ခန္ဓာကိုယ်အနှံ့ အားမာန်အပြည့် လွှဲရိုက်ချလိုက်သည့် တံမြက်စည်းရိုး ဝါးလုံး၏ ထိချက်က ပြင်းလွန်းလှသည်။
ဘယ်နှစ်ချက်မှန်း မသိတော့သည့် အကြိမ်ရေ များများ ရိုက်နှက်မှုတို့အပြီး တံမြက်စည်းရိုး ကျိုးသွားခဲ့ချိန် ကျမ သမံတလင်းပေါ် လဲကျနေခဲ့ပါပြီ။
ကျမ၏နှုတ်မှ တောင်းပန်နေသည့် အသံတို့ကလည်း ဆူညံ ပွက်လောရိုက်နေသည်။
“နောက်မလုပ်တော့ဘူး၊ ကျမကို မရိုက်ပါနဲ့ တောင်းပန်ပါတယ်” ဆိုပြီး တောင်းပန် နေပေမယ့်လည်း “ဘာ ကျမလဲ” ဟူ၍ ထပ်ကာ အားထည့် ရိုက်ပြန်သည်။
အဲဒီအခါ “ကျနော့်ကိုမရိုက်နဲ့ နောက်မလုပ်တော့ဘူး”ဟု ပြန်ပြင်ပြောရသည်။ နှုတ်မှ ကိုယ့်ကိုယ်ကိုယ် နာမ်စား အဖြစ် ကျမ ဟု သုံးနှုန်းခြင်းသည် ကျမ ကို ပိုမို ရိုက်နှက်ခံရရန် ဖြစ်စေသည်။
တံမြက်စည်းရိုး ကျိုးသွားလို့ ကျမတော့ ထပ်အရိုက်မခံရတော့ဘူး ထင်နေသည့် အတွေးတို့က ဘယ်ကမှန်း မသိ ယူ လာ သည့် လက်လေးလုံး ပတ်လည်လောက်ရှိမည့် လေးထောင့်စပ်စပ် သစ်သားတုတ်ကို မြင်လိုက်ချိန်မှာတော့ တော်ပါသေးရဲ့ ဟူသည့် အတွေးတို့ လွင့်ပျယ်ကုန်သည်။
လက်တွင် သစ်သားတုတ် ကိုင်ဆောင်ထားသည့် ယူနီဖောင်းဝတ် လူကြီးက “ပါးစပ်က ရွတ်ဆိုပြီး ထိုင်ထ အခါတရာ လုပ်စမ်း” ဟု ခိုင်းစေချိန်မှာတော့ ကျမ ခြေထောက်တို့ လှုပ်လို့ မရအောင်ပင် နာကျင်နေသည်။
ကျမ လဲနေရာမှ မလှုပ်သည့်အတွက် ထိုလူကြီးက ထပ်ကာ စေခိုင်းပြန်သည်။ ယခုတခါတွင်တော့ လက်ထဲက သစ်သား တုတ်ဖြင့် ကျမ၏ ပေါင်ကို သုံးချက်ဆင့်ကာ လွှဲရိုက်ရင်း ထစမ်း ဆို၍ စေခိုင်းခြင်းပင်။
ပထမ တံမြက်စည်းဖြင့် ရိုက်ထားသည့် ဒဏ်ရာပေါ်သို့ လေးထောင့် သစ်သားတုတ်၏ ရိုက်ချက် ထပ်မံ ရောက်ရှိလာ ချိန် နာကျင်လွန်းလှသဖြင့် ထပ်ရိုက်မည်စိုးကာ ကျမ ရှိသမျှ အားအင်တို့ဖြင့် ကုန်းရုန်းထလိုက်သည်။
မနိုင့်တနိုင် ခန္ဓာကိုယ်ကို ထိန်းမတ်ရင်းဖြင့် ကျမ ထိုင်ထ လုပ်ခဲ့သည်။ မလုပ်နိုင်သည့် အချိန် ကျမ လဲကျ သွားလိုက်၊ ထိုလူကြီးက လက်ထဲက တုတ်ဖြင့် လွှဲရိုက် ပြန်ထခိုင်းလိုက်ဖြင့် ကျမကို နှိပ်စက်နေကြသည်။
ကျမကို ဖမ်းခေါ်လာချိန်ကတည်းက လက်နှစ်ဖက်ကို လက်ထိပ်ခတ်ခဲ့ကြပြီး ယခု လက်ထိပ်ခတ်လျက်ဖြင့် သူတို့ ကျမကို နှိပ်စက် ရိုက်နှက်နေကြသည်။
သူတို့ ပြောသည့် “မှောင်ရိပ်ခိုမှု” က ဥပဒေ ပုဒ်မ တခု ထင်ခဲ့မိသည်။ သို့သော်လည်း မှောင်ရိပ်ခိုမှု ဆိုတာ လူလူချင်း နှိပ်စက် ညှဉ်းပန်းရန် ခေါင်းစဉ် တပ်ပေးထားသည့် ဥပဒေ ဖြစ်နေမှန်း ကျမ အခု သိလိုက်ရသည်။
ကျမ ထိုင်ထ လုပ်နေချိန်တွင် နှုတ်ကနေ အမှတ်စဉ် မရေရွတ်လျှင်လည်း ထိုလူကြီးက ထပ်ရိုက်ပြန်သည်။
ကျမ တကိုယ်လုံး ဒဏ်ရာ ဒဏ်ချက် ဗရပွဖြင့် မျက်ရည်နှင့် ချွေးစက်တို့ ရောနှောကာ ဘယ်ဟာ မျက်ရည် ဘယ်ဟာ ချွေးမှန်း မသိအောင်ပင်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ၁ လပိုင်း ၅ ရက်က ကြုံခဲ့ရသည့် အဖြစ်အပျက်ဆိုး တခုကို လိင်တူ ချစ်သူတဦး ဖြစ်သည့် ထက်ထက် က ပြန်ပြောပြနေခြင်း ဖြစ်သည်။
ထက်ထက် တယောက်တည်း ရန်ကုန် တဖက်ကမ်းရှိ သံလျင်မြို့ ကျိုက်ခေါက် ဘုရားလမ်းဆုံတွင် ညအချိန် ထိုင်နေ မိခဲ့သည့် အတွက် ဖြစ်ပျက်ခဲ့ရသော အဖြစ်ဆိုး ဖြစ်သည်။
ထက်ထက် ထိုင်နေသည့် အချိန် ထိုအရပ် ရဲ တပ်ဖွဲ့ အပိုင်နယ်ထိန်းက ဦးဆောင်ပြီး မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီး ခေါ်ဆောင် ခံခဲ့ရသည်။
သူတို့ ပြောသည့် မှောင်ရိပ်ခိုမှုဖြင့် မဖမ်းခင် ထက်ထက်က “ကျမမှာ ဘာအပြစ် ရှိလို့လဲ” ဆိုပြီး ပြန်လည် မေးမြန်း ခဲ့သည်ဟုလည်း ပြောပြသည်။
“မခိုးထား မဝှက်ထားရင်တောင်မှ နင့်ကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းတယ်”ဟု သူတို့က ပြောဆိုပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အရပ်ဝတ် ၁ ဦး အပါအဝင် အားလုံးပေါင်း ၃ ယောက်က ထက်ထက်ကို လက်ထိပ်ခတ်ပြီး ဆိုင်ကယ်ပေါ် တင်ခေါ် ခဲ့ကြခြင်း ဖြစ်သည်။
“နောက်နောင် မလုပ်ပါဘူးလို့၊ နောက်နောင် လုပ်ရင် ဖမ်းပါ”ဆိုပြီး တောင်းပန်ခဲ့သည်ဟု ထက်ထက် က ပြောပြသည်။
သို့ပေမယ့် သူတို့က ထက်ထက် ရင်ဘတ်ကို အတင်း တွန်းလွှတ်ပြီး လက်ထိပ်ခတ်လိုက်ကြကာ ဆိုင်ကယ်ပေါ်တွင် ရဲတယောက်နှင့် အရပ်ဝတ်တယောက်ကြား ခွထိုင်ရင်း သူတို့ ဖမ်းဆီးရာနောက်သို့ လိုက်ခဲ့ရသည်ဟု ဆိုသည်။
ထိုသို့ ဖမ်းခေါ်သွားပြီးသည့်နောက် နယ်ထိန်းအပါအဝင် ရဲများက သူတို့ ဖမ်းဆီးမည့်နေရာကို တန်းမသွားသေးဘဲ ၁၅ မိနစ်ခန့် သူတို့ စစ်ဆေးရမည့် နေရာတွေအားလုံးကို ထက်ထက်အား လက်ထိပ် ခတ်ထားရင်းဖြင့် ခေါ်ဆောင်သွားကြ ကြောင်း ထက်ထက် က ပြောပြသည်။
ထက်ထက် ထင်မြင်မိသည်က သူတို့ ရဲစခန်းသို့ ဖမ်းခေါ်သွားမည်၊ ဟိုရောက်လျှင် ဒဏ်ကြေးရိုက်ကာ နောက်မလုပ် တော့ပါဟု ခံဝန်လက်မှတ် ထိုးခိုင်း၍ ပြန်လွှတ်မည်။ သို့သော် သူတို့ ရဲစခန်းကို ခေါ်မသွားခဲ့ကြ။
သံလျင်မြို့က နတ်စင်တရာ အုပ်ချုပ်ရေးမှူးရုံးကို ဖမ်းခေါ်သွားတာပါ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ရောက်သည့်အခါ ည ၉ နာရီ ထိုးပြီး ၁၅ မိနစ် ရှိပြီ်ဆိုသည်ကို ထက်ထက် သတိထားလိုက်မိသည်။
သူတို့ ရောက်သည့် အချိန်တွင် အုပ်ချုပ်ရေးမှူးက သူ့တာဝန် ထမ်းဆောင်ပြီး၍ ပြန်သွားခဲ့သည်။ အုပ်ချုပ်ရေးမှူး ပြနု်သွားပြီးနောက်မှာ ဖမ်းခေါ်လာသည့် နယ်ထိန်းက ထက်ထက်ကို တင်ပါးကနေ ပေါင်အဆုံးထိ ရိုက်ပါတော့သည်။
ထိုနယ်ထိန်း၏ ကိုယ်မှ အရက်နံ့ ခပ်ပြင်းပြင်းကိုလည်း ထက်ထက် ခံစားမိသည်။ အရက်သေစာ သောက်စားထားပြီး လက်နက် ကိုင်ထားသည့် အတွက် ထက်ထက် အရမ်းကို ကြောက်ရွံ့နေခဲ့သည်။
နှိပ်စက်ရိုက်နှက်နေသည့် အပြင် နှုတ်ကလည်း ယုတ်ညံ့သည့် စကားလုံးတို့ ပြောဆို၍ စစ်ဆေး မေးမြန်းခဲ့သည်။ မေးသည့် မေးခွန်းကို မဖြေလျှင် သစ်သားတုတ်ဖြင့် ထပ်ရိုက်ပြန်သည်။
“ဘာကြောင့် ထွက်တာလဲ၊ ခံချင်လို့ ထွက်တာလား” ထိုသို့ မေးလျှင် “ဟုတ်ပါတယ်” ဟု ပြန်ဖြေရသည်။
“ဘယ်လောက်ရလဲ” ထပ်မေးတဲ့အခါ “ငွေ သုံးထောင်ရတယ်” ဟု ပြန်ဖြေရသည်။ ထိုသို့ မဖြေလျှင်လည်း ထပ်ကာ ရိုက်နှက်မည့် ဒဏ်ကို ထက်ထက် ကြောက်သည်ဟု ပြောပြသည်။
သူတို့ စိတ်ကြိုက် နှိပ်စက် ပြီးသွားချိန်တွင်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးပေါ်ရှိ တိုင်တခုတွင် လက်ထိပ် ခတ်ထား လိုက်သည်။
“မင်းမိဘတွေကို ခေါ်ပြီး ပြန်အပ်မယ်။ ဒဏ်ငွေ ရိုက်ခံရမယ်။ ထောင် ၃ လလည်း ကျခံရမယ်” ဟုပြောပြီး မိဘများထံ ဖုန်းဖြင့် ဆက်သွယ်ခိုင်းခဲ့သည်။
ဖုန်းဆက်ခိုင်းသည့် အချိန်က ည ၁၂ ခွဲဖြစ်နေသည်။ ဘယ်သူမှ ဖုန်းကိုင်မည့်သူ မရှိ၍ ထက်ထက် တယောက် ကူကယ် ရာ မဲ့သည့် ည ဖြစ်ခဲ့ရသည်။
သို့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးပေါ်တွင် လက်ထိပ်ခတ်လျက်ဖြင့် ထက်ထက် တယောက်တည်းကို ထားရစ်ခဲ့ပြီး နယ်ထိန်းတို့ သုံးယောက်က ထွက်သွားကြသည်။
နံနက် ၅ နာရီခွဲ အရောက်တွင် သူတို့ ပြန်ရောက်လာကြပြီး “မင်းမိဘဆီ ဆက်သွယ်လို့ ရပြီလား” ဆိုပြီး ဖုန်းဆက်ရန် တယ်လီ ဖုန်းပေး၍ ခေါ်ခိုင်းပြန်သည်။
ထိုအခါ ဘကြီး တယောက်နှင့် အဆက်အသွယ်ရခဲ့သည်။ နံနက် ၆ နာရီခန့်တွင် ဘကြီး ဖြစ်သူက “ကျနော့် တူ နောက် မဖြစ်စေရပါဘူး”ဟု ပြော၍ ပြန်လာခေါ်ခဲ့သည်။

ထက်ထက်ကို နောက်မလုပ်ရန် ခံဝန်များ ထိုးခိုင်းခြင်း၊ ဒဏ်ငွေရိုက်ခြင်း မရှိဘဲ လူတယောက်ဖမ်းဆီး ရိုက်နှက်ခြင်းကို ကလေး ကစားသလို ပြုလုပ်၍ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
နောက်တရက် ၆ ရက်နေ့ နံနက်ပိုင်း အိမ်ပြန်ရောက်သည်နှင့် တညလုံး နှိပ်စက်ခံ၍ မအိပ်စက်ခဲ့ရသည့် ဒဏ်ကြောင့် တနေ့ကုန် အိပ်ယာထဲ လဲနေခဲ့သည်။ လက်ထဲတွင် ပိုက်ဆံလဲ မရှိ၍ ဒဏ်ကြေလိမ်းဆေး လိမ်း၊ အကိုက်အခဲ ပျောက် ဆေး သောက်ကာ ထက်ထက် ဝေဒနာကို ကြိတ်မှိတ်ခံစားခဲ့ရသည်ဟု ပြောပြသည်။
ပတ်ဝန်းကျင်က သိလျင်လည်း ကဲ့ရဲ့ရှုတ်ချမည်ကို သိနေသည်။ ရဲသွားတိုင်လျင်လည်း ရဲကိုယ်တိုင်က နှိပ်စက်သည့် အတွက် မည်သည့် ဥပဒေက ကာကွယ်ပေးမည်လဲ မသိ၍ ကြောက်ရွံ့နေခဲ့ရသည်။ ကိုယ့်ကို သူတပါးက မတရား နှိပ်စက်ထားသည့်တိုင် ရေငုံနှုတ်ပိတ် နေခဲ့ရသည်။
ထိုသို့ အိမ်ထဲတွင် အကိုက်အခဲပျောက်ဆေးလေး သောက်လိုက် ဒဏ်ကြေလိမ်းဆေးလေး လိမ်းလိုက်ဖြင့် တယောက် တည်း နေရင်း ရိုက်ထားသည့် ဒဏ်ရာများက ပြင်းထန်စွာ နာကျင်ခံစားနေရသည်။
ထိုအခြေအနေကို တအိမ်တည်း အတူနေပြီး ထက်ထက် ခံစားနေရသည်များကို သိရှိသည့် သူငယ်ချင်းက မိဘများကို သွား ပြောပေးခဲ့သည်။
ခဏကြာတော့ မိဘများ ရောက်ရှိလာပြီး ဆေးခန်းသွားပြရန် စီစဉ်ကြသည်။ သန်လျင်မြို့ ဘုရားကုန်းက ၂၄ နာရီ ဆေးခန်း ကိုသွားခဲ့သည်။
ဆေးခန်းတွင် တာဝန်ကျသည့် ဆရာဝန်မက “ဘာဖြစ်တာလဲ” မေးသည်။ ထိုအခါ ထက်ထက်က “ရဲတယောက်က ရိုက်လိုက်တာ” ဟု ပြောပြသည်။ ဖြစ်ပျက်လာသည့် အကြောင်းတရားကို သိသည့်နောက်တွင် ဆရာဝန် အမျိုးသမီးက သူ “မကုပေးနိုင်ပါဘူး”ဟု ငြင်ဆိုပြီး သန်လျင်ဆေးရုံကြီးကိုသာ သွားပါဟု ဆိုကာ ပြန်လွှတ်ခဲ့သည်။
ဒဏ်ရာ အညိုအမည်းများဖြင့် ထိုင်ရာကပင် ထရန် ခက်ခဲနေပြီး လူတွဲ၍ လမ်းလျှောက်နေရသည့် ထက်ထက် ဝေဒနာ ကို ကုသပေးမည့် ဆရာဝန်ပင် မရှိခဲ့ပါ။ ထက်ထက်လည်း သန်လျင်ဆေးရုံကြီးကို ဆက်မသွားရဲတော့သဖြင့် နေအိမ် သို့သာ ပြန်လာခဲ့ရသည်။
ထိုနေ့ ညနေစောင်းခန့်တွင် ကိုက်ခဲနာကျင်မှုဒဏ်ကို မခံစားနိုင်၍ ဆေးမကုပေးပါဟု ငြင်းလွှတ်ခဲ့သည့် ဆေးခန်းကိုပင် အရဲစွံ့ကာ ထပ်သွားပြန်သည်။
ဆေးခန်းရောက်တော့ နံနက်ပိုင်းက တွေ့ရသည် ဆရာဝန် အမျိုးသမီး မဟုတ်တော့ဘဲ အမျိုးသား ဆရာဝန်နှင့် တွေ့ရ သည်။
ထိုဆရာဝန်က ထက်ထက်ကို ကြည့်ပြီး သူဆေးတော့ ကုပေးမည် နောက်နောင် အမှုအခင်း ဖြစ်လာလျှင် သူနှင့် မသက် ဆိုင်ကြောင်း၊ အမှုဖြစ်ပါက သက်သေမလိုက်ပေးရကြောင်း လက်မှတ်ထိုးပေးလျှင် ဆေးကုပေးမည်ဟု ပြော သည်။
ကတိပြုချက် လက်မှတ် ထိုးပေးအပြီးတွင် ထက်ထက်ကို ဆေးထိုးပေးခြင်း၊ သောက်ဆေး ပေးခြင်းဖြင့် ဆေးကုသခွင့် ရခဲ့သည်။
ထို့နောက် ထက်ထက် သတင်းကို ကြားသိလိုက်သည့် သူတဦးက ထက်ထက်ဆီသို့ ရောက်ရှိလာပြီး ထက်ထက်၏ နှိပ်စက် ခံရမှုအတွက် တရားဥပဒေ စိုးမိုးမှု ရရှိရန် Colour Rainbow အဖွဲ့သို့ ဆက်သွယ်ပေးခဲ့သည်ဟု ဆိုသည်။
ထက်ထက်သည် အသက် ၆ နှစ်အရွယ် သူငယ်တန်း စတက်သည့် အရွယ်ကတည်းက မိန်းမစိတ် တိမ်းညွှတ်နေခဲ့ ကြောင်း သိရသည်။
အမျိုးသား ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့သော်လည်း လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားသော အမျိုးသား ဆိုသည့် ပုံစံ အတိုင်းမနေဘဲ အမျိုးသမီးကဲ့သို့ ခံယူနေထိုုင်သူ၊ ဆန့်ကျင့်ဘက် လိင်ကဲ့သို့ ပြောင်းလဲ ခံယူနေထိုင်သူ အမျိုးသမီး ၊ အရပ်အခေါ် မိန်းမလျာ (Gay) တဦး ဖြစ်ခဲ့သည်။
အသက် ၁၂ နှစ်၊ ၁၃ နှစ် အရောက်တွင် လုံးဝကို မိန်းမစိတ် ပေါက်နေပြီ ဖြစ်သည်။ ထို အချိန်မှစတင်၍ မိန်းမကဲ့သို့ ပင် ဝတ်စားပြီး မိန်းမ တယောက်အဖြစ် ခံယူလိုက်သည်။ ထို့နောက် ကျောင်းထွက်ခဲ့သည်။
ငါးတန်းအထိ ပညာသင်ကြားခဲ့ဖူးပြီး ထိုမှစတင်၍ နတ်ကတော်တဦးနှင့် အလုပ်သင်သဘောမျိုး လိုက်ပါခဲ့သည်။ တပည့် တယောက်အနေဖြင့် ထိုနတ်ကတော်က မွေးခဲ့ပြီး နတ်ရေစင်တိုက်ကာ နတ်ကတော်ဖြစ်ရေး သင်ပေးခဲ့သည်။
ပွင့်လင်းရာသီ ကုန်ချိန်နှင့် မိုးတွင်းကာလများတွင် ၆ လခန့် နတ်ကတော်တို့ အလုပ်လက်မဲ့ ဖြစ်ရသည်။ ထိုအချိန်တွင် ငွေရေး ကြေးရေးနှင့် စားဝတ်နေရေးအတွက် ရရာအလုပ်လုပ်ရင်း ဖြေရှင်းရသည်။
ထက်ထက်တို့ကဲ့သို့ ပညာ အရည်အချင်း နည်းပါးပြီး မိတ်ကောင်း၊ ဆွေကောင်း၊ အဆက်သွယ်ကောင်း မရှိသည့် မိန်းမလျာ (လိင်တူ ချစ်သူ)များ အတွက် ဘဝရပ်တည်ရေး ခက်ခဲခဲ့သည်။
ထိုကြောင့် ညဘက် အပြင်ထွက်၍ ငွေကျပ် သုံးထောင်ခန့်သာ အများဆုံးရမည့် လိင် အရောင်းအဝယ်လုပ်သူ (Sex worker) တယောက်အဖြစ် အသက်မွေးသည်။
“ဆယ်ကွေ့ တကွေ့မှာတော့ ရှိခဲ့ပါတယ်။ ကိုယ့်ကိစ္စ ကိုယ့်အလုပ်နဲ့ ထွက်တာရှိသလို ဖျားနာနေတဲ့ အခါမှသာ မထွက် တာပါ။ ထွက်တဲ့ အခါမှာ ပိုက်ဆံရယ်လို့ လိုချင်တပ်မက်စိတ်နဲ့ ထွက်ခဲ့တာ မရှိပါဘူး။ အများဆုံး ပိုက်ဆံ တောင်းလို့ ရ တယ် ဆိုတာကလည်း ၂ ထောင် ၃ ထောင်အပြင် ပိုမရခဲ့ပါဘူး”ဟု ထက်ထက်က သူ့ရဲ့ ဘဝဖြတ်သန်းပုံကို ပြောပြ သည်။
လာခေါ်တုန်းက တယောက် ဝိုင်းအနိုင်ကျင့်ကြတော့ လေးငါးယောက်နဲ့ သူတို့ ဖြတ်သန်းနေရသည့် Sex worker တို့၏ ဘဝများ၊ ရဲ လာဖမ်းချိန် ငွေဒဏ်ရိုက် နှိပ်စက်ပြီးမှ အိမ်ပြန်ခဲ့ရချိန်များ၊ ကံမကောင်းလျင် ဓားထောက်၍ပင် ကိုယ့် ပိုင်ဆိုင်မှု အလုခံရချိန် ဝမ်းနည်းပေးမည့်သူ မရှိသော လူမှု ပတ်ဝန်းကျင်တွင် သူတို့နေထိုင် ဖြတ်သန်း နေရသည့် အခက်အခဲများက အပြည့်ဟုလည်း ထက်ထက် က ပြောပြပါသည်။
သူတို့အတွက် ဘယ်ဥပဒေက ကာကွယ်ပေးလို့ ဘယ်ဌာနက သူတို့ကို လူသား ဖြစ်တည်မှု တခုအနေနှင့် သတ်မှတ် ဆက်ဆံ ကြမည်လဲ ဆိုသည်ကို ထက်ထက် က မေးခွန်းထုတ်ခဲ့သည်။
ယနေ့ အချိန်ထိလည်း လူသား တယောက်အဖြစ် မွေးဖွားလာသည့်တိုင်၊ လူသား တယောက်အနေဖြင့် ပြုမူပြောဆို နေထိုင်သည့်တိုင် လူသားအချင်းချင်း နှိမ့်ချ ဆက်ဆံခံရမှုများနှင့်သာ ကြုံတွေ့မှုများ နေရသည့် ထက်ထက်၏ မေးခွန်း အတွက် မည်သူတွေက ဖြေဆိုနိုင်မည်လဲ ဆိုသည်ကို သိချင်နေမိပါသည်။ ။
(ယခု ဖော်ပြခဲ့သည့် ထက်ထက်၏ ညှဉ်းပန်း နှိပ်စက်ခံရမှုအား လိင်တူ ချစ်သူ LGBT အရေး ဆောင်ရွက်နေသည့် Colour Rainbow က တရားဥပဒေ၏ အကာအကွယ် ရရှိနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။)