစ်သမီး ၂ဝဝ ကျော် လာရောက် စစ်ရေးပြတာကို တွေ့မြင်ရပါတယ်။

နန်းနွမ်းခမ်းရဲ့ ခံယူချက်တခုကတော့ အမျိုးသားတွေ လုပ်နိုင်တဲ့အရာတွေကို အမျိုးသမီးတွေလည်း လုပ်နိုင်ရမယ်ဆိုတဲ့ ခံယူချက်ပါ။

တကယ်တမ်းကျတော့ ရှမ်းပြည်တပ်မတော်ကို စတည်ထောင်စဉ်တုန်းက ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှမ်းအမျိုးသမီးတွေ ပါဝင်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်ကို တည်ထောင်ခဲ့စဉ်က ရှမ်းအမျိုးသမီး တဦးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော သမ္မတ စဝ်ရွှေသိုက်ရဲ့ ဇနီး နန်းဟိန်ခမ်းဟာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့သူ တဦးပါ။

ဒါကြောင့် နန်းနွမ်းခမ်းဟာ အက်စ်အက်စ်အေကို တည်ထောင်ခဲ့တဲ့ နန်းဟိန်ခမ်းကို အားကျပြီး၊ နန်းဟိန်ခမ်းလို ရဲရင့်တဲ့ အမျိုးသမီး ဖြစ်ချင်တယ်လို့ ပြောပြပါတယ်။

စစ်တပ်ထဲမှာတော့ အမျိုးသား စစ်သည်တော်နဲ့ အမျိုးသမီး စစ်သည်တော်တွေကို ခွဲခြားဆက်ဆံမှု မရှိပေမယ့်၊ ရာထူးအရ ကြည့်ရင်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ရာထူးတိုးတာ ပိုမြန်တယ်လို့ RCSS/SSA စစ်တပ် အသိုင်းအဝိုင်းက ဆိုကြပါတယ်။

“အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံတာတော့ မရှိဘူး။ ဒါပေမယ့် အမျိုးသားတွေကတော့ ရာထူးတိုးတာ မြန်တယ်။ မိန်းကလေးတွေကတော့ လှေကားထစ်ကနေ တထစ်ချင်း တက်ရတယ်။ ကျမနဲ့ စစ်သင်တန်းအတူတဲ့ အမျိုးသား အများစုက ရာထူးတိုးသွားပြီ။ သူတို့က လှေကားထစ်က တက်စရာ မလိုဘူး” လို့ နန်းနွမ်းခမ်းက ဆိုပါတယ်။

ရှမ်းတပ်ထဲတွင် အမျိုးသားတွေက ရာထူးတိုးတာမြန်သလို တပ်စည်းကမ်း ချိုးဖောက်လျှင်လည်း ရာထူးကျတာ မြန်ကြောင်း သိရပါတယ်။

“ကျမတို့ဆီမှာ ကျား/မခွဲခြားမှု မရှိဘူး။ တန်းတူညီမျှမှုရှိပါတယ်” လို့ RCSS/SSA မှ ဖွဲ့စည်းထားတဲ့ ရှမ်းအမျိုးသမီး အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး နန်းအွမ်ခမ်းက ပြောပါတယ်။

နန်းအွမ်ခမ်းဟာလည်း မျိုးချစ်စိတ်ကြောင့် ရှမ်းတော်လှန်ရေးကို ဝင်လာတဲ့သူ တဦးဖြစ်ပါတယ်။

သူမဟာ စစ်တပ်ထဲကို မရောက်လာခင်မှာ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ (RCSS/SSA) လက်အောက်ခံ ရှမ်းအမျိုးသမီးအဖွဲ့အစည်းရဲ့ အတွင်းရေးမှူးနေရာမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ရှမ်းအမျိုးသမီးအဖွဲ့အစည်းကို ၂၀၁၆ ခုနှစ်၊ ဧပြီလမှာ စတင်တည်ထောင်ပြီး၊ စစ်တပ်အတွင်းရှိ အမျိုးသမီးတိုင်း လူ့အခွင့်အရေးနဲ့ ကိုက်ညီတဲ့ လူနေမှုပုံစံရရှိဖို့၊ နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်လာဖို့၊ အမျိုးသမီးတိုင်း ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ စားဝတ်နေမှုပုံစံကို သိရှိလိုက်နာ ကျင့်သုံးစေဖို့နဲ့ အမျိုးသမီးတိုင်း အသက်မွေးဝမ်းကျောင်း ပညာတတ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။

“လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်နေပါတယ်။ နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်လာဖို့လည်း ကြိုးစားနေပါတယ်”လို့ နန်းအွမ်ခမ်းက ပြောပါတယ်။

လက်ရှိမှာလည်း NCA လို့ခေါ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးမှာ ဆွေးနွေးနေတဲ့ ကဏ္ဍ ၅ ရပ်ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝသယံဇာတ စတဲ့ကဏ္ဍအချို့မှာ အမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးနေပါတယ်လို့ သူမက ဖြည့်စွက်ပြောပြပါတယ်။

“အမျိုးသမီးတွေ ဘဝ ဖူလုံဖို့နဲ့ အလုပ်လက်မဲ့ မဖြစ်ဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ယက်ကန်း၊ စက်ချုပ်၊ စိုက်ပျိုး ရေးသင်တန်းတွေလည်း ပေးနေပါတယ်။ လက်တွေ့အသုံးပြုနိုင်ဖို့လည်း ကူညီပံ့ပိုးပေးပါတယ်” လို့ ဆက်လက် ရှင်းပြပါတယ်။

ရှမ်းအမျိုးသမီးအဖွဲ့အစည်းမှာ လူအင်အား သိပ်မရှိသေးတဲ့အတွက် ရှမ်းပြည်တပ်မတော်ရဲ့ နယ်မြေအားလုံးမှာ ကွင်းဆင်းလုပ်ဆောင်ဖို့ ခက်ခဲနေသေးကြောင်းလည်း နန်းအွမ်ခမ်းက ပြောပြပါတယ်။

“ရဲမေတွေက စစ်တပ်ကို စဝင်လာကတည်းက စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ ဖြစ်ပြီးသားပါ။ စစ်သင်တန်းမှာလည်း ကျား/မ မခွဲဘဲ သင်ကြားပေးသလို ရဲမေတွေကလည်း ငါတို့လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိပါတယ်” လို့ သူမက ထပ်မံပြောဆိုပြန်ပါတယ်။

စစ်တပ်ဆိုတဲ့နေရာမှာ အစစအရာရာဟာ ကိုယ့်မိဘအိမ်လို အဆင်မပြေနိုင်ပေမယ့် မျိုးချစ်စိတ်ကြောင့် သည်းခံပြီး နေရပါတယ်လို့ နန်းနွမ်ခမ်းက ပြောပြပါတယ်။

စစ်သမီးတဦးဖြစ်တဲ့အတွက် အမျိုးသားတွေနဲ့အတူ ရှေ့တန်းထွက်ပြီး ရန်သူတွေကို တိုက်ခိုက်ချင်တယ်လို့လည်း နန်းနွမ်ခမ်းက သူမရဲ့ ဆန္ဒကိုပြောပြပါတယ်။

ရှမ်းစစ်သမီးတွေအနေနဲ့ စစ်သားတွေနဲ့တန်းတူ လုပ်ကိုင်ဆောင်ရွက်လိုစိတ်ရှိကြပေမယ့်လည်း အဖွဲ့အစည်းရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာတော့ အမျိုးသမီးပါဝင်မှု မရှိသလောက် ဖြစ်နေပါသေးတယ်။

ဗဟိုတာဝန်အဆင့်ဆင့်နဲ့ ဗဟိုကော်မတီဝင်အဆင့်တွေမှာ အမျိုးသမီးပါဝင်မှုကို မတွေ့ရဘဲ တပ်ပိုင်းဆိုင်ရာ အကြီးတန်း ရာထူးတွေမှာလည်း ရှမ်းအမျိုးသမီးတွေအနေနဲ့ ပါဝင်ခွင့်ရဖို့ အခွင့်အလမ်းက အတော်နည်းပါးနေပါသေးတယ်။

ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးရေးရာ လေ့လာ အကဲခတ်သူတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို မေးခွန်းထုတ်နေကြရဆဲဖြစ်ပါတယ်။

( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထူထောင်ထားသော HI (Honest Information) ၏ ဝက်ဘ်ဆိုက် www.hiburma.net မှ ကူးယူဖော်ပြသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading