၁၉၉၀ ပြည့်နှစ် မတိုင်မီကာလတွေတုန်းက ပြည်တွင်းစစ်တွေမှာ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရင်း အဆုံးသတ်သွားတာ ၅ ခုမှာ ၁ ခုသာ ရှိခဲ့ပါတယ်။ ကျန်လေးခုကတော့ တဖက်က အနိုင်ရပြီး၊ အဆုံးသတ်သွားပါတယ်။ များသောအားဖြင့်ကတော့ အစိုးရတပ်များဘက်က အနိုင်ရလေ့ရှိပါတယ်။
၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းကာလကျတော့ အနိုင်ရယူပြီး၊ ပြည်တွင်းစစ်များကို အဆုံးသတ်တဲ့ အယူအဆတွေက ပြောင်းလဲလာပါတယ်။ စစ်ပွဲမှာ အနိုင်ရပေမယ့် တိုင်းပြည်တည်ဆောက်ရေးအတွက် အခက်အခဲတွေ၊ နောက်ဆက်တွဲပြဿနာတွေ ကြီးမားလာတဲ့ သင်ခန်းစာများစွာ ပေါ်ထွက်လာတဲ့အတွက် စစ်အနိုင်တိုက်ဖို့ထက် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းခြင်းကိုသာ ပိုမိုအားသန်လာကြပါတယ်။
၁၉၉၀ ပြည့်နှစ် ကနေ ၂၀၀၀ ပြည့်နှစ်အတွင်းမှာတော့ ပြည်တွင်းစစ်များရဲ့ တဝက်ခန့်ဟာ ဆွေးနွေး အဖြေရှာထားသော ရလဒ် (negotiated settlement)နဲ့ အဆုံးသတ်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် အလွန်ကာလတွေမှာတော့ ပဋိပက္ခများကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဘက်ပေါင်းစုံက stakeholders အများစုက လက်ခံစပြုလာကြပါတယ်။
စစ်ပွဲများ အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း (peacemaking) သဘောတရားကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိလာပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းဟာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်စဉ်များဟာ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အရေးပါတဲ့ မောင်းနှင်အားတွေပဲ ဖြစ်ပါတယ်။
စစ်ရေးနည်းနဲ့ ဖြေရှင်းအနိုင်ယူထားတဲ့ ပဋိပက္ခများဟာ ထပ်မံဖြစ်ပွားလာဖို့ မြန်ဆန်ပြီး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖြေရှင်းထားတဲ့ ပဋိပက္ခများကတော့ ထပ်မံဖြစ်ပွားလာနိုင်ချေ နည်းပါးပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း ဖြစ်စဉ်ဟာ လက်နက်ကိုင်ပဋိပက္ခများကိုတင် အဆုံးသတ်နိုင်တာ မဟုတ်ပါဘူး။ အင်စတီကျူးရှင်းများ၊ ဖွဲ့စည်းပုံများနဲ့ ဆက်နွယ်ပတ်သက်မှုများကိုပါ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နိုင်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်များကို အကောင်အထည်ဖော်ဆောင်နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပဋိပက္ခအလွန် တိုင်းပြည်တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်မူများကိုလဲ ချမှတ်နိုင်ပါတယ်။
ဒီလို အနာဂတ် တိုင်းပြည်တည်ဆောက်ရေးမှာ အရေးပါလှတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ အများပြည်သူ ပါဝင်မှုအားကောင်းဖို့ လိုအပ်လှပါတယ်။ အထူးသဖြင့် လူဦးရေ တဝက်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများ ပါဝင်ရေးက အရေးကြီးလှပါတယ်။
အမျိုးသမီးများအပါအဝင် အများပြည်သူရဲ့ ပါဝင်မှု လိုအပ်ချက်ဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ ဆက်နွယ်ပတ်သက်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်က တည်ငြိမ်အေးချမ်းရေးလား သို့မဟုတ် ရေရှည်ခံငြိမ်းချမ်းရေးလား ဆိုတာကို သုံးသပ်ဖို့လိုအပ်ပါတယ်။
တည်ငြိမ်အေးချမ်းရေး အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းလို့ ခံယူသူများကတော့ နှစ်ဖက်တိုက်ခိုက်နေသူများအကြား ဆွေးနွေးညှိနှိုင်းလိုက်ရင် အဖြေရနိုင်တာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စရာ မလိုကြောင်း ဆိုတတ်ကြပါတယ်။
ရေရှည်ခံ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းလို့ ခံယူသူများကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ ကျယ်ပြန့်စွာ ပါဝင်မှု မြင့်မားရေးကို တောင်းဆိုကြပါတယ်။ ပါဝင်မှုအားနည်းတဲ့အခါ သေနတ်ရှိမှ စကားပြောမှာလား ဆိုတဲ့ အယူအဆများ ပျံ့နှံ့သွားနိုင်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကတော့ မတူညီကွဲပြားနေတဲ့ အထက်ပါရည်မှန်းချက် ၂ ခုအကြား အပြန်အလှန် ညှိနှိုင်းဖို့ လိုအပ်ကြောင်း အကြံပြုထားကြပါတယ်။ ကျယ်ပြန့်စွာ ပါဝင်မှုကို မြှင့်တင်ခြင်းက လိုအပ်ပေမယ့် အားလုံးပါဝင်မှုကို ဇောင်းပေးရင်း အချိန်ပိုကြာတတ်ပါတယ်။
နှစ်ဖက်တိုက်ခိုက်သူများအကြား ဆွေးနွေးမှုက အချိန်တိုတိုနဲ့ ထိရောက်မှု မြန်ဆန်ပေမယ့် လူအများ ထောက်ခံအားပေးမှုနဲ့ ကိုယ်စားပြုမှု လျော့နည်းစေပြန်ပါတယ်။ ဒါကြောင့် အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး၊ ညှိနှိုင်းမှုများ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ရည်မှန်းချက် ၂ ခုအကြား လွန်ဆွဲမှုများ လျော့နည်းပြီး၊ ပါဝင်မှုအားကောင်းစေတဲ့ ပုံသဏ္ဍာန်များကိုလဲ ပညာရှင်များက ဖော်ထုတ်ခဲ့ကြပါတယ်။
ထိရောက်တဲ့ အားလုံးပါဝင်မှု (Inclusion) ဆိုင်ရာ ပုံသဏ္ဍာန်ခုနစ်မျိုးကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုက်ရိုက်ပါဝင်ခြင်း (Direct participation)၊ လေ့လာစောင့်ကြည့်ခြင်း (Observer status)၊ အကြံပြုဆွေးနွေးချက်များ ရယူခြင်း (Consultations)၊ ကော်မရှင်များတွင် ပါဝင်ခြင်း (Inclusive commissions)၊ ပြဿနာဖြေရှင်းဆိုင်ရာ အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း (Problem-solving workshops)၊ အများပြည်သူလူထုမှ ဆုံးဖြတ်ချက်ချမှတ်ခြင်း (Public decision making)၊ လူထုလှုပ်ရှားမှုများ (Mass action) စတာတွေပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုက်ရိုက်ပါဝင်ခြင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ အမျိုးသမီးများ ပါဝင်ခြင်းအားဖြင့် တရားဝင်မှုနဲ့ ကိုယ်စားပြုမှုကို ပိုမို မြင့်တက်လာစေပြီး၊ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက်ချမှတ်မှုများ ပေါ်ထွက်လာရေးကို အထောက်အကူပြုပါတယ်။ တိုက်ရိုက်ပါဝင်ပတ်သက်ရာမှာ ဆွေးနွေးနေကြတဲ့ ဘက်တခုခုကို ကိုယ်စားပြုပါဝင်သူတွေ ရှိသလို၊ ကြားဝင်စေ့စပ်ပေးသူများအဖြစ် ဆောင်ရွက်သူများလည်း ရှိကြပါတယ်။
တိုက်ရိုက်ဆွေးနွေးပွဲများမှာ ပါဝင်ခြင်းအားဖြင့် အမြင်သဘောထားများကို လွတ်လပ်စွာ တင်ပြနိုင်ခြင်း၊ ဆွေးနွေးပွဲ သဘောတူညီချက်များ ပေါ်ထွက်လာရေးအတွက် ပံ့ပိုးကူညီနိုင်ခြင်း၊ အမျိုးသမီးများရဲ့ တတ်မြောက်ထားသော စွမ်းရည်များကို ဖော်ထုတ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်၊ ဂွါတီမာလာ ငြိမ်းချမ်းရေး စာချုပ်အတွက် ဆွေးနွေးကြစဉ်က Luz Méndez ဆိုတဲ့ အမျိုးသမီးဟာ ဂွါတီမာလာ အမျိုးသားတော်လှန်ရေး တပ်ပေါင်းစုရဲ့ တဦးတည်းသော အမျိုးသမီး ကိုယ်စားလှယ်ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သူမတယောက်ထဲ ပါဝင်ပေမယ့် အပြိုင်ကျင်းပတဲ့ အရပ်ဘက်အဖွဲ့အစည်း ညီလာခံမှာတော့ အမျိုးသမီးအဖွဲ့များက အဆိုပြုချက်များ တင်သွင်းထားကြပါတယ်။ Luz Méndez က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒီအဆိုပြုချက်များ ပါဝင်လာဖို့နဲ့ စာချုပ်ပါ အချက်အလက်များအားလုံး ကျားမရေးရာ ထည့်သွင်းစဉ်းစားမှု (Gender Sensitive) ဖြစ်ဖို့ အထူးအလေးထား ဆောင်ရွက်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အမျိုးသမီးများ ပါဝင်မှုဟာ အမျိုးသမီးအဖွဲ့များက အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်ခြင်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ဂွါတီမာလာ ဥပမာမှာ ဆိုရင် Luz Méndez ဟာ အမျိုးသမီးအဖွဲ့များရဲ့ ကိုယ်စားလှယ်မဟုတ်ဘဲ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းက အမျိုးသမီးဖြစ်ပါတယ်။ ဒါပေမယ့် အရပ်ဘက် အမျိုးသမီးအဖွဲ့များရဲ့ အသံများကို ကိုယ်စားပြုခဲ့ပါတယ်။
တိုက်ရိုက်ဆွေးနွေးပွဲများမှာ ပါဝင်ခွင့် ရရှိတိုင်းလည်း ဆုံးဖြတ်ချက် ချမှတ်မှုမှာ တူချင်မှ တူပါတယ်။ ဥပမာအားဖြင့် ၂၀၀၁ ခုကနေ ၂၀၀၃ ခုနှစ်အတွင်းမှာ ကျင်းပခဲ့တဲ့ Inter-Congolese Dialogue မှာ ကွန်ဂိုအစိုးရ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ အတိုက်အခံအဖွဲ့အစည်းများနဲ့ အမျိုးသမီး အဖွဲ့များ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ စုံလင်စွာ ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ပြောဆိုဆွေးနွေးခွင့်၊ ဆုံးဖြတ်ချက် ချမှတ်ခွင့်တွေမှာတော့ တန်းတူညီမျှ ပါဝင်ခွင့် မရှိပါဘူး။ ဒီလို အခြေအနေမျိုးမှာတော့ အမျိုးသမီးအဖွဲ့များဟာ ပါဝင်တက်ရောက်ခွင့်သာရှိပြီး၊ ပြောဆိုဆွေးနွေးဖို့၊ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်နိုင်မှု အားကတော့မရှိခဲ့ပါဘူး။
၂၀၁၃ ခုနှစ်မှာ ရေမင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ National Dialogue Conference မှာကျတော့ ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်ကို တက်ရောက်သူ ကိုယ်စားလှယ်အားလုံး တန်းတူညီမျှ ရရှိခဲ့ပြီး၊ အများသဘောတူ လက်ခံတဲ့ ဆုံးဖြတ်ချက်များစွာကို ရာနဲ့ချီပြီး ချမှတ်နိုင်ခဲ့ပါတယ်။
လေ့လာစောင့်ကြည့်ခြင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ အမျိုးသမီးအဖွဲ့များကို လေ့လာစောင့်ကြည့်သူများအဖြစ် ပါဝင်ခွင့် ပေးခြင်းဖြင့် ဆွေးနွေးနေသူများနဲ့ တိုက်ရိုက်တွေ့ဆုံ အရေးဆိုနိုင်မှုကို အားပေးမြှင့်တင်ရာ ရောက်ပါတယ်။ လေ့လာစောင့်ကြည့်သူများ ထားရှိခြင်းဟာ ပိုမိုကျယ်ပြန့်သော ပရိသတ်များကို သတင်းစကားများ ပေးအပ်ခြင်း ဖြစ်တဲ့အတွက် အမျိုးသမီး ပရိသတ်များများဆီကို ငြိမ်းချမ်းရေး သတင်းများ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိနိုင်ပါတယ်။
သို့ပေမယ့် ဆွေးနွေးပြောဆိုခွင့် မရှိတဲ့အတွက် တိုက်ရိုက် ပါဝင်ဆွေးနွေးနေသူ အမျိုးသမီးများနဲ့ အတူတကွ ချိတ်ဆက်ဆောင်ရွက်ခြင်းက ပိုမိုထိရောက်ပါတယ်။
၂၀၀၃ ခုနှစ်မှာ လိုင်ဘေးရီးယား ငြိမ်းချမ်းရေးအတွက် ကျင်းပခဲ့တဲ့ Accra ငြိမ်းချမ်းရေး စကားဝိုင်းမှာ လိုင်ဘေးရီးယား ရှေ့နေအသင်း၊ လိုင်ဘေးရီယား ဘာသာပေါင်းစုံ ကောင်စီနဲ့ မာနိုမြစ် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက် စတဲ့ အရပ်ဘက် အဖွဲ့အစည်းများက လေ့လာစောင့်ကြည့်သူများ အနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးသူများရဲ့ တာဝန်ခံမှု မြင့်မားရေး၊ ဆွေးနွေးအဖြေရှာမှုကို အလေးအနက်ထား ဆောင်ရွက်ရေးအတွက် အဆိုပါ လေ့လာစောင့်ကြည့်သူများက ထိရောက်တဲ့ တွန်းအားပေးမှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာတုန်းက မာနိုမြစ်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်ကတော့ လေ့လာစောင့်ကြည့်သူ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက်ပြီး၊ ဆွေးနွေးပွဲမှာ မပါကြတဲ့ အခြား အမျိုးသမီးများအတွက် သတင်းအချက်အလက် ပေါင်းကူး လုပ်ဆောင်ပေးပြီး၊ ငြိမ်းချမ်းရေးအတွက် အရေးဆိုခဲ့ပါတယ်။ အခြားအမျိုးသမီးအဖွဲ့ဖြစ်တဲ့ အမျိုးသမီး နိုင်ငံတကာ ငြိမ်းချမ်းရေးကွန်ရက်ကတော့ လေ့လာစောင့်ကြည့်သူအနေနဲ့ ပါဝင်ခွင့်ပေးမှုကို လက်မခံဘဲ လူထု လှုပ်ရှားမှုများကို ပိုမို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။
အကြံပြုဆွေးနွေးချက်များ ရယူခြင်း
အကြံပြုဆွေးနွေးချက်များ ရယူခြင်းများမှာ ပါဝင်ခြင်းကလည်း အမျိုးသမီးများအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခြင်း သဏ္ဍာန် တခုဖြစ်ပါတယ်။ အကြံပြုချက်များ ရယူခြင်းဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပိုမို ကျယ်ပြန့်သော ပါဝင်မှုကို အားပေးပါတယ်။
အကြံပြုဆွေးနွေးချက်ဖိုရမ်များဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထောက်ကူပြုပြီး၊ ဆွေးနွေးပွဲများနဲ့ တိုက်ရိုက်ချိန်ဆက် ထားနိုင်သော ဆက်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်၊ အာဖဂန်နစ်စတန် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ၁၉၉၄-၁၉၉၆ ဂွါတီမာလာ ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ အကြံပြုဆွေးနွေးချက်များ ရယူတဲ့ ဖိုရမ်များစွာ ကျင်းပခဲ့ပြီး၊ အမျိုးသမီးများစွာကလဲ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။ လူထုရဲ့ အသံများနဲ့ အကြံပြုချက်များ ရယူနိုင်တာ ဖြစ်တဲ့အတွက် ကျယ်ပြန့်သော အားလုံးပါဝင်ရေးမူကို ထောက်ကူပြုနိုင်ပါတယ်။
ကော်မရှင်များ ဖွဲ့စည်းထားရှိခြင်း
ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုပြီးချိန်မှာ စာချုပ်များကို အကောင်အထည်ဖော်ဆောင်ဖို့ ကော်မရှင်များ ဖွဲ့စည်းရလေ့ ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ကော်မရှင်၊ အသွင်ကူးပြောင်းကာလ တရားမျှတမှုရေးရာ ကော်မရှင်၊ အမှန်တရားဖော်ထုတ်ရေးနှင့် သင့်မြတ်ရေးဆိုင်ရာ ကော်မရှင် စတာတွေ ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သီးခြားကော်မရှင်ထားရှိတတ်ပါတယ်။ ဥပမာ- ကိုလံဘီယာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆင့်မြင့် ကော်မရှင်တခု ဖွဲ့စည်းထားရှိခဲ့ပါတယ်။
အချို့တိုင်းပြည်များမှာကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အရေးပါတဲ့ ရလဒ်များ အကောင်အထည်ဖော်ဖို့ ကော်မရှင်များ ဖွဲ့စည်းထားရှိကြပါတယ်။ ဥပမာအားဖြင့် ကာဂျစ်စတန်နိုင်ငံမှာ လူမျိုးရေးတင်းမာမှုများနဲ့ မမျှတမှုများကို ကာကွယ်လျှော့ချနိုင်ရေးအတွက် လူမျိုးပေါင်းစုံ ကော်မရှင်တခု ဖွဲ့စည်းထားရှိခဲ့ပါတယ်။
ဒီကော်မရှင်များအားလုံးဟာ တရားဝင်ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အားလုံးပါဝင်ရေးမူကို ကျင့်သုံးကြရေးအတွက် အရေးဆိုကြဖို့ လိုအပ်ပါတယ်။ နှစ်ဘက်သဘောတူညီချက်များမှာ ပိုမိုတိကျစွာ ဖော်ပြထားရင်တော့ အားလုံးပါဝင်ရေး မူအတွက် အာမခံချက် ပိုရှိပါတယ်။ ဒီကော်မရှင်များမှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ဖို့အတွက် ရွေးချယ်ရာမှာလဲ ကျားမရေးရာ ထည့်သွင်းစဉ်းစားသော ရွေးချယ်မှု စံနှုန်းများ ရှိဖို့ လိုအပ်ပါတယ်။
ပြဿနာဖြေရှင်းရေး အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲများ
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရာမှာ သဘောတူဆုံးဖြတ်ချက်များ ရရှိဖို့ဆိုတဲ့ ဖိအားကြီး ရှိမနေတဲ့ informal space လိုအပ်ပါတယ်။ ဒီအတွက် အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကြလေ့ရှိပါတယ်။ တခါတရံမှာ အများပြည်သူကို ထုတ်ပြန်ကြေငြာခြင်း မရှိပါဘူး။
အဲဒီအလုပ်ရုံဆွေးနွေးပွဲများက တခါတရံ တခါတည်းဖြစ်ပြီး၊ တခါတရံ နှစ်ပေါင်းများစွာ အစီအစဉ် ဇယားချပြီး လုပ်ရတတ်ပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာများနဲ့ ပတ်သက်ပြီး လေ့လာသင်ယူခြင်း၊ နိုင်ငံတကာမှ ကောင်းမွန်သော လုပ်ထုံးလုပ်နည်းများအား လေ့လာခြင်း၊ ရပ်တည်ချက်သဘောထား စာတမ်းများ ပြုစုခြင်း၊ ဆုံးဖြတ်ချက် မူကြမ်းအဆိုပြုချက်များအား ပြင်ဆင်ခြင်း စတာတွေကို အလုပ်ရုံဆွေးနွေးပွဲများမှာ လုပ်ဆောင်လေ့ရှိပါတယ်။
ကွန်ဂိုနိုင်ငံမှာ ကွန်ဂိုလူမျိုးစုံ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်စဉ်က တိုက်ရိုက်ဆွေးနွေးပွဲများမှ ပါဝင်မယ့် အမျိုးသမီး ခြောက်ဆယ့်လေးယောက်အတွက် အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကျားမရေးရာ အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြပြီး၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများ အကြား အမျိုးသမီးအရေးဆိုင်ရာ ကြေငြာချက်နဲ့ လုပ်ငန်းစီမံချက်များကို ချမှတ်ရေးဆွဲ ထုတ်ပြန်နိုင်ခဲ့ကြပါတယ်။
အများပြည်သူလူထုမှ ဆုံးဖြတ်ချက်ချမှတ်ခြင်း
လူထုဆန္ဒသဘောထားခံယူခြင်း နည်းလမ်းနဲ့ ငြိမ်းချမ်းရေးစာချုပ်မူကြမ်းကို လူထုထံ ချပြုပြီး၊ ဆုံးဖြတ်စေခြင်းဟာလဲ အများပြည်သူရဲ့ ပါဝင်မှုကို မြှင့်တင်ပေးလိုက်နိုင်ပါတယ်။ ငြိမ်းချမ်းရေးစာချုပ်များကို သဘောထား ပျော့ပျောင်းသူများက ညှိနှိုင်းဆွေးနွေး သဘောတူထားကြတာ ဖြစ်တဲ့အတွက် လူထုထောက်ခံမှု ရထားရင် သဘောထား တင်းမာသူများရဲ့ တိုက်ခိုက်ခံရမှုက ကာကွယ်နိုင်ပါတယ်။
ဒီမိုကရက်တစ် တာဝန်ခံမှုနဲ့ တရားဝင်ဖြစ်တည်မှုကိုလည်း အားဖြည့်ဆောင်ရွက်နိုင်ပါတယ်။ လူထုကို ဆန္ဒမဲ ပေးစေခြင်းအားဖြင့် လူထုထောက်ခံမှု (ownership) ကို မြှင့်တင်ပေးရာ ရောက်ပါတယ်။ သို့ပေမယ့် ငြိမ်းချမ်းရေးစာချုပ်ကို ကန့်ကွက်ဆန္ဒမဲများနဲ့ အကောင်အထည်ဖော်ဆောင်မှုကို တုန့်နှေးသွားစေခြင်း၊ ဆက်လက်ဆောင်ရွက်ရန် လမ်းစပျောက်စေခြင်း အခြေအနေများ ဖြစ်ပွားတတ်ပါတယ်။
ဥပမာအားဖြင့် ဆိုက်ပရပ်စ်မှာ အာနန်စီမံချက်အတွက် လူထုဆန္ဒခံယူပွဲကျင်းပရာမှာ ဂရိ Cypriots များက လက်မခံတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ရပ်ဆိုင်းသွားခဲ့ဖူးပါတယ်။
အိုင်ယာလန်မြောက်ပိုင်းမှာကျတော့ ဆိုက်ပရပ်စ်နဲ့ မတူပြန်ပါဘူး။ ၁၉၉၈ ခု၊ Good Friday ငြိမ်းချမ်းရေးစာချုပ်အတွက် လူထုဆန္ဒခံယူပွဲကျင်းပခဲ့ပြီး၊ ပြည်သူအပေါင်းက အားပေး ထောက်ခံခဲ့ကြပါတယ်။ ထောက်ခံမှုအားကောင်းရခြင်းမှာ အမျိုးသမီးများရဲ့ Yes ကင်ပိန်းကလည်း တွန်းအားတခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။
လူထုလှုပ်ရှားမှုများ
လူထုလှုပ်ရှားမှုများဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထောက်ခံမှု ဝန်းကျင် သို့မဟုတ် ဆန့်ကျင်မှု ဝန်းကျင်တွေကို ဖန်တီးတတ်ပါတယ်။ လှုပ်ရှားမှုများက တဆင့် ဆွေးနွေးပွဲများမှာ တိုက်ရိုက်ပါဝင်နေသူများကို legitimacy ပေးနိုင်ပါတယ်။ လူထုလှုပ်ရှားမှုများကို ထိန်းချုပ်ဖို့ မလွယ်ပါဘူး။ သို့ပေမယ့် ဆွေးနွေးပွဲတွေမှာ ပါဝင်သော ခေါင်းဆောင်များအနေနဲ့
ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိတ်ဝင်စားမှုအခြေအနေ၊ တုန့်ပြန်မှုအခြေအနေများကို စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။
ငြိမ်းချမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှုများမှာ ပါဝင်ခြင်းဖြင့်လည်း အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပါဝင်မှုကို တွန်းအား ဖြစ်စေပါတယ်။ လိုင်ဘေးရီးယားမှာရှိတဲ့ ငြိမ်းချမ်းရေးတည်ဆောက်သူ အမျိုးသမီးများကွန်ရက်ဟာ နှစ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခြင်းအတွက် လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါတယ်။ ကျားမရေးရာ သပိတ်များ ပြုလုပ်ပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တံခါးများအား ပိတ်ဆို့ခြင်း၊ ထိုင်သပိတ်နှင့် ဆန္ဒပြပွဲများ ကျင်းပခြင်း စတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
အခုဆိုရင် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း အမျိုးသမီးများရဲ့ ပါဝင်မှုမြင့်မားရေးအတွက် အရေးဆိုနေကြပါတယ်။ တိုက်ရိုက်ပါဝင်ခြင်း၊ လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်ခွင့်ပေးခြင်း၊ ငြိမ်းချမ်းရေးထောက်ခံပွဲများ ပြုလုပ်ခြင်း၊ အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း စသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ လုပ်ဆောင်နေကြပါတယ်။
သို့ပေမယ့် အမျိုးသမီးများရဲ့ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်မှု အခြေအနေကတော့ အားနည်းနေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်မှာ သဏ္ဍာန်မျိုးစုံနဲ့ ပါဝင်ဆောင်ရွက်ဖို့အတွက် ကျမတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။