Bank of America Merrill Lynch(BAML) အနေနဲ့ စီးပွားရေး လုပ်ငန်းစုတွေရဲ့ ဝန်ထမ်း ခန့်ထား လည်ပတ်မှု အခြေအနေတွေကို လေ့လာချက် တခု လုပ်ဆောင်ထားပြီး အဆိုပါ လေ့လာချက်အတွင်း ကုမ္ပဏီအလိုက် အမျိုးသမီး အုပ်ချုပ်ရေး ဝန်ထမ်း၊ အကြီးအကဲတွေကို ခန့်ထားတဲ့ အရေအတွက်အပေါ် မူတည်ပြီးတော့ လုပ်ငန်းအောင်မြင်မှု ပိုများတာကို တွေ့ရကြောင်း ထုတ်ပြန်လာတာ တွေ့ရပါတယ်။
ဒီနေ့ခေတ် လုုပ်ငန်းတွေရဲ့ အရေးပါတဲ့ ရာထူးတွေဖြစ်တဲ့ CEO လို နေရာတွေကနေ ဒါရိုက်တာ၊ အုပ်ချုပ်သူတွေ စတဲ့ ကြီးကြပ်ရေး အဆင့်တွေ အထိအောင် အမျိုးသမီး ဝန်ထမ်းတွေကို တာဝန်ပေးမှုအရ လုပ်ငန်းလည်း ပိုမို အောင်မြင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
S&P 500 လို့ ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး ၅၀၀ ရဲ့ ပြီးခဲ့တဲ့ ၇ နှစ် ကာလအတွင်းက ဝန်ထမ်းအနေအထားကို ပြန်လည် သုံးသပ်ခဲ့တာ ဖြစ်ပြီး အဲဒီကုမ္ပဏီတွေထဲမှာ အမျိုးသမီး အုပ်ချုပ်ရေး ဝန်ထမ်းတွေကို ခန့်ထားလုုပ်ကိုင်တဲ့ ကုမ္ပဏီတွေက နှစ်စဉ် အောင်မြင်တိုးတက်နှုန်း ၂၅ ရာခိုင်နှုန်းလောက်ထိအောင် မြင့်တက်လာတယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။
ကျား၊ မကွဲပြားမှုနဲ့ အတူ အုုပ်ချုပ်သူအဖြစ် အမျိုးသမီးတွေ တာဝန်ယူခြင်းက ကုမ္ပဏီကို အဓိက အောင်မြင်မှု လမ်းကြောင်းပေါ် ဆွဲတင်လာနိုင်တာ တွေ့ရတယ်လိုု့ BAML ရဲ့ လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ ပညာရှင် Savita Subramanian က ထုတ်ပြန်ချက်မှာ ထည့်သွင်း ရေးသားထာတာ တွေ့ရသလို အခုဆိုရင် S&P 500 ရဲ့ ကုမ္ပဏီ ၂၂ ရာခိုင်နှုန်းလောက်မှာ အုုပ်ချုပ်ရေး ဝန်ထမ်းတွေကို အမျိုးသမီးတွေအဖြစ် ခန့်ထားလုပ်ကိုင်နေပြီလို့ ဆိုုပါတယ်။
ဒါ့အပြင် BAML အနေနဲ့ ၂၀၁၅ ခုနှစ် အတွင်းက McKinsey ရဲ့ လေ့လာချက် တခုုကိုလည်း ကိုုးကား တင်ပြထားတာ တွေ့ရသလို အဆိုပါ လေ့လာချက် အရ အမျိုးသမီး အုပ်ချပ်ရေး ဝန်ထမ်းတွေ အနေနဲ့ အမျိုးသားတွေထက်စာရင် လုပ်ငန်းကို ဦးဆောင်နိုင်မှု၊ တာဝန်ပြီးစီးအောင် ဆောင်ရွက်လိုမှုနဲ့ ငွေကြေးပိုင်း ဆိုင်ရာ ခန့်ခွဲမှုတွေမှာလည်း ပိုကောင်းတယ်လိုု့ ဆိုထားပြန်ပါတယ်။
အခု BAML ရဲ့ အနှစ်ချုပ် သုံးသပ်ချက်အရ ဆိုရင် ကုမ္ပဏီတခုမှာ အမျိုးသမီး အုပ်ချုပ်သူကိုသာ မှန်ကန်အောင် ခန့်ထား တာဝန်ယူစေမယ် ဆိုရင် လုုပ်ငန်းအနေနဲ့ ပျမ်းမျှ ၁၅ ရာခိုင်နှုန်းလောက်ထိအောင် ပျမ်းမျှ တိုးတက် အောင်မြင်လာနိုင်တယ်လို့ ဆိုုထားပါတယ်။ အထူးသဖြင့်တော့ အလတ်စား စက်မှုလုပ်ငန်းတွေမှာတောင် လေ့လာချက် အရ အနည်းဆုံး ၁၅ ရာခိုင်နှုန်းလောက် နှစ်စဉ် တိုးတက် အောင်မြင်မှု ရနေကြတယ်လို့ သိရပါတယ်။
တဖက်မှာလည်း အမျိုးသမီး အုပ်ချုပ်သူ ဝန်ထမ်းနည်းတဲ့ ကုမ္ပဏီတွေ အနေနဲ့ နှစ်စဉ်အလိုက် ကုမ္ပဏီ စတော့ ဈေးနှုန်း တိုးတက်မှု နှေးတာတွေ၊ ဈေးကျတာတွေ၊ လုပ်ငန်းတိုုးတက်နှုန်း နည်းခြင်းတွေကို ထောက်ပြထားတာ တွေ့ရပါတယ်။
အမျိုးသမီးတွေကို အုပ်ချုပ်သူအဖြစ် တာဝန်ပေး လုပ်ကိုင်ခြင်းက မိမိလုပ်ငန်းရဲ့ အခြေခံ ဦးတည်ချက်တွေကိုလည်း အမြဲ ခိုုင်မာ မှန်ကန်နေစေမယ်၊ ကုမ္ပဏီ စည်းကမ်းတွေ လိုက်နာမှု အားကောင်းစေတယ်၊ ရင်းနှီးမြှပ်နှံမှု အားလည်း ပိုကောင်းလာစေနိုင်သလို စည်းကမ်းတိကျတယ်။ စာရင်းတိကျတဲ့ လုပ်ငန်းတခုမှာ ရင်းနှီးပါဝင်လိုသူတွေလည်း ပိုများလာစေပြီး အောင်မြင်မှု လမ်းကြောင်းပေါ် မြန်မြန် ရောက်စေနိုင်လိမ့်မယ်လိုု့ BAML ရဲ့ ထုတ်ပြန်ချက် အတွင်း ဖော်ပြပါရှိတာ တွေ့ရပါတယ်။
ကိုးကား ။ ။ www.businessinsider.com