“ကျမတို့ ရုံးကပြစ်ဒဏ်ချမှတ်တဲ့အပိုင်းပဲ ဆောင်ရွက်တာပါ။ အမှန်တကယ် သေဒဏ်ပေးတာကတော့ အကျဉ်း ထောင်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်”
မတ္တရာမြို့နယ်က အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး သက်ငယ်မုဒိမ်းမှုနဲ့ တရားစွဲခံထားရသူကို အသက် မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ ပြင်ဦးလွင် ခရိုင်တရားရုံးကနေ အမိန့် ချမှတ်လိုက်ပါတယ်။
အဲဒီအပေါ် အမိန့်ချမှတ်တဲ့နေ့မှာပဲ ပြင်ဦးလွင် ခရိုင်တရားရုံးက ပြန်ကြားရေး အရာရှိတယောက်ဖြစ်တဲ့ ဒေါ်ဌေးဌေးမော်က မီဒီယာတွေကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် သေဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာ သေဒဏ်ပေးနိုင်တဲ့ ဥပဒေတွေကို ရုတ်သိမ်းနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ အခုလိုသေဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းကိုလည်း ပြည်သူတွေက စိတ်ဝင်စားနေကြပါတယ်။
“အဲ့ဒါတွေ့တော့ နည်းနည်း အံအားသင့်သွားတယ်။ သေဒဏ်ဆိုတာက အရင်ကတည်းက တည်ဆဲဥပဒေမှာ ရှိခဲ့တယ်။ သေဒဏ်ဆိုတဲ့ ပြစ်ဒဏ်ပေးပြီးတော့ မသတ်ဘဲနဲ့ ကြိုးတိုက်ထဲမှာနေရတဲ့ သေဒဏ်သမားတွေလည်း အခုချိန်ထိ ထောင်ထဲမှာ ရှိနေသေးတယ်ဆိုတာ ကြားရတော့ တကယ်ပဲ ရေးထားသလို မသေမချင်း သေဒဏ် ချမှတ်တယ်ဆိုတာဟာ တကယ်သတ်တာလား၊ မသတ်ဘူးလား ဆိုတာကလည်း မေးခွန်းတွေဖြစ်နေတယ်။ ဒါက အမိန့်ချမှတ်လိုက်တာပဲ ဖြစ်နေတော့ နောက်ထပ် စောင့်ကြည့်ရဦးမယ်လို့ ထင်တယ်”လို့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ မခင်လေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေရှိပေမယ့် ၁၉၈၈ ခုနှစ် နောက်ပိုင်း တရားရုံးကနေ သေဒဏ်ချမှတ်ခြင်း မရှိတာဟာ နှစ်ပေါင်း ၃၀ ကျော်နေရှိပါပြီ။
အခုတကြိမ်မှာတော့ ပြစ်မှုကျူးလွန်သူကို ၁၀ ရက်ကျော်အတွင်း ရုံးချိန်း ၅ ကြိမ် စစ်ဆေးကြားနာမှုအပြီး မတ် လ ၂၄ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းမှာ နေထိုင်တဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အသက် ၂၅ နှစ်အရွယ် မောင်ဖြိုးထက်အောင်က ငှက်ပျောတောထဲသို့ ပွေ့ချီခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ပါတယ်။
အဓမ္မပြုကျင့်စဉ်အတွင်း ကလေးမအော်နိုင်အောင် ပါးစပ်အတွင်းသို့ ငှက်ပျောသီးအမှည့်တွေ ထည့်သွင်းခဲ့ တယ်လို့ ဆိုပါတယ်။
ကလေးငယ်ရဲ့မိဘတွေက လိုက်လံရှာဖွေချိန်မှာ ကလေးငယ်နဲ့အတူ တရားခံကိုပါတွေ့ရှိပြီး ကလေးကတော့ နှုတ်ခမ်းတွေပြာနေကာ အသက်မဲ့နေခဲ့ပါပြီ။
ဒါကြောင့် မတ္တရာပြည်သူတွေကလည်း ဒီလို လူသတ်မုဒိန်းမှုကို သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ကလေးငယ်ရဲ့ဖခင်ကတော့ တရားခံကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် နောက်ထပ် တခြားမိဘတွေ သူတို့လို မခံစားရအောင် လုပ်တာမို့ အခုလို အမိန့်ချမှတ်တာကို လက်ခံတယ်လို့ ဆိုပါတယ်။
သေဒဏ်ချမှတ်တာဟာ သက်ငယ်မုဒိမ်းမှုကြောင့်မဟုတ်ဘဲ လူသတ်မှုပုဒ်မ ၃၀၂(၁)(ဂ) အရ ချမှတ်တာလို့ ဒေါ်ဌေးဌေးမော် ကပြောပါတယ်။
သက်ငယ်မုဒိန်းမှုက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်အနှစ် ၂၀ သာချမှတ်ထားပြီး မုဒိန်းမှုကို ကျူးလွန်စဉ် အတောအတွင်းမှာ တဆက်တည်း လူသတ်မှုကို ကျူးလွန်တဲ့အတွက်ကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ချမှတ်တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းမှာတော့ သေဒဏ်အထိ ချမှတ်တဲ့ ဥပဒေတွေကို ထည့်သွင်းရေးဆွဲထားတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး နော်သာဝါးက ပြောပါတယ်။
“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမှာလည်း သေဒဏ်အထိပေးနိုင်တဲ့ ဥပဒေ တွေပါတယ်။ မုဒိမ်းမှုကို ကျူးလွန်ရာကနေ အသက်သေဆုံးသွားတယ်ဆိုရင် သေဏ်ပေးထားတာ ရှိပါတယ်။ နောက်တခုကတော့ မုဒိမ်းမှုကို အုပ်စုဖွဲ့ကျူးလွန်ရင်လည်း ဒါသေဒဏ်ထိုက်သင့်တယ်ဆိုပြီး ကျမတို့ ပြစ်ဒဏ် ထည့်သွင်းထားပါတယ်”
ဒီဥပဒေမူကြမ်းကို ၂ဝဝ၈ ခုနှစ်ကတည်းက ရေးဆွဲနေတာဖြစ်ပြီး အခုချိန်မှာတော့ ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပြန်လည်ပေးပို့ထားပြီး ဖြစ်ပါတယ်။
နော်သာဝါး အနေနဲ့လည်း အခုလို လူသတ်မုဒိမ်းမှုကို သေဒဏ်ပေးတာဟာ ထိုက်သင့်တဲ့ ပြစ်ဒဏ်လို့ ဆိုပါတယ်။
သက်ငယ်မုဒိမ်းနဲ့ လူသတ်မုဒိမ်းမှုတွေကို သေဒဏ်ပေးဖို့ လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်နေပြီး ပြည်သူတွေ လက်မှတ်ထိုး ထောက်ခံမှုတွေ ကောက်ခံတာကို 4 Women Voice အမျိုးသမီးအဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်နေပါတယ်။ အခုချိန်မှာ လက်မှတ် ၅ သောင်းကျော် ရရှိနေပြီး လက်မှတ် ၃ သိန်းအထိ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်မှတ်တွေကို နိုင်ငံတော်သမ္ပတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ဥပဒေမူကြမ်း ကော်မတီ တို့ကို အသနားခံစာတင်ပြီး အမှန်တကယ်တာဝန်ယူပေးနိုင်တဲ့ ကိုယ်စားလှယ်တယောက်ကနေ လွှတ်တော် လေးရပ်စလုံးမှာ တင်ပြဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ မြင့်တက်နေတဲ့ အခုလိုအချိန်မှာ သေဒဏ်ဟာ သက်ငယ်မုဒိမ်း၊ လူသတ် မုဒိမ်းတွေကို အမှန်တကယ် ဟန့်တားစေနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပေမယ့် စံပြအနေနဲ့သာ ချမှတ်သင့်ပြီး နောက်ပိုင်းမှာတော့ သေဒဏ်ကြောင့် မကျူးလွန်ဘူးဆိုတာထက် မကျူးလွန်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်ဆိုတာကို အသိပညာပေးမှုတွေနဲ့ပါ တွဲပြီးလုပ်ဆောင်သင့်တယ်လို့ ထောက်ပြ ပြောဆိုလာကြပါတယ်။
မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှု တရက်ကို ၂ မှုနှုန်းနဲ့ ဖြစ်ပွားနေတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်ထဲ ရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ ၂ဝ၁၇ ခုနှစ်အတွင်း အဓမ္မပြုကျင့်ခံရနှုန်း တရက်မှာ ၃ မှုလောက် ဖြစ်ပွားနေတဲ့အထဲမှာ သက်ငယ်မုဒိမ်းမှုက တရက်မှာ အနည်းဆုံး ၂ မှုနှုန်းနဲ့ ဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။ ၂ဝ၁၇ ခုနှစ်အတွင်း အဓမ္မပြုကျင့်ခံရမှုပေါင်း ၁၄ဝဝ ကျော်ရှိပြီး ၂ဝ၁၆ ခုနှစ် အတွင်းဖြစ်ပွားခဲ့တဲ့ အမှုတွေထက် ၃ဝဝ ကျော် ပိုမိုဖြစ်ပွားခဲ့ပါတယ်။
သက်ငယ်မုဒိမ်းနဲ့ လူသတ်မုဒိမ်းမှုတွေအတွက် စံပြပြစ်ဒဏ်လို့ ပြောလို့ရတဲ့ မတ္တရာမြို့နယ်က သက်ငယ်မုဒိမ်းမှုမှာ တရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ခြင်းဟာ အခုချိန်ထိတော့ လက်တွေ့မှာ ဘယ်လို ဆောင်ရွက်မလဲ မသိနိုင်သေးတဲ့ အခြေအနေတခုပါ။
အရင်တုန်းကလို သေဒဏ်ချမှတ်ထားပြီး တရားခံဟာ ထောင်ထဲမှာပဲ တသက်လုံး အသက်ရှင်နေထိုင်သွား ရမလား၊ တရားရုံးက အမိန့်ချခဲ့သလို တကယ်ပဲ မသေမချင်း ကြိုးကွင်းစွပ် သတ်မလား ဆိုတာကတော့ မေးခွန်းထုတ်နေကြရဆဲ ဒွိဟဖြစ်စရာ အခြေအနေ တခုအဖြစ်သာ ရှိနေပါသေးတယ်။
( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထူထောင်ထားသော HI (Honest Information) ၏ ဝက်ဘ်ဆိုက် www.hiburma.net မှ ကူးယူဖော်ပြသည်)