“ကျမ အကြောက်ဆုံးက သားလေးကို ဒီရောဂါဆိုးကြီး ကူးစက်သွားမှာကို၊ ကျမ သေမှာထက်ကို ပိုကြောက်တယ်” လို့ အသက် ၂၁ နှစ်အရွယ် မလေး ကပြောပါတယ်။
မလေးဆိုတာ HIV ရောဂါပိုးကူးစက်ခံရလို့ ART ဆေးသောက်နေရသူပါ။ သူ အသက် ၈ နှစ်အရွယ်၊ တတိယတန်း တက်ရောက်နေချိန် နေမကောင်းဖြစ်ရာက အစပြုပြီး ဒီရောဂါ ရှိနေမှန်း စသိခဲ့ရသူပါ။
မလေးရဲ့ မိခင်ဖြစ်သူက သူ အသက် ၄ နှစ်အရွယ်မှာ ဘာရောဂါမှန်းမသိဘဲ ဆုံးပါးသွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ သားအမိ နှစ်ယောက်ဟာ မလေး အသက် ၃ နှစ် သမီးအရွယ်ထိ ထိုင်းနိုင်ငံက နယ်စပ်မြို့လေး တမြို့မှာ ကြုံရာ ကျပန်း အလုပ်လုပ်ရင်းနဲ့ ဆင်းရဲချို့တဲ့စွာ နေထိုင်ခဲ့ရတာကို မှတ်မိနေတယ်လို့ ပြောပါတယ်။
“ကျမ မျက်လုံးထဲမှာ အခုထိ စွဲနေတဲ့ မြင်ကွင်းက ကျမ အမေကို ပါးနားတွေ ရိုက်နေတဲ့ အိမ်ရှင်ကိုပါပဲ။ ကျမ အရမ်းလည်း ကြောက်နေခဲ့တယ်။ အဲဒီမြင်ကွင်းက အခုချိန်ထိ ကျမကို ခြောက်လန့်နေဆဲပဲ”လို့ ပြောပါတယ်။
မလေးရဲ့ မိခင်ဟာ ထိုင်းနိုင်ငံမှာ အိမ်ဖော်အလုပ် လမ်းဘေးမှာ ကျပန်းဈေးရောင်း ဖြတ်သန်းခဲ့ရင်းနဲ့ သမီးလေးကို မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ မလေးရဲ့ ဖခင်ဆိုသူနဲ့ တွေ့ဖူးမြင်ဖူးပေမယ့် အတူ နေထိုင်ကြခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဒီလိုနဲ့ မိခင်ကွယ်လွန်ပြီးနောက်မှာ မလေးရဲ့ ဖခင်ဆိုသူကလည်း ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ အခုချိန်ထိပါပဲလို့ ဆိုပါတယ်။ မလေးကို သူ့အမေရဲ့ ညီအစ်မတွေက ဝိုင်းဝန်းစောင့်ရှောက်ခဲ့ကြတယ်။ ဒီလိုနဲ့ မလေး ဆယ်တန်းစာမေးပွဲကို နှစ်ခြင်းပေါက် အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျမ သောက်နေရတဲ့ ဆေးတွေကလဲ အရမ်းပြင်းတော့ ကျမ စာကျက်ရတာ အရမ်းခက်ခဲ ခဲ့ပါတယ်။ အမြဲတမ်း မူးဝေနေပေမယ့် ကျမ ကြိုးစားပြီး စာရအောင် ကျက်မှတ်တယ်။ ကျမ ပညာတတ်ကြီးဖြစ်ချင်တယ်။ ကျမ သေလူဆိုတာ သိထားပေမယ့် ကျမ လုပ်နိုင်သလောက် လုပ်ကြည့်ချင်သေးတယ်” လို့ သူ့ ခံယူချက်ကို ပြောပြပါတယ်။
ကျောင်းပညာသင်ကြားတဲ့ အချိန်တလျှောက်လုံးမှာ ဒီရောဂါရှိနေတယ်ဆိုတာကို သိုဝှက်ရင်းနဲ့ အမြဲ ထိတ်လန့်နေခဲ့ရတယ်။ တယောက်တည်း ကြိုးစားရုန်းကန်နေရပေမယ့် သူရဲ့ အဒေါ်တွေ ပညာသင်ကြားခွင့်ပေးတာကိုပဲ ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။
“ကျမ တနှစ်ကို တခါလောက် ရေယုံ တွေ ပေါက်တတ်တယ်။ နှစ်တိုင်း ဆောင်းတွင်းဆို ဖြစ်နေကြပါ။ အဲဒီအချိန်ဆို သူငယ်ချင်းတွေ သိသွားမှာစိုးလို့ လိမ်ပြောခဲ့ရတာတွေ ရှိတယ်။ ကျမ ကျောင်းတက်တဲ့အချိန်မှာ ကိုယ့်အကြောင်း ကိုယ်သိနေတော့ အမြဲတမ်း သိမ်ငယ်ခဲ့ရတယ်” လို့ ဆိုပါတယ်။
ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ဓာတုဗေဒဘာသာရပ်နဲ့ တက္ကသိုလ် ဆက်တက်ခွင့် ရခဲ့တယ်။ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ လူငယ်တို့ သဘာဝ စိတ်ကစားတတ်ခဲ့ပေမယ့် ကိုယ့်ဘဝနဲ့ ကိုယ်မို့ ခံစားချက်တွေကို သိုဝှက်ခဲ့ရတယ်။ ရည်းစားထားဖို့ဆိုတာ စိတ်တောင်မကူးရဲခဲ့ဘူးလို့ ပြောပါတယ်။
တက္ကသိုလ် ဒုတိယနှစ် တက်ရောက်ချိန်မှာတော့ မလေးမှာ ရောဂါရှိနေမှန်းသိတဲ့၊ ART ဆေးသွားထုတ်ရင်တောင် ကူညီလိုက်ပေးတတ်တဲ့ သူ့ထက် အသက် ၂ နှစ်ကြီးတဲ့ သူနဲ့ မလေး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ မလေးဘဝရဲ့ အပျော်ဆုံး အချိန်တွေလို့ ပြောရမှာပါတဲ့။
မလေး ဘဝကို လက်ခံနားလည်ပေးပြီး ကြည်ဖြူရဲတဲ့ ယောကျ်ားတယောက်ရဲ့ ချစ်ခြင်းကို လက်ခံရရှိခဲ့ပြီလို့ ယုံမှတ်ခဲ့မိတယ်။ HIV ရောဂါပိုးရှိနေပါစေ သန္ဓေသားကို မကူးစက်အောင် ကာကွယ်နိုင်တယ်။ အိမ်ထောင်ပြုလို့ ရတဲ့ဆိုတဲ့ ပညာပေးမှုတွေရှိထားတော့ မလေး အိမ်ထောင်ပြုဖို့ အတွက်ပါ စိတ်ကူးယဉ်ခဲ့မိတယ်လို့ ပြောပြပါတယ်။
အဲဒီနောက် ချစ်သူသက်တမ်း ၁ နှစ်ကျော်လောက် အရောက် တက္ကသိုလ် တတိယနှစ်မှာတော့ အချစ်နယ်လွန်ရာက မလေး ကိုယ်ဝန်ရလာပါတော့တယ်။
“ကျမ ချစ်သူကို ယုံကြည်မိတယ်။ ကျမလို ရောဂါသည် မိန်းကလေးကို ကြည်ဖြူတဲ့သူဆိုတော့ ကျမကို သူတာဝန်ယူမှာပဲလေဆိုပြီး ကျမ ကိုယ်ဝန်ရှိနေတာ ပြောပြလိုက်တယ်။ ပြောပြလိုက်ပြီး နောက်နေ့ကစလို့ သူပျောက်သွားတော့တာပါပဲ” တဲ့။
HIV ဝေဒနာရှင် မလေး၊ ကိုယ်ဝန်ကို တာဝန်ယူပေးမယ့်သူ မရှိတဲ့ မိခင်ဘဝကို ရောက်လာပါတော့တယ်။ မိသားစုက သိတဲ့အခါ “မိုက်လိုက်တာ” ဆိုတဲ့ စကားသာကြားရပြီး သူ့ကို နှစ်သိမ့်မယ့်သူ မရှိခဲ့ပါဘူး။ ဒီထက်ဆိုတာက သူ့ကြောင့် သူ့မိသားစု အရှက်ကွဲရတော့မယ်ဆိုတဲ့ စွပ်စွဲချက်ပါပဲ။
မလေးမှာ ရွေးချယ်စရာလမ်းမရှိခဲ့ဘူး။ သူ့မိသားစုက ကလေးကို ဖျက်ချခိုင်းတဲ့ပေါ် လက်ခံခဲ့ပါတယ်။ ဒါပေမယ့် မလေး ဒီကလေးကို မွေးချင်ခဲ့တယ်လို့ ပြောပါတယ်။
“ဒီဘဝမှာတောင် ကိုယ့်ရဲ့ ကုသိုလ်ကံက ဒီလောက် လူဖြစ်ရှုံးနေခဲ့ရတာ၊ လူသတ်တဲ့ အလုပ်ကိုပါ ထပ်လုပ်မယ်ဆိုရင် ကျမ ဒီထက်ကို လူဖြစ်ရှုံးတာပါပဲ၊ ကျမ ဒီကလေးကို ရောဂါ မကူးစက်ဘဲ မွေးနိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တယ်” လို့ သူ့ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။
မလေး ကိုယ်ဝန် လေးလအရောက်မှာ သူငယ်ချင်းတွေဆီက ငွေကြေး အကူအညီတောင်းပြီး အိမ်က ထွက်လာခဲ့ပါတယ်။ သူ့အပေါ်မှာ ကျေးဇူးကြီးလှတဲ့ သူ့ အဒေါ်မိသားစုကို သူ့ကြောင့် သိက္ခာ မကျစေချင်ဘူး။ အရှက် မကွဲစေချင်ဘူး။ သူတယောက်တည်း ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ပြီး ပဲခူးတိုင်း၊ တောင်ငူမြို့က ရွာလေး တရွာမှာ တိတ်တဆိတ် သွားရောက်နေထိုင်ခဲ့ပါတယ်။
“သူငယ်ချင်းရဲ့ ရွာမှာ သူ့ကို အကူအညီတောင်းပြီး ကလေးမွေးဖို့ သွားခဲ့တာပါ။ သူငယ်ချင်းမိသားစုက စိုက်ခင်းလုပ်တော့ သူတို့စားသလို စားတယ်။ သူတို့ ပေးနေသလို နေခဲ့တယ်။ အဆင်မပြေလည်း သည်းခံပြီးတော့ ကျမ ကလေးကို မွေးနိုင်ဖို့ပဲ စိတ်ပိုင်းဖြတ်ပြီး ရင်ဆိုင်ခဲ့တယ်” လို့ ပြောပြပါတယ်။
ကိုယ်ဝန်ဆောင်တို့ သဘာဝ စားချင် သောက်ချင်တာရှိလည်း မလေး ဘာမှ ဝယ်မစားနိုင်ခဲ့ဘူး။ ရောဂါအတွက် သောက်နေရတဲ့ ဆေးအပြင် သန္ဓေသားကို မကူးစက်အောင် သောက်ရတဲ့ဆေးတွေ၊ ထိုးရတဲ့ ကာကွယ်ဆေးတွေကြောင့် အရမ်းကို စိတ်ရော လူရော ပင်ပန်းခဲ့ရတယ်လို့ ပြောပြပါတယ်။
တလ တခါ ရန်ကုန်ကို တက်လာပြီး ART ဆေးလာထုတ်ရတယ်။ အဲဒီလို လာနိုင်ဖို့အတွက် အမြဲကူညီပေးသူက မလေးရဲ့ သူငယ်ချင်း သုံးယောက်လို့ ပြောပြပါတယ်။ ကလေးမွေးခါနီး ဆေးလာထုတ်ချိန်မှာ မိတ်ဆွေတယောက် အကူအညီနဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာက “ဆည်းဆာရောင်ခြည်”ဆိုတဲ့ မလေးတို့လို HIV ရောဂါသည်တွေကို စောင့်ရှောက်တဲ့ ဂေဟာနဲ့ အဆက်အသွယ်ရခဲ့တယ်လို့ ပြောပါတယ်။
သူ ကလေးမွေးပြီးတဲ့ အချိန်ကျရင် အဲဒီဂေဟာမှာ သွားရောက်နေထိုင်ဖို့ အကူအညီ ရခဲ့တဲ့နောက် မလေး ဗိုက်အပ်ထားပြီး ကလေးမွေးဖို့ စီစဉ်ထားတဲ့ တောင်ငူဆေးရုံမှာ ပြန်ပြီး ကလေးမွေးခဲ့ပါတယ်။
ကလေးမွေးဖွားစရိတ်အတွက် ဆေးရုံက ဆရာမကြီးတယောက် ကူညီပေးမယ်ပြောတဲ့အတွက် မလေး ပြန်လာခဲ့ခြင်းဖြစ်ပါတယ်။ ကလေးမွေးတဲ့ အချိန် မလေး အရမ်းကို အားငယ်ခဲ့ရတယ်လို့ ပြောပြပါတယ်။
“ကိုယ့်က ရောဂါပိုးရှိတဲ့သူဖြစ်တဲ့အတွက် ဆေးရုံက ထောင့်လေးမှာ ကပ်ပြီး တခြားလူနာတွေနဲ့ ခပ်ဝေးဝေးထားတယ်။ အဖက်လုပ်မယ့်သူ မရှိဘူး။ သူများကလေးအမေတွေလို မိသားစု ခင်ပွန်းက လာကြည့်ဖို့ လာပြုစုပေးဖို့လည်း မရှိဘူး။ ကိုယ့်ကို ရွံ့ရှာသလို မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ ကျမ အဲဒီအချိန် သားလေး မျက်နှာ တခုတည်းကြည့်ပြီး နေခဲ့တယ်” လို့ ပြောပြပါတယ်။
ကလေးမွေးထားတဲ့ မီးနေသည်တယောက် ဖြစ်ပေမယ့် HIV ရောဂါရှိနေတယ်ဆိုတဲ့ အသိနဲ့ ကူညီ ဖေးမသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အနှီးလျှော်ဖို့ သွေးဆင်းတာတွေ လျှော်ဖွတ်ဖို့တောင် သွေးနုသားနုနဲ့ ကိုယ့်ဘာသာ လုပ်ဆောင်ခဲ့ရပြီး အဲဒီ အချိန်တွေက သူ့ဘဝမှာ အရမ်းကို ပင်ပန်းခဲ့တယ်လို့ ပြောပြပါတယ်။
ကလေးမွေးပြီးတော့ ကူညီပေးခဲ့တဲ့ ဆရာမကြီးက သားလေးကို မွေးစားမယ်လို့ ပြောလာတဲ့အခါ မလေးတယောက် သူ့သားလေးကို မပေးရက်ခဲ့ဘဲနဲ့ ရက်သား ကလေးကို ရင်ဝယ်ပိုက်လို့ “ဆည်းဆာရောင်ခြည်”ကို လာခဲ့ပါတော့တယ်။
မလေးလို HIV ရောဂါသည်တွေကို နေစရာပေး၊ ထမင်းကျွေးတဲ့အပြင် ဆေးဝါးရရှိဖို့ပါ ကူညီပေးခဲ့တဲ့အတွက် သူတို့ သားအမိ လုံခြုံမှု ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလို နေနိုင်ရုံ စားနိုင်ရုံနဲ့ မလေးတို့ သားအမိ ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်ဘူးဆိုတာ မလေး လက်ခံထားပြီးသားပါ။
“ကျမက ဘယ်အချိန် သေမယ့် သူမှန်းမသိဘူး။ ကျမ သားလေးကို ပညာတတ်ကြီးဖြစ်ဖို့၊ ကျမ မရှိတော့တဲ့ အခါ သူ့ဘဝ ဆက်လက် ရှင်သန်ရပ်တည်ဖို့ လိုတယ်လေ။ ကျမ ဘဝက မွေးလာကတည်းက သေပြီးသားပါ။ ကျမ သားလေးအတွက်သာ ကျမ အခုရှင်သန်နေရတာ” လို့ သားအပေါ် ထားတဲ့ စိတ်ခံစားချက်ကို ပြောပြပါတယ်။
ကလေး ၂ လသား ရောက်တဲ့အခါ မလေး ရတဲ့အလုပ် ထွက်လုပ်ပါတော့တယ်။ ကလေးကို ဂေဟာမှာ စိတ်ချရတဲ့ သူဆီ မုန့်ဖိုးပေး အပ်ထားခဲ့ပြီး ငါးပိထောင်းဗူး ထုတ်ပိုးတာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မနက်စောစာ ၇ နာရီခွဲလောက်ကနေ ညနေ ၅ နာရီခွဲလောက်အထိ သွားလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ငါးပိထောင်းဗူး ၅ ဗူး တတွဲကို ငွေ ၁၅ ကျပ်နှုန်းသာ ရရှိတဲ့ အဲဒီအလုပ်က တနေ့ကို တထောင်ကျော်လောက်တော့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါပြီးတဲ့နောက် မြေကြီးသယ်ရတဲ့ အလုပ်ကို ထပ်လုပ်ခဲ့တာမှာ တနေ့ကို ကျပ် ငါးထောင်လောက် ရပါတယ်တဲ့။
ဒါပေမယ့် ART ဆေးသောက်နေရတဲ့ ခုခံအားကျဆင်းနေသူ တယောက်အတွက် ပင်ပင်ပန်းပန်း အလုပ် လုပ်ဖို့ဆိုတာ တော်တော်ကို စွန့်စားရာရောက်တယ်လို့ ဆိုပါတယ်။ အဲဒီအလုပ်မှာလည်း တလလောက်သာ လုပ်နိုင်ခဲ့တယ်လို့ ပြောပြပါတယ်။
အဲဒီနောက် သူဟာ တက္ကသိုလ်ကျောင်းသူ တယောက်ဖြစ်ခဲ့တဲ့အတွက် အနီးအနား ပတ်ဝန်းကျင်က ကျူရှင်မတတ်နိုင်တဲ့ ကလေးတွေကို စာခေါ်ပြပေးခဲ့ပါတယ်။ အဲဒီအခါမှာ HIV ရောဂါပိုး ရှိနေတဲ့အတွက် မိဘတွေက ကလေးတွေကို မလွှတ်ပေးခဲ့ပါဘူး။
“ကျမ အလှူရှင်တွေကြောင့် အခုလို နေ နေရတယ်၊ စားနေရတယ်၊ ဒါကြောင့် ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ကလေးတွေကို အလကား စာသင်ပေးဖို့ ခေါ်ခဲ့တာပါ။ ဒါပေမယ့် ကျမ မသင်ပေးနိုင်ခဲ့ဘူး။ ပိုးကိုက်နေတဲ့ မိန်းမလို့တောင် အပြောခံ အနှိမ်ခံခဲ့ရတယ်”
ဒါနဲ့ မလေး ပညာရပ်ပိုင်းဆိုင်ရာနဲ့လည်း အလုပ်တခုရဖို့ မလွယ်ဘူးဆိုတာ သိလိုက်ရပါတယ်။ ပြီးတော့ နောက်တချက်က ဒီရောဂါပိုး ရှိနေတာကို လျှို့ဝှက်ထားမှသာ အလုပ်တခု ရနိုင်မယ်ဆိုတာကိုလည်း သဘောပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။
အခုတော့ ညနေ ၅ နာရီကနေ မနက် ၁ နာရီအထိ အလုပ်ဆင်းရတဲ့ ညပိုင်းသာရောင်းတဲ့ ထမင်းကြော်ဆိုင်မှာ တလ တသိန်းနဲ့ အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။ အလုပ်ရှင်တွေကို သူ့မှာ ဒီရောဂါ ရှိနေတယ်ဆိုတာကို အသိမပေးဘဲ ဝင်လုပ်နေတာပါတဲ့။
“ကျမတို့လို ရောဂါပိုးကူးစက်ခံရသူတွေမှာ ဘာမှ လုပ်ကိုင်စားသောက်စရာမရှိပါဘူး။ ဘယ်သူကမှလည်း အလုပ် မခိုင်းချင်ကြဘူး။ ဒီတော့ ကျမတို့ ဘဝတွေမှာ ART ရနေပေမယ့် ဘယ်လို အာဟာရပြည့်အောင် စားသောက် ရပ်တည်ရမလဲ မသိကြဘူး။ ကျမ သားလေးအတွက် ကျမ အလုပ်လုပ်မှဖြစ်မယ်လေ” လို့ မျက်ရည်စက်လက်နဲ့ မလေးက ပြောပြပါတယ်။
သူ့ရဲ့ သားလေးက အခုဆို အသက် ၁ နှစ်ကျော်ပြီလို့ သိရပါတယ်။ သွေး ၂ ကြိမ် စစ်ကြည့်အပြီးမှာတော့ ကလေးမှာ ရောဂါပိုး မတွေ့ရှိရပါဘူး။ ထပ်မံလည်း စစ်ဆေးရဦးမှာလို့ ပြောပြပါတယ်။
“သားကို သွေးစစ်တဲ့အချိန်တွေ ကျမ သိပ်ကြောက်တာ။ အဖြေ သိရတော့မယ်ဆို ကျမ မျက်စိတွေ နားတွေ ပိတ်ထားတယ်။ သူတို့ဆီက အဖြေက ကျမအတွက် သေမိန့်ထက်ဆိုးတယ်။ မရှိဘူးဆိုမှ ကျမသက်ပြင်းချနိုင်တယ်” လို ကလေးကို သွေးစစ်ချိန်က ခံစားချက်ကို ပြောပြပါတယ်။
မလေးပြောပြတာကတော့ သူ တယောက်တည်းသာဆို သူဟာ အခုချိန်ထိ အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်ပါဘူးတဲ့။ သူ့သားလေး ရှိနေလို့သာ သူ့ဘဝမှာ မျှော်လင့်ချက်တွေ အနာဂတ်တွေ ရှိနေတာလို့ ဆိုပါတယ်။
“ကျမလေ သားလေးအတွက် ကျမ ဘွဲ့ရအောင် ယူချင်သေးတယ်။ ကျမမှာ အိပ်မက်တခုရှိတယ်။ ဘွဲ့ရအောင်ယူပြီး သားလေးကို ပညာတတ်ဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ပါ။ ဒါပေမယ့် ကျမ အဲဒီအချိန်ထိ နေရပါ့မလား” မလေးရဲ့ ယုံကြည်မှု လျော့နည်းနေတဲ့ စကားကို ကြားခဲ့ရပါတယ်။
အသက် ၈ နှစ်အရွယ်ကတည်းက ART ဆေးသောက်ရင်းနဲ့ သေလူမှန်း သိသိ ဘဝကို ထုဆစ်ပုံဖော်နိုင်သူ စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတယောက်အနေနဲ့ သူလုပ်ဆောင်နိုင်မှု အတိုင်းအတာရဲ့ အများဆုံး အခြေအနေကို ရောက်နေပါပြီ။
ချို့တဲ့နေတဲ့ ကျန်းမာရေးကို မငဲ့နိုင်ဘဲ သားအတွက်ဆိုတဲ့ မာန်နဲ့ လျှောက်လှမ်းနေရတဲ့ ဘဝခရီးလမ်းမှာ ကူညီဖေးမသူဆိုလို့ “ဆည်းဆာရောင်ခြည်” ကလွဲလို့ အခြား ကျောထောက်နောက်ခံမရှိပါဘူး။
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝ ကိုယ်ထုဆစ်မယ်ဆိုတော့လည်း လူမှုအသိုက်အဝန်းရဲ့ အမြင်ကျဉ်းမြောင်းမှုက ဘောင်ခတ်ထားတော့ သူတို့လို လူတွေအတွက် အခွင့်အလမ်းဆိုတာ မရှိသလောက်ပါပဲ။ အချိန်တန် လူတိုင်း သွားရမယ့် လမ်းချင်းတူပေမယ့် စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေကို ဖန်တီးနိုင်သမျှ ဖန်တီးနေကြသူတွေထဲမှာ မလေးလည်း လူသားဆန်တဲ့ အတ္တရှိနေခဲ့ပါတယ်။
မလေး ကတော့ သူ့ရဲ့ အိပ်မက်တွေက အလုပ်အကိုင်အခွင့်အလမ်းဆိုတာပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။ သူများဆီက အကူအညီ အလကားရယူဖို့ထက် သူ့ဘာသာ အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ကိုသာ လိုချင်တယ်လို့ ဆိုပါတယ်။
“ကျမ အိပ်မက်တွေ ဖြစ်လာဖို့ဆိုတာ အလုပ်အကိုင် အခွင့်အလမ်းက အဓိက လိုအပ်ချက်ပါ။ တချို့ မိန်းကလေးတွေဆို ပညာမတတ်၊ အလုပ်မရှိတော့ လွယ်လွယ်ရတဲ့ အလုပ်တွေ လျှောက်လုပ်ကြတယ်။ အဲဒီလို လုပ်ကြတာဟာ ကျမတို့လို ရောဂါသည်တွေ တိုးလာနိုင်ပါတယ်။ HIV ရောဂါပိုးကို ဘယ်သူ့ကိုမှ မကူးစက်စေချင်ဘူး” လို့ သူ့ရဲ့ ခံယူချက်ကို ပြောပြပါတယ်။
မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အလုပ်အကိုင်မရှိလို့ ဘဝရပ်တည်မှုအတွက် လိင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူတွေဟာ HIV ရောဂါပိုး ကူးစက်ခံရသူ များလာဖို့အတွက် ဖြစ်နေတယ်လို့ မလေးက ပြောဆိုခြင်းပါ။
ဘဝနဲ့ရင်းပြီး ကုရာနထ္ထိ ဆေးမရှိသေးတဲ့ ရောဂါကို အမွေလက်ခံထားရတဲ့ မလေးရဲ့ မျှော်လင့်ချက်ထဲမှာ သူ့လို ရောဂါသည်တွေ တိုးပွားမလာစေဖို့ဆိုတဲ့ စိတ်ဓာတ်ကို မြင်တွေ့ရပါတယ်။ မွေးဖွားလာကတည်းက ရောဂါတခု အမွေရထားပြီး ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ သူ့ဘဝကို မလိုချင်ပေမယ့် ဖြစ်လာတဲ့ ဘဝကို သူအကောင်းဆုံး ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။
“ကျမ စိတ်ဓာတ်တွေက သေနေတာကြာပါပြီ။ စိတ်ဓာတ်သေရင်းနဲ့ အသက်ရှင်နေရတဲ့ဘဝ အရမ်းကို ခါးလွန်းပါတယ်။ အခြားသူတွေကိုလည်း ဒီရောဂါဆိုးကြီးနဲ့ မပတ်နိုင်အောင် ကောင်းမွန်စွာ အသက်မွေးဝမ်းကြောင်း ပြုကြပါ။ အစိုးရအနေနဲ့လည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးပါ”လို့ သူရဲ့ ဆန္ဒကို လှစ်ဟပြလိုက်ပါတယ်။