သန့်ရှင်းတဲ့ ရေဟာ လူသားအားလုံးအတွက် အရေးကြီးပါတယ်။ နွေရာသီရောက်လာရင် နှစ်စဉ်နှစ်တိုင်း လိုလို မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ရေရှားပါးမှု တွေ့ကြုံရစမြဲပါ။ ရေရှားပါးမှု၊ သန့်ရှင်းတဲ့ ရေ အသုံးမပြုရမှုဟာ အမျိုးသမီးနဲ့ ကလေးငယ် တွေ အပေါ် ဘယ်လောက်ထိ ရိုက်ခတ်မှု ရှိမလဲ လို့ စဉ်းစားကြည့်မိပါတယ်။
ကျမတို့ မြန်မာနိုင်ငံမှာ မြစ်ချောင်း အင်းအိုင် အများအပြား ရှိပေမယ့် ရာသီဥတု ဖောက်ပြန်မှု၊ သစ်တော ပြုန်းတီးမှု တွေနဲ့ အတူ မြစ်တွေမှာ သောင်ထွန်းမှု၊ ရေကြောင်း ကျဉ်းလာတာတွေ ရှိလာနေပါပြီ။ ဧရာဝတီမြစ်ကြောင်း တလျှောက်က မြို့တွေမှာတောင် ရေရှားပါးမှုတွေ ဖြစ်ပေါ်လာနေပါတယ်။ ဒါကြောင့် မိသားစုတိုင်း ရေဖူလုံစွာ သုံးစွဲဖို့ အခွင့်အရေး ရသလား ဆိုတဲ့ မေးခွန်းက ထပ်ဆင့်ထွက်လာ ပါတယ်။
ဘယ်မိသားစုမှာ မဆို ရေအခက်အခဲ ရှိလာရင် ဒိုင်ခံဖြေရှင်းရတာက အမျိုးသမီးတွေ အများစု ဆိုတော့ ငြင်းစရာ မလိုပါ၊ ကျေးလက်ဒေသတွေမှာ ညနေခင်းတွေမှာ သောက်သုံးရေအတွက် အမျိုးသမီးတွေပဲ ရေခပ်ဆင်းရသလို သုံးဖို့ အတွက် ရေထမ်းရတဲ့ အမျိုးသမီးတွေတောင် ရှိပါတယ်။ တချို့ဒေသတွေမှာ ရေတွင်း၊ ရေကန်တွေ ရေခမ်းခြောက်သွားတာ ရှိလို့ လက်ယက်တွင်း လေးတွေ ကနေ ရေကို ခပ်ယူရတာတွေ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ လည်း အမျိုးသမီးတွေကပဲ စိတ်ရှည်လက်ရှည်နဲ့ ရေတပုံး၊ နှစ်ပုံးရဖို့ အတွက် အချိန်ကုန်ခံပြီး ခပ်ရတာပါ။
လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်မှာ မိန်းမတွေဟာ အိမ်မှုကိစ္စမှန်သမျှ လုပ်ရမယ် ဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆက အမြစ်တွယ်နေပါတယ်၊ ဒါကြောင့် ရေခပ်ဖို့၊ ရေတင်ဖို့ ကိစ္စတွေဟာ မိန်းမအလုပ်ပဲ လို့ ထင်မြင်လာကြပါတယ်။ အိမ်တအိမ် (ဒါမှမဟုတ်) မိသားစုတစုမှာလည်း ရေနဲ့ နှီးနွယ်နေတဲ့ အိမ်မှုကိစ္စတွေကို အမျိုးသမီးတွေကပဲ လုပ်ရတာ ဖြစ်ပါတယ်။ အဝတ်လျှော်တာ၊ ပန်းကန်ဆေးတာ၊ ချက်ပြုတ်တာတွေ ပေါ့။
ရေလုံလုံလောက်လောက် မရှိရင် ပူပန်နေရတာကလည်း အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးသားတွေက မပူ မပင်ဘူးလား၊ မဆိုင်သလို နေသလားလို့ မေးချင်သူတွေလည်း ရှိပါလိမ့်မယ်။ အိမ်က မိန်းမ ဒါမှမဟုတ် ညီမ၊ အစ်မ ပင်ပန်းမှာ စိုးလို့ ကူညီတဲ့ အမျိုးသားတွေ ရှိပေမယ့် အနည်းစုပါ၊ ရန်ကုန်လို မြို့ပြမှာတောင် ရေအခက်အခဲ ဖြစ်နေတဲ့ မြို့နယ်တွေ ရှိလာနေပါတယ်။ နွေရာသီရောက်ရင် မီးပျက်တတ် လို့ ရေက ၂၄ နာရီ ပတ်လုံး လွယ်လွယ်ကူကူ တင်လို့ မရပါဘူး။
ရေလွှတ်ပေးထားပေမယ့် မီးပျက်လို့ ရေတင်မရ၊ မီးလာပြန်တော့ မီးအား မပြည့်လို့ ရေတင်မရ၊ တခြားအခန်းတွေက ရေအပြိုင် တင်ကြတဲ့အခါ ကိုယ့်အခန်းက ရေမော်တာက သေးလို့ ရေတင်လို့ မရတဲ့ အဖြစ်မျိုး ကန်ထရိုက်တိုက်ခန်းမှာ နေတဲ့ အိမ်ရှင်မတွေ ကြုံဖူးကြမှာပါ။ ရေရဖို့ ညတနာရီ၊ နှစ်နာရီထိ စိတ်ရှည်လက်ရှည် စောင့်တင်မှသာ ရေတိုင်ကီရေပြည့် တာမျိုးပါ။
ဒါပေမယ့် ရေတင်ဖို့ ညည့်နက်သန်းခေါင်ထိ အိပ်ရေးပျက်ခံ တင်ရရင် အမျိုးသားအများစုက စိတ်မရှည် ကြပါဘူး။ အိမ်ရှင်မတွေမှာတော့ ရေမရှိရင် အပိုငွေ ထွက်မှာ၊ အဝတ်လျှော်လို့ မရမှာ၊ ချိုးဖို့ မရှိမှာ၊ အိမ်သာ အတွက် သုံးဖို့ ရေ မရှိဖြစ်နေမှာ တွေးပြီး အိပ်ရေးအပျက်ခံ ရေတင်ရပါတယ်။
ရန်ကုန်မြို့ တဖက်ကမ်း ဒလမြို့နယ်မှာတောင် ရေရှားပါးမှု ပြဿနာကို မဖြေရှင်းနိုင်သေးတာ တွေ့ရပါတယ်။ ဒလမြို့နယ်ကို ရေလှူဒါန်းမှုတွေ ရှိပေမယ့် ဒါဟာ ယာယီအတွက်ပဲ အဆင်ပြေစေမှာပါ။ “ယုဇနဥယျာဉ်မြို့တော်” လို့ နာမည်လှလှလေး ပေးထားပေမယ့် ရေဒုက္ခကို ခါးစည်းခံနေရတဲ့ အထဲမှာ အိမ်ရှင်မတွေ ထိပ်ဆုံးက ပါဝင်နေပါတယ်။
ရေလွှတ်ပေးနေတယ် ဆိုပေမယ့် အချိန် သတ်သတ်မှတ်မှတ် မရှိသလို လာတဲ့ ရေကလည်းလုံလောက်မှု မရှိပါဘူး။ ရေသွယ်ဖို့ အတွက် တခန်းကို တသိန်း၊ သုံးသောင်း၊ ငါးထောင်၊ တချို့အခန်းတွေမှာ တသိန်း ရှစ်သောင်းခန့် ကုန်ကျခဲ့ ပေမယ့် ခုထိရေတစည် ၁၅၀၀ ကျပ် နဲ့ ဝယ်ယူသုံးစွဲ နေရပါတယ်။ အခုအချိန်က နွေရာသီ မပီ့တပီ အချိန်ပါ။ တကယ့် နွေရာသီ အပူချိန်မြင့်မားချိန်ဆိုရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာ စိုးရိမ်စရာပါ။ အဲဒီလို ပေးရတဲ့ တစည်ဆိုတာကလည်း လူနည်းတဲ့ မိသားစု တစု အတွက် တရက်လောက်ပဲ သုံးရတယ်လို့ အိမ်ရှင်မတယောက်က တွက်ပြပါတယ်။
သန့်ရှင်းတဲ့ ရေဟာ အမျိုးသမီးတွေရဲ့ ဘဝအပေါ် သက်ရောက်မှုကြီးမားသလို ရေအတွက် အပိုကုန်ကျရမှုတွေက မိသားစု အသုံးစရိတ်ကိုပါ ထိခိုက်စေပါတယ်။ တနေ့ကို ၁၅၀၀ ပိုမို ကုန်ကျရင် တလမှာ ၄ သောင်း ၅ ထောင် ကျပ် ပိုမိုကုန်ကျလာ တာပါ။ ဒါက သန့်ရှင်းနဲ့ အဝတ်လျှော်သုံးဖို့အတွက် ဝယ်ရတဲ့ ရေဖြစ်ပြီး သောက်သုံးဖို့ အတွက် ဝယ်ရတဲ့ ရေမပါသေး ပါဘူး။ ကန်ထရိုက် တိုက်ခန်းတွေရဲ့ အလွှာမြင့်ဆိုရင် ရေသန့်တဘူးကို ကျပ် ၇၀၀၊ ၈၀၀ အထိ ဝယ်သောက်နေရတာပါ။ တကယ်လို့သာ စည်ပင်ကနေ ဖြန့်ဖြူးနေတဲ့ ရေကို သောက်သုံးနိုင်တဲ့ အဆင့်ထိ ဆောင်ရွက်ပေးနိုင်မယ် ဆိုရင် တော်တော်လေး ကောင်းမွန်ပါလိမ့်မယ်။
ဒါပေမယ့် လက်တွေ့အခြေအနေမှာ စည်ပင်က ဖြန့်ဖြူးပေးနေတဲ့ ရေကို တိုက်ရိုက် သောက်သုံးနိုင်တဲ့ အဆင့်မှာ မရှိပါဘူး။ သိပ်မကြာမီကပဲ ရန်ကုန်မြို့ကို ဖြန့်ဖြူးပေးနေတဲ့ ချိုးဖြူရေမှာ E. Coli (လူနဲ့ တိရစ္ဆာန် အညစ်အကြေးများမှာ ပေါက်ရောက် တဲ့ ဗက်တီးရီးယားပိုး) တွေ့ရတယ် ဆိုတဲ့ ပြောကြားချက်က အမျိုးသမီးတွေနဲ့ ရန်ကုန်မြို့သားတွေ ကြားမှာ ဂယက် ရိုက်ခတ် ခဲ့ပါ တယ်။ ဒါပေမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနကတော့ အဲဒီလို E-Coli ပိုးတွေ မပါဝင်ဘူးလို့ ငြင်းဆိုပြောကြားထားပါတယ်။
ရန်ကုန်မြို့ကို ရေ ပေးဝေနေတဲ့ ပုံစံကို လေ့လာကြည့်ရင် လှော်ကား ရေလှော်ကန်၊ ချိုးဖြူရေလှောင်ကန်၊ ဖူးကြီး ရေလှောင်ကန်၊ ငမိုးရိပ်ရေလှောင်ကန်နဲ့ အဝီစိတွင်းတွေကနေ ရေပေးနေတာပါ။ ဆက်စပ် စဉ်းစားစရာက ရေပေးဝေတဲ့ လမ်းကြောင်း တလျှောက်က ပိုက်ဆက်တွေရဲ့ ကြံ့ခိုင်မှု ဖြစ်ပါတယ်။ စိမ်းလန်းအမိမြေ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်းမှာ ရေနမူနာတွေကို ဓာတ်ခွဲစမ်းသပ်ကြည့်တဲ့ အခါ လှိုင်မြို့နယ် ၁၀ ရပ်ကွက်၊ ၁၃ ရပ်ကွက်၊ တာမွေ မအူကုန်းရပ်ကွက်၊ စမ်းချောင်း အောင်ချမ်းသာရပ်ကွက်နဲ့ သာကေတမာန်ပြေရပ်ကွက်တွေက ရေနမူနာတွေမှာ ညစ်ညမ်းမှုများတာ တွေ့ရှိခဲ့ရတယ် လို့ ဆိုပါတယ်။
ဘယ် ရေနမူနာမှာမှ E-Coli ကို မတွေ့ရပါဘူး။ ဒါကြောင့် မူလ ရေဖြန့်ဖြူးတဲ့ နေရာကနေ တပ်ဆင်ဖြန့်တဲ့ နေရာတွေရဲ့ ရေပိုက် အခြေအနေတွေကြောင့် ရေညစ်ညမ်းမှု ဖြစ်ရတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ မသန့်ရှင်းတဲ့ ရေကို သောက်သုံးမိရင် ဝမ်းရောဂါ၊ အသည်းရောင် အသားဝါ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။
ရေအတွက် အခက်ပွေနေရတဲ့ တချို့ဒေသတွေမှာ မသန့်ရှင်းတဲ့မြစ်ရေ၊ ချောင်းရေကိုပဲ အားပြုသောက်သုံး နေရတာလည်း ဒီနေ့အထိ ရှိနေပါတယ်။ အခုလာမယ့် မတ်လ ၂၂ ရက်နေ့ဟာကမ္ဘာ့လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ “ကမ္ဘာ့ ရေသယံဇာတနေ့” ဖြစ်ပါတယ်။ ယခုနှစ်အတွက် ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဆောင်ပုဒ်က ‘Nature for Water’ ဖြစ်ပြီး၊ လှုပ်ရှားမှုကိုတော့ ‘The answer is in nature’ လို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။ ရေရှားပါးတဲ့ ဒေသတွေမှာ ကျောင်းနေအရွယ် ကလေးငယ်တွေပါ ကျောင်းပျက်ခံပြီး ရေသယ်နေရတာမျိုးဟာ မဖြစ်သင့်တဲ့ ကိစ္စပါ။
၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံမှာ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အာရှ-ပစိဖိတ် ဒေသမှာ လူဦးရေသန်း ၃၀၀ ဟာ သန့်ရှင်းတဲ့ သောက်သုံးရေ မရဘဲ လူဦးရေများပြားလာမှု၊ မြို့ပြဖွံ့ဖြိုးမှုတွေက “ရေလိုအပ်ချက်” ကို ပိုမိုမြင့်မား လာစေတယ် လို့ ထည့်သွင်း ပြောကြားသွားပါတယ်။ အစိုးရအနေနဲ့ ရေသယံဇာတကိုစနစ်တကျစီမံခန့်ခွဲရမှာ ဖြစ်သလို မြို့ပြနဲ့ ကျေးလက်ဒေသကြား ရေရရှိရေး ကွာဟချက်ကိုပါ ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်သင့်ပါတယ်။
တဖက်ကလည်းရေကို စနစ်တကျသုံးစွဲ တတ်အောင် ပညာပေးမှုတွေ ပြုလုပ်ပေးရမှာ ပါ။ မိသားစုတစုမှာ အဓိကကျတဲ့ အိမ်ရှင်မတွေ သုံးရေ၊ သောက်ရေ သန့်ရှင်းစွာ အသုံးပြုနိုင်မှ၊ ရေလုံလောက်စွာ ရရှိမှ၊ ရေကို အလာဟဿ မဖြုန်းတီးမှသာ မိသားစု တစုချင်းစီရဲ့ ကျန်းမာရေး ကောင်းမွန်မှာ ဖြစ်ပြီး ရေကနေ ကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကိုပါ လျှော့ချနိုင်မှာ ပါ။
ဒါကြောင့် ရေအရေးကို ပေါ့သေးသေး သဘောမထားဘဲ လိုအပ်တဲ့ ရေစီမံခန့်ခွဲမှုတွေ၊ ရေအရည်အသွေး စစ်ဆေးမှုတွေ၊ ရေ အရင်းအမြစ် ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း သုံးသပ် ရေးသားလိုက်ရပါတယ် ရှင်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)