နေဒါဏ်မိုးဒါဏ်ကြောင့် ပင်ကိုယ်ထက်ပိုပြီး မဲပြာနေတဲ့ အသားအရေ၊ ပိန်ကပ်ကပ် ခန္ဓာကိုယ်နဲ့ အသက် ၁၃ နှစ်အရွယ်ခန့် ရှိတဲ့ မိန်းကလေးငယ်တဦး။ သူဟာ စနေနေ့မှာ မွေးဖွားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရပြီး လမ်းပေါ်ရောက်မှန်းမသိ ရောက်လာရသူတဦးလည်း ဖြစ်တယ်။
“စနေမ”ဆိုတာကလည်း သူ့ နာမည်ရင်းမဟုတ်ပေမယ့် စနေနေ့မှာ မွေးခဲ့လို့ ဆွေမျိုးတွေက ခေါ်ဝေါ်ကြတဲ့ နာမည်တခု….။
“မိုးတွင်းဆို သိပ်စိတ်ညစ်ဖို့ ကောင်းတာ။ စင်ရော်တွေက မိုးတွင်းဆို မလာဘူးလေ။ အဲဒီတော့ ပလုံပဲ ကောက်နေရတယ်။ ပလုံကောက်တာလည်း သိပ်မရပါဘူး။ ၄ ရက်၊ ၅ ရက် တခါလောက်မှ ကောက်ထားတဲ့ ဘူးခွံတွေကို သွားရောင်းရတာ၊ အဲဒါတောင် ၁၅ဝဝ၊ ၂ဝဝဝ ကျပ် လောက်ပဲ ရတော့တာ” လို့ အဘွားဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားလို့ ဗိုလ်တထောင်ကမ်းနားမှာ စင်ရော်အစာရောင်းရင်း တနေ့စာ ဝမ်းရေးအတွက် ရုန်းကန်နေရသူ “စနေမ”က ပြောပါတယ်။
ပလုံကောက်တယ်ဆိုတာကတော့ အမှိုက်ပုံတွေထဲနဲ့ လူအများ လွှင့်ပစ်ထားတဲ့ ဗူးခွံပုလင်းခွံတွေကို လိုက်ရှာ ကောက်ရတာကို အရပ်သုံး စကားအနေနဲ့ ပြောခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ “စနေမ”လို လမ်းဘေး ကလေးငယ်ပေါင်း ၂ သောင်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ တခုထဲမှာတင် ၈ဝဝဝ မှ ၁ဝဝဝဝ ကြားရှိတယ်လို့ ဆိုပါတယ်။
သူ့လို မိဘရဲ့ စွန့်ပစ်မှုကိုခံရပြီး လမ်းပေါ်ရောက်နေတဲ့ မိန်းကလေးငယ်တွေ ရှိသလို မိဘတွေကိုယ်တိုင်က ခြေသလုံးအိမ်တိုင် ဘဝမို့ သားသမီးတွေလည်း လမ်းဘေးမှာ ပလုံကောက်ရင်း လမ်းပေါ်မှာသာ ပျော် သလို နေကြရတာ ဖြစ်ပါတယ်။
အဲဒီအပြင် မိသားစုရဲ့တာဝန်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ တယောက်တည်း ထမ်းပိုးနေရလို့ အိမ်မှာ မပျော်တော့ဘဲ ဆယ်ကျော်သက် မိန်းကလေးငယ်လေးတွေဟာ လမ်းပျော်ကလေးတွေ ဖြစ်လာကြတာတွေလည်း ရှိပါတယ်။
ဗိုလ်တထောင်ကမ်းနားက ကလေးငယ်တွေဟာ ပလုံကောက်တာတွေ၊ စင်ရော်စာ ရောင်းတာတွေ၊ ကုန်ထမ်းတာ၊ တောင်းရမ်းတာတွေနဲ့ တနေ့စာ ထမင်းဖိုးအတွက် ဝမ်းစာရှာဖွေနေကြသူတွေဖြစ်ပါတယ်။
ဒီလို အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့ မိန်းကလေးတွေဟာ လမ်းဘေးမှာနေ၊ လမ်းဘေးမှာစား၊ လမ်းဘေးမှာ အိပ်နေကြရတဲ့အတွက် လုံခြုံမှုကင်းမဲ့လှပါတယ်။
အရင်ကတော့ ဗိုလ်တထောင်ကမ်းနားက တံတားပေါ်မှာ ညအိပ်လေ့ရှိကြပြီး နောက်ပိုင်းမှာတော့ အဲဒီမှာအိပ်ရင် လာရောက်ဖမ်းဆီးတာတွေ ရှိတာမို့ ညဘက်ဆို စက်လှေစီးပြီး တဖက်ကမ်းက တဲအိမ်တွေမှာ သွားရောက် အိပ်စက်ကြရပါတယ်။
တဲအိမ်ဆိုပေမယ့်လည်း ကျောတခင်းစာနေရာသာရှိတဲ့ တဲငယ်လေးတွေပါ။ အချို့တဲအိမ်တွေဆိုရင် အမိုးအကာအဖြစ် ကြော်ငြာဗီနိုင်းစတွေနဲ့ ဖုံးအုပ်ကာရံထားပြီး တချို့ကတော့ ဘေးနံရံအကာအကွယ် ဘာမှမရှိပါဘူး။
တချို့ကတော့ သူတို့နေထိုင်နေရာကို “ကျူး”လို့ သတ်မှတ်ကြပါတယ်။
“အခု ကျူးတွေနေဖို့ နေရာတွေ သတ်မှတ်ပေးတယ်။ ဒါပေမယ့် အိမ်ဆောက်ဖို့ ပိုက်ဆံမရှိဘူး။ မိုးတွင်းမှာလည်း ဖြစ်သလို တဲလေးနဲ့ နေလို့ရမှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျမ အစ်မတို့ လင်မယားအိမ်မှာ ခဏလာနေတာ”လို့ စနေမက သူမရဲ့ အခက်အခဲကို ပြောပြတယ်။
အချို့အိမ်ခြေရာမဲ့ကလေးငယ်တွေ၊ မိဘမဲ့ကလေးငယ်တွေဟာ စနေမလို ဆွေမျိုးနဲ့ နီးစပ်ရာအိမ်တွေမှာ လိုက်နေကြရပါတယ်။ ဒီလို ဆွေမျိုးတွေ၊ နီးစပ်ရာ အိမ်နီးချင်းတွေနဲ့ အိမ်ခြေမဲ့တွေ အချင်းချင်း စုပေါင်းနေထိုင်တဲ့ အခါမှာတော့ သက်ငယ်မုဒိမ်းလို မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပြန်ပါတယ်။
“ဟိုနေ့ညကဆို ၆ နှစ်ပဲ ရှိသေးတဲ့ကောင်မလေးကို သူ့ဦးလေးက မုဒိမ်းကျင့်ဖို့ လုပ်သေးတယ်။ ဘေးကလူတွေ ရောက်လာလို့ တော်သေးတယ်။ သူ့ဦးလေးက အရက်တွေမူးနေတယ်လေ” လို့ စနေမက သူနဲ့အတူ ပလုံကောက်တဲ့ ကောင်မလေး တယောက်အကြောင်း ပြောပြတယ်။
လမ်းဘေး မိန်းကလေးငယ်များဟာ လူတွေရဲ့ အထင်အမြင်သေးမှုကိုခံရပြီး ဘဝတူ အရွယ်စုံ ယောက်ျားသား တွေရဲ့ အနိုင်ကျင့်အကြမ်းဖက်မှုတွေကိုလည်း နိစ္စဓူဝ ကြုံတွေ့နေကြရပါတယ်။
“ဒီမှာက ချစ်လို့ကြိုက်လို့ ယူတယ်ဆိုတာ ရှားတယ်။ ဗိုက်ကြီးလာလို့ ယူလိုက်ကြတာချည်းပဲ”
ဒါကတော့ စနေမရဲ့ မှတ်ချက်ပြုသံလေးပါ။
ဒီပတ်ဝန်းကျင်မှာ မုဒိမ်းမှုဟာ ပြစ်မှုဖြစ်တယ်ဆိုတာတောင် နားမလည်၊ မသိရှိကြသလို တိုင်တန်းတာတွေလည်း မရှိဘဲ တကယ်လို့ မိန်းကလေးငယ်မှာ ကိုယ်ဝန်ရှိလာပြီဆိုရင်တော့ အဲဒီမုဒိမ်းကျင့်တဲ့လူနဲ့ ပြန်လည်ပေါင်းသင်း နေထိုင်စေတဲ့ ပုံစံနဲ့ အလွယ်တကူ ဖြေရှင်းနေကြတာပါ။
“သမီး သူငယ်ချင်းဆိုလည်း အခု အသက် ၁၂ နှစ်ပဲ ရှိသေးတယ်။ ကိုယ်ဝန်ရှိနေပြီ။ သူ့ယောကျ်ားက သူ့ထက် အသက်ကြီးတယ်။ အရင်မိန်းမနဲ့ ကလေးလည်း ရှိသေးတယ်။ အခုကိုယ်ဝန်ကြီးနဲ့လည်း သူတို့ လင်မယားနှစ်ယောက်စလုံး အတူတူ ကော်ရှုနေကြတာပဲ”လို့ စနေမက သူ့ သူငယ်ချင်းတယောက်အကြောင်းကို ပြောပြပါတယ်။
လမ်းဘေး ကလေးငယ်အများစု ကော်ရှုကြရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဆာလောင်မှုဒဏ်ကို ခုခံနိုင်ဖို့အတွက်သာ ဖြစ်တယ်လို့ ပြောကြပါတယ်။
မိန်းကလေးရော၊ ယောကျာ်းလေးရော၊ ကော်ရှုတဲ့ အလေ့အထကို ပြုလုပ်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်နေရတဲ့ မိခင်များလည်း ပါဝင်နေပါတယ်။
မိခင်ကိုယ်တိုင် အာဟာရ လုံလောက်စွာ မစားသုံးရတဲ့အတွက် မွေးလာတဲ့ကလေးများမှာ အာဟာရချို့တဲ့မှုတွေ ရှိနေတဲ့အပြင် ဉာဏ်ရည် မပြည့်မီတဲ့ ကလေးငယ်များအဖြစ် မွေးဖွားလာကြသလို အချို့ကလေးတွေဆိုရင် အသက်မဲ့ မွေးလာကြတာပါ။
ကလေးမိခင်များမှာ ဆယ်ကျော်အသက်အရွယ်များသာ ဖြစ်ပြီး အားလုံးနီးပါးဟာ စာမသင်နိုင်သူတွေ၊ ကျောင်း မတက်နိုင်သူတွေ၊ ဗဟုသုတ မရှာဖွေနိုင်သူတွေဖြစ်ကြလို့ ကျန်းမာရေးအသိပညာ၊ လိင်ပိုင်းဆိုင်ရာအသိပညာနဲ့ သားဆက်ခြား အသိပညာတွေကို မရရှိကြပါဘူး။
ဒါကြောင့် နောက်ဆက်တွဲပြဿနာအဖြစ် ကိုယ်ဝန်ရလာတဲ့အခါ မိခင် မကျန်းမာတာတွေ၊ ကလေးမဖွံ့ဖြိုးတာတွေ ရှိနေကြပါတယ်။
မြန်မာနိုင်ငံမှာ ကလေးမွေးဖွားသေဆုံးမှုနှုန်း ၁ဝဝဝ ဦးမှာ ၅ဝ ယောက်ရှိနေပြီး အာဟာရချို့တဲ့ ဝေဒနာကို ခံစားနေရတဲ့ ကလေးဦးရေ နှုန်း ၉၂ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်လို့ Save the Children ရဲ့ စစ်တမ်းတခုအရ သိရပါတယ်။
“သူတို့အတွက် အဓိကလိုတာက သားဆက်ခြားနည်းပညာတွေကို သင်ပေးဖို့ပဲ။ သူတို့က ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတယ်။ ကလေးတွေ တယောက်ပြီးတယောက် မွေးတယ်။ ဒါပေမယ့် သူတို့မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ အသိပညာအထောက်အပံ့တွေ ရှိမနေဘူး။ မွေးလာသမျှ ကလေးတွေလည်း လမ်းဘေးရောက်ပြီး တောင်းစားကြရတယ်။ ကလေးအများစုက အဟာရမပြည့်ဝကြဘူး။ ကလေးရော မိခင်ရောပေါ့။ အဲဒါတွေကို အဓိကလုပ်ဆောင်ပေးဖို့ လိုနေတယ်”လို့ လမ်းဘေးကလေးငယ်တွေကို ကူညီစောင့်ရှောက်နေတဲ့ လမ်းကလေးငယ်များ စောင့်ရှောက်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Junior Dream အဖွဲ့ တည်ထောင်သူ မဣနြေ္ဒနေနွယ်က ပြောပါတယ်။
ဆယ်ကျော်သက်အရွယ် အသက် ၁၅ နှစ်က ၁၉ နှစ်အထိ ကိုယ်ဝန်ဆောင်တာဟာ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်းဖြစ်လို့ အန္တရာယ်ရှိတယ်ဆိုတာ သူတို့ မသိရှိကြပါဘူး။ ၁၅ နှစ်ထက်တောင် ငယ်သေးတဲ့ အသက် ၁၂ နှစ်လောက်နဲ့ ကိုယ်ဝန်ဆောင်နေကြတာပါ။
အသက် ၂ဝ မပြည့်မီ မိန်းကလေးငယ်တွေအနေနဲ့ သားဖွားခြင်းကြောင့် သေဆုံးမှုနှုန်းဟာ အမြင့်ဆုံးဖြစ်နေတယ်လို့ UNICIFF ရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက လမ်းဘေးမိန်းကလေးငယ် အများစုဟာ အပျိုဖော်ဝင်ပြီဆိုတာနဲ့ ကိုယ်ဝန်ရှိလာကြပြီး ကလေး အဖေ အများစုဟာ အရက်သောက်လိုက်၊ ကော်ရှုလိုက်နဲ့ အပူပင်ကင်းစွာ နေထိုင်တတ်ကြတဲ့အပြင် တာဝန်ယူမှုတွေလည်း မရှိကြတာကြောင့် ဒီမိန်းကလေးငယ်များဟာ ကလေးငယ်တဖက်နဲ့ မိသားစုတာဝန်ကို တယောက်တည်းသာ ဖြေရှင်းနေကြရပါတယ်။
ဒါကြောင့်လည်း သူတို့တွေဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ကလေးတွဲလောင်းနဲ့ ကလေးမိခင်ဘဝ ရောက်ပြီး လိုက်လံတောင်းရမ်း စားသောက်နေကြရတာပါ။
ယောက်ျားက နှိပ်စက်လို့ ရှောင်တိမ်းနေရတဲ့ ကလေးနဲ့မိခင်တွေရှိသလို ယောကျ်ားက နောက်မိန်းမယူပြီး ထားခဲ့လို့ ကလေးငယ်ကို တယောက်တည်း ပြုစုစောင့်ရှောက်နေရသူတွေလည်း ရှိကြပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လမ်းပျော်ကလေးတို့ နေထိုင်ရာ ရန်ကုန်တဖက်ကမ်း၊ ဒလမြို့နယ်အတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ၊ အမျိုးသမီးနဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ၊ သားဆက်ခြားပညာပေးမှုတွေ အများကြီး လိုအပ်နေပါတယ်။
“မိန်းကလေးငယ်တွေအတွက် လစဉ်သုံးပစ္စည်းတွေ သွားပေးတဲ့အခါမှာ သူတို့သုံးတတ်ပေမယ့် ဝယ်သုံးဖို့ ပိုက်ဆံမရှိကြဘူး။ အဲဒီတော့ အဝတ်စအဟောင်းတွေကို သုံးနေရတယ်။ အဝတ်ဟောင်းတွေကလည်း မသန့်တော့ ယားနာတွေ ဖြစ်ကြတယ်။ နောက်ဆက်တွဲ အမျိုးသမီးနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာကြတယ်။ ဒါတွေကို သူတို့မသိကြဘူး။ နောက် အရေးပေါ်လိုအပ်နေတာက တားဆေးတွေ ထိုးပေးဖို့၊ သားဆက်ခြား နည်းလမ်းတွေ အသုံးပြုပေးဖို့၊ သူတို့မှာ ပထမကလေးတယောက်ရပြီး ဘာမှမကြာသေးဘူး။ နောက်ထပ် ကလေးတွေ ထပ်မွေးကြတယ်။ ကလေးယူဖို့ အစီစဉ်မရှိပေမယ့် ကိုယ်ဝန်ရလာတော့လည်း ယူလိုက်ကြရတာပဲ ”လို့ မဣနြေ္ဒနေနွယ်က ဆက်ပြောပြတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ လမ်းဘေးကလေးငယ်တွေ ပြုစုပျိုးထောင်ဖို့ သင်တန်းကျောင်းတွေကို စီစဉ်ပေးနေပေမယ့်လည်း မိဘရှိတဲ့ ကလေးတွေကို မိဘတွေဆီသာ ပြန်လည်ပို့ဆောင်နေကြတာမို့ မိဘများကိုယ်တိုင်က အိမ်ခြေမဲ့တွေ ဖြစ်တဲ့အတွက် အဲဒီကလေးငယ်အများစုဟာ လမ်းပေါ်ကိုသာ ပြန်လည်ရောက်ရှိလာကြတာဖြစ်ပါတယ်။
“ဒီမှာက မိန်းကလေးတွေရှိတယ်။ အသက် ၁၁၊ ၁၂ နှစ်လောက်ဆို ယောက်ျားရသွားကြတယ်။ ကလေးတွေ မွေးကြတယ်။ သူတို့အတွက် ဘာမှမထူးဆန်းဘူး”
အိမ်ခြေမဲ့မိဘများကလည်း သူတို့ကလေးတွေကို ကျောင်းထားပေးချင်ကြသလို ပညာတတ်တွေ ဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာတော့ မွေးလာတဲ့ကလေးငယ်တွေလည်း မိဘတွေလို လေလွင့် လမ်းပျော်ဘဝသာ ရောက်ရှိလာပြီး မြန်မာနိုင်ငံရဲ့လမ်းဘေးလေလွှင့် ကလေးဦးရေဟာ တိုးပွားသထက် တိုးပွားလာနေတာတာကို ဗိုလ်တထောင်ကမ်းနားက ပလုံကောက်နေတဲ့ အသက် ၁၃ နှစ်အရွယ် “စနေမ”ရဲ့ စကားက သက်သေထူလို့ နေပါတော့တယ်။
အထက်ပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်သည့် HI (Honest Information) မှ ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်သည်။