Women & Gender

ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ပဋိပက္ခကြားမှ အမျိုးသမီးများ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

“တကယ်လို့ ကျမက အလုပ်(တောင်ယာ)သွားလို့ ထိတယ်ဆိုရင် လမ်းမှာ မိုင်းထောင်ထားလို့၊ အခုက ကျမတို့ ကြောက်လို့ အလုပ်မလုပ်ပဲ အိမ်မှာ နေရင်းနဲ့ ထိတာ ကြုံခဲ့ရတယ်”။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နမ့်ဆန်မြို့နယ်မှ အသက် ၂၇ နှစ်အရွယ် လွေးအီဆိုင်က ၎င်းကိုယ်ဝန်၈ လ ရှိနေသည့် အချိန်တွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် အကြောင်းကို ပြောပြသည်။

မြန်မာ့ တပ်မတော်နှင့် တအာန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲများကြောင့် ၎င်း၏ ခြံဝင်းအတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တလုံး ကျ နေရာ မသိပဲ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်က ၄ နှစ်အရွယ် သမီးနှင့် အတူ အမှိုက်များကို မီးရှို့ရင်း လက်နက်ကြီးကျည် ပေါက်ကွဲရာ ကျည်စများ ထိမှန်ခဲ့သည်။

လွေးအီဆိုင်တွင် ခါး၊ ခြေသလုံးနှင့် ခြေချောင်းများ ကျည်စထိမှန်ပြီး ၎င်း၏ ၄ နှစ်အရွယ် သမီးတွင် ခေါင်း ၊ ခြေသလုံး၊ ပေါင်နှင့် ကျောတို့တွင် ထိမှန်ပြီး သမီးဖြစ်သူမှာ အကြားအာရုံ ထိခိုက်သွားသည်။

လက်နက်ကြီးကျည်စထိသည့် ဒဏ်ရာများကြောင့် လွေးအီဆိုင်မှာ ကိုယ်ဝန်ကို လမစေ့ပဲ အရေးပေါ် ခွဲမွေးခဲ့ရပြီး ကျည်စ ထိ ဒဏ်ရာများသက်သာလာပြီဖြစ်သော်လည်း ခါးထဲမှ တဆင့် အသားထဲ ဝင်သွားပြီး အသည်းနားတွင် ရှိနေသေးသည့် ကျည်စများကိုမူ ယနေ့ထိ ခွဲထုတ်နိုင်ခြင်း မရှိသေးဘဲ ဆေးကုသစရိတ်လည်း လိုအပ်နေဆဲ ဖြစ်သည်။

လွေးအီဆိုင်က ပြည်သူလူထုအနေနဲ့ စစ်ကို ရပ်တန့်စေချင်ပြီဖြစ်ပြီး စစ်ပွဲအတွင်း ပညာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာခဲ့ရသူများကို အစိုးရက ကူညီထောက်ပံံ့ပေးစေလိုသည်ဟုလည်း တောင်းဆိုသည်။

“တိုက်ပွဲတွေကို မရှိစေချင်ပါဘူး။ ထိခိုက်သွားသူတွေကိုလည်း ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးစေချင်ပါတယ်။ စီးပွားရေး လုပ်နိုင်အောင်၊ အသက်မွေးဝမ်းကျောင်း လုပ်နိုင်အောင်လည်း အစိုးရက ကူညီပေးစေချင်ပါတယ်”ဟု လွေးအီဆိုင်က ပြောသည်။

ယင်းသို့ တောင်းဆိုခြင်းသည် လွေးအီဆိုင် တယောက်တည်း မဟုတ်ပါ။

ငြိမ်းချမ်းရေးအတွက် အမှန်တရားကို ဖွင့်ဟခြင်း အစီရင်ခံစာ

ပြည်တွင်းစစ်ဒဏ်ခံစားနေသူများနှင့် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ပါဝင်ခဲ့ကြရင်း ထိခိုက်နစ်နာခဲ့သည့် အမျိုးသမီးများအတွက် ဘဝပြန်လည်ထူထောင်ရေးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသည့် ခေါင်းဆောင်များ ထည့်သွင်းစဉ်းစားပေးပါဟု ထိခိုက်နစ်နာခဲ့သူ အမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်း ၄ ဖွဲ့ကလည်း တောင်းဆိုခဲ့ကြသည်။

“ငြိမ်းချမ်းရေးအတွက် အမှန်တရားကို ဖွင့်ဟခြင်း”ဟု အမည်ပေးထားသည့် အစီရင်ခံစာနှင့် မှတ်တမ်းရုပ်ရှင်ပြပွဲကို မတ်လ ၂၄ ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင် ပြုလုပ်ရာ ထိုပွဲတွင် ပြည်တွင်းစစ်ကြားမှ ဘဝအတွေ့အကြုံများကို ပြောပြခဲ့သည့် အမျိုးသမီးများနှင့် အစီရင်ခံစာကို ပြုစုထားသည့် အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးအဖွဲ့ (AJAR) ၊ ကရင်အမျိုးသမီးအစည်းအရုံး (KNO) ၊ တအာန်းအမျိုးသမီးအဖွဲ့အစည်း (TWO) နှင့် ဝိမုတ္တိအမျိုးသမီး အဖွဲ့အစည်း (WNO)တို့မှ အမျိုးသမီးများက ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အစီရင်ခံစာကို သုတေသနပြုရာတွင် ပါဝင်သည့် ဒေါ်မိုင်းဂျာက “ နိုင်ငံတော်အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကျမတို့ တိုက်တွန်းချင်တာ ရှိတယ်။ ကျမတို့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ အတွက် တကယ်တည်ဆောက်နေတယ်ဆိုရင် ခံစားခဲ့ရတဲ့ ရှင်သန်လွတ်မြောက်သူတွေ ရဲ့ဘဝပြန်လည်ထူထောင်ရေးကို လည်း ထည့်ပြီး စဉ်းစားပေးသင့်တယ်လို့ တိုက်တွန်း လိုပါတယ်”ဟု ပြောသည်။

ပြည်တွင်းစစ် ဖြစ်ပွားသည့် ဒေသတွင် နေထိုင်နေကြရသည့် အမျိုးသမီးများ နှင့် ဒီမိုကရေစီကူးပြောင်းရေးအတွက် နိုင်ငံရေးလှုပ်ရှားခဲ့ကြသည့် အမျိုးသမီးများမှာ အာဏာပိုင်အစိုးရများ၏ ဖိနှိပ်ဖမ်းဆီးခံရခြင်းများကြောင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ ပျက်ယွင်းသွားသည်များ ရင်ဆိုင်နေရပြီး စစ်ဘေးသင့်သည့် ဒေသများတွင် ရင်ဆိုင် ကြုံတွေ့ရသည့် အန္တရာယ်များကြောင့် ယနေ့အချိန်တွင် နလန်မထူနိုင်ပဲ ရုန်းကန်နေကြသည်ဟုလည်း သူတို့က ပြောကြသည်။

နိုင်ငံရေးအကျဉ်းသူဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ဟောင်းတဦးဖြစ်သည့် ဒေါ်သက်သက်လွင် ကလည်း ၁၉၈၈ ခုနှစ်က သမိုင်းဂုဏ်ထူးတန်း တတ်နေသည့် ကျောင်းသူတဦးအနေဖြင့် ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် NLD တွင်း ပါဝင်လှုပ်ရှားနေခြင်းကြောင့် ၆ ကြိမ်ခန့် ဖမ်းဆီးခံခဲ့ရပြီး နောက်ဆုံး ဖမ်းဆီးသည့် အကြိမ်တွင် လူ့ဂုဏ်သိက္ခာနှင့် မညီပဲ နေအိမ်ရှေ့တွင် လက်ထိပ်ခတ်ကာ ရိုက်နှက်ဖမ်းဆီးခြင်းကြောင့် ဝတ်ထားသည့် အကျီနှင့် လုံချည်များ ပြဲသွားပြီး ထိုပုံစံအတိုင်း ဖမ်းခံခဲ့ရသည့်အကြောင်းကို ပြောပြသည်။

နိုင်ငံရေးလုပ်သဖြင့် ဖမ်းဆီးခံရရာတွင် အမျိုးသမီးဂုဏ်သိက္ခာနှင့် မညီပဲ ဖမ်းဆီးခံရသည်ကို ရင်ဆိုင်ခဲ့ရပြီး ပညာရေး၊ စီးပွားရေးများလည်း ပျက်စီးသွားကြောင်း၊ နိုင်ငံရေးအကျဉ်းသားအများစုမှာ ငယ်ရွယ်သည့် အချိန်တွင် ဖမ်းဆီး နှိပ်စက် ခံခဲ့ရသဖြင့် ၎င်းကဲ့သို့ပဲ လက်ရှိအချိန်တွင် အိမ်မရှိ ဝင်ငွေကောင်းမရှိပဲ ဒုက္ခရောက်နေကြောင်း၊ ယခုကဲ့သို့ ပြောဆိုနေခြင်း မှာ အကြွေးပြန်တောင်းလိုခြင်း အခွင့်အရေးတောင်းလိုခြင်း သဘောမျိုး မဟုတ်ပဲ ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြခြင်းသာ ဖြစ်သည်ဟုလည်း ဒေါ်သက်သက်လွင်က ဆိုသည်။

ငြိမ်းချမ်းရေးအတွက် အမှန်တရားကို ဖွင့်ဟခြင်း အစီရင်ခံစာ

ဆက်လက်၍ ဒေါ်သက်သက်လွင်က “ ပြည်သူတိုက်ပွဲဝင်ခဲ့တဲ့ NLDအစိုးရ၊ ကျမတို့ ပခုံးထမ်းတင်ခဲ့တဲ့ အစိုးရက ကျမတို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သတ်ပြီး ကျမတို့ကို အသိမှတ်မပြုပါဘူး။ ယနေ့ချိန်မှာ ကျမတို့ အရွေ့တခုကို ရောက်ရှိ နေတယ်ဆိုတာ ဒီလိုမျိုးဘဝတွေကို ပေးဆပ်ပြီး ကျမတို့ ဘဝပျက်နေတဲ့ နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်မှုကြောင့် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး”ဟုလည်း ပြောသည်။

မိတ်ဆက်လိုက်သည့် အစီရင်ခံစာတွင် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသည့် အမျိုးသမီးများနှင့် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း ကာလအတွက် ပါဝင်ရင်း နစ်နာပြီး မိသားစုဘဝ ပျက်ဆီးခဲ့ရသည့် နိုင်ငံရေး လှုပ်ရှားခဲ့သူ နိုင်ငံရေး အကျဉ်းသူဟောင်းများနှင့် မြေယာ ဆုံးရှုံးနေသူများအတွက် အခွင့်အရေး တောင်းဆိုရင်း တတ်ကြွလှုပ်ရှား နေကြသည့် အမျိုးသမီးများ စုစုပေါင်း ၃၁ ဦးတို့ ကြုံတွေ့ဖြတ်သန်းခဲ့ရသည်များကို မေးမြန်း ဖော်ပြထားသည်။

ပြည်တွင်းစစ်ကာလအတွင်း အမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြောင့် မိသားစုဝင်များ သေဆုံးသွားခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားခြင်းနှင့် စစ်ပွဲအတွင်း အဓမ္မပြုကျင့်ခံရခြင်းတို့ကို ဖြေဆိုထားကြသည်ကိုလည်း တွေ့ရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း ၆ လခန့် အချိန်ယူပြီး အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးများကို မေးမြန်းမှုများ ပြုလုပ်ကာ ပြုစုထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။

အစီရင်ခံစာကို ပြုစုရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်တွင်းစစ်နှင့် ဒီမိုကရေစီအကူးအပြောင်းကာလ အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရပြီး နစ်နာခဲ့သည့် အမျိုးသမီးများဆီမှ ကြုံတွေ့ခဲ့ရသည့် အမှန်တရားများ ပေါ်ထွက် စေရေး၊ မတရားပြုမှုခဲ့သူများမှာ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသည်ကို ပပျောက်စေလိုရေး ၊ တရားမျှတမှု ရရှိရေးနှင့် နစ်နာခဲ့ရသည့် အမျိုးသမီးများအတွက် ပြန်လည်ကုစားမှုများ ပေးရေးတို့ အတွက် အစိုးရကို အကြံပြုချက် ပေးနိုင်ရန် ဖြစ်သည်ဟု သိရသည်။

AJAR မှ ဒါရိုက်တာ Galuh Wandita က သုတေသနပြုချက်များအရ အခွင့်အရေးချိုးဖောက်ခံရသည့် အမျိုးသမီးများမှာ နိုင်ငံရေးအခွင့်အရေးများသာ ချိုးဖောက်ခံရခြင်း မဟုတ်ပဲ စီးပွားရေးနှင့် လူမှုရေး အခွင့်အရေးလည်း ချိုးဖောက်ခံကြရ သည်ကို တွေ့ရသည်ဟု ပြောသည်။

Galuh Wandita က “ နိုင်ငံတော်တော်များများက အစိုးရတွေက ပြည်တွင်းက သာမာန်လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်ပေမယ့် သူတို့ ကိုယ်တိုင်ချိုးဖောက်ရင်တော့ ဖြစ်စဉ်တွေကို လျစ်လျူရှုကြတယ်။ နိုင်ငံတော်က ချိုးဖောက်တာတွေကို ငြင်းကြတယ်။ ကျူးလွန်သူတွေက ကင်းလွတ်ခွင့်ရနေကြတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေက အားမရှိပဲ ဖြစ်နေကြရတယ်”လို့လည်း ပြောပါတယ်။

ထို့ကြောင့် အခွင့်အရေးချိုးဖောက်ခံရပြီး လူနေမှုဘဝပျက်ဆီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ယနေ့ထိ ရှင်သန်လွတ်မြောက် အောင် ကြိုးစားနေသည့် အမျိုးသမီးများ၏ စကားသံများ၊ ၎င်းတို့ တွေ့ကြုံခဲ့ရသည်များကို ပြောထွက်လာရန် ၊ တရားမျှမှုကို တောင်းဆိုရန် လိုအပ်သည်ဟုလည်း Galuh Wandita က ဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading