မျက်မှောက်ခေတ် သင်္ကြန်ကာလတွေမှာ သင်္ကြန်ကျဖို့ တလလောက် အလိုဆိုတာနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဌာနက “သင်္ကြန်မှာတော့ဖြင့် ဘာတွေ ရှောင်လို့ ဘာတွေ မလုပ်ရဘူး” ဆိုတဲ့ နှိုးဆော် တိုက်တွန်းစာ ထုတ်ပြန်တာ အစဉ် အလာလို ဖြစ်လာပါတယ်။
အဲဒီ နှိုးဆော်စာတွေထဲမှာလည်း နှစ်တိုင်းလိုလို ပါနေကျ အကြောင်းအရာတခုက အမြဲမြင်နေကျလို ဖြစ်လာပါပြီ။
အဲဒါကတော့ “မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ဝတ်စား ဆင်ယင်မှုတွေကို ရှောင်ကျဉ်ဖို့”ဆိုတာ ပါပဲ။
ဒီအချက်နဲ့ ပတ်သက်လို့ အများဆုံး လက်ညှိုးထိုးခံရတဲ့ သူတွေကလည်း အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင် ဒီဇိုင်း တွေ ဖြစ်လာရ ပါတယ်။
ဆိုရှယ် မီဒီယာတွေမှာလည်း သင်္ကြန်မှာ အမျိုးသမီးတွေရဲ့ အတိုအပြတ် ဝတ်စား ဆင်ယင်မှုတွေ၊ အရက်သေစာ သောက်စား နေပုံတွေကို တင်ကြ ကဲ့ရဲ့ရှုတ်ချကြနဲ့ သင်္ကြန် သရုပ်ပျက် ဝတ်စားဆင်ယင်မှုနဲ့ အမျိုးသမီး ဆိုတာ ခေါင်းစဉ် တခုတည်း အောက်မှာ ရှိနေသလို ဖြစ်လာပါတယ်။
တချို့ဆိုရင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖျက်ဆီးသူများဟာ အမျိုးသမီးများလို့ ဆိုပြီး ပုဒ်မကြီးကြီးတွေ စွဲတပ် ကြပါသေး တယ်။
အမျိုးသမီး အနုပညာရှင်တွေရဲ့ မပေါ့်တပေါ် ဝတ်စားဆင်ယင်မှုက လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးလို့ ဆိုပြီး ပြီးခဲ့တဲ့ နှစ်တွေက ဝေဖန်မှုတွေလည်း မြင့်တက် ခဲ့ပါသေးတယ်။
အနုပညာရှင်တွေဟာ ပြည်သူတွေအတွက် အဝတ်အစား ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး အတုယူခံရတဲ့ သူတွေ ဖြစ်တဲ့ အတွက် အခုလိုမျိုး အနုပညာရှင်တွေရဲ့ သရုပ်ပျက် ဝတ်စားဆင်ယင်မှုကို သဘောမကျဘူးလို့ သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတော့ တချို့ အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယင်မှုက တကယ်ကို ပြောစရာဖြစ်အောင် သရုပ် ပျက်ခဲ့တယ်။ အဲဒီအတွက်လည်း အန်တီတို့အနေနဲ့ အမှန်အတိုင်း ပြောရရင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်တဲ့ ပုံစံမျိုးကို သဘော မကျပါဘူး။ နောက်ပိုင်းတက်လာတဲ့ အနုပညာရှင်တွေ အနေနဲ့ ခေတ်မီတာ၊ ခေတ်ဆန်တာ ဘယ်လိုပဲ ပြောပြော မြန်မာ့ရိုးရာ ယဉ်ကျေးမှုကိုတော့ ထိန်းသိမ်းသင့်တယ်လို့ မြင်ပါတယ်”
ရှေးခေတ် ကာလများက အများစုသော အနုပညာရှင် အမျိုးသမီးတွေအနေနဲ့ သင်္ကြန်ကာလတွင်းမှာ ဦးပုသ်သီလ စောင့် တည် မှုကို ဆောင်ရွက်ခဲ့သည်က များပြီး သင်္ကြန်ဖက်ရှင်နဲ့ ပတ်သက်လို့ ဝေဖန်ခံရမှု မရှိသလောက်ပါဘဲလို့လည်း ဒေါ်ဝါဝါဝင်းရွှေ က ဆက်လက် ပြောပြပါတယ်။
“ခေတ်အဆက်ဆက် ပြောင်းလာတဲ့နောက်မှာ အူဝဲတို့ ခေတ်လောက် အထိက ပြောစရာမရှိခဲ့ဘူး။ အခုနောက်ပိုင်းတော့ အနုပညာရှင်တွေ ဝတ်စားဆင်ယင်မှုက ခေတ်မီလွန်း အားကြီးလာတယ် ပြောရမလားဘဲ။ အန်တီ့ အနေနဲ့ မေတ္တာရပ်ခံ ချင်တာကတော့ ဒီနှစ်သင်္ကြန်မှာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနုပညာရှင် အမျိုးသမီးလေးတွေ အဖြစ် ဆင်မြန်း ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ဒေါ်ဝါဝါဝင်းရွှေက ပြောပါတယ်။
သင်္ကြန်မှာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး ကလည်း “ကျမကိုယ်တိုင်လည်း မြန်မာအမျိုးသမီး တယောက် ဖြစ်နေတဲ့အပြင် ကျမတို့ ဝန်ကြီးဌာန ကလည်း Gender Issue ကို အဓိကထားပြီး ဖော်ဆောင်နေတာ ဖြစ်တဲ့အတွက် သင်္ကြန်ပဲဖြစ်ဖြစ်၊ ဘယ်ပွဲတော် ကာလပဲ ဖြစ်ဖြစ်၊ ရိုးရာ ယဉ်ကျေးမှုတွေနဲ့ လိုက်လျော ညီထွေ ဖြစ်ဖို့တော့ ကျမ တိုက်တွန်းချင်ပါတယ်။ တကယ်တမ်း ပြန် စဉ်းစားကြည့်ရင် အရှေ့တောင် အာရှနိုင်ငံတွေမှာ မြန်မာက ကိုယ့်ရဲ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်း ထားနိုင်တယ်လေ။ ရိုးရာ ဝတ်စုံကို ထိန်းသိမ်းတယ် ဆိုတာက ဂုဏ်ယူဖွယ် နိုင်ငံ တနိုင်ငံ ဖြစ်နေပါတယ်”လို့ ပြောပါတယ်။
သင်္ကြန်ကာလမှာ မြန်မာရိုးရာ ဝတ်စုံကို ဝတ်စား ဆင်ယင်ရမယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် လိုက်လျောညီထွေမှု ရှိတဲ့ ဝတ်စား ဆင်ယင်မှု ဖြစ်ရမှာဖြစ်ပြီး မိဘ၊ မောင်နှမ အမြင် တင့်တယ်တဲ့ ဝတ်စား ဆင်ယင်မှုဖြစ်ဖို့ လိုအပ်တယ် လို့လည်း သူက ဆက်လက် ပြောဆိုပါတယ်။
သင်္ကြန်ဆိုတာရဲ့ အဓိပ္ပာယ်က “ကူးပြောင်းခြင်း”လို့ ဆိုပါတယ်။ ဒါကြောင့် နှစ် တနှစ်ကနေ နောက်ထပ် တနှစ်ကို ကူးပြောင်းခြင်းမှာ ကျင်းပတဲ့ ပွဲတော်ကို သင်္ကြန်ပွဲတော်လို့ ခေါ်ဆိုခဲ့ကြတာပါ။
နောက်ထပ် သက္ကရာဇ်တခုကို ကူးပြောင်းတဲ့ အချိန်အခါ သမယမှာ ရေကစားခြင်းကို ရှေးခတ်ကာလတွေ ကတည်းက မြန်မာ့ ယဉ်ကျေးမှု တခုအနေနဲ့ ကျင်းပခဲ့ကြပါတယ်။
နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို မသယ်ဆောင်ချင်တဲ့ အတွက် ဆေးကြောကြတယ်လို့ အဓိပ္ပာယ်မှတ်ယူပြီး ရေကစားကြတယ် လို့လည်း ဆိုပါတယ်။
အဲဒီလို အတာရေသဘင် ဆင်နွှဲကြသလိုပဲ သက်ကြီး ဝါကြီးတွေကို ခေါင်းလျှော်ပေးတာ၊ လက်သည်း ညှပ်ပေးတာက စလို့ ဦးပုသ်သီလ စောင့်တည်တဲ့ အစဉ်အလာတွေလည်း ရှိကြပါတယ်။
တချို့တွေကလည်း တရားစခန်းဝင်၊ တချို့တွေကလည်း ခရီးထွက်ကြ စသဖြင့် အမျိုးမျိုး ပုံသဏ္ဌာန်နဲ့ နှစ်သစ်ကို ကြိုဆို၊ နှစ်ဟောင်း ကို နှုတ်ဆက်ကြတာတွေလည်း မြင်တွေ့ရပါတယ်။
ဒါကြောင့် သင်္ကြန်ဆိုတာ မြန်မာ့ ရိုးရာယဉ်ကျေးမှုရဲ့ ပြယုဂ်တခု၊ အထိမ်းအမှတ်တခု ဖြစ်ပါတယ်။
ဒါပေမယ့်လို့ ခေတ်ရေစီးကြောင်း အရ ပြောင်းလဲလာတဲ့ ဝတ်စားဆင်ယင်မှု ပုံစံမှာ သင်္ကြန် ဖက်ရှင်တွေကလည်း ပြောင်းလဲ လာကြပါတယ်။
အမှန် တကယ်မှာတော့ သင်္ကြန်တွင်း ဝတ်စားဆင်ယင်မှုဟာ ရိုးရာယဉ်ကျေးမှုနဲ့ တိုင်းတာခြင်းထက် လုံခြုံမှုဆိုတဲ့ စံနှုန်းနဲ့ သာ တိုင်းတာ တာက ပိုပြီး သင့်လျော်တယ်လို့ အောင်မြင်တဲ့ လူငယ်အမျိုးသမီး ဒီဇိုင်နာ တဦးဖြစ်သူ Designer မေမြတ်ဝါဆို က ပြောပါတယ်။
သူက မြန်မာ့ရိုးရာ ဝတ်စုံ ဖက်ရှင်တွေကို ခေတ်မီ ဆန်းသစ်တဲ့ အဆင်အပြင်နဲ့ ချုပ်လုပ် ပေးနေသူ ဖြစ်ပါတယ်။
“အစ်မ အမြင်ကတော့ နေရာတိုင်းမှာသည် မြန်မာဝတ်စုံဆိုတာ အဆင်မပြေနိုင်ပါဘူး။ အစ်မကိုယ်တိုင် သင်္ကြန်ထွက်လည် မှာ ဖြစ်ဖြစ် ရေပက်မှာ ဖြစ်ဖြစ် မြန်မာဝတ်စုံတော့ ဝတ်ဖြစ်မှာ မဟုတ်ဘူး။ အဓိက လုံခြုံမှုကို ပိုပြီးတော့ ဦးစားပေးစေချင် တယ်။ သရုပ်ပျက်ဆိုတာကို အစ်မတို့လည်း လက်မခံပါဘူး။ ဒါပေမယ့် ထဘီထက်စာရင် ဘောင်းဘီကတော့ ပိုလုံခြုံတယ် ထင်တယ်” လို့ မေမြတ်ဝါဆို က ပြောပါတယ်။
အဓိက က ရေစိုတဲ့အခါမှာ အမြင်မရိုင်းသွားစေဖို့၊ လုံလုံခြုံခြုံရှိဖို့ကိုသာ ပိုပြီးတော့ ဂရုစိုက်သင့်တယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ရိုးရာဝတ်စုံ ဆိုတာက အရမ်းကြီး ရှေးရိုးဆန်နေဖို့ မလိုဘူး။ ခေတ်မီမီနဲ့ လုံလုံခြုံခြုံလေး ရှိနေဖို့သာ လိုတာ။ မြန်မာ့ ယဉ် ကျေး မှုနဲ့ ခေတ်ဆန်တာနဲ့ တိုင်းတာတဲ့အခါမှာ ဒီဇိုင်းကို ဖန်တီး ထုတ်လုပ်နေသူတွေ အတွက် ခေတ်ဆန်တာကို လူငယ် တယောက်အနေနဲ့ ကြိုက်ပေမယ့် မရိုင်းအောင်တော့ အတတ်နိုင်ဆုံး သရုပ်ဖော်ပေးရတယ်လို့လည်း သူက ပြောပြ ပါ သေးတယ်။
အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင် ဒီဇိုင်းနဲ့ ပတ်သက်ပြီးတော့ ယဉ်ကျေးမှုရှုထောင့်က ဝေဖန်ပြောဆိုမှုတွေ ရှိကြသလို အဓမ္မ ပြုကျင့်မှု ဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်း တချက်အနေနဲ့လည်း ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတိပေး ပြောဆိုမှုကို တွေ့ရပါတယ်။
အမှန်တကယ်မှာ အဓမ္မမှုတွေ များလာနေတဲ့ အတွက် အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ဘယ်လို ဆောင်ရွက်သွားမယ်၊ ဘာတွေတော့ ပြင်ဆင်ထားတယ် စသဖြင့် အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အာမခံချက်ရှိတဲ့ စိတ်ချယုံကြည်မှု ကို ပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးကို ထုတ်ပြန်ပေးရမှာ ဖြစ်သလို သင်္ကြန်တွင်းမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေး အတွက် ဘာတွေ ပြင်ဆင် ဆောင်ရွက်ထားပါတယ် ဆိုတဲ့ ထုတ်ပြန်ချက်မျိုးကို ဒီအချိန်မှာ မျှော်လင့်မိပါတယ်။
ဒါပေမယ့် အမျိုးသမီးထု အတွက် လုံခြုံ စိတ်ချရတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာဖို့ ဖန်တီးပေးဖို့ထက် အမျိုးသမီးထု အနေနဲ့ ကိုယ့်ဘာသာ ထိန်းသိမ်း စောင့်ရှောက်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကြောင့်လို့ အပြစ်ပုံချ ပြောဆိုမှုတွေဟာ တာဝန်ရှိသူတွေက ကာကွယ်ပေးရမယ့် အစား ကိုယ့်တာဝန် ပျက်ကွက်မှုကို တစုံတဦးကြောင့် ဆိုပြီး ဓားစာခံ ရှာနေတာလားလို့ မေးချင်တယ်လို့ Rainfall Myanmar Feminist Magazine ရဲ အယ်ဒီတာချုပ် ဖြစ်တဲ့ မပျိုးလက်ဟန် က ပြောပါတယ်။
“ဝတ်စား ဆင်ယင်မှုဆိုတာက ပုဂ္ဂလိက ရွေးချယ်မှု တခုဖြစ်တယ်။ လူအပေါ်မှာ မူတည်ပြီးတော့ သူတို့ အဆင်ပြေတာကို ဝတ်ဆင်တဲ့ ကိစ္စတရပ်အထိ အစိုးရက ဝင်ပြီးတော့ ပါဖို့ လိုသလားပေါ့။ အဲဒီ ကိစ္စကလည်း ကျမတို့ ဝိုင်းပြီး မေးခွန်း ထုတ် ပြီးတော့မှ ဝိုင်းပြီး ငြင်းခုန် ဆွေးနွေးရမယ့် ကိစ္စလို့ မြင်ပါတယ်။ တစုံတရာ ကိစ္စတခုဖြစ်လာတိုင်းမှာ အမျိုးသမီးတွေ ဝတ် စား ဆင်ယင်တာကြောင့် ဖြစ်စေ၊ ညဘက် အပြင်ထွက်တာကြောင့် ဖြစ်စေ ဆိုတဲ့ဟာမျိုး အမြဲတမ်း ဓားစာခံ အလုပ်ခံရတဲ့ အပေါ်မှာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ တယောက်အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ မြင်တယ်” လို့ လည်း မပျိုးလက်ဟန် က ပြောဆိုပါတယ်။
အမျိုးသမီးတွေကို အပြစ်ပုံချ ခေါင်းစဉ်တပ်မှုမျိုး ရှိနေတဲ့ မြန်မာနိုင်ငံမှာ မြန်မာ့ ယဉ်ကျေးမှု ရိုးရာသင်္ကြန် ဆိုတဲ့ ခေါင်းစဉ် ကလည်း ထပ်ပြီး ပါလာပြန်ပါတယ်။
အမျိုးသမီး အခွင့်အရေး တန်းတူညီမျှမှု မရှိသေးတဲ့အပြင် အမျိုးသမီးတွေကို တဆင့်နိမ့်လူသားအဖြစ် ပုံဖော်ထားတဲ့ လူမှု အသိုက်အဝန်း ဖြစ်အောင် ဖန်တီးနေသလို ဖြစ်နေသလားဆိုတဲ့ မေးခွန်းထုတ်မှုလည်း ရှိနေကြပါတယ်။
“Gender ဆိုရင် အမျိုးသမီးရော၊ အမျိုးသားရော၊ ခံယူချက်အပေါ်မှာ သတ်မှတ်ထားတဲ့ သူတွေရော အားလုံးပါဝင်တယ်။ တကယ်တမ်း ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်တာက နှစ်ဘက်စလုံး ထိန်းသိမ်းသင့်တာပါ။ အရှင်းဆုံးပြောရရင် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်အတွက်ကြောင့် သူတပါး အနှောင့်အယှက် မဖြစ်ရင် ပိုကောင်းတယ်။ အမျိုးသမီးပေါ်မှာပဲ အပြစ်ပုံချ နေတာ တော့ မဖြစ်သင့်ပါဘူး” လို့ ဒေါက်တာ စန်းစန်းအေး ကလည်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်က သရုပ်ပျက် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူမယ် ဆိုတဲ့ အသံတွေ ကြားပြီး နောက် ပိုင်း မှာတော့ မြန်မာ့ရိုးရာ သင်္ကြန်က အိနြေ္ဒရရလေး ပြီးဆုံးခဲ့ပါတယ်။
အခု ရောက်လာတော့မယ့် သင်္ကြန်မှာရော ဘယ်လိုပုံစံတွေ ပြောင်းလာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ။